Quantcast
Channel: ဧရာဝတီ
Viewing all 26733 articles
Browse latest View live

တပ်မတော်က ဖမ်းသွားသည့် တင်းမရွာသား ၁၈ ဦး သတင်း အစအန ပျောက်နေ

$
0
0

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမ (ကြီး) ကျေးရွာနှင့် တင်းမ (သစ်) ကျေးရွာတို့မှ ရွာသား ၁၈ ဦးကို တပ်မတော်က ဖမ်းသွားသည်မှာ ၃ လ နီးပါးကြာမြင့်လာပြီ ဖြစ်သော်လည်း ယနေ့အထိ သတင်းအစအန စုံစမ်းမရ ဖြစ်နေကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။

တင်းမသစ်ကျေးရွာသား ၈ ဦးမှာ မတ်လ ၁၃ ရက်နေ့ကလည်းကောင်း၊ တင်းမကြီး ကျေးရွာမှ ရွာသား ၁၀ ဦးမှာ မတ် ၁၆ ရက်နေ့ကလည်းကောင်း ယင်းကျေးရွာ ၂ ရွာအနီးရှိ တောင်ရှည်တောင်တွင် တပ်စွဲထားသည့် တပ်မတော် တပ်မ ၅၅ မှ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များက တညီတညွတ်တည်း ပြောဆိုနေကြသည်။

တင်းမကြီးရွာမှ ဖမ်းဆီးခံရသည့်် ၈ တန်းကျောင်းသား မောင်ထွန်းထွန်းဝေ၏ မိခင် ဒေါ်အေးရီက “ကျမသားလေးတို့ အဖမ်းခံရတဲ့နေ့က တောင်ရှည်တောင်ပေါ်ကနေ စစ်သားတွေ ဆင်းလာပြီးတော့ သေနတ်တွေ မိုးပေါ်ထောင်ပစ်ပြီး ရွာထဲကို ဝင်လာပါတယ်။ လမ်းမှာတွေ့တဲ့ လူတွေကို ခင်များတို့ ထွက်ပြေးတာလားဆိုပြီး ဖမ်းပါတယ်။ အိမ်ထဲမှာ နေတဲ့ လူတွေကိုလည်း ခင်ဗျားတို့ ပုန်းနေလား ဆိုပြီး ဝင်ဖမ်းပါတယ်။ ကျမသားလေးကိုလည်း အိမ်ထဲမှာ မိသားစုနဲ့အတူ ထမင်း စားပြီး ထိုင်နေတာကို ဖမ်းခေါ်သွားတာ။ ဘာမှလည်း ပြောခွင့်မရဘူး” ဟု ဧရာဝတီ သို့ ပြောသည်။

အဆိုပါ တင်းမကြီးကျေးရွာမှ ဖမ်းဆီးခံထားရသူများမှာ ဦးမောင်ဝင်းကြီး (၄၈)၊ ဦးမောင်ဝင်းချေ (၄၂)၊ ဦးကြည်လင်း (၃၆)၊ ဦးအောင်ညွန့် (၆၀)၊ ဦးမောင်ဝန်းစိန် ( ၅၀)၊ ဦးသန်းမောင်ထွန်း (၄၀)၊ မောင်ထွန်းထွန်းဝေ (၁၄ )၊ ဦးယဉ်မောင် (၃၈)၊ ကိုနေလင်းဦး (၂၅) နှစ် နှင့် ဦးထွန်းမောင်ဝင်း (၄၂) နှစ် တို့ ဖြစ်ကြောင်း သိရသည်။

ဖမ်ဆီးခံ ဦးကြည်လင်း၏ ဇနီး ဒေါ်ဝင်းမေဦးက “ကျမအမျိုးသားက ထမင်းစားနေတုန်း စစ်သားတွေက ရွာထဲ ဝင်လာပြီး သေနတ်တွေ ပစ်ဖောက်ပြီးတော့ ဆဲဆိုပြီးတော့ ထွက်လာခဲ့။ ထွက်လာခဲ့ ဆိုပြီး ကျမအမျိုးသား ထမင်းတောင် မစားခဲ့ ရဘူး။ ပါသွားတာ။ ဘာမှလည်း ပြောဖို့ အချိန်မရဘူး။ ပြောလည်း မပြောရဲဘူး။ ဖမ်းပြီးတော့ သူတို့ (တပ်) တောင်ရှည် တောင်ကို ခေါ်သွားတာ။ အခုထိ သေလား ၊ ရှင်လား ဆိုတာ စုံစမ်းလည်း မရဘူး။ ဘယ်လို စုံစမ်းရမှန်းလည်း မသိဘူး” ဟု ရှင်းပြသည်။

မတ် ၁၆ ရက်နေ့က တပ်မ ၅၅ မှ စစ်သားများမှာ တင်းမကြီး ကျေးရွာအတွင်း ဝင်ရောက်လာကာ နေအိမ်များအတွင်း ရှိနေသည့် ရွာသားများကို လိုက်လံ ဖမ်းဆီးကာ ရွာခံ ဦးမောင်လှကြိုင်ဆိုသူ၏ နေအိမ်ရှေ့တွင် လူစုပြီး ၁၀ ဦးကို နောက်ပြန်ကြိုး တုပ်ကာ တောင်ရှည်တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင် များက ပြောသည်။

မတ်လ ကတည်းက ပျောက်ဆုံးနေသည့် တင်းမကျေးရွာသားများ/ဧရာဝတီ

အလားတူ တင်းမ ( သစ် ) ကျေးရွာမှ ဖမ်းဆီးခံထားရသူ ဦးမောင်မြင့်အေး၏ ဇနီး ဒေါ်ခိုင်စိန်ဝင်းက “ကျမအမျိုသားက အိမ်ထဲမှာ ထိုင်နေတာ။ ရွာထဲကို စစ်သားတွေ ဝင်လာပြီးတော့ အိမ်ရှေ့က ထွက်ခဲ့ ။ ထွက်ခဲ့ ဆိုပြီး ခေါ်ပါတယ်။ သေနတ်နဲ့ ပစ်မှာ ကြောက်တော့ ထွက်ခဲ့ဆိုတာနဲ့ ကျမ အမျိုးသား လိုက်သွားရတာ။ ကျမတို့လည်း မပြောရဲဘူး။ ဒီအတိုင်း ကြည့်နေလိုကရတယ်။” ဟု ရှင်းပြသည်။

 

တင်းမ (သစ်) ကျေးရွာအနီးတွင် တပ်စွဲနေထိုင်သော တပ်မတော်သားများသည် ကျေးရွာအတွင်းသို့ ၂ ကြိမ် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ပထမတကြိမ်တွင် ဆန်နှင့် ကြက်များ ဝယ်ယူသွားခဲ့ပြီး ဒုတိယ တကြိမ် ဝင်ရောက်လာခဲ့ရာတွင် ရွာသား များကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ ဦးမောင်ထွန်းစိန်၏ ဇနီးဒေါ်မလုံးစိန်က “စစ်သားတွေ ကျမတို့ ရွာထဲကို ပထမတကြိမ်လာတုန်းက ဘာမှ မလုပ်ဘူး။ ဆန်တွေ ၊ ကြက်တွေကို ကျသင့်တဲ့ တန်ဖိုးပေးပြီး ဝယ်သွားတယ်။ နောက်တကြိမ်လာတဲ့အခါ ရွာသားတွေကို ဝင်ပြီးတော့ ဖမ်းတယ်။ ကျမတို့က ဒီအတိုင်း ကိုယ့်ယောင်္ကျားကို ကြိုးတုပ်ပြီး ခေါ်သွားတာကို ကြည့်နေလိုက်ရတယ်။ ခုထိလည်း ဘယ်မှာ ဖမ်းထားမှန်းလည်း မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် တင်းမ (သစ် ) ကျေးရွာမှ ရွာသားများမှာ ဦးမောင်စိတ်ကြီး (၇၁)၊ ဦးကျော်ဝင်းမောင် (၃၆)၊ ဦးလှကျော်ကြီး (၇၀)၊ ဦးမောင်သန်းစိုး (၃၄) နှစ်၊ ဦးစောရွှေသန်း (၄၅)၊ ဦးစံသာမောင် (၅၂)၊ ဦးမောင်မြင့်အေး (၄၉) နှစ်နှင့် ဦးမောင်ထွန်းစိန် (၆၂) တို့ ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။

ထိုသို့ တင်းမရွာသားများ ဖမ်းဆီးခံထားရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခဲ့ရာ မတ်လ ၁၃ ရက် နှင့် ၁၆ ရက်ဝန်းကျင်က ရွာသားများကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များ မရှိခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အဲဒီလိုမျိုးတော့ မကြားမိဘူး။ ကျနော်တို့ဆီက ဖမ်းဆီးမှုတွေ ဘာတွေ ရှိရင်လည်း သတင်းထုတ်ပြန်ပေးတာရှိတယ်။ ဖမ်းဆီးတယ် ရှိတယ် ဆိုရင်တော့ သတင်း မထုတ်ပြန်စရာ အကြောင်းမရှိဘူး။ အဲဒီနေ့ ဝန်းကျင်က တင်းမရွာရဲ့ အရှေ့မြောက်ဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ ရန်သူဆီ က အလောင်း လက်နက် တော်တော်များများ ရလိုက်တာရှိတယ်။ အဲဒီတခုပဲရှိတယ်။” ဟု ပြောသည်။

ဒေသခံ ရွာသူ၊ ရွာသားများကတော့ ထိုသို့ တပ်မတော် စစ်ကြောင်းက ရွာသားများကို ဖမ်းဆီးမှုများရှိလာသည့်အတွက် တင်းမကျေးရွာသားမှာ အိုးအိမ်များကို စွန့်ခွာပြီး ရွာမှ ထွက်ပြေးခဲ့ရာ မတ်လ ၂၂ ရက်နေ့တွင် အိမ်ခြေ ၇၀၀ ကျော်ရှိသည့် ၎င်းကျေးရွာမှာ မိးရှို့ဖျက်စီးခံလိုက်ရ ကြောင်း ပြောသည်။

ရွာမီးရှို့ခံရသည့်ဖြစ်စဉ်အပေါ် ကျောက်တော်မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း တို့က လက်မှတ်ထိုးကာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ထံ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုများနှင့်ပြည်သူများ နစ်နာ ဆုံးရှုံးမှုများကို ကွင်းဆင်း စစ်ဆေးပြီး ဥပဒေနှင့်အညီ ကူညီဖြေရှင်းပေးရန် မတ်လ နောက်ဆုံးပတ်က တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ် အလုံး ၅၀၀ ကျော်အတွက် ပြန်လည်တည်ဆောက်နိုင်ရန် ရခိုင်ပြည်နယ် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ငွေကျပ် သိန်း ၉၀၀ ကျော်အား ဧပြီလ ၂၂ ရက် ထောက်ပံ့ ကူညီမှုပေးခဲ့သည်။

ဦးဦးထွန်းဝင်းက “ ဒီလူတွေပတ်သက်ပြီး မိသားစုဝင်တွေကလည်း အလွန်တရာ စိုးရိမ်နေကြတယ်။ သူ့သား သတင်း၊ သူတို့ လင်ယောင်္ကျား သတင်းတွေကို ကျနော်တို့ကိုလည်း အားကိုးတဲ့၊ မျှော်လင့်တဲ့ စိတ်တွေနဲ့ နေ့တိုင်း မေးနေကြတယ်။ သူတို့ တပူမှာ နှစ်ပူဆင့်၊ စစ်ဘေးရှောင်စခန်းမှာ အနေဆင်းရဲ ၊ အစားဆင်းရဲ အမျိုးမျိုး ဒုက္ခတွေနဲ့ နေကြတဲ့ ကြားထဲမှာ မိသားစုဝင်တွေကလည်း သေလား ၊ ရှင်သလား ဆိုတာ စုံစမ်းမရ ဖြစ်နေတယ်။ အခုအချိန်ထိ အဆက်အသွယ်မရ ရှိနေ ကြတဲ့အခါမှာ အလွန်တရာကို စိတ်မကောင်း ဖြစ်ရတယ်။ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီအပေါ်မှာ အလေး ထားပြီး တော့ ဖြေရှင်းပေးကြဖို့ ၊ တာဝန်ယူမှု ၊ တာဝန်ခံမှု နဲ့ တစုံတခု တုန့်ပြန် ပြောကြားဖို့ ကျနော်အနေနဲ့ တောင်းဆို ချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်ကမူ ထိုသို့ မီးရှို့သည့် ဖြစ်စဉ်များမရှိကြောင်း အတိအလင်း ငြင်းဆိုထားပြီး ပုံမှန်အခြေအနေ အတိုင်းသာ ရှိကြောင်း ဧပြီလ အတွင်းက ဓာတ်ပုံမှတ်တမ်းများဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။

You may also like these stories:

ပလက်ဝ လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းရာတွင် ခက်ခဲဟု CHRO ပြော

တပ်မဲစာရင်းကောက်ရန် ကော်မရှင် ပြင်ဆင်

The post တပ်မတော်က ဖမ်းသွားသည့် တင်းမရွာသား ၁၈ ဦး သတင်း အစအန ပျောက်နေ appeared first on ဧရာဝတီ.


ကိုဗစ်ကြောင့် အကြွေးနွံနစ်နေကြရတဲ့ အိမ်ရှင်မများ

$
0
0

“ညဆို အိပ်မပျော်ဘူး။ အိပ်ရင်း ထထိုင်မိတယ်။ ဒီအကြွေးကို ဘယ်လိုပုံစံနဲ့ ပြန်ဆပ်ရမလဲ စဉ်းစားမိတိုင်း အိပ်မပျော်ဘူး”

ရတက်မအေးဖွယ် စကားဆိုလိုက်သူက အသက် ၅၀ အရွယ် အိမ်ထောင်ရှင်မတဦးဖြစ်တဲ့ ဒေါ်အေးသန်ပါ။ သူမဟာ မကွေးတိုင်းဒေသကြီး၊ ကြာကန်အုပ်စု၊ လေးအိမ်ကျေးရွာမှာ နေထိုင်သူတဦးလည်း ဖြစ်ပါတယ်။

အသေးစား ချေးငွေလုပ်ငန်းကနေ ယူထားတဲ့ ချေးငွေကို သတ်မှတ်ချိန်အတိုင်း ပြန်မဆပ်နိုင်ရင် ဥပဒေအရ တရားစွဲခံရမှာ ကြောက်တဲ့အတွက် ဒေါ်အေးသန်းတယောက် နေ့နေ့ညည ခြောက်ခြားနေရတာပါ။

သာမန် လက်လုပ်လက်စား ဒေါ်အေးသန်းတို့မိသားစုဟာ သားသမီး ၅ ယောက်ရဲ့ ပညာရေး အသုံးစရိတ်၊ မီး ဖိုချောင်စရိတ်နဲ့ ကျန်းမာရေးစရိတ်တွေအတွက် ချေးငွေကို လှည့်သုံးရင်း ပြန်ဆပ်လိုက် ပြန်ယူလိုက်နဲ့ မိ သားစုဘဝကို ရပ်တည်ခဲ့ကြတာပါ။

ကိုဗစ် ၁၉ ရောဂါ မြန်မာနိုင်ငံမှာ မကူးစက်ခင်အထိ ကျဘမ်းအလုပ်ကနေ ရတဲ့ ဝင်ငွေရယ်၊ ဖားကန့်မှာ ကျောက် တူးလုပ်ငန်း သွားရောက်လုပ်ကိုင်နေတဲ့ ဒုတိယမြောက်သားဖြစ်သူက ပို့ပေးတဲ့ ငွေလေးရယ်နဲ့ ချေး ငွေကို ပုံ မှန် ပေးသွင်းရင်း ဒေါ်အေးသန်းတို့မိသားစု အိန္ဒြေမပျက်ခဲ့ပါဘူး။

ဒါပေမဲ့ လတ်တလော ကိုဗစ် – ၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အသွားအလာတွေ ကန့်သတ်တာ ကြောင့် ပုံမှန်ကျဘမ်းအလုပ်လည်း မလုပ်ရတဲ့အပြင် ဖားကန့်မှာ လုပ်နေတဲ့ သားဖြစ်သူကလည်း အလုပ်ရပ် နားခံ လိုက်ရပါတယ်။ ခုဆို ငွေမလွှဲနိုင်တော့တာ ၂ လကျော် ရှိလာပါပြီ။

ဒီအတွက် အိမ်ရှင်မတဦးဖြစ်တဲ့ ဒေါ်အေးသန်းမှာ နေ့တဓူ၀ စားဝတ်နေရေးအပြင် အကြွေးဆပ်ဖို့အတွက်ပါ ခေါင်းမီး တောက်လာရပါတော့တယ်။

“အလုပ်မလုပ်ရတော့ ငွေမလွှဲနိုင်ဘူးလေ။ ဖားကန့်မှာဆိုတော့ သူ့ကျန်းမာရေးကို လှမ်းပူရတာ တမျိုး၊ ဒီ ဘက်မှာ အကြွေးမဆပ်နိုင်လို့ ပူရတာ တမျိုးနဲ့ တခါတလေ ထမင်းတောင် မစားမိပါဘူး” လို့ ဒေါ်အေးသန်း က ဆိုပါတယ်။

အမျိုးသမီးတွေ အိမ်မှာနေရင်း တပိုင်တနိုင် စီးပွားရေးလုပ်ကိုင်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ အသေး စား ငွေထုတ်ချေးမှုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ကျော်ကတည်းက သူမတို့နေထိုင်ရာ မကွေးတိုင်းဒေသ ကြီး၊ ကြာကန်အုပ်စုကို ဝင်ရောက်လာခဲ့တာပါ။
ငွေထုတ်ချေးကြတဲ့ ကုမ္ပဏီတွေမှာ ချေးပေးတဲ့ပုံစံ ကွဲပြားခြားနားသလို၊ ငွေပမာဏ ထုတ်ချေးရာမှာလည်း ၃ ယောက်တစု၊ ၅ ယောက်တစု၊ ၁၀ ယောက်တစု စသဖြင့် တဦးတယောက်က ဦးဆောင်ခေါင်းခံကာ ဝိုင်းကြီး ချုပ်စနစ်နဲ့ ထုတ်ချေးကြတာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးမှာ ကျေးရွာပေါင်း ၂၀၀ ကျော်ရှိပြီး အခုဆိုရင် ရွာတရွာကို ပုဂ္ဂလိက အသေးစား ချေး ငွေလုပ်ငန်း ကုမ္ပဏီ ၆ ခုနဲ့အထက် ဝင်ရောက်လုပ်ကိုင်နေတာ ရှိပါတယ်။

ကုမ္ပဏီ အများစုရဲ့ ချေးငွေအတိုးနှုန်းဟာ ငွေကျပ်တသိန်းကို ၂ ကျပ်ခွဲ အတိုးနှုန်းရှိပါတယ်။ ချေးငွေတွေကို ၁၄ ရက်တကြိမ် (သို့မဟုတ်) ၁ ပတ်တကြိမ်နှုန်းနဲ့ ချေးယူသူ အိမ်ရှင်မတွေဆီကနေ ပြန်လည်ကောက်ခံကြ ပါတယ်။

ဒေါ်အေးသန်းဟာ ချေးငွေကုမ္ပဏီတွေဆီကနေ လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက ငွေကျပ် ၁၅၀၀၀ ( တသောင်း ခွဲ) နဲ့ စတင်ချေးယူခဲ့ရာကနေ ပြန်ဆပ်လိုက် ပြန်ယူလိုက်နဲ့ ခုဆို ချေးငွေ ၆ သိန်း အထိရှိနေပါပြီ။

ဒီလိုချေးငွေလုပ်ငန်းဟာ ခင်ပွန်းဖြစ်သူရဲ့ ထန်းတက်တဲ့အလုပ်နဲ့ပဲ စားဝတ်နေရေး မှီခိုနေကြရတဲ့ သူမတို့အ တွက် စစချင်းတော့ အသက်ရှူပေါက်တခုလို ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုလို ပေးစရာ ဝင်ငွေ မရှိတော့တဲ့အခြေအနေမှာတော့ ချေးငွေပြန်ပေးရမယ့် သတ်မှတ်ထားချိန် ရောက်တိုင်း အသက်ရှူရပ်မတတ် ခြောက်ခြားနေရတဲ့ ငရဲတခုလို ဖြစ်နေပါတော့တယ်။

အခုလို ချေးငွေ ယူထားပြီး ပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေတာက ဒေါ်အေးသန်း တယောက်တည်းတော့ မဟုတ်ပါဘူး။

အတိုးနှုန်း နည်းတဲ့အတွက်ကြောင့် အိမ်ခြေ ၁၅၀ နီးပါးရှိတဲ့ ဒေါ်အေးသန်းတို့ကျေးရွာက အိမ်ထောင်ရှင်မ အများစုဟာလည်း ငွေချေးကုမ္ပဏီကနေ ချေးငွေယူထားကြတာပါ။

အများစုကတော့ ချေးငွေလေးနဲ့ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အကြော်ဆိုင်၊ အသုပ်ဆိုင်၊ ကုန်စုံ ဆိုင်၊ ဝက်မွေး၊ ကြက်မွေး အစရှိတဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ကြတာပါ။

ဒီလိုလုပ်ကိုင်ရင်းကနေ ငွေပြန်ဆပ်တဲ့ အိမ်ရှင်မတွေရှိသလို ရန်ကုန်၊ မန္တလေးက စက်ရုံ အလုပ်ရုံတွေမှာ အ လုပ်လုပ်နေတဲ့ သားသမီးတွေရဲ့ ဝင်ငွေနဲ့ ပုံမှန်ပြန်ဆပ်နေတဲ့ အိမ်ရှင်မတွေလည်းရှိပါတယ်။
ဒါပေမယ့် ကိုဗစ် – ၁၉ ရောဂါကြောင့် ဆိုင်တွေပိတ်ထားလိုက်ရချိန်၊ စက်ရုံအလုပ်ရုံတွေ နားလိုက်ရချိန်မှာ တော့ အိမ်ရှင်မတွေအများစု ငွေပြန်သွင်းဖို့ အခက်ကြုံနေကြရပါတယ်။

“အလုပ်ကလည်း ဘာမှ မလုပ်ရဘူးလေ။ အကုန်ရပ်နေရတာ။ ကျမ သားဆို ရန်ကုန် ကားဝပ်ရှော့ဆိုင်မှာ လုပ်တာ။ အခုထိလည်း အလုပ် ပြန်မခေါ်သေးဘူးဆိုတော့ စားဖို့တောင် မလွယ်ဘူး” လို့ ချေးငွေယူထားသူ ကြာကန်ကျေးရွာမှ ဒေါ်မို့မို့ က ဆိုပါတယ်။

ကြာကန်ကျေးရွာအုပ်စု တစုတည်းမှာပဲ KEB Hana Microfinance Limited၊ Pact Myanmar Microfinance၊ Alliance ၊ Fullerton Finance Myanmar (ဖူလ်)လတန်၊ Sathapana Limited Myanmar၊ Microfinance DeHa International Company Limited နဲ့ PC Myanmar စတဲ့ အသေးစား ချေးငွေကုမ္ပဏီတွေ ဝင်ရောက် နေတာပါ။

ထုတ်ချေးလိုက်တဲ့ ပိုက်ဆံတွေ ပြန်ဆပ်ရမယ့်ရက် နီးကပ်လာတာနဲ့အမျှ ကုမ္ပဏီဝန်ထမ်းတွေက အိမ်ရှင်မ တွေဆီကို ကြိုတင်ဖုန်းဆက်ပြီး သူတို့ ပိုက်ဆံလာကောက်မယ့်ရက်ကို သတိပေးတာမျိုးတွေ ဆက်တိုက်ပြု လုပ်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအနေနဲ့ အသေးစား ချေးငွေအဖွဲ့အစည်း တွေ အနေနဲ့ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ထားတာရှိသလို အသင်းဝင်တွေထံမှ ငွေကြေးအတင်းအကြပ် ပြန်ကောက်ခံတာကို တား မြစ်ထားတယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောပါတယ်။

တနိုင်ငံလုံး ကိုဗစ်- ၁၉ ရိုက်ခတ်မှုကြောင့် ကုမ္ပဏီတွေဘက်ကလည်း ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ငွေကောက် ခံမှုတွေ ဖြေလျော့မှုရှိခဲ့ပေမယ့် မေလကနေ စတင်ပြီး ငွေကောက်ခံတဲ့ လုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

“စာရင်းတွေအရဆိုရင် တချို့ပေးချင်စိတ်ရှိပေမယ့် သူတို့မှာ ပေးဖို့ တကယ်မရှိတာ။ တချို့ကျတော့ ပေးစရာ ရှိလျှက်နဲ့ ကိုဗစ်ကို အကြောင်းပြတာ။ တချို့ကျတော့ ပိုက်ဆံထုတ်ကတည်းက ပေးချင်စိတ်မရှိဘူး။ အခု ကိုဗစ်အကြောင်းပြပြီး ထွက်ပြေးတာတွေလည်း ရှိတယ်” လို့ အမည်မဖော်လိုတဲ့ Microfinance ကုမ္ပဏီတခု မှ လက်ထောက်မန်နေဂျာ တဦးကပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ Microfinance (အသေးစား) ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လိုင်စင်ထုတ်ပေးထား တာ ၁၉၃ ခု ရှိပြီး လိုင်စင်အသစ်လျှောက်ထားတာ ၇ ခု ရှိတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာ န၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာနမှ သိရပါတယ်။

အသေးစားနဲ့အလတ်စား ငွေချေးလုပ်ငန်း (Microfinance) ကုမ္ပဏီတွေဆီကနေ ချေးငွေယူကြသူတွေထဲမှာ မကွေးတိုင်းဒေသကြီး၊ ကြာကန်ကျေးရွာက အမျိုးသမီးတွေသာမဟုတ်ဘဲ နိုင်ငံ အနှံ့အပြားမှာရှိတဲ့ အမျိုးသ မီး အတော်များများလည်း ချေးယူမှုတွေ ပြုလုပ်ကြပါတယ်။

ဒီချေးငွေလုပ်ငန်းတွေကြောင့် အိမ်ရှင်မတွေဟာ သူတို့ သား/ သမီးတွေ လုပ်အားခရတဲ့ ဝင်ငွေကို မစားရဘဲ၊ ယူထားတဲ့ ချေးငွေအတိုး ပြန်ဆပ်နေရတာနဲ့တင် ရာသက်ပန် အတိုးပေးနေရသလို ဖြစ်နေတာကြောင့် အကြွေးနွံ နစ်သထက် နစ်ဖို့သာရှိတယ်လို့ ကြာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးက ဆိုပါတယ်။

“တဖြေးဖြေး ဒုက္ခရောက်ဖို့ပဲရှိတယ်။ ကိုယ့်လုပ်စာကို မစားရတော့ဘူး။ အခုကိစ္စကို ဖြေရှင်းမယ့် နည်းလမ်း ကတော့ ချေးငွေကို ရပ်တန့်လိုက်တာ အကောင်းဆုံးပါပဲ” လို့ ဦတင်စိုးက ပြောပါတယ်။

ဒီလိုချေးငွေဆပ်ဖို့ အဆင်မပြေမှုတွေကြောင့် ကြာကန်ကျေးရွာကို လာရောက်ချေးပေးထားတဲ့ ကုမ္ပဏီတွေ အကုန်လုံး တလတန်စေ၊ နှစ်လတန်စေ အချိန်စောင့်ပေးဖို့အတွက် အိမ်ရှင်မတွေစုစည်းပြီး ကုမ္ပဏီတွေထံ မှာ မေတ္တာရပ်ခံနေကြပါတယ်။

“ချေးငွေယူတာ အနှစ် ၂၀ ရှိပြီ။ အခုလိုမျိုး ပြန်မဆပ်နိုင်တာ တခါမှ မဖြစ်ဖူးဘူး။ မပေးချင်တာ မဟုတ်ဘဲ ပေးဖို့ မရှိတာပါ။ ကိုယ်ပဲ မဆပ်နိုင်တာ မဟုတ်ဘူးနော်။ ယူထားတဲ့ သူတွေ အကုန်လုံးနီးပါး မဆပ်နိုင်တာ။ အခုအခြေအနေမှာ စားဖို့တောင် အနိုင်နိုင်ဖြစ်နေကြတာ” လို့ ကြာကန်ကျေးရွာမှာ နေထိုင်သူ ဒေါ်ဥမ္မာခင်က ပြောပါတယ်။

ချေးငွေ ပြန်ဆပ်ရမယ့်ကာလအား ဇွန်လအထိ ဆိုင်းငံ့ထားဖို့ကို တောင်းဆိုထားပေမယ့်လည်း ကုမ္ပဏီတွေ ဘက်က အဖြေတစုံတရာပေးတာ မရှိသေးတဲ့အပြင် ကိုဗစ် – ၁၉ ရောဂါကြောင့် အလုပ်အကိုင်တွေ ရှားပါးနေ သ၍ ဘယ်လိုပြန်ဆပ်ရမလဲဆိုတာကို ဒေါ်အေးသန်းအပါအဝင် ချေးငွေယူထားတဲ့ အမျိုးသမီးတွေကတော့ ခုချိန်ထိ စိုးရိမ်နေရဆဲဖြစ်ပါတယ်။

“တောင်းဆိုထားတဲ့ ၆ လပိုင်းပြည့်လို့ ပြန်ဆပ်ရမယ့် အချိန်ရောက်ရင် ဒီရောဂါကြီး မပြီးသေးရင် ဘယ်လိုဆပ်ရမလဲ၊ တွေးလေ အိပ်လို့မပျော်လေပါပဲ” လို့ ဒေါ်အေးသန်းက ပြောပါတယ်။

ဤဆောင်းပါးကို hiburma.net မှ ကူးယူဖော်ပြခြင်းဖြစ်သည်။

You may also like these stories:

COVID-19 နှင့် ယှဉ်တွဲ နေထိုင်ခြင်း

The post ကိုဗစ်ကြောင့် အကြွေးနွံနစ်နေကြရတဲ့ အိမ်ရှင်မများ appeared first on ဧရာဝတီ.

ပရိသတ်အားပေးသူတွေ ဆုရရှိခဲ့တဲ့ Baeksang အနုပညာဆုပေးပွဲ

$
0
0

ကိုရီးယားအနုပညာလောကမှာ အထင်ကရဆုပေးပွဲတခုဖြစ်တဲ့ (၅၆) ကြိမ်မြောက် Baeksang အနုပညာဆုပေးပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့၊ ညနေပိုင်းမှာ အီလ်ဆန်မြို့က KINTEX ခန်းမမှာ ကျင်းပခဲ့ပါတယ်။

နှစ်စဉ်ကျင်းပမြဲအဲ့ဒီအခမ်းအနားကတော့ ရုပ်ရှင်၊ ရုပ်သံနဲ့ ပြဇာတ် လောကမှာ အကြီးအကျယ်ဆုံးဖြစ်သူတွေကို ဂုဏ်ပြုတဲ့ အစီအစဉ်အဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ကြိုတင်သတိပေးချက်တွေ ထုတ်ထားလို့ ပရိသတ်တွေ မပါဘဲ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးတော့ ထူးခြားတာက အဲ့ဒီပွဲမှာ တတိယမြောက် နှစ်အနေနဲ့ Shin Dong Yup ၊ မင်းသား ပတ်ဘိုဂွန်းနဲ့ မင်းသမီး ဆူဇီတို့က အစီအစဉ်တင်ဆက်သူတွေအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ အဲ့ဒီဆုပေးပွဲမှာ နိုင်ငံတကာအထိ နာမည်ကျော်ကြားခဲ့တဲ့ ‘Parasite’ ရုပ်ရှင်အတွက် ဒါရိုက်တာ Bong Joon Ho က အထူးဆုကို ရရှိခဲ့ပါတယ်။ ဆုပေးပွဲကို တက်ရောက်ပြီး ဆုလက်ခံရယူနိုင်ခြင်းမရှိခဲ့ပေမယ့် အခုလိုမျိုး ဆုရရှိခဲ့တဲ့အကြောင်း မျှဝေတဲ့ သတင်းစကားကိုတော့ ကိုယ်စားလှယ်တဦးက ကိုယ်စား ပြောဆိုခဲ့ပါတယ်။

သူက “ပြီးခဲ့တဲ့နှစ် မေလ၊ ကိန်းစ်ရုပ်ရှင်ပွဲတော်ကနေ စတင်ခဲ့တဲ့ ကာလရှည်ခရီးလမ်းဟာ Baeksang နဲ့ အဆုံးသတ်ခဲ့ရလို့ ဂုဏ်ယူမိပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ရုပ်သံအတွက် အထူးဆုကိုတော့ KBS2 ရုပ်သံကနေထုတ်လွှင့်ခဲ့တဲ့ “When the Camellia Blooms” ဒရာမာက ရရှိခဲ့ပါတယ်။ အဲ့ဒီစီးရီးထဲက ဂန်ဟာနူးက အကောင်းဆုံး မင်းသားဆု၊ ဇာတ်ပို့ အိုဂျောင်ဆဲ က အကောင်းဆုံး ဇာတ်ပို့မင်းသားဆုနဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။ ရုပ်သံအတွက် အကောင်းဆုံး မင်းသမီးဆုကို “The World of the Married” စီးရီးထဲက မင်းသမီး ကင်ဟယ်အီးက ရရှိခဲ့ပါတယ်။

ကဏ္ဍစုံအစီအစဉ်ဆုအတွက် “How Do You Play?” အစီအစဉ်မှ Yoo Jae Suk က အကောင်းဆုံး အမျိုးသား ကဏ္ဍစုံအစီအစဉ်စတားဆုကို ရရှိခဲ့ပြီး “Home Alone” အစီအစဉ်မှ Park Na Rae က အကောင်းဆုံး အမျိုးသမီး ကဏ္ဍစုံအစီအစဉ်စတားဆုကို ရရှိခဲ့ပါတယ်။ ရုပ်ရှင်ကဏ္ဍမှာတော့ မင်းသား လီဗြောင်ဟွန်းက “The Man Standing Next” ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသားဆု၊ “Birthday” ရုပ်ရှင်နဲ့ မင်းသမီး Jeon Do Yeon က အကောင်းဆုံး မင်းသမီးဆုကို ရရှိခဲ့ပါတယ်။

Tik Tok လူကြိုက်အများဆုံးဆုကိုတော့ “Crash Landing on You” ဒရာမာထဲက မြောက်ကိုရီးယားဗိုလ်ကြီး လီဂျောင်ယော့အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား ဟွန်ဘင်းနဲ့ သူဌေးသမီး ယွန်းဆယ်ရီအဖြစ် သရုပ်ဆောင် ခဲ့တဲ့ ဆွန်းယယ်ဂျင်းတို့က ရရှိခဲ့ပါတယ်။

ဆုရရှိသူများစာရင်း

ရုပ်သံကဏ္ဍ

Grand Prize: KBS2 ရုပ်သံမှ “When the Camellia Blooms”

Best Drama: SBS ရုပ်သံမှ “Stove League”

Best Variety Show: TV Chosun ရုပ်သံမှ “Mister Trot”

Best Cultural Program: EBS ရုပ်သံမှ “Giant Peng TV”

Best Director: Mo Wan Il (“The World of the Married”)

Best Screenplay: Lim Sang Chun (“When the Camellia Blooms”)

Technical Award (Art): Jang Yeon Ok (“The Great Escape 3”)

Best Actor: Kang Ha Neul (“When the Camellia Blooms”)

Best Actress: Kim Hee Ae (“The World of the Married”)

Best Supporting Actor: Oh Jung Se (“When the Camellia Blooms”)

Best Supporting Actress: Kim Sun Young (“Crash Landing on You”)

Best New Actor: Ahn Hyo Seop (“Dr. Romantic 2”)

Best New Actress: Kim Da Mi (“Itaewon Class”)

Best Male Variety Star: Yoo Jae Suk (“How Do You Play?”)

Best Female Variety Star: Park Na Rae (“Home Alone”)

Bazaar Icon Award: Seo Ji Hye (“Crash Landing on You”)

TikTok Popularity Award: Hyun Bin And Son Ye Jin (“Crash Landing on You”)

ရုပ်ရှင်ကဏ္ဍ

Grand Prize: Bong Joon Ho (“Parasite”)

Best Film: “Parasite”

Best Director: Kim Bo Ra (“House of Hummingbird”)

Best Screenplay: Lee Sang Geum (“Exit”)

Technical Award (Makeup): Kim Seo Hee (“The Man Standing Next”)

Best New Director: Kim Do Young (“Kim Ji Young, Born 1982”)

Best Actor: Lee Byung Hun (“The Man Standing Next”)

Best Actress: Jeon Do Yeon (“Birthday”)

Best Supporting Actor: Lee Kwang Soo (“Inseperable Bros”)

Best Supporting Actress: Kim Sae Byuk (“House of Hummingbird”)

Best New Actor: Park Myung Hoon (“Parasite”)

Best New Actress: Kang Mal Geum (“Lucky Chan-Sil”)

Ref:soompi

You may also like these stories:

Daejong ရုပ်ရှင်ဆုပေးပွဲမှာ ဆု ၅ ဆု ရခဲ့တဲ့ “Parasite”

YouTube မှာ Gold Play Button ရသွားတဲ့ မင်းသား ပတ်စောဂျွန်း

ကိုဗစ်ကြောင့် ဘောလိဝုဒ်ကားတွေမှာ အကနဲ့ အနမ်း ဇာတ်ဝင်ခန်းတွေ ခွင့်မပြုတော့

The post ပရိသတ်အားပေးသူတွေ ဆုရရှိခဲ့တဲ့ Baeksang အနုပညာဆုပေးပွဲ appeared first on ဧရာဝတီ.

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကြံ့ခိုင်ရေးနှင့် တပ်မတော်အမတ်များ စွပ်စွဲပြစ်တင်

$
0
0

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား စွပ်စွဲပြစ်တင်မှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)မှ ကိုကိုးကျွန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ဇွန်လ ၅ ရက်နေ့ လွှတ်တော်ဥက္ကဋ္ဌထံ တင်လိုက်ကြောင်း ဒဂုံမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

စွပ်စွဲပြစ်တင်ရန် ကြံ့ခိုင်းရေးပါတီအမတ်များ၊ တပ်မတော်သား အမတ်များက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီး ကိုယ်တိုင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း ဦးကျော်ဇေယျကပြောသည်။

ဦးကျော်ဇေယျက “ဗိုလ်တထောင်ဘုရား ပြုပြင်ရေးဆိုကာ လူစုလူဝေးဖြစ်စေခဲ့မှု၊ စီမံခန့်ခွဲမှု လိုအပ်ချက်တွေ၊ ဘက်ဂျက်ကိစ္စတွေရော၊ အချက်တွေကတော့ အများကြီးပဲ၊ ဝန်ကြီးချုပ်တယောက်ရဲ့ ကျင့်ဝတ်သိက္ခာပိုင်းနဲ့ရော မညီညွတ်တဲ့ ဟာတွေကို စွဲချက်လုပ်ပြီး စွပ်စွဲအပြစ်တင်လိုက်တာပေါ့” ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ တွင် ဝန်ကြီးချုပ်တဦးအား စွပ်စွဲပြစ်လိုပါက အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံက လက်မှတ်ရေးထိုးကာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်ပြီး ယင်းတင်ပြချက်အပေါ် လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမည့် ကာလကို သတ်မှတ်ပေးရမည့်အပြင် စွပ်စွဲခံရသည့် ဝန်ကြီးချုပ်(သို့) ကိုယ်စားလှယ်အား ချေပခွင့်ပေးရမည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်ကို ရရှိသည့်အခါ လွှတ်တော်ဥက္ကဌသည် သက်ဆိုင်ရာလွှတ်တော်တွင် တင်ပြကာ မဲခွဲရမည်ဖြစ်ပြီး အနည်းဆုံးကိုယ်စားလှယ် ၃ ပုံ ၂ ပုံက စွပ်စွဲပြစ်တင်မှုအား ထောက်ခံမှသာ နိုင်ငံတော်သမ္မတထံ တင်ပြပြီး ရာထူမှ ရပ်ဆဲနိုင်မည်ဖြစ်သည်။

ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များအနေဖြင့် မေလ ၂၄ ရက်နေ့က ဗိုလ်တထောင်ဘုရား ဘက်စုံပြုပြင်ရေးဟုဆိုကာ ဆောင်ရွက်ရာတွင် လူစုလူဝေးဖြစ်စေခဲ့သည့်အတွက် COVID-19 ကူးစက်ရောဂါကာကွယ်ရေးအတွက် အမိန့်များအား ချိုးဖောက်သည်ဟုဆိုကာ ပြည်သူများအကြား ဝေဖန်မှုများ ပြင်းထန်းခဲ့ပြီး ဥပဒေအရ အရေးယူပေးရန် တိုင်ကြားမှုများလည်း ရှိခဲ့သည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရဘက်ကလည်း ဦးဖြိုးမင်းသိန်းအား ဖြေရှင်းမှု အစီအရင်ခံစာ တင်ပြရန် ညွှန်ကြားမှုပြုလုပ်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားသည်။

ထို လူစုလူဝေဖြစ်စေမှုကိုလည်း လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန် အရေးကြီးအဆိုတရပ်ကိုလည်း ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်ရန် ကြိုးပမ်းခဲ့သော်လည်း တင်ပြခွင့်ရ မရအား အကြောင်းမပြန်ခဲ့ကြောင်း သိရသည်။

ဦးကျော်ဇေယျသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ထုတ်ပယ်ခံထားရသူဖြစ်ပြီး လက်ရှိတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) သို့ ဝင်ရောက်ထားသူဖြစ်သည်။

The post ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကြံ့ခိုင်ရေးနှင့် တပ်မတော်အမတ်များ စွပ်စွဲပြစ်တင် appeared first on ဧရာဝတီ.

မန္တလေးတိုင်း သစ်တောအရာရှိနှစ်ဦး အဂတိဖြင့် အမှုဖွင့်ခံရ

$
0
0

မန္တလေးတိုင်း ရမည်းသင်းခရိုင်လက်အောက်ရှိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းအရာရှိနှစ်ဦးအား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့သတင်းထုတ်ပြန်သည်။

ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး (လက်ရှိ မန္တလေးတိုင်းညွှန်ကြား ရေးမှုးရုံး) နှင့် ရမည်းသင်းမြို့နယ်သစ်တောဦးစီးဌာနမှဦးစီးအရာရှိတို့ နှစ်ဦးအား သစ်တောဦးစီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်းအတွက် ခွင့်ပြုငွေများထုတ်ယူခြင်းကိစ္စနှင့် ပတ်သတ်၍ အဂတိ လိုက်စားမှု ကျုးလွန်ခဲ့ကြောင်း တွေ့ရှိသည်ဟု ဆိုသည်။

ယင်းကိစ္စအား သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူပေးရန်အတွက် အမှုလွှဲပြောင်းပေးပို့ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်းပါ သစ်တောလုပ်ငန်းများအတွက် ခွင့်ပြုငွေထုတ်ပေးရာတွင် ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးဆိုသူသည် တောအုပ် ၆ ဦးထံမှ  စုစုပေါင်း ငွေ သိန်း ၆၁ သိန်းကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဆိုသူက တောအုပ် ၄ ဦးထံမှ ငွေ ၃၇ သိန်းကိုလည်းကောင်း ဖြတ်တောက်ရယူခဲ့သည်ဟု စစ်ဆေးတွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းသစ်တောဝန်ထမ်းအရာရှိနှစ်ဦးသည် ရာထူးတာဝန်ကို အလွဲသုံး၍ အဂတိလိုက်စားမှုကျုးလွန်ခဲ့ကြခြင်း ဖြစ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ရမည်းသင်းမြို့မရဲစခန်းတွင် ဇွန် ၅ ရက်က အမှု ဖွင့်ကာ တရားစွဲဆိုအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

ရမည်းသင်းမဲဆန္ဒနယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးက “ဌာနဆိုင်ရာတွေနဲ့ညှိနှိုင်း လုပ်တဲ့ အခါမှာ သစ်တာဌာနက ပွင့်လင်းမြင်သာမှုအားအနည်းဆုံးလို့ပြောရမယ်။ သူတို့လုပ်နေတဲ့ လုပ်ငန်းတွေကို သေချာမသိရဘူး။ အခုအရေးယူခံရတဲ့သစ်တောအရာရှိနှစ်ယောက်ဆိုရင်လဲ အစည်းအဝေးခေါ်ရင် ဘယ်တော့မှတက်တယ်ဆိုတာမရှိခဲ့ဘူး။ တောအုပ်အဆင့်လောက်ပဲလွှတ်တယ်။ ပြီးကျ တခုခု ဆုံးဖြတ် ကြမယ်ဆိုရင် အထက်ကိုတင်ပြပြီးပြန်ပြောပါမယ်ဆိုတာနဲ့ ပြီးသွားတယ်” ဧရာဝတီကို ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အစိုးရဌာနများ၏ လုပ်ငန်းများအား စောင့်ကြည့်အကဲဖြတ်ရာတွင် အချို့သောဌာနများမှာ ပူးပေါင်းဆောင်ရွက်မှုစနစ်ကောင်းများရှိသော်လည်း သစ်တောအပါအဝင် အချို့ဌာ နများမှာ အထက်အဆင့်က ပြောင်းလဲရန်ညွှန်ကြားသော်လည်း အောက်ခြေတွင် လက်တလုံးခြား အကျင့်များမှာ အမြစ်တွယ်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

မန္တလေးအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းဖြစ်သော စိမ်းရောင်စို/သဘာစိမ်းအဖွဲ့တည်ထောင်သူ ဦးမောင် မောင်ဦးက “အခုအမှုက ငွေကြေးအရ အဂတိလိုက်စားတာဖြစ်ပေမဲ့ ဒီလုပ်ရပ်ကနေ တန်ဖိုးသင့်လို့ မရအောင် ထိပါးသွားနိုင်တဲ့ Eco system တွေအများကြီးရှိပါတယ်။ အခုကာလမှာ ဘယ်သူမဆို အခက်အခဲ ကတော့ရှိပါတယ်။ ဌာနဆိုင်ရာရော၊ ပြည်သူရော နောက်ဆုံးအစိုးရမှာတောင် အခက်အခဲ ဆိုတာ ရှိပါတယ်။ ဒါကို ခေါင်းစဉ်တပ်ပြီးတော့ အဂတိကျူးလွန်တာထက် ကိုယ့်လုပ်ရပ်က ကိုယ့်လူ့ အဖွဲ့အစည်းအပေါ် ဘယ်လောက်ဆိုးကျိုးသက်ရောက်နိုင်တယ်ဆိုတာ ချိန်ဆဖို့လိုပါမယ်” ဟု ဧရာဝတီကို ပြောသည်။

၎င်းကဆက်၍ “ကျနော်တို့နိုင်ငံမှာ လူနဲ့သွားတာလား၊ မူနဲ့သွားနေတာလားဆိုတာ အခုထိမသဲကွဲပါဘူး။ မူမမှန်နဲ့ လူတွေနဲ့ သွားနေရင်တော့ တိုင်းပြည်က လိုချင်တဲ့ပန်းတိုင်ကို အလှမ်းဝေးနေဦးမှာပါပဲ။ ဒါတွေအပေါ် အစိုးရ အနေနဲ့ ခိုင်မာတဲ့ယန္တရားတစ်ခုတည်ဆောက်ပြီး ယိုပေါက်တွေဖာဖို့အချိန်တန်နေပါပြီ” ဟု ပြောသည်။

၂၀၁၈ ခုနှစ်က ပြဌာန်းခဲ့သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နိုင်ငံရေးရာထူးလက်ရှိ ဖြစ်သူမှ အပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ (သို့မဟုတ်) လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိ လိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ်ထက် မပိုသောထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

The post မန္တလေးတိုင်း သစ်တောအရာရှိနှစ်ဦး အဂတိဖြင့် အမှုဖွင့်ခံရ appeared first on ဧရာဝတီ.

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

$
0
0

မြန်မာပြည် လက်နက်ကိုင် ပဋိပက္ခများ အကြောင်း ပြောပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုသာ အလေးပေး ပြောဆိုလေ့ရှိပြီး မြန်မာ-အိန္ဒိယနယ်စပ်၌ လှုပ်ရှားနေသည့် ကသည်း လက်နက်ကိုင် တော်လှန်သူများ အကြောင်းကို ပြောဆိုလေ့ မရှိပါ။

ကသည်းလက်နက်ကိုင်များသည် မြန်မာမြေတွင် နေကာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို တော်လှန်၍ မဏိပူရ်ပြည်နယ် လွတ်မြောက်ရေး တောင်းဆိုနေကြသူများဟု သိကြသော်လည်း လူသိပ်မသိသည့် အချက်မှာ ယင်းအဖွဲ့များကြောင့် မြန်မာပြည်သူများ စိတ်မသက်သာ ဖြစ်နေမှုပင်ဖြစ်၏။

အိန္ဒိယ- မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့မှ ဒေသခံ အများစုကမူ “ကသည်း”ဟု ဆိုလိုက်သည်နှင့် ဝေးဝေးရှောင်လို ကြသည်။ အကြောင်းက လက်နက်ရှိသူတို့ ထုံးစံအတိုင်း လက်နက်အားကိုး ဗိုလ်ကျလေ့ ရှိသောကြောင့် ဖြစ်သည်။

တမူးမြို့သည် စစ်ကိုင်းတိုင်း အထက်ပိုင်း နယ်စပ်မြို့ ဖြစ်ပြီး အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး အတွက် အရေးပါ သည့်မြို့လည်း ဖြစ်သည်။ တဖက်တွင် အိန္ဒိယအရှေ့မြောက် အစွန်ဆုံးဒေသ မဏိပူရ်ပြည်နယ်နှင့် ထိစပ်နေသည်။

တမူးဒေသခံ လွှတ်တော် ကိုယ်စားလှယ်တဦးက“ဒေသခံတွေက ကသည်းတွေကို မကြိုက်ဘူး။ နယ်မြေချဲ့တယ်။ အနိုင် ကျင့် ဗိုလ်ကျတယ်။ လက်နက်ရှိတော့ ကျယ်တာပေါ့။ ဆက်ကြေးတောင်းရင် ပေးရတယ်။ တမူးဈေးထဲအထိ ဝင်ပြီး ဆက် ကြေးတောင်းတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကသည်းလက်နက်ကိုင်များ လှုပ်ရှားရာ မြန်မာပြည်တွင်းရှိ ဒေသများ

တမူးခရိုင်ရှိ နယ်မြေခံ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မသိကျိုးကျွံ ပြုထားသည့်အတွက် ကသည်းသူပုန်များက မြန်မာပိုင်နက် တမူးမြို့နယ်ထဲ ဝင်ရောက်နေထိုင်ကြသည်မှာ ဆယ်စုနှစ်တခု ရှိခဲ့ပြီ ဖြစ်သည်။

ဒေသရှိ လူနေရပ်ကွက်များ အတွင်း လက်နက် ခဲယမ်းများသိုလှောင်ခြင်း၊ သူပုန်အဖွဲ့ဝင် အချင်းချင်း လုပ်ကြံသတ်ဖြတ် ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခြင်း၊ ဆက်ကြေးကောက်ခြင်း စသည့် လုပ်ရပ်များကြောင့် တမူး ဒေသခံများ က မနှစ်မြို့ကြပါ။

ကသည်းများသည် တမူးမြို့ ပေါ်တွင် ပေါ်ပေါ်ထင်ထင်ပင် နေခဲ့သည်။ ရောက်စ အရေအတွက်မှာ ရာဂဏန်း အထိ ရှိပြီး၊ နောက်ပိုင်း တမူးမြို့ အနီး ဟဲဆင်းရွာသို့ ပြောင်းရွေ့ သွားကြသည်။ ယခုအခါ ဟဲဆင်းရွာမှ ယူးမြစ် အရှေ့ ဘက် တောတွင်းသို့ ပြောင်းရွေ့နေကြသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ခြေချလာသည့် ကသည်းများကြောင့် လူမှုရေး ပြဿနာတချို့လည်း ရှိကြကြောင်း သိရသည်။

ကသည်းသူပုန်အဖွဲ့များအကြောင်း

၂၀၁၃ ခုနှစ်က မဏိပူရ် ပြည်သူ့ တပ်မတော် (Manipur People Army – MPA)၏ ၂၆နှစ် ပြည့် အခမ်းအနား (The Sangai Express)

၁၉၆၄ ခုနှစ်မှ စတင်၍ မဏိပူရ်ပြည်နယ်အား အိန္ဒိယနိုင်ငံမှ ခွဲထက်၍ သီးခြားလွတ်လပ်သော နိုင်ငံတခု တည်ထောင်ရန် ကြိုးပမ်းသောအဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့သည်။

အစောဆုံး တည်ထောင်သည့်အဖွဲ့မှာ ပြည်ထောင်စု အမျိုးသား လွတ်မြောက် ရေး တပ်ဦး (United National Liberation Front-UNLF) ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ တည်ထောင်စဉ်က လက်နက် ကိုင် တိုက်ခိုက်ခြင်း မရှိသော်လည်း ၁၉၈၇ ခုနှစ်တွင် မဏိပူရ် ပြည်သူ့ တပ်မတော် (Manipur People Army – MPA) ကို ဖွဲ့စည်းကာ လက်နက်စွဲကိုင်တော်လှန်မှု စတင်ခဲ့သည်။

UNLF နောက်ပိုင်း မဏိပူရ်ပြည်နယ် ခွဲထွက်ရေးအတွက် လက်နက်ကိုင်တော်လှန်သည့်အဖွဲ့ အများအပြား ပေါ်ပေါက် ခဲ့သည်။

၁၉၇၇ ခုနှစ်တွင် ကသည်း ပြည်သူ့လွတ်မြောက်ရေးပါတီ – People’s Revolutionary Party of Kangleipak – PREPAK) အဖွဲ့၊ ၁၉၇၈ ခုနှစ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA အဖွဲ့၊ ၁၉၈၀ ခုနှစ်တွင် ကသည်းကွန်မြူနစ်ပါတီ – Kangleipak Communist Party – KCP အဖွဲ့တို့ အသီးသီး ပေါ်ထွက်လာခဲ့သည်။

ထို့ပြင် ၁၉၉၄ ခုနှစ်တွင် Kanglei Yawol Kanna Lup – KYKL ဟူသည့် လက်နက်ကိုင်သူပုန်အဖွဲ့ ပေါ်ပေါက်ခဲ့ပြီး
PREPAK အဖွဲ့မှ ကွဲထွက်သည့်အဖွဲ့တခုမှာ ၂၀၀၆ ခုနှစ်တွင် ညီညွတ်သော ကသည်း ပြည်သူ့ပါပါတီ – United People’s Party of Kangleipak – UPPK အဖြစ် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်။

ကသည်းသူပုန်များတွင် အဖွဲ့ငယ်များစွာရှိသော်လည်း အထက်တွင် ဖော်ပြခဲ့သည့်အဖွဲ့ ၆ ဖွဲ့မှာ အင်အားအကြီးဆုံးနှင့် အထင်ရှားဆုံးအဖွဲ့များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ကသည်း ပြည်သူ့လွတ်မြောက်ရေးပါတီ – People’s Revolutionary Party of Kangleipak – PREPAK) တပ်ဖွဲ့များ(E Pao)

အဆိုပါ ကသည်းသူပုန်များမှာ မဏိပူရ်ပြည်နယ်အတွင်း ဘဏ်ဓားပြတိုက်ခြင်း၊ မဏိပူရ်ရဲတပ်ဖွဲ့နှင့် မဏိပူရ်ရိုင်ဖယ် တပ်ဖွဲ့ တို့ကို ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခြင်း၊ ဗုံးခွဲခြင်း၊ ရဲတပ်ဖွဲ့အကြီးအကဲများနှင့် အစိုးရ အဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ နယူးဒေလီ ဗဟိုအစိုးရက အထူး သတိထားစောင့်ကြည့်ခံ နေရသည့်သူပုန်အဖွဲ့များ ဖြစ်သည်။

အိန္ဒိယ – မြန်မာ နယ်စပ်အရေး စောင့်ကြည့်လေ့လာသူတို့ အဆိုအရ ကသည်းသူပုန်အဖွဲ့ အားလုံး၏ အင်အားမှာ ၃ ထောင် နီးပါး ရှိမည်ဟု ခန့်မှန်းကြသည်။

ကသည်းလက်နက်ကိုင်များ မြန်မာဘက်ခြမ်း ဝင်ရောက်လာမှုကို ဆက်လက်ဖော်ပြပါမည်။

You may also like these stories:

အိန္ဒိယ အစိုးရကို တော်လှန်သည့် ကသည်းသူပုန် ၂၂ ဦးကို မြန်မာ ပြန်လွှဲပေး

ကသည်းလက်နက်ကိုင်အဖွဲ့ အလိုမရှိကြောင်း ချင်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

The post အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ appeared first on ဧရာဝတီ.

လုပ်ခွင့်ပေးတဲ့ ဇာတ်ကောင်က ဗီလိန်တွေပဲများတယ်လို့ မိုက်မိုက်ပြော

$
0
0

MRTV-4 ဇာတ်လမ်းတွဲတွေမှာ ဗီလိန်ဇာတ်ရုပ်နဲ့အတွေ့များရတဲ့ သရုပ်ဆောင် မိုက်မိုက်က ဒီဇာတ်ရုပ်က သူနဲ့လိုက်ဖက်တဲ့အတွက် ဗီလိန်ဇာတ်ရုပ်ပဲ အရိုက်များတာဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့အနုပညာသမားတွေ တော်တော်များများကတော့ ကာရိုက်တာတခုတည်းကို လုပ်ချင်တာထက် ကာရိုက်တာ တော်တော်များများကို လုပ်ချင်ကြတဲ့သူတွေက ပိုများတယ်။ ကျနော်တို့ ဇာတ်လမ်းတွဲရိုက်တဲ့အခါမှာ Casting လုပ်ပြီးမှ ကာရိုက်တာတွေကိုနေရာချတာဖြစ်တယ်”

“ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေဘက်ကလည်း ဒီဗီလိန်ကာရိုက်တာနဲ့ လိုက်ဖက်တယ်ပေါ့။ ကျနော်က ဒီဘက်မှာ ပိုအဆင်ပြေနေတဲ့အခါကျတော့ သူတို့လုပ်ခွင့်ပေးတဲ့ကားတွေ တော်တော်များများ ဗီလိန်ဖြစ်တာများပါတယ်။ တခြားမတူတဲ့ကာရိုက်တာတွေလည်း ရိုက်ထားတာရှိပါတယ်” လို့ မိုက်မိုက်က ပြောပါတယ်။

ဗီလိန်ဇာတ်ရုပ်နဲ့ ပရိတ်သတ်ကအသိအမှတ်များပြီး ဗီလိန်မဟုတ်ရင်လည်း ဆိုက်ကိုဇာတ်ရုပ် ပြဿနာရှာတဲ့ ဇာတ်ရုပ်များနဲ့ပဲ ပရိသတ်က မိုက်မိုက်ကိုမြင်နေကြပြီလို့ ဆိုပါတယ်။

ဒီလိုဗီလိန်ဇာတ်ရုပ်များနဲ့ ပရိသတ်အားပေးမှုရရှိလျက်ရှိတဲ့ သရုပ်ဆောင်မိုက်မိုက်ကတော့ အပြင်ကလူကိုသိတာထက် ဇာတ်ကောင်တွေနဲ့တွဲသိတာကို ပိုသဘောကျတယ်လို့ ပြောပါတယ်။

“တကယ်စိတ်ထဲရှိတဲ့အတိုင်းပြောရရင် ကျနော်ကကျနော့်ဇာတ်ကောင်တွေကို ပရိသတ်စွဲနေတာကိုပိုပြီးသဘောကျတယ်။ ကျနော်က သရုပ်ဆောင်ဖြစ်နေတဲ့အတွက်လေ။ ကျနော်အပြင်မှာကျတော့ လူများတဲ့နေရာတွေ လူတွေရှိတဲ့နေရာကို သိပ်မသွားဖြစ်ဘူး”

“အလုပ်ထဲမှာပဲ ကိုယ်ကအပြင်မှာဆို ပုံမှန်ပဲနေဖြစ်တာများတယ်။ ဒါပေမယ့်ကိုယ့်ရဲ့ ဇာတ်ကောင်တွေ ကိုတော့ ပရိသတ်အသိအမှတ်ပြုတာပိုသဘောကျတယ်။ ကိုယ့်ဇာတ်ကောင်တွေကိုသိတာ ပိုဝမ်းသာမိတယ်” လို့ မိုက်မိုက်က ဧရာဝတီကို ပြောပါတယ်။

မိုက်မိုက်က သူ့ရဲ့အပြင်ဘဝကိုစိတ်ဝင်စားတာထက် အနုပညာကိုစိတ်ဝင်စားကို ပိုသဘောကျတယ်လို့ ဆိုပါတယ်။

“ကျနော်ဖန်တီးတဲ့အနုပညာတွေကိုပဲ ပရိသတ်ကိုစိတ်ဝင်စားစေချင်တယ်။ ကျနော်ဖန်တီးတဲ့အနုပညာတွေကိုပဲ ပရိသတ်ကိုချပြချင်တယ်။ ကျနော့်ရဲ့အပြင်ကဘဝကို စိတ်ဝင်စားတာထက်စာရင် ကျနော့်အနုပညာကိုစိတ်ဝင်စားတာ ပိုသဘောကျတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင်စလုပ်စဉ်ကတည်းက အပြင်မှာသူမဟုတ်တဲ့ကာရိုက်တာကိုပဲ ဖန်တီးပြဖို့စိတ်အားထက်သန်ခဲ့ပြီး ထပ်ပြီးတော့လည်း မတူတာတွေလုပ်ဖို့အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ကျနော်သရုပ်ဆောင်လုပ်ကတည်းက ကျနော်မဟုတ်တဲ့တခြားဇာတ်ကောင်စရိုက်တွေကိုပဲ ဖန်တီးပြဖို့ စိတ်အားထက်သန်ခဲ့တာလေ။ နောက်ရိုက်မယ့်ဇာတ်ကားတွေကိုလည်း ကျနော်မဟုတ်သော တခြားတခြားသော ကာရိုက်တာတွေ မတူတာတွေကိုပဲ လုပ်ဖို့ပဲကြိုးစားနေပါတယ်။ မတူတာတွေဘဲ ပရိသတ်ခံစားလို့ရအောင် ကြိုးစားနေပါတယ်” လို့ မိုက်မိုက်က ပြောပါတယ်။

လတ်တလောမှာတော့ MRTV 4 မှာပြသလျက်ရှိတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကိုဗစ်မဖြစ်ခင်က ရိုက်ကူးနေတဲ့ “အဖြူရောက်သက္ကရာဇ်” ဆိုတဲ့ ဇာတ်လမ်းတွဲကိုတော့ ရိုက်ကူးနေရင်း ရပ်ထားရတာဖြစ်တယ်လို့သိရပါတယ်။

The post လုပ်ခွင့်ပေးတဲ့ ဇာတ်ကောင်က ဗီလိန်တွေပဲများတယ်လို့ မိုက်မိုက်ပြော appeared first on ဧရာဝတီ.

ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်း ဖြစ်ဖို့ လမ်းညွှန်ချက်တွေ ရှိတယ်

$
0
0

ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ပြီး အခြေခံပညာကျောင်းများကို အဆင့်လိုက် ဖွင့်လှစ်တော့မည်ဖြစ်သည်။ လတ်တလောတွင် ပြည်တွင်း၌ COVID-19 ကူးစက်မှု လျော့ပါးလာပြီ ဖြစ်သော်လည်း ကျောင်းသားမိဘများ၏ စိုးရိမ်ပူပန်မှုမှာ မြင့်တက်နေဆဲဖြစ်သည်။

သို့ဖြစ်ရာ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဘေးကင်းလုံခြုံမှုအတွက် မည်သို့သော အစီအမံများ ဆောင်ရွက်ထားသည်ကို သိရှိနိုင်ရန်အတွက် အခြေခံပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ကျောင်းဖွင့်ရာသီလည်း ရောက်ပြီဆိုတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းတွေကို ဘယ်လိုပုံစံမျိုး ပြန်ဖွင့်သွားဖို့ စီစဉ်ထားလဲရှင့်။

ဖြေ ။ ။ ဇူလိုင်လ ၂၁ ရက်နေ့မှာ အထက်တန်း အဆင့် Grade-10 စနစ်သစ်နဲ့ Grade-11 စနစ်ဟောင်း အဲဒီအတန်း ၂ တန်းကို ဖွင့်ဖို့ ဆောင်ရွက်နေတယ်။ အထက်တန်းအဆင့်ကို အဆင်ပြေပြေ ချောချာမွေ့မွေ့နဲ့ ဖွင့်နိုင်မယ် ဆိုရင် ၂၁ ရက်နေ့ ဖွင့်ပြီး ၂ ပတ်အကြာမှာ အလယ်တန်းအဆင့်ကို ဖွင့်မယ်။ ဖွင့်ပြီးတဲ့ အချိန်မှာလည်း ကျနော်တို့ အခြေအနေတွေကို စောင့်ကြည့်ဦးမှာ ဖြစ်ပါတယ်။ တနိုင်ငံလုံးကျောင်းတွေရဲ့ အခြေအနေကို မူတည်ပြီးတော့ အလယ်တန်းတွေ ဖွင့်ပြီး နောက်တပတ်အကြာမှာ မူလတန်းတွေကို ဖွင့်မယ်ပေါ့။ အဲဒီလို အဆင့်ဆင့် ဖွင့်သွားဖို့ ရှိတယ်။

သတင်းစာရှင်းလင်းပွဲတခု၌ တွေ့ရသော အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း/ဧရာဝတီ

မေး ။ ။ ကျောင်းတွေကို ပြန်ဖွင့်တဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေ ဘေးကင်းလုံခြုံရအောင် ဘယ်လိုအစီအမံတွေ ဆောင်ရွက်ထားလဲ။

ဖြေ ။ ။ ကျောင်းသား၊ ကျောင်းသူတွေ ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်းတွေ ဖြစ်ဖို့ အတွက် လမ်းညွှန်ချက် ၃၅ ချက်လောက်ရှိတယ်။ အိမ်ကနေကျောင်းကိုလာတဲ့ အခါမှာ ကျောင်းကြို၊ ပို့ လိုက်နာရမယ့် စည်းကမ်းချက်တွေ။ ကျောင်းကို ပို့တဲ့ ကလေးတွေ ကျန်းမာရေးအရ သေချာစစ်ပြီးမှ ပို့ဖို့၊ ကျောင်းကို ဝင်တဲ့ အချိန်မှာ Social Distancing ပေါ့။ ၆ ပေ အကွာကနေ ရပ်ပြီးတော့မှ ကျောင်းထဲကို စနစ်တကျ ဝင်ဖို့ အဲဒါမျိုးတွေက အစ သေချာဆောင်ရွက်ပြီးတော့ ဆရာ၊ ဆရာမတွေက ကြီးကြပ်ပေးမှာပေါ့။

ကျောင်းထဲကို မိဘတွေက ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ကလေးတွေ ကျောင်းထဲမှာ သွားလာလှုပ်ရှားတဲ့ အခါမှာ လိုက်နာရမယ့် လမ်းညွှန်ချက်တွေ ရှိပါတယ်။ Social Distancing လမ်းညွှန်ချက်တွေ အများကြီး ကပ်ထားမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေက စောင့်ကြပ်ကြည့်ရှူပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။

နောက်တခုက စာသင်ခန်းတွေရဲ့ အပြင်အဆင်ပေါ့။ ၃၀ ပေ ၂၄ ပေရှိတဲ့ စာသင်ခန်းတွေကို အများဆုံး ကျောင်းသား အရေအတွက် ၂၀ ထက် မပိုဘူးပေါ့။ ဒါ ၆ ပေအကွာနှုန်းနဲ့ တွက်ထားတာပေါ့။

ကျောင်းသား ၊ ကျောင်းသူ အရေအတွက် များတယ် ဆိုရင်တော့ ၂ သုတ်၊ ၂ သုတ်မှာမှ တပတ်ခြားအလှည့်နဲ့ ရက်ခြားတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

ရန်ကုန်မှာဆိုရင် ကူးစက်မှုနှုန်းများတဲ့ မြို့နယ်တွေ ရှိပါတယ်။ အဲဒီက ကျောင်းတွေမှာတော့ အရေးပေါ် လိုအပ်ရင် သုံးဖို့ PPE ဝတ်စုံက အစ ဖြန့်ဝေထားဖို့ ရှိပါတယ်။ ကျောင်းတွေထဲမှာ လက်ဆေးဖို့ အတွက်နဲ့ Social Distancing အတွက် လိုအပ်တဲ့ ဘက်ဂျက်တွေလည်း မေလထဲမှာပဲ ချပေးပြီး ဖြစ်ပါတယ်။

မေး ။ ။ Social Distancing ကို လုပ်တဲ့အခါမှာ ကျောင်းသားဦးရေ အရမ်းများတဲ့ ကျောင်းတွေမှာ အဆင်ပြေပါ့မလား။ အခန်းတွေ ခွဲလိုက်မယ်ဆိုရင် တချို့ကျောင်းတွေကျတော့လည်း နေရာ အခက်အခဲရှိသလို တချို့ကျောင်းတွေကျ ဆရာအင်အား မလုံလောက်တဲ့ ပြဿနာတွေလည်း ကြုံနိုင်တယ်ဆိုတော့ ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲရှင့်။

ဖြေ ။ ။ Social Distancing က လိုက်ကိုလိုက်နာရမယ်။ Social Distancing တွေမလိုက်နာရင် ကူးစက်မှုတွေ ဖြစ်မယ်။ ဒါကိုလိုက်နာဖို့ တင်းတင်းကြပ်ကြပ်နဲ့ စည်းရုံးဆောင်ရွက်မှာ ဖြစ်ပါတယ်။ Social Distancing အရ အတန်းတွေ ခွဲလိုက်ပြီဆိုရင် ဆရာမတွေလိုတာက ဟုတ်ပါတယ်၊ ဒါလည်း ပြဿနာ ရှိပါတယ်။ ကျောင်းသားနဲ့ ဆရာအချိုးအရ ဆရာတယောက်ကို သင်ချိန်ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက်မှာ ဖြစ်ပါတယ်။ ဝန်နဲ့အား မမျှဘဲ တနေ့လုံး မနားရဘဲ ဆရာတွေကို ဒီလိုမျိုး အဖြစ်မခံပါဘူး။

ကျောင်းသားအရေအတွက် နည်းတဲ့ ကျေးလက်ကျောင်းတွေဆိုရင် ပုံမှန်သင်နိုင်ပါတယ်။ မူလတန်းဆရာလေးတွေဆိုရင် အတန်းလိုက် ယူရတာကိုး အတန်းတွေကွဲသွားတော့ ဆရာမရှိတဲ့ အတန်းတွေ ရှိသွားနိုင်တယ်။ အဲဒါဆိုရင်တော့ အကူ Volunteer ဆရာလေးတွေ သုံးရင်သုံးမယ်။ ဆရာတွေက တန်းတွဲသင်နည်း သုံးရင်လည်း သုံးမယ်။ အရမ်းကြီးခက်ခဲနေတဲ့ ဆရာလိုတဲ့ နေရာတွေကို နိုင်ငံတော်က ဖြည့်ဆည်းပြီးတော့မှ တချို့အသစ်တွေ ခန့်ဖို့ရှိတယ်။ တချို့လည်း Volunteer Teacher တွေ ဖြည့်ဆည်းဖို့လည်း စဉ်းစားနေတယ်။

Volunteer Teacher ဆိုလို့ နိုင်ငံတော်က ဘာမှမပေးဘဲ လုပ်အားပေးခိုင်းမှာ မဟုတ်ပါဘူး သတ်မှတ်တဲ့ လုပ်အားခပေးပြီးတော့ ဆောင်ရွက်ဖို့ ရှိပါတယ်။

အခန်းတွေ အရေးပေါ် လိုလာတယ် ဆိုရင် Temporary Learning Space လို့ ခေါ်တာပေါ့။ ယာယီ စာသင်ခန်း အဆောင်လေးတွေ ဆောက်ပြီးတော့ အသုံးပြုလို့ရအောင် လုပ်ပေးဖို့ ရှိတယ်။

ကျောင်းတွေ မဖွင့်ခင် ကျောင်းအပ်နှံရေး ရက်သတ္တပတ် လုပ်နေပြီ ဆိုကတည်းက လိုအပ်ချက်တွေ အကုန်လုံးက Ready ဖြစ်နေဖို့ လိုပါတယ်။ အဲဒီအတွက် ကြိုးစားပြီး ပြင်ဆင်သွားဖို့ ရှိပါတယ်။

မိဘတွေရဲ့ ပူပင်သောက ကလည်း ရှိနိုင်ပါတယ်။ ဒီပူပင်သောကတွေကို လျော့သွားအောင် ဘယ်လိုလုပ်မလဲပေါ့။ အထူးသဖြင့်တော့ အန္တရာယ်မရှိဖို့က အဓိကပါ။ ကလေးတွေ ကူးစက်လို့ ကျောင်းတွေပြန်ပိတ်လိုက်ရတဲ့ အဆင့်မျိုး ကျနော်တို့ မဖြစ်ချင်ဘူး။

မေး ။ ။ အထက်တန်းနဲ့ အလယ်တန်း ကလေးတွေက ကျန်းမာရေးဝန်ကြီးဌာနက စည်းကမ်းတွေကို လိုက်နာကောင်း လိုက်နာနိုင်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်အရမ်းငယ်တဲ့ မူလတန်း အဆင့်ကလေးတွေကျတော့ ဒါတွေကို နားမလည် နိုင်သေးတော့ ခပ်ခွာခွာနေဖို့၊ နှာခေါင်းစည်းအမြဲတပ်ဖို့ ဆိုတာတွေက သိပ်တော့ မလွယ်ကူဘူးထင်တယ်။ မူလတန်း အဆင့်ကလေးတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက ဘယ်လိုစဉ်းစားထားတာရှိလဲ။

ဖြေ ။ ။ ဆယ်ကျော်သက်အရွယ်တွေကို ထိန်းရတာက ခက်တယ်ဆိုတာ အားလုံးသိပါလိမ့်မယ်။ အပေါ်ပိုင်းရောက်လာရင် ကလေးတွေက ပြောလို့ဆိုလို့ နားလည်တာ ဟုတ်ပါတယ်။ သို့သော်လည်း ဆယ်ကျော်သက်တွေရဲ့ သဘာဝ ထိန်းရခက်တာတွေ ရှိပါတယ်။

မူလတန်းအဆင့် ကလေးတွေက ဆရာကို အရမ်းချစ်တယ်။ ဆရာပြောရင် မူလတန်းကလေး တွေက လိုက်နာတယ်။ ခုနက ပြောသလို ခက်နိုင်ပါတယ်။ အရမ်းကစားမက်တဲ့ ကလေးတွေ ဆရာ၊ ဆရာမပြောရင် မကြောက်တာတွေ အခုက သဘာဝ ဖြစ်နေတာကိုး။

ကျနော်တို့က အရင်တုန်းကလို ကြောက်အောင် ဟောက်ငေါက်ပြီးတော့ အတင်းအကြပ်ဆက်ဆံပြီးတော့ ဒီလိုမျိုးတွေ မလုပ်ပါဘူး။ KG တန်းကို သင်တဲ့ကလေး၊ Grade-1/2/3/4 ကို သင်တဲ့ ဆရာ၊ ဆရာမတွေအကုန်လုံးက အများအားဖြင့် သင်တန်းဆင်း ဆရာ၊ ဆရာမတွေများပါတယ်။

Child psychology ကို သူတို့သင်ဖူးပါတယ်။ အပေါ်ပိုင်း ရောက်လာရင်တော့ Adolescent psychology ပေါ့။ Physical Distancing ကို မဖြစ်မနေ လိုက်နာရပါလိမ့်မယ်။ ခက်ခဲနိုင်ပါတယ်။ ကျနော်တို့ ဆရာ၊ ဆရာမတွေ ဒါကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ တနိုင်ငံလုံးမှာ မူလတန်း ကျောင်းသား ၅ ဒသမ ၂ သန်းရှိပါတယ်။

အောက်တန်းလေးတွေ ဖွင့်ရင်လည်း ဆရာ၊ ဆရာမတွေကို တတ်နိုင်သမျှ သင်တန်းတွေ ပေးဦးမှာပါ။

မေး ။ ။ အရေးပေါ် အခြေအနေပြန်ဖြစ်ခဲ့ရင်ရော တပိုင်းတစ မဖြစ်ရအောင်ရော ဘယ်လိုစီစဉ်ထားတာမျိုးရှိလဲရှင့်။

ဖြေ ။ ။ အရေးပေါ် အခြေအနေ မဖြစ်အောင် လုပ်ရမှာ။ မဖြစ်ဖို့က အဓိကပဲ။ အဲဒီလိုကျောင်းမျိုး ဖြစ်ပြီဆိုရင်တော့ အဲဒီကျောင်းကို ယာယီပိတ်ရမှာပေါ့။ အဲဒီ ကျောင်းတကျောင်း တွေ့တာနဲ့ ရှိသမျှ တနိုင်ငံလုံးက ကျောင်းတွေ ပိတ်ပစ်ဖို့ မလုပ်ပါဘူး။ ဖြစ်တဲ့နေရာကိုပဲ ဘယ်လိုဖြည့်ဆည်းပေးရမလဲ။ အဲဒီက ကလေးတွေကို ပိတ်ထားတဲ့ အချိန်မှာ အိမ်မှာလေ့လာဖို့ အတွက် ဘာတွေ ထောက်ပံ့ရမလဲ ကျနော်တို့ဘက်က ဘာတွေ စီစဉ်ပေးရမလဲ ဒါကတော့ လုပ်ပါမယ်။

မေး ။ ။ အွန်လိုင်းကနေ သင်ကြားဖို့ရော ဖြစ်နိုင်မလား။ သင်ကြားဖို့အတွက် ဘယ်လို လိုအပ်ချက်တွေ ရှိမလဲ။

ဖြေ ။ ။ အွန်လိုင်းသင်ကြားမှုကို ဦးစားပေးအနေနဲ့ ဆရာ၊ ဆရာတွေရဲ့ Training တွေလုပ်နေပါတယ်။ ဆရာ၊ ဆရာမ ၇ သောင်းလောက် ၂၁ ရက်နေ့ကစပြီးတော့ ဆရာ၊ ဆရာမတွေ Self Learning ပေါ့။ Online Learning လို့ပြောရင် လုပ်ငန်းခွင်ထဲက ဆရာ၊ ဆရာမတွေကို ပိုပြီးတော့ Target ထားပါတယ်။

ကလေး အားလုံးပေါင်း ဆိုရင် အခြေခံမှာ ၉ ဒသမ ၇ သန်း ရှိပါတယ်။ ကလေးအားလုံးကို Online Learning လုပ်ဖို့ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် Readiness ပေါ့ Online Learning လုပ်မယ် ကလေး တယောက်ကို Tablet တလုံးဝေမယ်၊ စမတ်ဖုန်း တလုံးဝေမယ်ဆိုရင်တောင် Readiness (အဆင်သင့်) မဖြစ်ပါဘူး။

Online Learning က ကျနော်တို့ လုပ်တော့ လုပ်မှာပါ လုပ်ဖို့ အစီအစဉ်လေးတွေလည်း ရှိပါတယ်။ Online မရတဲ့ နေရာတွေမှာ ကွန်ပြူတာထဲမှာ resources တွေ အကုန်ထည့်ပြီး ကျောင်းမှာထားမယ်ဆိုရင် အဆင်ပြေမှာပါ။ တနိုင်ငံလုံးကို လွှမ်းခြုံဖို့ ဆိုတာ ခက်ပါတယ်။ Online Learning က Readiness လိုနေသေးတယ်။

ကလေးတွေတင် မဟုတ်ဘူး ကျနော်တို့ ပညာရေး ဝန်ကြီးဌာနမှာလည်း Readiness လိုနေသေးတယ်။ ဒီတိုင်းပြီးစလွယ် Online Learning ကို သင်လို့ မရပါဘူး။ ကျနော်တို့ကတော့ Online Learning ထက်စာရင် Home Base Assignment ကို သွားဖို့ ရှိတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ နောက်ထပ်စိုးရိမ်ပူပန်မှု တခုက အတန်းအားလုံးထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ တက္ကသိုလ်ဝင်တန်းတက်မယ့် ကလေးတွေက နွေရာသီတုန်း ကလည်း Semi-Lockdown ကြောင့် ကြိုတင်ပြင်ဆင်ခွင့်မရတော့ နောက်ကျပြီး စာသင်ရသလိုဖြစ်နေတယ်။ အဲဒီတော့ စာမေးပွဲကာလကို နောက်ရွှေ့မလား၊ သင်ခန်းစာတွေကို ယာယီလျော့ချမလား ဆိုတာ အမျိုးမျိုးဝေဖန်နေကြတယ်။ ဝန်ကြီးဌာနကရော အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို အစီအစဉ်ရှိလဲ။

ဖြေ ။ ။ ခါတိုင်းဆို ကျောင်းဖွင့်တာ ဇွန် ၁ ရက်နေ့မှာ ဖွင့်တယ် အခုက ဇူလိုင် ၂၁ မှာ ဖွင့်မယ်။ ကျောင်းဖွင့်ရက် ၅၁ ရက်နောက်ကျတယ်။ အဲဒီတော့ သင်ချိန်တွေ ၊ သင်ရိုးတွေ အကုန်လုံးကို Adjust လုပ်ရမယ်။ ဒီအတိုင်း မရပါဘူး။ လစဉ် ၊ အပတ်စဉ် သူတို့ကို သင်ရမယ့် အပိုင်းအခြားတွေကို ဘယ်အချိန်မှာ Course ပြီးရမယ် ဆိုတာမျိုးတွေ ဒါတွေကို adjustment ပြန်လုပ်ရပါလိမ့်မယ်။ အဲဒါက ပုံမှန်ကျောင်းတက်နိုင်တဲ့ ကျောင်းပေါ့။

ပုံမှန်မတက်ရဘဲနဲ့ နှစ်သုတ် တက်ရမယ်၊ အပတ်ခြားရမယ်။ တသုတ်တည်း တက်မယ် အပတ်ခြားပြီး တက်မယ် ဒါမှမဟုတ် ၂ သုတ်တက်မယ် အပတ်ခြားပြီးလည်း တက်လို့ မရဘူးဆိုရင် ရက်ခြားပြီး တက်နေရတာမျိုးတွေဆိုရင် Curriculum တွေအကုန်လုံးကို adjustment ပြန်လုပ်ရပါလိ့မ်မယ်။ ဒင်ပြည့်ကြပ်ပြည့် သင်ခွင့်ရတဲ့ အချိန်မှာ quality ကိုကြည့်တာက တပိုင်း။ အခုလို ပြတ်တောင်းပြတ်တောင်း သင်ရမယ်။ ကျောင်းတွေနဲ့တော့ အဆက်ပြတ်မသွားအောင် ပြန်ဖွင့်နေတယ်ဆိုရင် တပိုင်းပေါ့။

သူတို့ကို Home Assignment တွေ ဘယ်လိုပေးလို့ရမလဲ။ ကျောင်းမှာ Face to Face သင်ရတဲ့ ဘာသာရပ်တွေက ဘာတွေ ဖြစ်မလဲ။ ဒါတွေအကုန်လုံးက အခြေခံပညာဦးစီးဌာနမှာ ပညာ section ရှိတယ်။ သင်ရိုးညွှန်းတန်းနဲ့ သင်တန်းတွေကို ကိုင်တာ။ စီမံကိန်း ရှိတယ်။ နောက် Monitoring နဲ့ evaluation section တွေရှိတယ်။ Curriculum ပတ်သက်ပြီးတော့ ပညာရေး သုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ဦးဆောင်ပြီးတော့ ဆောင်ရွက်တယ်။
assessment ပတ်သက်ရင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဆောင်ရွက်တယ်။ ဒီ ဌာန ၃ ခုနဲ့ curriculum တွေကို ပြန်ပြီး adjustment လုပ်ရပါလိမ့်မယ်။ လုပ်ပြီးတော့မှ ကလေးတွေရဲ့ အနိမ့်ဆုံး ရနိုင်တဲ့ သင်ယူမှု ရလာဒ်တွေကို ဘယ်လိုရနိုင်မလဲ ဆိုတာ ကြည့်ရပါမယ်။

တက္ကသိုလ်ဝင်တန်း ဆိုရင်တော့ Face to Face ပိုပြီးသင်ဖို့ ဦးစားပေးရမှာပေါ့။ သင်နည်းတွေကိုလည်း ပြန်ပြောင်း ရလိမ့်မယ်။ အတတ်နိုင်ဆုံး ကလေးတွေရဲ့ သင်ယူမှု အခွင့်အလမ်း မဆုံးရှုံးအောင် ဆောင်ရွက်နေပါတယ်။

မေး ။ ။ ဘာများဖြည့်စွက်ပြောချင်သေးလဲရှင့်။

ဖြေ ။ ။ ကျောင်းတွေကို ကျန်းမာရေး အရ အန္တရာယ်ကင်းတဲ့ နေရာတွေ ဖြစ်ချင်ပါတယ်။ ကျောင်းတွေကနေ COVID-19 ကူးစက်ပြီးတော့ ကျောင်းတွေပြန်ပိတ်ရတဲ့ အခြေအနေမျိုး မဖြစ်ချင်ပါဘူး။

အဲဒီလို ဖြစ်ဖို့ဆိုရင် ပညာရေးဝန်ကြီး ဌာန တခုတည်းက လုပ်လို့မရပါဘူး။ အထူးသဖြင့်တော့ နံပါတ် ၁ ပညာရေးပေါ့။ နံပါတ် ၂ ကတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန။ နံပါတ် ၃ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ၊ နောက်ကျန်တဲ့ ဝန်ကြီးဌာန ပေါင်းစုံကပေါင်းပြီး ကျောင်းသား မိဘတွေ ကလေးတွေ တဦးချင်းတယောက်ချင်းက ဝိုင်းဝန်းပြီးတော့မှ သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာ ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ရဲ့ စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်လိ့မ်မယ်လို့ မျှော်လင့်ပါတယ်။

ကျောင်း တွေကို အန္တရာယ်ကင်းတဲ့ လေ့လာသင်ယူ စရာ နေရာတွေ ဖြစ်ဖို့ အားလုံး ပူးပေါင်း ကူညီပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်။ ကျနော်တို့ဘက်ကလည်း အစွမ်းကုန်ကြိုးစားပါ့မယ်။

You may also like these stories:

ကျောင်းဖွင့်ရာသီ နှာခေါင်းစည်း သန်း၂၀ ကျော် ဝေရန် ပညာရေးဝန်ကြီးဌာန ပြင်ဆင်

ကျောင်းတွေကို ဘေးကင်းလုံခြုံစွာ ပြန်ဖွင့်နိုင်ပြီလား

အခြေခံပညာ စာသင်ကျောင်း အားလုံး ဇူလိုင်လတွင် ပြန်ဖွင့်မည်

The post ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်း ဖြစ်ဖို့ လမ်းညွှန်ချက်တွေ ရှိတယ် appeared first on ဧရာဝတီ.


နူးညံ့ပြီး ချိုစိမ့်အရသာနဲ့ ကဏန်းအသားလုံးကြော်

$
0
0

ဒီတပတ် ကဏန်းကြိုက်တဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါး စားလို့အဆင်ပြေမယ့် ဟင်းချက်နည်းကို ဝေမျှပေးချင်ပါ တယ်။ ကဏန်းကြိုက်ပေမယ့် အသားနွှင်မစားချင်သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။ ငရုတ်ပွ အနီ၊ အစိမ်းလေးတွေ ထည့်ပြီးချက်နိုင်သလို ကြိုက်တတ်ရင် ကြက်သွန်မြိတ်ကိုပါထည့်ပြီး ကြော်နိုင်ပါတယ်။

ဒီကဏန်းအသားလုံးကြော်ကတော့ နူးညံ့ပြီး Mayonnaise ပါ ရောစပ်ထားတဲ့အရသာက ထူးခြားလွန်းပါတယ်။

ကဏန်းအသားလုံးကြော်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေက အောက်ပါအတိုင်းပါ။

ကဏန်းအသား

ကြက်ဥ

ကြက်သွန်နီ

ပေါင်မုန့်ကြွပ်မှုန့်

Mayonnaise

Worcestershire sauce

ငရုတ်ကောင်းမှုန့်

Kosher salt

မုန့်ကြွပ်မှုန့် တို့လိုအပ်ပါတယ်။

အသင့်ထုတ်ပြီးသား ကဏန်းအသားသီးသန့် သုံးနိုင်သလို၊ ကဏန်းအသားကို ကိုယ်တိုင် နွှင်ပြီး ဖယ်ထားပါ။ သန့်စင်ထားတဲ့ အသားတွေထဲကို ကြက်ဥ၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ မုန့်ကြွပ်မှုန့်၊ Mayonnaise နဲ့ Worcestershire sauce ထည့်ပြီး မွှေပါ။

ဆားနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး အရွယ်တော် အလုံးလေးတွေ လုံးပြီး ဗန်းပေါ် တင်ပါ။ ပြီးရင် တင်းသွားအောင် ခဏ လေသလှပ်ခံထားလိုက်ပါ။

စားခါနီးမှ လုံးထားတဲ့ ကဏန်းအသားလုံးတွေကို ပေါင်မုန့်ကြွပ်နဲ့ လုံးပြီး အပူချိန် ၃၆၀ ဒီဂရီဖာရင်ဟိုက်အပူမှာ ကြော်ပေးပါ။ ကဏန်းအသားလုံးတွေ ရွှေအိုရောင် ပြောင်းသွားပြီဆိုရင်တော့ ကျက်ပါပြီ။

အိုးထဲက ကဏန်းအသားလုံးကြော်တွေကို ဆီစုပ်စက္ကူခံထားတဲ့ ပန်းကန်ပေါ် တင်ပြီး ဆီစစ်သွားအောင် ထား လိုက်ပါ။ ပြီးရင်တော့ ပူပူနွှေးနွှေးနဲ့ ကြိုက်နှစ်သက်ရာ Remoulade sauce, Ranch dressing dip ဒါမှမဟုတ် Cocktail sauce တို့နဲ့ လိုက်ဖက်ပါတယ်။

Ref: The Spruce Eats

The post နူးညံ့ပြီး ချိုစိမ့်အရသာနဲ့ ကဏန်းအသားလုံးကြော် appeared first on ဧရာဝတီ.

ဂဠုန်ဦးစောနေရာ သရုပ်ဆောင်ချင်တယ် ဆိုလာတဲ့ ဆုပန်ထွာရဲ့ အမျိုးသား

$
0
0

အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့် ဂဠုန်ဦးစောဇာတ်ရုပ်နေရာအတွက် ရွေးချယ်ခံထားရတဲ့ ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်သူမှ ပါဝင်သရုပ်ဆောင်ရန်မဖြစ်နိုင်တော့တာကြောင့် အဆိုပါနေရာအတွက် သရုပ်ဆောင်အသစ်ကိုထပ်မံခေါ်ယူနေပါတယ်။ အဲ့ဒီနေရာအတွက် သရုပ်ဆောင်ဆုပန်ထွာရဲ့ အမျိုးသားဖြစ်သူ ကိုဥက္ကာကျော်က အုပ်ထိန်းသူများခွင့်ပြုပါက သရုပ်ဆောင်ချင်တယ်လို့ ဆိုထားပါတယ်။

“အုပ်ထိန်းသူတွေခွင့်ပြုမယ်ဆိုရင် နိုင်ငံတော်အတွက် မေတ္တာဖြင့်အခကြေးငွေမယူဘဲ ကူညီရိုက်ကူးပေးချင်ပါတယ်။ အရိုးသားဆုံးပြောရရင် အကယ်ဒမီတော့ဇာတ်ပို့နေရာက မှန်းပါတယ်။ အရွေးချယ်လည်း ခံခဲ့ရရင်ပေါ့ဗျာ။ အတည်ရေးတဲ့ Post ပါ” လို့ ကိုဥက္ကာကျော်က ဆိုထားပါတယ်။

အဆိုပါစာရဲ့အောက်မှာတော့ ဒါရိုက်တာလူမင်းက အတည်ဆိုပါက ဆက်သွယ်ပေးရန်နဲ့ ကြိုဆိုတဲ့အကြောင်း ရေးထားတာကိုတွေ့ရပါတယ်။

ဂဠုန်ဦးစောနေရာကို သရုပ်ဆောင်မယ့် ဦးစောရဲ့မြစ်ဖြစ်သူ ဇော်ဇော်ပိုင်ကတော့မိဘအုပ်ထိန်းသူများရဲ့ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန် မဖြစ်နိုင်တော့တဲ့အကြောင်း မကြာသေးမီအချိန်က အကြောင်းကြောင်းလာတာကြောင့် ဒီနေရာမှာ သရုပ်ဆောင်ဖို့အတွက် သရုပ်ဆောင်အသစ်ကို ဇွန်လ ၅ရက်နေ့ကခေါ်ယူထားတာဖြစ်ပါတယ်။

ကိုဥက္ကာကျော်က “တိုက်တိုက်ဆိုင်ဆိုင် ကျနော့်ရဲ့ အသက်က ၄၆ ၊ ဦးစော အဲ့အချိန် ၄၆နှစ်ချင်းလည်း တိုက်ဆိုင်တယ်လို့ ကြားသိရပါတယ်” လို့ ပြောပါတယ်။

အောင်ဆန်းရုပ်ရှင်အဖွဲ့မှလည်း ဦးစောရဲ့နေရာမှာ သရုပ်ဆောင်ရန်စိတ်ပါဝင်စားသူများအနေနဲ့ အမြန်ဆုံးလျှောက်ထားဖို့ အတွက်နဲ့ လျှောက်ထားမယ့်သူများကိုလည်း အသက်အရွယ် ၊ အရပ်အမောင်းအနည်းငယ်ကွာဟမှုများရှိခဲ့ရင်လည်း ရုပ်ရည်ဆင်တူမှုနဲ့ အမူအရာကောင်းမွန် (သရုပ်ဆောင်ခြင်းကို ဝါသနာကြီးသူဖြစ်ရမည်) မှုအပေါ်မူတည်ပြီး ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

အောင်ဆန်းရုပ်ရှင်ကိုတော့ ၂၀၁၉ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်ကာ ရိုက်ကူးရက်ပေါင်း ၈၈ရက်ရိုက်ကူးခဲ့ပြီး ရုပ်ရှင်တကားလုံးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

COVID -19 ကြောင့် ရိုက်ကူးရေးများကို မတ်လကုန်ပိုင်းမှစတင်ကာ ရိုက်ကူးရေးများကိုဆိုင်းငံ့ထားပြီး Editing လုပ်ငန်းများ ၊ ကွန်ပျူတာအထူးပြုလုပ်ချက် (VFX) များကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

The post ဂဠုန်ဦးစောနေရာ သရုပ်ဆောင်ချင်တယ် ဆိုလာတဲ့ ဆုပန်ထွာရဲ့ အမျိုးသား appeared first on ဧရာဝတီ.

ကူးစက်မှုအသစ်မရှိလို့ ကန့်သတ်ချက်တွေ ဖြေလျှော့မယ့် နယူးဇီလန်

$
0
0

နယူးဇီလန်ဝန်ကြီးချုပ် ဂျာဇင်ဒါ အာဒန်းက လာမယ့်အပတ်ကစလို့ နိုင်ငံအတွင်းမှာ အရင်လိုပုံမှန်အခြေအနေ ပြန်ဖြစ်တော့မယ်လို့ ဆိုလိုက်ပါတယ်။ ကန့်သတ်ထားတဲ့ Social distancing တွေအပြင် နိုင်ငံတကာနဲ့ အဆက် အသွယ်တွေကိုပါ ဖြေလျော့ပေးဖို့ စဉ်းစားနေပါတယ်။

နယူးဇီလန်ဟာ စီးပွားရေးလုပ်ငန်းတော်တော်များများကို ပိတ်ပင်ထားလိုက်ပြီး၊ လူတွေကိုလည်း အိမ်မှာပဲ နေ ကြဖို့ အဆင့် ၄ ဆင့်နဲ့ ကန့်သတ်ချက်တွေထားရှိခဲ့ပြီး ၂ လအကြာမှာ ပထမအဆင့်ကို ပြန်လည်ဖြေလျှော့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အာဒန်းက ဆိုပါတယ်။

စတင်ဖြေလျှော့လိုက်တာနဲ့ ဘားတွေ၊ စားသောက်ဆိုင်တွေမှာ လူစုလူဝေးထိုင်ရင် ကူးစက်မှုရှိ၊မရှိသိရအောင် စောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။ “တကယ်လို့ ကူးစက်မှုတွေ တိုးမလာခဲ့ရင် ကျမတို့ ရှေ့ဆက်ဖို့ အကောင်းဆုံး အနေထားရှိနေတာပေါ့” လို့ အာဒန်းက ဆိုပါတယ်။

ပထမအဆင့် ပြန်လည်ဖြေလျှော့ ပေးလိုက်ရင် ဘားဆိုင်၊ ကလပ်၊ ဘုရှားရှိခိုးကျောင်းတွေ၊ အားကစားရုံ တွေမှာ လူတွေတယောက်နဲ့တယောက် အကွာအဝေးခြားနေစရာမလိုသလို လူအရေအတွက် ကန့်သတ်ထားတာမျိုး လည်း မရှိတော့ပါဘူး။

ပြန်ဖြေလျှော့ ပေးလိုက်ပေမယ့် ကပ်ရောဂါအလွန် ပုံမှန်အခြေအနေမှာ ပြောင်းလဲသွားတာကတော့ နယူးဇီလန် ရဲ့ နယ်စပ်ဝင်ပေါက်တွေကို ချက်ချင်းပြန်ဖွင့်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။ အခုဆိုရင် နယူးဇီလန်နိုင်ငံ မှာ COVID-19 ပိုးမတွေ့တာ ၁၂ ရက်ရှိသွားပြီဖြစ်ပြီး ဆေးရုံမှာ ကုသနေသူ တဦးပဲ ကျန်ရှိပါတော့တယ်။

ပထမအဆင့် ပြန်လည်ဖြေလျော့ပေးလိုက်ချိန်မှာ ပြည်သူတွေရဲ့ ကျန်းမာရေးကို အဓိကထားဆောင်ရွက်သွား မှာဖြစ်ပြီး ပြည်သူတွေတယောက်ချင်းစီကလည်း ပုံမှန်လက်သန့်စင်ရေး၊ တုပ်ကွေးရောဂါရှိသူနဲ့ ထိစပ်မိထားရင် ကိုယ်တိုင် သီးခြား ခွဲထွက်နေရေးစတဲ့ တကိုယ်ရည်သန့်ရှင်းရေးအချက်တွေကို လိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။

အစိုးရဘက်ကလည်း ဖျော်ဖြေးပွဲစီစဉ်သူတွေနဲ့ ချိတ်ဆက်ပြီး COVID code ဆိုတဲ့ ရောဂါကူးစက်မှု ခြေရာခံတဲ့ စနစ်တွေကိုပါ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ နယူးဇီလန်နိုင်ငံဟာ အခုလို ကန့်သတ်မှုတွေကို မြန်မြန်ဆန်ဆန် ဖြေလျှော့ လာနိုင်တာဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ ပြင်းထန်တင်းကျပ်တဲ့Lockdown အစီအစဉ်တွေကို ချမှတ် ဆောင်ရွက်ခဲ့တာကြောင့်ဖြစ်ပြီး COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁,၅၀၄ ဦးရှိကာ သေဆုံးသူ ၂၂ ဦး ရှိခဲ့ပါတယ်။

Ref: Channel News Asia

The post ကူးစက်မှုအသစ်မရှိလို့ ကန့်သတ်ချက်တွေ ဖြေလျှော့မယ့် နယူးဇီလန် appeared first on ဧရာဝတီ.

ရခိုင်ပဋိပက္ခ မည်သည့်ရှုထောင့်ကမဆို အခြေအနေ ပိုဆိုးရွားနေ

$
0
0

အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အကြမ်းဖက်မှုများသည် ဆက်လက်ပျံ့နှံ့နေသည်။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် (AA) က ခြေကုပ်စခန်းထူထောင်ထားပြီး ထိုဒေသမှ တိုက်ခိုက်မှုများသည် အရှိန်အဟုန် ဆက်လက်မြင့်မားနေသောကြောင့် တိုက်ပွဲများ ပိုမို ပြင်းထန်ရန်သာ ရှိမည်ကို စိုးရိမ်နေရသည်။

နေ့စဉ်ရက်ဆက် တိုက်ပွဲများမှ အနားယူလိုသော မြန်မာ့တပ်မတော်မှ မြေပြင်တပ်မှူးများအတွက် ရရှိသည့်သတင်းများမှာ သတင်းဆိုးများသာ ဖြစ်နေသည်။

နိုင်ငံ၏ အစိတ်အပိုင်းအများအပြားတွင် သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း တပ်မတော်က ကြေညာထားသော်လည်း ထိုကြေညာချက်တွင် ရခိုင်ပြည်နယ်သည် အကျုံးဝင်ခြင်း မရှိပေ။ တပ်မတော်က AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လွန်ခဲ့သော မတ်လက သတ်မှတ်လိုက်ခြင်းကြောင့် နှစ်ဖက်လုံးသည် ခါးသည်းသော တိုက်ပွဲများအတွင်း ပိတ်မိနေစေပုံရသည်။

အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခများသည် ထိုမျှပြင်းထန်ခြင်းမရှိသောဘဲ အချို့နေရာများတွင် အထူးသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ထိန်းချုပ်သော နေရာများတွင် တိုက်ပွဲပင်ဖြစ်ပွားခြင်း မရှိသောကြောင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၎င်း၏တိုက်ခိုက်ရေးတပ်များကို စုစည်းထားရန်လိုသည်ဟု နေပြည်တော်မှ အဆင့်မြင့် အရာရှိများက ယူဆကြသည်။

ထိုအပစ်အခတ်ရပ်စဲရခြင်း၏ ဦးတည်ချက်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးကို ပိုမိုအာရုံစိုက်ရန်ဖြစ်ကြောင်း မြန်မာ့တပ်မတော်က တရားဝင်အားဖြင့် ပြောသည်။ ဧပြီလမှ စတင်ပြီး တပ်မတော်သည် တြိဂံဒေသတိုင်း စစ်ဌာနချုပ်လက်အောက်ရှိ ရှမ်းပြည်နယ် ကျိုင်းတုံမှ ကုတင် ၃၀၀ တပ်မတော်ဆေးရုံတွင် တနေ့လူ ၂၀၀ စစ်ဆေးနိုင်သည့် စက်ဖြင့် ကိုဗစ်-၁၉ အတွက် ဓါတ်ခွဲခန်းစမ်းသပ်မှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထိုကြေညာချက်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တြိဂံဒေသတိုင်း စစ်ဌာနချုပ်သို့ သွားရောက်ကာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မိုင်းလားအုပ်စုဟု လူသိများသော အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။

ထိုအုပ်စုများမှ ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အကူအညီများ ကမ်းလှမ်းသည်။ သို့သော် တပ်မတော်အကြီးအကဲသည် AA နှင့် ပတ်သက်သော ပြဿနာများအတွက် အင်အားကြီး UWSA ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့ကြောင်း လေ့လာသူများပြောသည်။

ဝတို့သည် မကြာသေးမီက အရပ်ဖက်သုံး ရဟတ်ယာဉ်များကို ဝယ်ယူခဲ့ပြီး အင်အားကြီးမားလှပြီး ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် အခြားအဆင့်လက်နက်များ တပ်ဆင်ထားသည့် အင်အား ၃၀၀၀၀ ရှိသော တပ်ဖွဲကိုလည်း ထိန်းချုပ်ထားသည်။ ဝတို့သည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းငယ်များသို့လည်း လက်နက်ခဲယမ်းများကို အကြွေးရောင်းချပြီး ၎င်းတို့ ဖေါက်သည်များတွင် AA ပါဝင်သည်ဟု သုံးသပ်ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NDAA အကြားဆွေးနွေးပွဲသည် ချောမွေ့စွာ ပြီးစီးပြီး နှစ်ဖက်အကြား ဆက်ဆံရေးတည်ငြိမ်မှုကို အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံမှ NDAA နယ်မြေထဲသို့ ရခိုင်တိုင်းရင်းသား ၂၀၀ ကျော်ပြန်လာပြီး ထိုဒေသတွင် ထိန်းချုပ်ကန့်သတ် နေထိုင်သောအခါ စိုးရိမ်စရာများ ဖြစ်လာသည်။

အလုပ်ရှာရန် တရုတ်နယ်စပ်သို့ သွာရောက်ကြသော ရခိုင်တိုင်းရင်းသား အများအပြားသည် နောက်ဆုံးတွင် AA သို့ ဝင်ရောက်သွားတတ်ကြကြောင်း တပ်မတော်ဘက်က စိုးရိမ်မှု ရှိသည်။ တပ်မတော်က ထိုရခိုင်တိုင်းရင်းသားများအတွက် သွားလာနေထိုင်မှု ထိန်းချုပ်ကန့်သတ်ခြင်းလုပ်ငန်းများတွင် ညှိနှိုင်းလိုပြီး ပါဝင်သူ တဦးချင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်း ရယူလိုကြောင်း သိရသည်။

ဝခေါင်းဆောင်များကို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အထောက်အပံ့များပေးနေစဉ်/ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံး

NDAA ခေါင်းဆောင်များက ထိုသူများအတွက် အလုပ်အကိုင် ရှာဖွေပေးရန် ကတိပြုထားသည်။

တပ်တွင်းရာထူးအပြောင်းအလဲ

ရွှေတြိဂံဒေသသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ပြီးနောက် တပ်တွင်းတွင် ထိပ်တန်းရာထူး အပြောင်းအလဲများဖြစ်လာပြီး များပြားလှသော မျိုးဆက်သစ် အရာရှိများကို ထိပ်တန်းရာထူးများသို့ တိုးမြှင့်ပေးကာ တပ်မတော်ကို သွေးသစ်လောင်းလိုက်သည်။

ထိုသို့ ရာထူးတိုးမြှင့်ခံရသူများတွင် ယခင်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကျော်စွာလင်း ပါဝင်သည်။ သူ့ကို ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်သို့ ရာထူးတိုးပေးကာ စစ်ထောက်ချုပ်အဖြစ် ခန့်အပ်လိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၏ နေရာတွင် အစားထိုးလိုက်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောသည် တပ်မတော်မှ အငြိမ်းစားယူလိုက်ပြီဖြစ်သော်လည်း တပ်မတော်ပိုင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ အကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူနေဆဲဖြစ်သည်။

အသက် ၄၉ နှစ်ရှိပြီဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ဖူးသော ဒုတိယဗိုလ်ချုပ်ကြီးများတွင် ရာထူးအငယ်ဆုံးဖြစ်သည်။

ပို အရေးကြီးသည်မှာ ကမ်းရိုးတန်းဒေသတိုင်းတွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီး ဝေလင်းကို နေပြည်တော်ရှိ စစ်ဌာနချုပ်တွင် စစ်ဦးစီးအရာရှိအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ သူသည် အလယ်အလတ် သဘောထားရှိသူအဖြစ် လူသိများသူ ဗိုလ်မှူးချုပ် ကိုကိုဦး၏ နေရာကို အစားထိုး ဝင်ရောက်ခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် ကိုကိုဦးကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ပေးသည်။ သူသည် ယခင်အာဏာရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယ ဥက္ကဌနှင့် တပ်မတော် ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကြီး မောင်အေး၏ ကိုယ်ရေးလုံခြုံရေး အရာရှိ ဖြစ်ခဲ့ဖူးသည်။

သူ၏ရာထူးသစ်တွင် ဗိုလ်မှူးကြီးဝေလင်းသည် ဗိုလ်မှူးချုပ်ဖြစ်လာမည်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏လက်ထောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအကြားတွင် ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။ သူသည် ထိုနှစ်ယောက်အကြားတွင် လွန်းပျံ သွားလာနေရမည်ဖြစ်သည်။ သူသည် မြေပြင်ရှိ တပ်မှူးများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရမည့်သူဖြစ်သောကြောင့် သူ၏ ရာထူးသည် အရေးပါသည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။

သူ၏ ယခင်ရာထူးတွင် ထိုစဉ်က ဗိုလ်မှူးကြီးဝေလင်းသည် ငါးခိုးဖမ်းသော စက်လှေများ၊ မှောင်ခိုသမားများ၊ ပင်လယ်ဓါးပြများနှင့် မြန်မာရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာသော ငါးဖမ်းလှေများအား ပြတ်ပြတ်သားသား ကိုင်တွယ်သည်ဟု လူသိများသည်။ သူသည် ယခင်က ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ဖူးခြင်း ရှိမရှိ ကို မသိရသေးပေ။ လွန်ခဲ့သော ၈ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ် ပဋိပက္ခတွင် တာဝန်ထမ်းဆောင်ဖူးသော တပ်မတော်အရာရှိများကို တပ်မတော်အတွင်း မျက်နှာသာပေးလေ့ရှိပြီး ယုံကြည်အားထားမှု မြင့်မားသည်။ ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များအတွင်းက ရခိုင်ပြည်နယ်သည် နှိုင်းယှဉ်ချက်အားဖြင့် ငြိမ်းချမ်းပြီး ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ဝင်ရောက်လာသူများနှင့် မွတ်ဆလင် သူပုန် အုပ်စုငယ်များအပေါ် အခါအားလျှော်စွာ ပြုလုပ်သည့် စစ်ဆင်ရေးများသာရှိသည်။

NDAA ခေါင်းဆောင်များကို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အထောက်အပံ့များပေးနေစဉ်/ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံး

မည်သို့ပင်ဆိုစေကာမူ ဗိုလ်မှူးကြီးဝေလင်းသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေကို ကိုင်တွယ်မည့် ရှေ့တန်းစစ်မျက်နှာမှ လက်ရွေးစဉ် ဗိုလ်မှူးကြီး အနည်းငယ်တွင် ပါဝင်သူဖြစ်သည်။

ဗိုလ်မှူးချုပ်ကိုကိုဦးသည် အရည်အချင်းပြည့်မီသော်လည်း ထိုတာဝန်ကို ထမ်းဆောင်နိုင်လောက်အောင် ပြတ်သားခြင်းမရှိဟု အတွင်းလူအချို့က ဆိုသည်။ တဖက်မှ မျှမျှတတဆိုရလျှင် သူသည် ရခိုင်ပြည်နယ်မှ စစ်မြေပြင် တပ်မှူးများနှင့် ညှိနှိုင်းရာတွင် အကောင်းဆုံးလုပ်ကိုင်ခဲ့ကြောင်း သူနှင့်သိသော စစ်အရာရှိများက ပြောကြသည်။

ဗိုလ်မှူးကြီးဝေလင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့အကြားတွင် လုပ်ကိုင်ရမည် ဆိုသော်လည်း ရခိုင်အရေးနှင့် AA နှင့်ပတ်သက်ပြီး ပိုမိုပြတ်သားသည့် ရပ်တည်ချက်ထားရှိရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို ဖြောင်းဖြရေးကိုသာ လတ်တလော အာရုံစိုက်နေသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်သာ အချိန်ပိုမိုများစွာ ထိတွေ့ဆက်ဆံနေရမည် ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက်စာလျင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟူသော အချက်သည် လျှို့ဝှက်ချက် မဟုတ်တော့ပေ။

မေလက အပစ်အခတ်ရပ်စဲသည့် သတင်းကြေညာသောအခါ ထိုကြေညာချက်တွင် ရခိုင်ပြည်နယ်လည်း အကျုံးဝင်မည်ဟု မျှော်လင့်သော စစ်မြေပြင်တပ်မှူးများ မျှော်လင့်ချက် ပျောက်သွား၏။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် သူ၏တပ်မှူးများကို တိုက်ပွဲမှ အနားပေးရန် မရည်ရွယ်ပေ။ ထို့ကြောင့် ရခိုင်ပဋိပက္ခအတွက် ပိုမိုများပြားသည့် သွေးထွက်သံယိုမှုများနှင့် ပေါက်ကွဲသံများ ရှေ့ဆက်ဖြစ်ပေါ်နေမည့် သဘော သက်ရောက်နေပေတော့သည်။

(မေ ၁၁ ရက်က ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Aung Zaw ၏ All Signs Point to a Worsening of Myanmar’s Rakhine Conflict ကို ဘာသာပြန်ဆိုသည်။ )

You may also like these stories:

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန် “ဝ” နှင့် မိုင်းလားတို့တို့ကို တပ်ချုပ်ပြော

ကာကွယ်ရေး အသုံးစရိတ် ကျပ်သန်း ၁ သောင်းကျော် ဖြတ်တောက်ခံရ

The post ရခိုင်ပဋိပက္ခ မည်သည့်ရှုထောင့်ကမဆို အခြေအနေ ပိုဆိုးရွားနေ appeared first on ဧရာဝတီ.

Show ပွဲတွေ မရှိတဲ့အချိန် အကုန်လုံးထိခိုက်ကြရတယ်လို့ ရေမွန်ပြော

$
0
0

ကိုဗစ်ကာလမှာ ပွဲလမ်းသဘင်များရပ်နားထားရတဲ့အတွက် အဆိုတော်များရဲ့အဓိက ဝင်ငွေဟာ ပွဲတွေပေါ်မှာ မူတည်နေတာကြောင့် ဝင်ငွေတွေထိခိုက်ကြရတယ်လို့ ရေမွန်က ဧရာဝတီကိုပြောပါတယ်။

“အဲ့ပြဿနာကကျနော်တို့ ကိုယ်တိုင်ပါရင်ဆိုင်နေရတာ အခုလိုကိုဗစ်အချိန်မှာ ဒီခေတ်မှာကျနော်တို့လို အဆိုတော်တွေရဲ့ အဓိကဝင်ငွေက ပွဲတွေပေါ်မှာပဲ မူတည်နေတာ။ ကျနော်တို့အခွေထုတ်တာတွေ အွန်လိုင်းပေါ်မှာရောင်းတာတွေက အဲ့လောက်ရတာမဟုတ်ဘူး။ ထိုက်သင့်တဲ့ ပမာဏအနည်းအကျဉ်းပဲ ရတာပေါ့”

“ Show တွေပေါ်မှာမူတည်နေတာ ဝင်ငွေက။ Show တွေမရှိတဲ့အခါကျတော့ အကုန်လုံးထိခိုက်ကြတာပေါ့။ ကျနော်အပါအဝင်အကုန်လုံး အနုပညာရှင်တွေအကုန်လုံးထိခိုက်ကြတာပေါ့”လို့ အဆိုတော်ရေမွန်က ပြောပါတယ်။

ကိုယ်တိုင်လည်း ဒီကာလမှာ တခြားစီးပွားရေးတခုအနေနဲ့ Game Streaming တခုကိုပြုလုပ်ထားပြီး ဒီလိုစီးပွားရေး လုပ်ဖို့အတွက်လည်း စဉ်းစားထားတာကြာပြီဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်ဆိုရင်လည်း တဖက်မှာတခြားစီးပွားရေးလုပ်ဖို့ စဉ်းစားထားတာကြာပြီ။ အခုကျနော် Streaming လေးစပြီး လုပ်ဖြစ်တယ်။ Game Streaming လေးပေါ့။ Idiot Ray ဆိုပြီး Facebook မှာရှာကြည့်လို့ရပါတယ်။ Like နဲ့ Follow မလုပ်ရသေးရင် လုပ်ပေးကြပါဦး။ အဲဒါလေးလုပ်ဖြစ်တယ်”

“ တခြားအနုပညာရှင်တွေလည်း တွေ့ရပါတယ်။ မျိုးစုံပါပဲ။ ချမ်းသာတာ ဆင်းရဲတာနဲ့မဆိုင်ပါဘူး။ အစားအသောက်အားသာတဲ့သူက အစားအသောက်ရောင်းကြတယ်။ Delivery ပို့ကြတယ်။ ဒီလိုအချိန်ကာလမှာ ဒီလိုမျိုးပဲဖြတ်သန်းရမယ်လို့ ထင်တာပဲ” လို့ ရေမွန်ကပြောပါတယ်။

လူတိုင်းစီးပွားရေးကြပ်တည်းနေတဲ့အချိန်မှာတော့ ဖျော်ဖြေရေးကိစ္စများကို ဘယ်သူမှစိတ်မဝင်စားနိုင်တာကြောင့် ဒုက္ခရောက်ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဆိုရိုးစကားရှိပါတယ်။ တိုင်းပြည်တပြည်ပျက်ရင် သဘင်သည်က ထမင်းအရင်ငတ်တာပါ။ ရှင်းရှင်းလေးပါ။ အကုန်လုံးဒုက္ခရောက်နေတဲ့အချိန်မှာ ဘယ်သူမှ Entertainment ကို စိတ်မဝင်စားနိုင်ကြဘူး။ အဲ့အပေါ်မှာ ဘယ်သူမှငွေကြေးအကုန်ကျမခံနိုင်ကြဘူးဆိုတော့ ဒုက္ခအရမ်းရောက်တာက သဘင်သည်တွေ ကျနော်တို့အနုပညာရှင်တွေပါ Entertainer တွေပါ” လို့ ရေမွန်ကပြောပါတယ်။

ရေမွန်ကတော့ ကိုယ်တိုင်မှာထိခိုက်မှုသိပ်မရှိဘူးဆိုပေမယ့် အခုလိုအခြေအနေမျိုးမှာ ဖန်တီးဖို့အကြောင်းအရာတွေ ပိုထွက်လာတယ်လို့ ဆိုပါတယ်။

“တယောက်ချင်းစီပဲပြောလို့ရမယ်။ လူတိုင်းက သူ့ခံယူချက်နဲ့သူရှိကြတော့ ကျနော့်အနေနဲ့ပြောရရင်တော့ ထိခိုက်မှုမရှိဘူးလို့ပြောရမယ်။ ကျနော်ကတော့ ကျနော်ဖန်တီးတဲ့ကိစ္စကို အကောင်းဆုံးဖန်တီးတယ်။ အခုဆိုရင် ဒုက္ခရောက်နေတဲ့အတွက် ဖန်တီးဖို့အကြောင်းအရာတွေ ပိုပြီးတော့တောင် ထွက်သေးတယ်” လို့ ရေမွန်ကပြောပါတယ်။

ဒစ်ဂျစ်တယ်အွန်လိုင်းခေတ်ရောက်လာတဲ့အတွက် ကောင်းကျိုးတွေ ဆိုးကျိုးတွေများစွာရှိပြီး ကောင်းကျိုးအနေနဲ့ ဝင်ငွေရှာလို့ရနိုင်သလို ဆိုးကျိုးအနေနဲ့ကတော့ သတင်းအမှားများ ပေါများလာတယ်လို့ ဆိုပါတယ်။

“Digital Online ခေတ်ရောက်လာတဲ့အတွက် ကောင်းကျိူးတွေရှိသလို ဆိုးကျိုးတွေလည်းရှိတာပေါ့။ ဒါကတော့ ဘယ်အရာမှာပဲဖြစ်ဖြစ် အဆိုးနဲ့အကောင်းက ဒွန်တွဲနေတော့ကောင်းကျိုးတွေကတော့။ ကျနော်တို့ဆိုလည်း တဖက်တလမ်းကနေ Game Channel ကဝင်ငွေရှာလို့ရမယ်။ လူငယ်တွေအတွက်လည်း အခွင့်အလမ်းတွေအများကြီးရှိလာတယ်”

“ အနုပညာရှင်တွေ Artist တွေအတွက်လည်း သူတို့ရဲ့ ထုတ်ကုန်တွေကိုကြော်ငြာဖို့အတွက် ပလက်ဖောင်းဖြစ်လာတယ် Facebook ဆိုရင် အသုံးတည့်တယ်ပေါ့။ ဆိုးကျိုးတွေလည်းရှိပါတယ်။ ဆဲနေတဲ့သူတွေ အခုဆိုရင် ကျနော်မုန်းတာက မဟုတ်တဲ့ကိုဗစ်သတင်းတွေ လျှောက်ဖြန့်နေတဲ့သူတွေ အဲ့လိုမျိုးတွေဆိုးကျိူးတွေတော့ရှိတာပေါ့။ ကျနော်တို့ ကောင်းတဲ့အချက်လေးတွေပဲ ရွေးယူပါတယ်” လို့ ရေမွန်ကပြောပါတယ်။

ရေမွန်ကတော့ ကိုဗစ်ကာလမှာ ဆုတောင်း ဆိုတဲ့သိချင်းနဲ့ အဆိုတော်များစွာနဲ့ ပူးပေါင်းဖန်တီးထားတဲ့ “ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းတို့ကိုထွက်ရှိထားပါတယ်။

The post Show ပွဲတွေ မရှိတဲ့အချိန် အကုန်လုံးထိခိုက်ကြရတယ်လို့ ရေမွန်ပြော appeared first on ဧရာဝတီ.

ရှမ်းပြည်နယ်၊ ဆီဆိုင်တွင် တပ်မတော်က မြေပိုသိမ်းခဲ့သည်ဟုဆိုကာ တောင်သူများနှင့် အငြင်းပွား

$
0
0

ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တပ်မတော် သိမ်းယူထားသည့် ဧက ၂၀၀၀ ကျော်ထဲတွင် မြေပို၍ သိမ်းယူခဲ့မှုများကြောင့် ဒေသခံ တောင်သူများနှင့် အငြင်းပွားလျက်ရှိပြီး ယနေ့အချိန်ထိ ၂ ဖက် ပြေ လည်မှု မရရှိသေးကြောင်း သတင်း ရရှိသည်။

ဆီဆိုင်မြို့ ၊ ပင်စုံကျေးရွာ အုပ်စုနှင့် နောင်ကျော် ကျေးရွာ အုပ်စု၊ တောင်ကြီး-ဆီဆိုင်-လွိုင်လင် ကားလမ်း အရှေ့ ဘက်နှင့် အနောက်ဘက်ခြမ်းတို့တွင် တပ်မတော် တပ်ရင်တပ်ဖွဲ့ ၂ ခုက ၁၉၉၂ ခုနှစ် ကတည်းက မြေသိမ်းယူခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင်၍ မြေယာ အငြင်းပွားမှုများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

ယခု ၂၀၂၀ ခုနှစ်၊ မေလတွင် တောင်သူများက မြေများကို ဝင်ရောက်စိုက်ပျိုးရာ တပ်မတော်က လာရောက် တားမြစ်ခဲ့ ပြီး တောင်သူများကို တရားစွဲဆိုခြင်း၊ လယ်ထွန်စက်များကို သိမ်းယူခြင်းများ ဆောင်ရွက်ခဲ့သလို ပြီးခဲ့သည့် ဇွန်လ ၄ ရက် နေ့တွင် ၂ ဖက် တွေ့ ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြောင်း နောင်ကျော် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်နိုင်က ပြောသည်။

တောင်သူများက ခေတ်အဆက်ဆက် စိုက်ပျိုးလာသည့် မြေများကို ဆက်လက် စိုက်ပျိုးခွင့်ရရှိရန်၊ တောင်သူများဆီက သိမ်းထားသည့် စက်များ ပြန်ပေးရန်၊ မလိုအပ်ဘဲ ပိုသိမ်းထားသည့် မြေများကို ပြန်လည် စွန့်လွှတ်ပြီး လိုအပ်သည့် ပမာ ဏကိုသာ သိမ်းယူထားရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

“ကျနော်တို့ တိုင်းရင်းသားတွေမှာက နယ်မြေက မငြိမ်းချမ်းတော့ ဘယ်မြေက ဘာအမျိုးအစား ဖြစ်တယ်ဆိုတာ တရားဝင် စာရွက်စာတမ်းနဲ့ လုပ်ထားတာ မရှိဘူး။ အဲဒီနေရာတွေမှာ တပ်က ဘာစီမံကိန်းမှ အကောင်အထည်ပေါ်တာလည်း မတွေ့ ရဖူး။ တပ်နဲ့လည်း အဝေးကြီး။ ပြီးတော့လည်း အဲဒီနားက ဒေသခံ တိုင်းရင်းသားတွေက စိုက်ပျိုးမြေအဖြစ် အစဉ်အဆက် လုပ်လာခဲ့တဲ့ဟာ”ဟု ဦးခွန်ကျော်နိုင်က ရှင်းပြသည်။

တောင်သူများမှ စိုက်ပျိုးရေး ချေးငွေများဖြစ်သည့် မြစိမ်းရောင် စီမံကိန်း၊ သမဝါယမ ချေးငွေများ ရယူထားပြီး ဖြစ်သဖြင့် သီးနှံ စိုက်ပျိုးခွင့် မရရှိပါက ဒုက္ခရောက်ရမည် ဖြစ်ရာ အသေခံ၍ စိုက်ပျိုးကြလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခု အခြေအနေကို ဒုတိယ သမ္မတ ၂ ဦးဟင်နရီ ဗန်ထီးယူ ဦးဆောင်သည့် မြေယာ ကိစ္စရပ်များ ဖြေရှင်းပေးသည့် ကော်မ တီသို့ တင်ပြရန် စီစဉ်နေပြီး ယခု မြေသိမ်းသည့် ကိစ္စကို အရပ်ဘက် လူမှုအဖွဲ့ အစည်း ၂၀၀ ကျော်က ကန့်ကွက်ကြောင်း သဘောထား ပေးထားသည်ဟု ပအို့ဝ်လူငယ် အဖွဲ့ ချုပ်မှ ကိုခွန်ဦးက ပြောသည်

“သူတို့ (တပ်မတော်)က တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုး မရှိတဲ့အခါကျတော့ ရွာသားတွေကလည်း မသိဘူး။ ၂၀၁၈ ခု နှစ်ရောက်မှ ငါတို့ သိမ်းလိုက်ပြီနော်ဆိုပြီး နုတ်နဲ့ ပြောလာတာ ရှိတယ်။ ရွာသားတွေကလည်း တပ်ရဲ့ နယ်နမိတ်ထဲ မှာတော့ မစိုက်ဘူး။ သူတို့ ပုံမှန်စိုက်နေကြနေရာမှာပဲ ပြန်စိုက်တာ”ဟု ကိုခွန်ဦးက ရှင်းပြသည်။

မေလနောက်ပိုင်းနှင့် ဇွန်လဆန်းပိုင်းတွင် တောင်သူများ၏ လယ်ထွန်စက်များကို တပ်မတော်က လာရောက် သိမ်းယူခြင်း၊ စိုက်ထားသည့် ပြောင်းပင်များကို ဖျက်ဆီးခြင်းတို့ ပြုလုပ်သည့်အခါ ၂ ဖက် တင်းမာမှုများ မြင့်တက်လာပြီးနောက် တောင် သူများဘက်ကလည်း ထွန်တုံးတိုက်ပွဲများ ပြန်လည် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
တပ်မတော်ကမူ ၁၉၉၂ ခုနှစ် ကတည်းက မြေသိမ်းဆည်းရေး လုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဒေသရှိ တပ်ရင်းတခုက မြေလွတ် မြေရိုင်း ဧက ၈၈၀၊ ပိုင်ရှင် ၂၂ ဦး၏ မြေ ၆၁ ဧက စုစုပေါင်း မြေဧက ၉၅၀၊ အခြား တပ်ရင်းတခုက မြေလွတ်မြေရိုင်း ဧက ၈၅၀၊ ဦးပိုင်မြေ ၉၀ ဧကကျော် စုစုပေါင်း ဧက ၉၀၀ ကျော်ကို တရားဝင် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

လုံခြုံရေး လိုအပ်ချက်အရ ထပ်မံပြီး မြေလွတ်မြေရိုင်း ၄၅၀ ကျော် သိမ်းယူရာ စုစုပေါင်း ၂၄၀၀ ဧက ကျော် သိမ်းယူ ခဲ့ခြင်း ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ တပ်ပိုင်မြေ လုပ်ခဲ့ကြောင်း၊ သိမ်းယူစဉ်က ပိုင်ရှင်ရှိသည့် မြေများကို လျော် ကြေးပေးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် အရောက်တွင် မြေဧက ၂၀၀ ကို တပ်မတော်က ပြန်စွန့်လွှတ်ခဲ့ကြောင်း သိရသည်။

“အခု ဖြစ်နေတာတွေက ဘေးကနေပြီးတော့ သွေးထိုးလှှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်။ မူလပိုင်ရှင်ပုံစံလိုမျိုး လုပ်နေတာ ရှိတယ်။ အခုလည်း ကျနော်တို့က တနိုင်ငံလုံးမှာ မြေစွန့်လွှတ်ခဲ့တာ ဧက ၂ သိန်းကျော် ရှိတယ်။ အခု နောက်ပိုင်း မြေ ယာလျော်ကြေးက မြင့်လာတော့ လောဘကြီးလာတာပေါ့။ ဒီမှာလည်း အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးခဲ့တာ ရှိပါ တယ်။ ဘေးက သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်နေတာ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယခုလို ဧက ၂၀၀၀ ကျော် မြေများမှာ တပ်မတော်အတွက် များပြားလွန်းနေရာ မည့်သည့်အတွက်ကြောင့် မြေပိုလိုနေရသ နည်းဟု မေးကြည့်ရာ ယင်းဒေသရှိ တပ်ရင်းများအတွက် လုံခြုံရေး ဧရိယာအတွက် များပြားသည်ဟု မပြောနိုင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုန့်ပြန်သည်။

“တပ်ရင်းအားလုံးအတွက် လုံခြုံရေး ဧရိယာရှိတယ်။ တပ်မှာက မိသားစုတွေပါ ရှိတော့ အဲဒီ အင်အားနဲ့ တွက်ကြည့်ရင် အခု သိမ်းထားတာက များတဲ့ဧက မဟုတ်ဘူး။ လုံခြုံရေးအရ ထားရှိရမယ့် နေရာတွေ ဖြစ်တယ်။ တပ်ထဲမှာ လက်နက်ခဲ ယမ်းထားတာက အကာအကွယ်နဲ့ ဆောက်ရတယ်။ ကပ်ဆောက်လို့ မရဘူး”ဟု ၎င်းက ပြောသည်။

တောင်သူများကလည်း ၎င်းတို့မှာ လျော်ကြေးငွေ တောင်းဆိုနေခြင်း မဟုတ်ဘဲ စိုက်ပျိုးခွင့် ရရှိရန် ပြောဆိုနေခြင်းသာ ဖြစ် ကြောင်း တွေ့ ရှိရသည်။

ယခုကိစ္စရပ်များကို သက်ဆိုင်ရာ ဒေသမှ အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်မှ တိုင်းမှူး အပါအဝင် အောက်ခြေ တပ်မတော် အရာရှိများ၊ တောင်သူများ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။

ဇွန်လ ၄ ရက်နေ့က နောက်ဆုံးတွေ့ ဆုံပွဲတွင် ယခုမြေနေရာများကို တပ်ပိုင်မြေအဖြစ် အသိအမှတ်ပြုပါက ယင်းမြေတွင် စိုက်ပျိုးခွင့် ပေးမည် ဖြစ်ကြောင်း၊ လက်မခံပါက ဆက်လုပ်ခွင့်ပေး၊ မပေးကို စဉ်းစားမည့် သဘောမျိုး တပ်မတော် အရာရှိများဘက်က ပြောဆိုခဲ့ကြောင်း သိရသည်။

တောင်သူများကမူ တပ်ရင်းတပ်ဖွဲ့ များ တည်ရှိသည့် တပ်ဧရိယာ ဧက ၁၅၀ ကျော်ကိုသာ အသိအမှတ်ပြုပြီး ကျန်မြေ များမှာ မြေလွတ်၊ မြေရိုင်းများပေါ်တွင် တောင်သူများ ခေတ်အဆက်ဆက်က စိုက်ပျိုးလာသဖြင့် အသိအမှတ် မပြုခဲ့ ကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု သိရသည်။

“ခြံစည်းရိုးကာတာကလည်း တပ်ဧရိယာ တကယ် အသုံးပြုတဲ့နေရာလောက်ပဲ ကာတာ။ စိုက်ပျိုးမြေနေရာကို တခါမှလည်း ဆိုင်းဘုတ်မထောင်ဘူး။ ဆိုင်းဘုတ်ကလည်း ပြဿနာဖြစ်မှ ဆိုင်းဘုတ် ကောက်ထောင်တာ။ ထွန်စက်တွေ ပြန်ပေးမယ် လို့ ပြောပေမယ့် တရားစွဲထားတာတွေကိုတော့ ရုတ်ပေးမယ်လို့ မပြောဘူး။ တရားစွဲထားတာကလည်း တောင်သူ ၃၀ ကျော်လောက်တော့ ရှိတယ်”ဟု နောင်ကျော်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်နိုင်က ပြောသည်။

၎င်းကဆက်၍“လယ်ထွန်စက် စုစုပေါင်း ၂၇ စီး အသိမ်းခံရတယ်။ ၃ စီးကိုတော့ အာမခံ ပေးလိုက်ပြီ။ ၆ စီးကိုလည်း ဆက်ပြီး အာမခံပေးမယ် ပြောတယ်။ အစတုန်းက ရဲတွေက အမှုမဖွင့်ချင်တော့ တပ်ကိုယ်တိုင် အဲဒီစက်တွေကို သိမ်းတာ။ စစ်တပ်ကား ပေါ်ကိုတင်၊ သူတို့ကိုယ်တိုင် ရဲစခန်းကို သွားပို့တာ။ တချို့ နေရာတွေမှာက တောင်သူကိုယ်တိုင် ရဲစခန်းကို လိုက်ပို့ရတာ”ဟု ရှင်းပြသည်။

တပ်မတော်ကမူ ယင်းမြေများကို ဆက်လက် မကျူးကျော်ရန် သတိပေးထားပြီး ၂၀၂၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် တားမြစ်ထားသော်လည်း ဆက်လက် ကျူးကျော်သဖြင့် တချို့ကို အမှုဖွင့် အရေးယူထားကြောင်း၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် တပ်မတော်ဘက်က အမှုဖွင့်အရေးယူထားသည့် တောင်သူများ ရှိသော်လည်း အသေးစိတ်ကို မပြော နိုင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ထို့ကြောင့် တပ်ပိုင်မြေတွင် ဝင်ရောက်စိုက်ပျိုးသည်ဟုဆိုကာ ဆီဆိုင်မြို့ မ ရဲစခန်းတွင် ပ-၁၈၀/၂၀၁၉ ၊ ပုဒ်မ ၄၇၇၊ ပ-၃၀/၂၀၂၀၊ ပုဒ် ၃၅၃၊ ၂၉၄၊ ၄၂၇ (ပ) ၃၅/၂၀၂၀ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိရာ တရားရုံးမှ အမိန့်မချသေးမီကာလ တွင် မည်သူမျှ ဝင်ရောက် စိုက်ပျိုးခြင်း မပြုရန် တပ်မတော်ဘက်က ထုတ်ပြန်ထားသည်ဟု သိရသည်။

The post ရှမ်းပြည်နယ်၊ ဆီဆိုင်တွင် တပ်မတော်က မြေပိုသိမ်းခဲ့သည်ဟုဆိုကာ တောင်သူများနှင့် အငြင်းပွား appeared first on ဧရာဝတီ.

ဥပဒေ အားနည်းရင်တော့ လုပ်ချင်တိုင်း လုပ်ကြမှာပဲ

$
0
0

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြေဧက ၁ ဒသမ ၈ သိန်းပေါ်တွင် ရွှေနှင့် ကြေးနီရှာဖွေခွင့်ကို တရုတ်နိုင်ငံက ရာနှုန်းပြည့်နီးပါး ရင်းနှီးမြှပ်နှံထားသည့် သြစတြေးလျ အခြေစိုက် PanAust ကုမ္ပဏီကို ခွင့်ပြုခဲ့သည်။ စင်ကာပူနိုင်ငံ တနိုင်ငံစာမျှအထိ ကျယ်ပြန့်သော ဧရိယာပမာဏကြောင့် ပြည်သူလူထုနှင့် ပညာရှင်များက စိုးရိမ်တကြီး ဝေဖန်မှုများ ပြုလုပ်လာခဲ့သည်။

သို့ဖြစ်ရာ အဆိုပါ ရှာဖွေတူးဖော်မှု၏ အကျိုးဆက်နှင့် မည်သို့ ကြိုတင်ပြင်ဆင်ရမည်ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ ပြုလုပ်နေသည့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူနှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ စစ်ကိုင်းတိုင်းဒေသကြီးမှာ သတ္တုရှာဖွေခွင့် လိုင်စင် ဧကသိန်းချီပြီး ချပေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူတွေ အတော်များများက အမျိုးမျိုး ဝေဖန်နေကြတယ်။ ပထမဦးဆုံးအနေနဲ့ အဲဒီလိုချပေးလိုက်တဲ့ ကိစ္စအပေါ် ဆရာ့ အနေနဲ့ ဘယ်လိုထင်မြင်ယူဆချက်ရှိလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ကျနော်မြင်တာကတော့ ရွေးကောက်ပွဲ နီးလာတဲ့ အချိန်မှာ ချပေးလိုက်တယ် ဆိုတာက နောက်အစိုးရ မတိုင်ခင် ဒီကုမ္ပဏီကို လုပ်စရာရှိတာတွေ မြန်မြန်လုပ်ပေးဖို့ အခွင့်အရေး ပေးလိုက်တဲ့ သဘောလို့ မြင်တယ်။ ကျနော် နားလည်သလောက် ကတော့ ဒီကုမ္ပဏီကို အရင်တုန်းကလည်း ချထားပေးပြီးပြီလို့ နားလည်တယ်။ လုပ်ကိုင်ခွင့်တွေ ထပ်ထပ်ချပေးနေတာက ဘာကြောင့်လဲဆိုတာတော့ ကျနော်တို့လည်း စိတ်ထဲမှာ မေးမိတယ်။ သံသယ ရှိတယ်ပေါ့။ အရင်ရှာထားတာတွေနဲ့ပဲ တဆက်တည်း ဖြစ်အောင် ပေးတာလား ဒါမှမဟုတ် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တွေအပေါ်မှာ မျက်နှာသာပေးတာလား ဆိုတာ သံသယစိတ်တွေတော့ ရှိပါတယ်။

မေး ။ ။ အခု လိုင်စင်ချပေးလိုက်တဲ့ မြေဧက က အရမ်းများတဲ့အခါကျတော့ လူတွေအနေနဲ့ ဝေဖန်ကြတယ်ပေါ့။ အဲဒီမှာမှ သဘာဝဝန်းကျင်နဲ့ လူမှုစီးပွားရေးကို ဘယ်လို ထိခိုက်မလဲဆိုပြီးတော့ စိုးရိမ်မှုတွေလည်း ရှိကြတော့ အဲဒီအပေါ်မှာ ဘယ်လို ထင်မြင်ယူဆလဲရှင့်။

ဖြေ ။ ။ သတ္တုရှာဖွေတယ် ဆိုတာကတော့ သူ့ရဲ့ဘူမိဗေဒ အနေအထားကို ခြုံငုံအောင် ချပေးရင်တော့ ဧရိယာကြီးကြီး ချပေးလေ့ ရှိပါတယ်။ လူထုကတော့ အများကြီးပေးလိုက်တယ်ဆိုတော့ အပိုင် ပေးလိုက်သလိုလို၊ အဲဒီထဲမှာ ရှိနေတဲ့ လက်ရှိ လုပ်ကိုင်စားသောက်နေတဲ့ သူတွေကို ထိခိုက်မှာတွေကို စိုးရိမ်နေတာတော့ ရှိတာပေါ့လေ။ ရှိတယ်ဆိုတာက အရင်အစဉ်အဆက်က စီမံခန့်ခွဲမှုမှာ အားနည်းချက်တွေရှိတော့ လူထုက မယုံဘူး။

နောက်တခုက ဒါကရှာဖွေခွင့်ပဲလို့ ပြောပေမယ့် ခိုးပြီးတူးထုတ်များ ရှိမလား။ သဲ့သွားမလား အရင်တုန်းကလည်း ဒါမျိုးတွေ ခဏခဏ ကြုံဖူးတာကိုး။ သံသယစိတ်တွေက များလာပြီးတော့ ဝိုင်းမေးကြတာပေါ့။ အခုပေးလိုက်တဲ့ ကုမ္ပဏီကလည်း သြစတေးလျ လို့ပြောပေမယ့် သြစတေးလျမှ အမည်ခံထားတဲ့ တရုတ်ကုမ္ပဏီဆိုတော့၊ တရုတ်ကုမ္ပဏီဆိုတဲ့ အမြင်နဲ့လည်း လူထုက ဒီအပေါ်မှာ အနုတ်သဘောမြင်တဲ့ သဘောရှိလာတယ်လို့ ထင်ပါတယ်။ တကယ်က မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင်တော့ ပတ်ဝန်းကျင် ထိခိုက်မှု အနေနဲ့ကတော့ နည်းပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ကလည်း သတ္တုရှာဖွေးခြင်း လုပ်ငန်းကို လုပ်မယ်ဆိုရင် ဦးစွာ ပတ်ဝန်းကျင်ကို ဘယ်လိုထိမလဲ ဆိုတဲ့ ဆန်းစစ်တဲ့ လုပ်ငန်းတွေ၊ တကယ်လို့ ထိခိုက်မယ် ဆိုရင်လည်း ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ လုပ်ငန်းစီမံချက်တွေကို စိစစ်သဘောကျမှသာ အတည်ပြုချက်ကို ပေးတာပါ။ အဲဒီအတွက်ကတော့ စိုးရိမ်ချက် သိပ်မရှိဘူး။ စမ်းသပ်တဲ့ အတွက် ပတ်ဝန်းကျင် ထိခိုက်မှုက အရမ်းနည်းပါတယ်။ ဧက သိန်းချီပေးပေမယ့် ယေဘုယျ မြေပြင်မှာ ကွင်းဆင်း စစ်ဆေးတာပဲ ရှိတယ်။ အဲဒီထဲကမှ အသေးစိတ် စစ်ဆေးဖို့ ပြန်စင်ထုတ်လိုက်ရင် ၅ ရာခိုင်နှုန်းလောက်ပဲ အသေးစိတ်စစ်ရမှာ ဧက ၁ သိန်းပေးရင် ဧက ၅ ထောင်လောက်ပဲ ပြန်စစ်ရမှာ။ ဧက ၅ ထောင်လောက်ကိုတောင်မှ တွင်းဖောက်တာတွေ တူးတာတွေက အကုန်လုပ်မှာ မဟုတ်ဘူးလို့ နားလည်တယ်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ

ဖြစ်နိုင်ခြေရှိတဲ့ ကျောက်ကြောအသွားအလာတွေကို ကြည့်ပြီး အဲဒီကျောက်ကြော ရှိနိုင်တဲ့ နေရာတွေမှာ တွင်းတွေတူး၊ ပုံတွေဖော် အနက်အမျိုးမျိုးမှာ နမူနာတွေယူ လုပ်မှာပေါ့။ အဲဒီလို လုပ်တဲ့ နေရာမှာ မြေကြီးကို အကုန်လှန်တာ မဟုတ်ဘူး။ သူသတ်မှတ်ထားတဲ့ နေရာခပ်ကျဉ်းကျဉ်းထဲမှာပဲ တူးလိုက်တာ ဖြစ်တဲ့အတွက် ထိခိုက်မှုကတော့ ကုမ္ပဏီက လုပ်တာကိုင်တာ ကောင်းရင်တော့ တောင်သူတွေနဲ့ ဖြစ်ဖြစ်၊ တခြားမြေမှာပဲ ဖြစ်ဖြစ် ပိုင်ရှင်တွေနဲ့ ညှိနှိုင်းမယ် ဆိုရင်တော့ အထူးအထွေ မရှိလောက်ဘူးလို့ ကျနော်ထင်ပါတယ်။

မေး ။ ။ ဆရာပြောသွားသလိုဆိုရင် တိုက်ရိုက် သဘာဝဝန်းကျင်အပေါ်မှာ ထိခိုက်မှု နည်းလိမ့်မယ်ပေါ့။ ဒါက အစိုးရပိုင်းက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှ အထမြောက်မယ်လို့ ပြောလို့ရလား။

ဖြေ ။ ။ ကျနော်တို့ ၂ ပိုင်းရှိတာပေါ့။ လုပ်ထုံးလုပ်နည်းတွေနဲ့ ပေးလိုက်ပေမယ့် အောက်ခြေမှာ တကယ်လုပ်တာကို စစ်ဆေးနိုင်ရဲ့လား။ အဲဒါတော့ အရမ်းအားနည်းတယ်။ ကုမ္ပဏီတွေကလည်း ရသွားပြီးရင် သူတို့ အဆင်ပြေသလို လုပ်တာပဲ။ အဲဒီတော့ ကုမ္ပဏီတွေက ဘယ်လောက်ဖြောင့်မတ် မှန်ကန်အတိအကျ လုပ်လဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ သက်ဆိုင်ရာဌာနက စစ်ဆေးတဲ့ အတိုင်းအတာကလည်း နည်းတယ်။ နောက်ပြီးတော့ အဲဒီဒေသမှာ ရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက မနေနိုင်လို့သာ ထအော်၊ ဖေ့ဘုတ်ခ်မှာ ရေးတာသာ လုပ်နိုင်တယ်။ သူတို့ကို စနစ်တကျ စောင့်ကြည့်ပိုင်ခွင့် တတိယအဖွဲ့အစည်းတွေနဲ့ လုပ်ပိုင်ခွင့်တွေ မပေးတဲ့ အခါကျတော့ မြန်မာပြည်မှာတော့ ပြောတာတခြား လုပ်တာတခြားကတော့ ယဉ်ပါးနေပြီ။ ဒီကုမ္ပဏီ ဘယ်လောက်အထိ တိတိကျကျလုပ်လဲ ဆိုတဲ့ စစ်ဆေးမှုမှာ အားနည်းမယ်ဆိုတာတော့ သံသယရှိစရာ မလိုဘူး။ ကောင်းရင်လည်း ကောင်းမှာပေါ့ သို့သော် ဧရိယာ အဲဒီလောက်ကျယ်တဲ့ အခါကျတော့လည်း စစ်ဆေးတဲ့ အဖွဲ့ကလည်း အကုန်လိုက်စစ်ဆေးဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

မေး ။ ။ တိုင်းဒေသကြီးတခုမှာ ရှိနေတဲ့ သယံဇာတကို တိုင်းဒေသကြီး အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတောင် မသိရဘဲ ဒီလို ပြည်ထောင်စုကနေ ရှာဖွေခွင့် တိုက်ရိုက်ချပေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေ အများကြီးရှိလာတယ်။ ဆရာ့ ကိုယ်ပိုင်အမြင်ကရော ဘယ်လိုရှိလဲ။

ဖြေ ။ ။ အဲဒါကတော့ နားလည်မှုလွဲတာလို့ ထင်တယ်။ လက်ရှိ လုပ်ထုံးလုပ်နည်းအရ ဆိုရင်တော့ တိုင်းဒေသကြီးရဲ့ ထောက်ခံချက် မပါဘဲနဲ့ ဗဟိုက ဘယ်လိုမှ ပေးလို့မရဘူး။ ဗဟိုမှာ ကုမ္ပဏီက သွားပြီးလျှောက်ထားမယ်။ ပြီးတော့ တိုင်းဒေသကြီးရဲ့ ထောက်ခံချက်ကို တောင်းတဲ့အခါမှာ တိုင်းဒေသကြီးအတွင်း အကုန်လုံးသိချင်မှလည်း သိမှာပေါ့။ သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဝန်ကြီးဌာနတို့ သယံဇာတ ကော်မတီတို့လောက်ပဲ သိမယ် ထင်ပါတယ်။ ကျန်တဲ့ တာဝန်ရှိသူတွေကတော့ မသိလိုက်တာလည်း ဖြစ်မှာပေါ့။ အတိုင်းအတာ တခုနဲ့တော့ တာဝန်ရှိသူတွေ သိပါမယ်။ သိလို့လည်း သူတို့ထောက်ခံချက်ပေးလို့လည်း ဗဟိုက ပေးတာ ဖြစ်ပါတယ်။ လုံးဝမသိတာတော့ မဖြစ်နိုင်ဘူးလို့ ကျနော်က အဲဒီလိုပဲ မြင်ပါတယ်။

မေး ။ ။ ရှာဖွေလို့ တွေ့ခဲ့ရင် ကုမ္ပဏီက သေချာပေါက် တူးဖော်ခွင့်ကို လျှောက်ထားနိုင်မှာပဲ။ အစိုးရကလည်း ဥပဒေနဲ့ ညီညွတ်ရင် ချပေးရမှာပဲ။ ဆိုတော့ အဲဒီမတိုင်ခင် အစိုးရအနေနဲ့ ဘယ်လို မူဝါဒတွေ ဥပဒေတွေ ကြိုပြင်ဆင်ထားသင့်လဲ။

ဖြေ ။ ။ ဒီကိစ္စကတော့ အငြင်းပွားဖွယ်ရာတွေ ဖြစ်နေတာပေါ့။ လက်ရှိတည်ဆဲ ဥပဒေမှာတော့ သတ္တုတူးဖော်မှုကို ရှာဖွေချင်တဲ့သူက စူးစမ်းမယ်၊ လေ့လာမယ်။ တွေ့ရှိနိုင်မယ့် နေရာမှာ စမ်းသပ်တူးဖော်မယ်။ တူးဖော်နိုင်တာကို ဖြစ်တန်စွမ်း လေ့လာဖို့ကိုလည်း တွေ့ရှိတဲ့ သတ္တုတွေကို အစမ်းသဘော ကြိုချက်တာတွေ ရှိမယ်။ အဲဒါမှ စီးပွားဖြစ် ဖြစ်ပြီဆိုပြီး တွေ့ရှိရင်တော့ သူ့ကို တူးဖော်ထုတ်လုပ်ခွင့် ပေးရမယ်လို့ ဥပဒေထဲမှာ ပါပြီးသားဖြစ်နေတယ်။ တွေ့ရင်တော့ ရမှာပဲ။

သက်ဆိုင်ရာ တာဝန်ရှိသူကလည်း ဖုန်းဆက်ပြီးတော့ ပြောပါတယ်။ သူတို့ပေးတယ်ဆိုတာက စမ်းသပ်ရှာဖွေတာနဲ့ တူးဖော်တာလောက်ပဲ ပါတယ်။ တကယ့်ကို သတ္တုတူးဖော် ထုတ်လုပ်ဖို့ လိုင်စင် မပါသေးဘူး။ သို့သော် ဒီကုမ္ပဏီက တွေ့လာမယ် ဆိုရင်တော့ တောင်းမှာပဲလေ။ အဲဒီကျရင် ဘယ်လိုမူနဲ့ ပေးမလဲ ဆိုတာကတော့ လိုင်စင်ချထားရေးမူကို သေသေချာချာ ချပါလို့ EITI မှာလည်း ကျနော်တို့ တောက်လျောက်ပြောနေတာ။ ကျနော်သိသလောက်တော့ လိုင်စင်ချထားရေး မူနဲ့ ပတ်သက်ပြီးတော့ စိတ်ကျေနပ်ဖွယ်လောက်အောင် ရှင်းပြထားတာ၊ တင်ပြထားတာ မတွေ့မိသေးဘူး။ ပိုပြီးတော့ ပွင့်လင်းမြင်သာအောင် လုပ်ဖို့ လိုသေးတယ်လို့တော့ သုံးသပ်တယ်။

တကယ်ကောင်းတာကတော့ သတ္တုတွေ့တဲ့ ဒေသတွေမှာ သက်ဆိုင်ရာ ဒေသခံတွေ၊ ဒေသအစိုးရတွေနဲ့ ဆွေးနွေးပြီးတော့ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ ဒေသရဲ့ အကျိုးစီးပွားကို ညှိပြီးမှ သုံးစွဲတာကတော့ ပိုသင့်တော်တယ်ပေါ့။ သယံဇာတကို မျှဝေမလား ဒါမှမဟုတ် သယံဇာတက ရလာတဲ့ ဝင်ငွေကို မျှဝေမလား ဒီလိုတွေ သုံးသပ်ဖို့ လိုတယ်။ လူတွေရဲ့ ရောယှက်နေတဲ့ သဘောက ရှာဖွေစမ်းသပ်ခွင့် ပေးလိုက်တယ် ဆိုရင်ကို လက်ပံတောင်းတို့မှာ တူးဖော်သကဲ့သို့ ပျက်ပြီလို့ စိုးရိမ်မှုတွေက ရှိနေတယ်။ အမှန်ကတော့ ဆင့်ကဲ အဆင့်ဆင့် လုပ်သွားတာ ဖြစ်တဲ့အတွက် ရှာဖွေတဲ့ နေရာမှာလည်း ထိခိုက်မှု အနည်းဆုံး ဖြစ်အောင်လုပ်တယ်။ တကယ်လို့ တွေ့လို့ ထုတ်ပြီဆိုရင်လည်း ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ထပ်ပြင်ရမှာ ဖြစ်တယ်။ အခုကျနော် သိသလောက်ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက သတ္တုထူးဖော်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ရင် သေချာကို စိစစ်ကိုင်တွယ်နေတဲ့ သဘောတော့ ရှိတယ်။

သို့သော် ဥပဒေကလည်း အားနည်းတယ်။ ကံအားလျော်စွာနဲ့တော့ ဒီသတ္တုတွင်းဝန်ကြီးဌာနနဲ့ ပတ်ဝန်းကျင်ဌာနက ဝန်ကြီးဌာန တခုတည်းပဲ ဝန်ကြီးတယောက်ရဲ့ လက်အောက်ထဲမှာပဲ ရှိတယ် ဆိုတော့ ပတ်ဝန်းကျင် ထိခိုက်မှုမှာလည်း အတိုင်းအတာတခုအထိ လျော့ပါးလိမ့်မယ်လို့ မှန်းတယ်။ သို့သော် EIA/EIP မှာ မပါတဲ့ အချက်က သယံဇာတတွေကို သာတူညီမျှရှိဖို့ ဘယ်လိုခွဲဝေမလဲ ဆိုတဲ့ အပိုင်းကို ရေးသားဖို့ တာဝန်မရှိဘူး။ မရှိတဲ့ အခါကျတော့ ဒါတွေကို ဘယ်အဆင့်မှာ လုပ်မလဲဆိုတာ အငြင်းပွားဖွယ် ဖြစ်နေတယ်။ အကြမ်းဖျင်း ပြောရရင်တော့ ဌာနဆိုင်ရာတွေ သွားမေးရင်တော့ သက်ဆိုင်ရာ ဒေသဆိုင်ရာတွေနဲ့ပဲ ညှိနှိုင်းပြီး သေဘာတူလုပ်တာပါလို့ ပြောတာပဲ။ သက်ဆိုင်ရာဌာနထဲမှာတင် Public Conservation လို့တော့ ပါတာပဲ။ လုပ်ပွဲလား တကယ့်အမှန်အကန်ပွဲလား။ ဒါမှမဟုတ် အစိုးရက ဖိတ်သော်လည်းပဲ ပြည်သူလူထုက မတက်နိုင်တာလား။ မျိုးစုံ အခြေအနေတွေ အများကြီး ဖြစ်နိုင်တဲ့ အခါကျတော့ သို့လော သို့လောတွေ ဒီနိုင်ငံမှာ ရှိမှာပဲ။

မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ EITI Process တကယ်ကောင်းလာမယ် ဆိုရင်တော့ ပူပင်စိုးရိမ်သောကတွေကို လျော့ပါးနိုင်မယ်။ ပိုပြီး ပွင့်လင်းမြင်သာမှုရှိမယ် လူထုကတည်း ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး ။ ။ ဒေသခံတွေကလည်း ရှေ့စီမံကိန်းတွေတုန်းက အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး သူတို့ပိုင်ဆိုင်တာတွေ ဆုံးရှုံးခဲ့ရတယ်ပေါ့။ ဒီလိုဖြစ်စဉ်မျိုးတွေ ကြုံရဦးမလား ဆိုပြီး စိုးရိမ်နေကြတာပေါ့။ တကယ့်တကယ် အဲဒီပြဿနာတွေကို တိုက်ရိုက် မျက်နှာချင်းဆိုင် ဖြေရှင်းရတာလည်း တိုင်းဒေသကြီးအစိုးရ ဆိုတော့ ဘာတွေ ပြင်ဆင်ထားဖို့ အကြံပြုချင်လဲ။

ဖြေ ။ ။ ဒီကုမ္ပဏီ ၂၀၁၆ ကတည်းက လိုင်စင်ကို ရအောင်ကြိုးပမ်းတယ်ပေါ့။ တိုင်းဒေသကြီးကလည်း အဲဒီအချိန်မှာ NLD အစိုးရကလည်း တက်လာကာစ စစ်ကိုင်းတိုင်းဖြစ်တဲ့အတွက် လက်ပံတောင်း ကိစ္စကလည်း ပူပူနွေးနွေးပဲ ဖြစ်တယ်။ လူတွေကလည်း မယုံတဝက် ယုံတဝက်နဲ့ လက်ရှိအထိလည်း ပြဿနာပေါင်းများစွာနဲ့ မဖြေရှင်းနိုင်သေးတာကို တွေ့တယ်ပေါ့။ နောက်ထပ်ကြေးနီ စီမံကိန်းကြီး တခု စစ်ကိုင်းတိုင်းထဲမှာ လုပ်မယ်ဆိုတာကို အဲဒီဒေသမှာ ရှိတဲ့ အမတ်တွေရော ဒေသဆိုင်ရာတွေကရော နိုင်ငံရေး အကြီးအကဲတွေကရော လုပ်ဖို့ကို ဝန်လေးတယ်ပေါ့။ သယံဇာတကကို နောက်မျိုးဆက်တွေအတွက် ထားမလားဆိုတာ ပြောဆိုဆွေးနွေးမှုတွေ ကြားသိတယ်ပေါ့။ ဒေသကတော့ ထုတ်ချင်တဲ့ ဆန္ဒမရှိဘူးပေါ့။ အဲဒီတော့ ဒီကိစ္စကြီးက တဝဲလည်လည်နဲ့ ကြာမြင့်နေတာလို့ နားလည်တယ်။

သို့သော်လည်းပဲ နောက် ၂ နှစ်လောက်ကြာတော့ တိုင်းဒေသကြီးကလည်း မလွန်ဆန်နိုင်တဲ့ ဖိအားတွေနဲ့ပဲ ထောက်ခံချက် ပေးလိုက်တဲ့အခါမှာကျတော့ ပြည်ထောင်စုကနေ ချပေးလိုက်တယ်လို့ အသံကြားတယ်။ တိုင်းဒေသက သယံဇာတကို သိမ်းချင်တာလား၊ ထုတ်ချင်တာလား ဆိုတာ သူတို့ပဲ ဆုံးဖြတ်မှရမှာ။ ထုတ်မယ်ဆိုရင်ရော သူတို့ရဲ့ အကျိုးအမြတ်က ဘယ်လောက် ရမှာလဲ။ ဒါလည်း သူတို့တွေးဖို့ ဆွေးနွေးဖို့ လိုမှာပေါ့။ ယေဘုယျတော့ အကြီးစား ထုတ်လုပ်တဲ့ သတ္တုခွန်တွေကတော့ ဗဟိုအစိုးရရဲ့ ငွေစာရင်းထဲပဲ ဝင်သွားမှာပဲ။ တိုင်းဒေသကြီးက ပြန်ခွဲပေးမှပဲ ရတာပေါ့။ သို့သော် လက်ရှိ ဝန်ကြီးဌာနမှာက ရလာတဲ့ အခွန်တွေကို အချိုးကျပြန်ပေးတဲ့ စနစ်တော့ ရှိတာပေါ့။ တက်လာတဲ့ အစိုးရရဲ့ သဘောထား အနေနဲ့ ရှိတယ်။ ဥပဒေ တခုအနေနဲ့တော့ မရှိဘူးပေါ့။ စီမံခန့်ခွဲ့မှု လမ်းညွှန်မှု အနေနဲ့ပဲ ရှိနေတာပေါ့။ အဲဒီတော့ ရလာတဲ့ ဝင်ငွေတွေကို ခွဲဝေမှုကတော့ အခြေအနေတွေပေါ် မူတည်ပြီးမှ လုပ်နေတာဖြစ်တယ်။ အဲဒီတော့ အားလုံးအတွက်ကို ကျေနပ်လောက်တဲ့ အဖြေရပါ့မလား ဆိုတာ စဉ်းစားရမယ့် ကိစ္စတွေ ဖြစ်တယ်။

မေး ။ ။ ရှေ့မှာ ပြောသွားသလိုဆိုရင် အခုချပေးလိုက်တဲ့ လိုင်စင် ရှာဖွေရေး Process ကတော့ စိုးရိမ်စရာ မရှိသေးဘူးပေါ့။ ဒါဆိုရင် အစိုးရအနေနဲ့က ကြိုတင်ပြင်ဆင်ချိန်တွေ အများကြီး ရနေတာပေါ့။ ကိုယ့်နိုင်ငံ ကောင်းကျိုးအတွက် ဘယ်လို မူဝါဒတွေချမယ်ဆိုတာကို ပြင်ဆင်ချိန် အများကြီး ရတဲ့ သဘောလား။

ဖြေ ။ ။ စိုးရိမ်စရာ မရှိဘူးဆိုတာက ယေဘုယျ သဘောအားဖြင့် ပြောတာလေ။ တကယ်လုပ်တဲ့ အခါမှာ တလွဲလုပ်တဲ့ အခါမှာ စိုးရိမ်ရတာတွေ ဖြစ်ရင်လည်း ဖြစ်လာမှာပေါ့။ အဲဒါက အာမခံလို့ မရဘူးလေ။ သို့သော် လုပ်ငန်းရဲ့ သဘောသဘာဝကကို ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အနေအထားမရှိဘူး။ တိတိကျကျ လိုက်နာမယ်။ အစိုးရကလည်း လုံလောက်တဲ့ ကာကွယ်မှုတွေ ဖြစ်အောင်လုပ်ဖို့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ သို့သော် လုပ်တာတမျိုး ပြောတာတမျိုး ဖြစ်လာရင်တော့ ကျနော်တို့လည်း မပြောတတ်ဘူးပေါ့။

ထွက်လာပြီဆိုရင် ရှိနေတဲ့ ဥပဒေတွေအရ ပေးရမယ်။ ပေးတာက အကုန်လုံး ပေးရမယ့် သဘောဆိုရင်တော့ အဆင်ပြေမနေဘူး။ ဘယ်လိုမူနဲ့ ချပြီးပေးမယ် ဆိုတာက သတ္တုတွင်း ဌာနမှာ ရှိလား၊ မရှိလား ဆိုတာ ကျနော်တို့ ကိုယ်တိုင် မသိဘူး။ ဒါတွေကို ထုတ်ပြဖို့ ပြောနေတာပဲ။ ပွင့်လင်းမြင်သာစွာ ချထားတဲ့ မူရှိဖို့တော့ လိုတယ်။ တွေ့တော့မှ အရှင် သဘောမျိုးအနေနဲ့ စဉ်းစားနေမယ်ဆိုရင် ကုမ္ပဏီနဲ့ ဆုံးဖြတ်တဲ့သူတွေနဲ့ ဘယ်လောက်နီးစပ်မှု ရှိသွားလဲ အတွင်းကြိတ် ဘယ်လိုညှိလဲ နောက်ထပ် သံသယတွေက ဝင်လာမှာပေါ့။ ဒါပေမယ့် တဖက်ကလည်း ဘယ်လိုမှန်း မသိတဲ့ သတ္တုအနေအထားပေါ်မှာ ဘယ်လိုခွဲဝေ ထုတ်ယူခွင့် ပြုမယ် လို့ပြောလိုက်ရင်လည်း နိုင်ငံတော် နစ်နာသွားတာတွေ အများကြီးရှိတယ်။ ကိုယ့်ဘက်က နည်းသွားတာမျိုးတွေလည်း ဖြစ်နိုင်တယ်။

ခက်တာက အခုတွေ့နေတဲ့ သတ္တုရိုင်းတွေက မြေလွှာပေါ်မှာ တွေ့နေတဲ့ သတ္တုတွေပဲ ဖြစ်နေတော့ နည်းနည်းလွယ်တယ် ဒေသခံတွေ လုပ်လို့ရတယ်။ ဒါပေမယ့် အခု သူတို့ ပြောနေတာက ဟိုးအနက်ကြီးထဲမှာ ဘူမိကျောက်လွှာတန်းမှာ ဖြစ်နေတဲ့ သတ္တုရိုင်းတွေ ဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည်မှာ ဘယ်သူမှ မလုပ်နိုင်ဘူး။ နိုင်ငံခြား ကုမ္ပဏီတွေတောင် အကုန်မလုပ်နိုင်ဘူး။ တကယ်ကို ကျွမ်းကျင်တဲ့ အတွေ့အကြုံရှိတဲ့ လူတွေသာ လုပ်နိုင်မှာ ဖြစ်တယ်။

ဘယ်လောက်ပဲ ကောင်းတဲ့ ကုမ္ပဏီပဲ ဖြစ်ဖြစ် မြန်မာပြည်မှာ ဥပဒေ အားနည်းရင်တော့ လုပ်ချင်တိုင်းလုပ်နေတာ တွေ့နေရတာပဲ။ အမေရိကန် ကုမ္ပဏီပဲ ဖြစ်ဖြစ်၊ တရုတ်ကုမ္ပဏီပဲ ဖြစ်ဖြစ် ဘယ်ကုမ္ပဏီဖြစ်ဖြစ် လစ်ရင်လစ်သလို လုပ်တာပဲ။ သတ္တုဘယ်လောက်တွေ့တယ် ဆိုတာ လူထုကို ထုတ်ပြန်ကြေညာဖို့ လိုတာပေါ့။ ကျနော်တို့ ဥပဒေထဲမှာကိုက ငါတို့နိုင်ငံမှာ တွေ့တဲ့ သယံဇာတကို ငါတို့ ထုတ်ပြန်ပိုင်ခွင့် ရှိတယ် ပြည်သူတွေရဲ့ အကြံဉာဏ်ယူမယ် အစရှိသဖြင့် ဒီလို ဥပဒေတွေ ရှိပြီးသားဆိုရင်တော့ ပြဿနာ မရှိဘူး။ အဲဒီလို ကိစ္စမှာရော ဥပဒေတွေ ပြင်ဖို့လိုမလား ဒီလိုလည်း စဉ်းစားဖို့ လိုတယ်။

ကုမ္ပဏီကတော့ ၁ သိန်းတွေ့ရင် ၁ သိန်းလုံး ထုတ်နိုင်အောင် လုပ်မှာပဲ သူရဲ့ စီးပွားရေး အရ အဲဒီကျရင် နည်းပညာတွေ ဥပဒေတွေနဲ့ သွယ်ဝိုက်ပြီး ပြောလိုက်ရင်တော့ နိုင်ငံရေး သမားတွေ ရှုပ်ထွေးသွားနိုင်တယ်။ အဲဒီတော့ နောက်ဆုံးမှာ ပေးရမယ် ဆိုတဲ့ အဖြေ ထွက်သွားမယ်ဆိုရင် ကျနော်တို့က ကုန်ကြမ်းလောက် ရောင်းစားတဲ့ အဆင့်က တက်မှာ မဟုတ်ဘူးလို့ မြင်တယ်။ ကျနော်တို့က ကိုယ်တိုင်လည်း မရှာနိုင်တာ ဖြစ်တဲ့အတွက် ဒီလို ကုမ္ပဏီကိုတော့ လက်ခံရမယ် ရှာရမယ် သို့သော်တွေ့ရင် ကိုယ့်သဘောနဲ့ စီမံခန့်ခွဲခွင့် ရှိအောင် ဥပဒေထဲမှာ ထည့်ထားချင်တယ်။ လက်ရှိအနေအထားကတော့ မင်းကို အကုန်ပေးမယ်ကွာ ဖြစ်နေတော့ စိတ်ထဲမှာ သိပ်သဘောမကျဘူး။ တော်တော်များများက ဒါကို သဘောမကျကြဘူး။

မေး ။ ။ ဘာများ ဖြည့်စွက် ပြောချင်တာရှိသေးလဲ။

ဖြေ ။ ။ သတ္တုလိုင်စင်တွေ ပေးလိုက်ပြီဆိုရင် ရာခိုင်နှုန်း အချိုးနဲ့ယူဆိုတဲ့ အားသာချက် အားနည်းချက်က ဘယ်လိုလဲ၊ ဒါမှမဟုတ် အခွန်ကိုပဲ ယူမလား မျှတအောင်ပေါ့ မျိုးစုံ ဆွေးနွေးနေတာတွေ ရှိတယ်။ EITI မှာ ရေးထားသလိုပဲ ပွင့်လင်းမြင်သာဖို့ ကန်ထရိုက်စနစ်တွေက အားလုံးအတွက် အဆင်ပြေဖို့ လုပ်ဖို့ နေရာမှာ နည်းနည်းနှောင့်နှေး ကြန့်ကြာနေတယ်လို့ ထင်တယ်။ နည်းပညာအရ ကျွမ်းကျင်သူတွေက အဆိုပြုမယ်။ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လက်ခံစဉ်းစားမယ် လွှတ်တော်မှာ အတည်ပြုမယ်။ အဲဒါကို မြန်မြန်လေး လုပ်လိုက်စေချင်တယ်။

EITI စကတည်းက အခုဆို ၈ နှစ် ၉ နှစ် ဖြစ်လာပြီ။ သမ္မတကြီးကတော့ EITI Process အပေါ်မှာ အပြည့်အဝ လုပ်ပါ။ ဒါကို မြန်မြန်လုပ်ပါလို့ စာတွေတစောင်ပြီး တစောင် ထုတ်ပေးနေတာပဲ သို့သော် တကယ်လုပ်တဲ့ အခါကျတော့ ထင်သလောက် တိုးတက်မှု မရှိဘူး။ ဘာကြောင့်လဲဆိုတာတော့ နားမလည်နိုင်ဘူး။ EITI ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်မှု မရှိတဲ့ နေရာမှာ မုန့်လည်း မရှိဘူး ဒုတ်လည်း မရှိဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ အရင်တုန်းက လုပ်ခဲ့လို့သာ လုပ်နေတာ။

အရင်တုန်းက ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကတော့ စစ်တပ်အစိုးရက လာတယ်။ အဲဒီတော့ သူတို့ နိုင်ငံတကာကနေပြီးတော့ တရားဝင် အသိအမှတ်ပြုမှုကို လိုချင်တော့ သူတို့က EITI ကို အတင်း အကောင်အထည် ဖော်တယ်ပေါ့။ သက်ဆိုင်ရာ အမြင့်ဆုံး အဆင့်ကရော သက်ဆိုင်တဲ့သူတွေကပါ လုပ်ချင်တဲ့ စိတ်တွေရှိနေတယ်။ ဒီဘက်ကျတော့ EITI ကောင်းတယ် လုပ်ပါလို့ ပြောတယ်။ သို့သော် တွန်းတွန်းတိုက်တိုက် ကစားမယ့်သူက မရှိတော့ အရမ်းနှောင့်နှေးနေတယ်။ မလုပ်လည်း ဘာမှ မဖြစ်ဘူး လုပ်လည်း ဘာမှ မဖြစ်ဘူးလို့ ဌာနတွေမှာ ဖြစ်နေတဲ့ အခါကျတော့ အစောပိုင်းကပြောတဲ့ အချက်တွေက မပီပြင်ဘူး ဖြစ်နေတယ်။

အခုလိုမျိုး လူထုကမေးလာရင် သို့လော သို့လောနဲ့ ဖြစ်တယ်။ EITI Process ကြီးက ဒီလိုပဲ အီကြာကွေးကြီး ပျော့ဖတ်ဖတ်လို အီလေးပြီး ရှေ့မတိုးနိုင်ရင် ဒီလို သယံဇာတ ကျိန်စာ ကျနိုင်တဲ့ဟာတွေက ထပ်ကျော့ထပ်ကျော့ လာနေမှာပါပဲ ဆိုတာတော့ အလေးအနက်ထားပြီးတော့ ထပ်လောင်းပြောချင်တယ်။

You may also like these stories:

တရုတ်ပိုင် သြစတြေးလျ အခြေစိုက် လုပ်ငန်းကို ကြေးနီနှင့်ရွှေ ရှာဖွေတူးဖော်ခွင့်ပေး

The post ဥပဒေ အားနည်းရင်တော့ လုပ်ချင်တိုင်း လုပ်ကြမှာပဲ appeared first on ဧရာဝတီ.


အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

$
0
0

ကသည်းသူပုန်များ မြန်မာဘက်ကို ဘယ်လိုရောက်လာလဲ

အမှန်တကယ် ကသည်းလက်နက်ကိုင်များသည် အိန္ဒိယ အစိုးရကို ပုန်ကန်နိုင်စွမ်း မရှိဟု နယ်စပ်မှ စစ်ရေး အကဲခတ် များက ယုံကြည်သည်။

အိန္ဒိယအစိုးရအား တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် သူပုန်အဖွဲ့အားလုံးပူးပေါင်း၍ စစ်ရေးမဟာမိတ် Joint Fighting Force – JFF အဖြစ် တိုက်ခိုက်လေ့ရှိသော်လည်း ကျန်အချိန်များတွင် PLA အဖွဲ့က သီးခြားရပ်တည်ကာ အခြားသော UNLF ၊ PREPAK ၊ KYKL ၊ KCP ၊ UPPK အဖွဲ့များက မဟာမိတ်များအဖြစ် ပူးပေါင်းလှုပ်ရှားလေ့ရှိကြောင်း အိန္ဒိယ – မြန်မာ နယ်စပ်အရေး စောင့်ကြည့်လေ့လာသူများက ပြောဆိုသည်။

၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် အိန္ဒိယဗဟိုအစိုးရက အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဖွဲ့များဖြင့် မဏိပူရ် ပြည်နယ်အတွင်းရှိ ကသည်းသူပုန်များကို အင်အားသုံးနှိမ်နင်းချိန်၌ မြန်မာစစ်အစိုးရသည် ကသည်းသူပုန်အဖွဲ့များ ဆက်လက် ရှင်သန် ရပ်တည်နိုင်ရေးအတွက် တခုတည်းသော အားကိုးရာ ဖြစ်လာခဲ့သည်။

“အိန္ဒိယတပ်က အဆင့်မြင့်နည်းပညာတွေ သုံးတယ်။ စစ်ဆင်ရေးထွက်ရင် Satellite (ဂြိုလ်တု)ကနေကြည့်နေပြီး စစ် ကြောင်းကို သတင်းပို့ပေးတာ။ တောထဲမှာ ပုန်းလို့ကို မရဘူး။ အိန္ဒိယတပ်ကို ပြောက်ကျားစနစ်နဲ့ ခြုံခိုတိုက်လို့ မရတော့ ဘူး။ အဲဒီမှာ ကသည်းသူပုန်တွေရဲ့ ပြောက်ကျားစနစ် နိဂုံးချုပ်တာပဲ”ဟု အမည်မဖော်လိုသည့် အိန္ဒိယ – မြန်မာ စစ်ရေး လေ့လာသုံးသပ်သူက ရှင်းပြသည်။

ထိုအချိန်က မြန်မာနိုင်ငံကို အာဏာသိမ်းစစ်ကောင်စီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရက အုပ်ချုပ်နေချိန်ဖြစ်သည်။

နအဖ ထိပ်တန်းခေါင်းဆောင်တဦးက သဘောတူသည့်အတွက် ကသည်းသူပုန်အဖွဲ့များကို အိန္ဒိယ – မြန်မာနယ်စပ်တွင် ကန့်သတ်ချက်များဖြင့် နေထိုင်ခွင့်ပေးခဲ့သည်ဟု ဒေသတွင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

“အဲဒီအချိန်က မင်းတို့နယ်စပ်မှာနေ၊ ဟိုဘက် (အိန္ဒိယ) ကို ကျည်တတောင့်မှ မကျစေနဲ့။ မူးယစ်ဆေးဝါး မလုပ်နဲ့၊ လက်နက်အရောင်းအဝယ် မလုပ်နဲ့ဆိုပြီး အမိန့်ပေးထားပြီး ကန့်သတ်ချက်နဲ့ နေခွင့်ပေးခဲ့တာ”ဟု အိန္ဒိယ – မြန်မာ စစ်ရေးလေ့လာ သုံးသပ်သူက ပြောသည်။

ထို့ကြောင့် ကသည်းသူပုန်အဖွဲ့များမှာ တမူးမြို့ပေါ်တွင် ၂၀၀၀ ခုနှစ်ဝန်းကျင်မှစတင်ကာ အခြေချနေထိုင် လှုပ်ရှားခဲ့ကြပြီး ကသည်းသူပုန်များနှင့် ပတ်သက်၍ ပြဿနာတစုံတရာပေလျှင် နယ်မြေခံ အုပ်ချုပ်ရေးဌာနများနှင့် ရဲတပ်ဖွဲ့တို့က လက် ရှောင်လေ့ရှိသည်ဟု သိရသည်။

ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲရေးဌာနချုပ်နှင့် မုံရွာမြို့အခြေစိုက် အနောက် မြောက်ပိုင်းစစ်ဌာနချုပ် (နမခ)က အဓိက ကိုင်တွယ်ဆောင်ရွက်ကြောင်း အိန္ဒိယ – မြန်မာစစ်ရေးလေ့လာစောင့်ကြည့်သူတွေက ပြောဆိုသည်။

မဏိပူရ်ပြည်နယ် ခွဲထွက်ရေး တိုက်ခိုက်နေသည့် ကသည်းသူပုန်များအရေးသည် နအဖစစ်အစိုးရ သက်တမ်း တလျှောက် အိန္ဒိယ – မြန်မာ နှစ်နိုင်ငံအစိုးရများ တွေ့ဆုံဆွေးနွေးချိန်တွင် အမြဲပါဝင်သည့်အရေးကြီးကိစ္စ ဖြစ်ခဲ့သည်။

အိန္ဒိယအစိုးရက မြန်မာကို ကသည်းသူပုန်များကို လက်ခံမထားရန် အမြဲတိုက်တွန်းပြောဆိုခဲ့သလို မြန်မာ ဘက်ကလည်း လက်ခံထားခြင်းမရှိကြောင်း အမြဲငြင်းဆန်လေ့ ရှိသည်။

မဏိပူရ် ပြည်သူ့ တပ်မတော် (Manipur People Army – MPA)၏ လေ့ကျင့်ရေး စခန်း(Indiacontent)

သို့သော် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က မြန်မာနိုင်ငံတွင် အခြေစိုက်လှုပ်ရှား၍ အိန္ဒိယ အစိုးရကို တော်လှန် တိုက်ခိုက် နေသည့် အာသံနှင့် ကသည်း သူပုန် အဖွဲ့ဝင် ၂၂ ဦးကို စစ်ကိုင်းတိုင်း၊ ခန္တီးလေဆိပ်တွင် အိန္ဒိယ အစိုးရထံသို့ ပြန်လည် လွှဲပြောင်း ပေးလိုက်သည့် ရှားပါးသည့် ဖြစ်ရပ်တခု ဖြစ်ခဲ့သည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင် အခြေစိုက်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – K) နှင့် ဆက် သွယ်ဆောင်ရွက်မှုများ ရှိလာသည့် သတင်းများကြောင့် မြန်မာ့တပ်မတော်က ကသည်းသူပုန်များကို လက်မခံရန် သတိပေးခဲ့သည်။

ထိုနောက်ပိုင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တပ်မတော်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာ အနီးရှိ NSCN – K အဖွဲ့ ဌာနချုပ်ကို ဝင်ရောက်စီးနင်းကာ နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

နယ်မြေရှင်းလင်းမှုအပြီးတွင် နာဂတို့ လက်ခံထားသည့် UNLF ၊ PREPAK ၊ PLA နှင့် KYKL ကသည်းသူပုန် တပ်ဖွဲ့ဝင် ၂၄ ဦးကို တပ်မတော်က ဖမ်းဆီးရမိခဲ့သည်။

နာဂအဖွဲ့ NSCN – K အနေဖြင့် ၂၀၁၂ ခုနှစ်တွင် တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုး ထားသော်လည်း အဆိုပါ သဘောတူညီချက်ကို ချိုးဖောက်ကြောင်း၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို တော်လှန်တိုက် ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များကို လက်ခံထားသည့်အတွက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ (NSCN-K) ဗဟိုဌာနချုပ် တကားစခန်းအနီးမှ အာသံနှင့် ကသည်း လက်နက်ကိုင်များ၏ စခန်းများကို တပ်မတော်က ရှင်းလင်းစဉ် ဖမ်းမိသည့် လက်နက်များ(တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

“နာဂအဖွဲ့က ကသည်းသူပုန်တွေကို လေ့ကျင့်ပေးနေတာ။ အလကားတော့ မဟုတ်ဘူး။ ကသည်းတွေက လေ့ကျင့် စရိတ် ပိုက်ဆံပေးရတယ်။ အခြေခံတပ်သားသစ် သင်တန်းတင် ၄ လလောက် တက်ရတယ်။ လေ့ကျင့်စရိတ်က တယောက်ကို ရူပီး ၃ သောင်း (မြန်မာငွေ ၅ သိန်း ၅ သောင်းကျပ်ဝန်းကျင်) အနည်းဆုံးပေးရတယ်။ နာဂအဖွဲ့က အဲ့လိုတွေ လေ့ကျင့်ပေးနေတာ တပ်ကသိလို့ နယ်မြေရှင်းလင်းရေးလုပ်တာ”ဟု အိန္ဒိယ – မြန်မာစစ်ရေး လေ့လာ စောင့်ကြည့်သူက ပြောပြသည်။

အဆိုပါ ကသည်းသူပုန် ၂၄ ဦးကို ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် တမူးမြို့နယ်တရားရုံးက မတရားအသင်း အက် ဥပဒေပုဒ်မ ၁၇/၁ အရ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

တနှစ်ခန့်အကြာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ ပြန်လွတ်လာသည့် ကသည်းသူပုန် ၂၂ ဦးမှာ မကြာမီ အိန္ဒိယ အစိုးရထံ လွှဲပြောင်းခံခဲ့ရသည်၊ ထိုအဖြစ်အပျက်မှ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

တပ်မတော်မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ မူဝါဒက အိမ်နီးနားချင်း နိုင်ငံတွေကို ဆန့်ကျင် နေတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမှ မြန်မာနိုင်ငံထဲမှာ အခြေပြုပြီးတော့မှ ဒီပြင့်နိုင်ငံတွေကို ဆန့်ကျင်တဲ့လုပ်ငန်းတွေ လုပ်တာကို လက်ခံမှာ မဟုတ်ပါဘူး”ဟု ပြောသည်။

သို့သော် ဒေသခံများ၊ လွှတ်တော် ကိုယ်စားလှယ်များကမူ တပ်မတော်က လက်ခံဘဲ ကသည်းများ ယခုလို ရပ် တည် နိုင်ခြင်း မရှိကြောင်း၊ တပ်မတော်၏ အင်အားဖြင့် ကသည်းများကို အချိန်မရွေး ဝင်ရောက် ရှင်းလင်းနိုင်ကြောင်း ပြော သည်။

“တပ်မတော်ကတော့ ကျနော်တို့ဒေသမှာ ကသည်းတွေ မရှိဘူးလို့ပဲ ပြောမှာ။ သမ္မတဆီကို သတင်းတင်ရင်တောင် မရှိဘူး လို့ပဲ တင်မှာ။ လွှတ်တော်မှာ ကာကွယ်ရေး ဒုတိယ ဝန်ကြီးက တမူးမှာ ကသည်းတွေ မရှိဘူး ဖြေခဲ့တာပဲလေ။ ရှိရင် သူတို့ ကို သတင်းပေးပါဆိုတော့ ပြီးပြီပေါ့”လို့ အမည်မဖော်လိုသည့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

တပ်မတော်က ရှင်းလင်းသည့် အာသံနှင့် ကသည်းလက်နက်ကိုင် စခန်းများပြ မြေပုံ( တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

အရပ်သားအစိုးရ မတိုင်မီ မြန်မာစစ်ခေါင်းဆောင်များက အိန္ဒိယ – မြန်မာနှစ်နိုင်ငံ ဆွေးနွေးသည့် စားပွဲဝိုင်းတိုင်းတွင် ကသည်းမရှိကြောင်း ငြင်းဆိုသော်လည်း မြန်မာနိုင်ငံ အုပ်ချုပ်ရေး အာဏာပိုင်များက မသိကျိုးကျွံပြုသည့် အတွက် မြန်မာပိုင်နက် တမူးဒေသအတွင်း၌ ကသည်းသူပုန်အဖွဲ့များ ဝင်ရောက် လှုပ်ရှားနေထိုင်မှု တစထက်တစ ပိုမိုများပြားလာခဲ့သည်။

အနေကြာလာသည်နှင့်အမျှ ကသည်းသူပုန်တို့က တမူးမြို့ပေါ်တွင် ကိုယ်ပိုင်အိမ်၊ ခြံ၊ မြေများ ဝယ်ယူ၍ နေထိုင်လာ ခဲ့ကြသည်။

ကသည်းသူပုန်အရာရှိများမှာ တမူးမြို့ပေါ်တွင်နေကြပြီး အောက်ခြေအဆင့်အဖွဲ့ဝင်များက တမူးမြို့နယ်ရှိ ဟဲဇင်း၊ ထုံကတပ်၊ လှည်းဆိပ်၊ နောင်သစ်နှင့် ကျေးရွာတချို့တွင် နေထိုင်လျှက်ရှိကြောင်း တမူးမြို့ခံများက ပြောဆိုသည်။

“ကသည်းသူပုန်ထဲက အရာရှိအဆင့်တွေကတော့ တမူးမြို့ပေါ်မှာနေတယ်။ မြန်မာဘက်က ဒေသခံ အမျိုးသမီးတွေကို ယူတယ်။ သူတို့နာမည်နဲ့ အိမ်ခြံမြေတွေ ဝယ်ပြီးနေတယ်။ ကျန်အဆင့်တွေကတော့ ရွာတွေမှာနေတာလည်း ရှိတယ်။ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာဆိုရင် ကသည်းတွေချည်း ဖြစ်ကုန်ပြီ။ ကသည်းရပ်ကွက်လိုမျိုးကို ဖြစ်သွားပြီ”ဟု
ကူကီးလူငယ်ကွန်ရက်ခေါင်းဆောင် တမူးမြို့ခံဖြစ်သူ ကိုဆေးဂင်က ပြောပြသည်။

မြန်မာပြည်အတွင်း ဝင်ရောက်လှုပ်ရှားနေသည့် ကသည်းလက်နက်ကိုင်များ ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ပြဿနာများကို ဆက်လက်ဖော်ပြပေးသွားမည်။

ဆက်စပ်ဖတ်ရှုရန်

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

တမူးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ

အိန္ဒိယ- မြန်မာ ပူးပေါင်း စစ်ဆင်ရေး လုပ်ဆောင်ခြင်း မရှိဟု တပ်မတော်ပြော

တပ်မတော်နှင့် အိန္ဒိယသူပုန်တို့ နယ်စပ်၌ တိုက်ပွဲဖြစ်

The post အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ appeared first on ဧရာဝတီ.

ငြိမ်းချမ်းရေး တည်ငြိမ်ရေး ပြဿနာတွေ ဖြေရှင်းဖို့ ဒီအစိုးရ လက်ထက်မှာ ပျောက်သွားတယ်

$
0
0

ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) က ကယားပြည်နယ်မှာ ရှိတဲ့ ပြည်သူတွေ အနေနဲ့ ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထက် ဒေသခံ ကယားပါတီတွေကို မဲပေးဖို့ ပြောဆိုပါတယ်။

KNPP အနေနဲ့ ကယားပါတီတွေအပေါ် ထောက်ခံရတဲ့ အကြောင်းအရင်း နဲ့ ရွေးကောက်ပွဲနောက်ပိုင်း အာဏာရလာမယ့် အစိုးရသစ်အပေါ် မျှော်လင့်ချက်တွေနဲ့ပတ်သက်လို့ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က KNPP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးနေတဲ့ ကာလမှာ ကိုယ်စားလှယ်လောင်းတွေက ကျေးရွာတွေထိ စည်းရုံးရေး ဆင်းနေတာ ဆိုတော့ အောက်ခြေတပ်ဖွဲ့တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ဘယ်လိုညွှန်ကြားထားပါသလဲ။

ဖြေ ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ပြည်သူတွေ မဲပေးနိုင်ဖို့ ရွေးကောက်ပွဲဆိုတာ အရေးကြီးတယ်ဆိုတာ ကျနော်တို့ လက်ခံတယ်။ ပြည်သူတွေ အားလုံးမဲပေးဖို့ လိုအပ်တယ်ဆိုတာလည်း ကျနော်တို့ သဘောတူတယ်။ ပွင့်ပွင့် လင်းလင်း ပြောရမယ်ဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့တော့ ကျနော်တို့ လိုလားတယ်။ ဒီအပေါ်မှာ ကျနော်တို့ နယ်မြေထဲ ကျနော်တို့ ထိန်းချုပ်တဲ့နေရာတွေထဲ သွားလာရင် တချို့ကျတော့ ကော်မရှင်တွေက သူတို့ မဲပစ္စည်းတွေ ထားတာဆိုရင် လုံခြုံရေးနဲ့သွားရတယ်။ အဲဒီလိုဆိုရင် ကျနော်တို့ကတော့ တနယ်လုံးကို ခွင့်ပြုတယ်။ ဥပမာ ကျနော်တို့ တချို့နေရာတွေက ကျနော်တို့တပ်ဖွဲ့ဝင်တွေ ရှိတယ်။ အဲဒီလိုနေရာတွေဆိုရင်တော့ ဘယ်နေ့ ဘယ်ရက်မှာ သွားမယ်။ ဘယ်လမ်းကြောင်းတွေကို သွားမယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ဘယ်လောက်နဲ့သွားမယ်ဆိုတာမျိုးကိုတော့ အကြောင်းကြားပြီး သွားပါလို့၊ ကျန်တာတော့ ကျနော်တို့ ခွင့်ပြုပါတယ်လို့ ကျနော်တို့ အောက်တိုဘာ ၁၅ ရက်ကပဲ စာထုတ်ပေးလိုက်ပါတယ်။ ကျနော်တို့မှာက ပြည်ထဲရေးနဲ့ကာကွယ်ရေးဆိုပြီး တပ်ဖွဲ့ဝင်က ၂ မျိုးရှိတယ်။ အကုန်လုံး ကိုလည်း စာဖြန့်ပါမယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကိုလည်း ကျနော်တို့ အသိပေးလိုက်ပါပြီ။

မေး ။ ။ ရွေးကောက်ပွဲကာလ အတောအတွင်းမှာ တပ်မတော်ဘက်က တပ်အင်အားတိုးလာတာ၊ စစ်ရေးလှုပ်ရှားမှု အခြေအနေရော ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ရှိပါတယ်။ ရှိတယ်ဆိုတာက နေရာမှာ အင်အားတိုးချလာတာတွေလည်း တွေ့ပါတယ်။ အကြောင်း ၂ မျိုး ရှိတယ်လို့တော့ ကျနော်တို့ သိရတယ်။ တပိုင်းကတော့ ရွေးကောက်ပွဲ ကာလ တည်ငြိမ်မှုပေါ့။ နောက်တပိုင်းကတော့ တပ်ဖွဲ့ဝင်တွေ မဲပေးနိုင်ရေးနဲ့ ဆိုင်တယ်လို့ သိရပါတယ်။ အဲဒီအပေါ် အခြေခံပြီး နယ်မြေအပေါ် တာဝန်ရှိသူတွေက ကျနော်တို့ကို အသိပေးပါတယ်။ ရွေးကောက်ပွဲ ကာလကို တည်ငြိမ်အေးချမ်းရေးနဲ့ သူတို့ မဲပေးဖို့ ဆိုတဲ့ အကြောင်း ၂ ချက် တော့ သိရပါတယ်။

တဖက်မှာ သူတို့က တရားဝင် အကြောင်းကြားထားတော့ ကျနော်တို့လည်း သူ့နေရာသူနေ၊ ကိုယ့်နေရာ ကိုယ်နေပေါ့။ လက်ရှိမှာတော့ တဖက်နဲ့ တဖက် တင်းမာစရာတော့ မရှိပါဘူး။ တဖက်ရှိတဲ့ နေရာကို တဖက်က အင်အားနဲ့ ဝင်ရောက် လာတယ် ဆိုရင်တော့ မပြောတတ်ဘူး။ အခုကတော့ သူ့နေရာ သူနေ၊ ကိုယ့်နေရာ ကိုယ်နေဆိုတော့ ပြဿနာ မရှိပါဘူး။

မေး ။ ။ ရွေးကောက်ပွဲ ကာလမှာ တပ်မတော်၊ တပ်ဖွဲ့တွေ အင်အားတိုးလာတာကို တချို့ပြည်နယ်က ကိုယ်စားလှယ် လောင်းတွေက ဝေဖန်ကြတာရှိတယ်။ ရက် ၉၀ နဲ့ မဲလက်မှတ်တွေ များလာတယ်ဆိုပြီးပေါ့။ ကယားမှာရော တပ်မတော် ဘက်က အင်အားတွေတိုးလာတယ်ဆိုတော့ ဘယ်လို သုံးသပ်ချက် တွေ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ သိရသလောက်ကတော့ မူလမဲပေးပိုင်ခွင့်ရဲ့ ၂ ဆ မြင့်တတ်လာတာကိုတော့ တွေ့ရတယ်။ ကျနော်တို့ မြင်တာကတော့ တချို့ မဲဆန္ဒနယ်တွေက လူဦးရေ နည်းပါးတယ်။ အဲဒီလို နယ်မြေတွေမှာ တစုံတရာ သက်ရောက်မှု ရှိနိုင်တယ်လို့ကျနော်တို့မြင်တယ်။ ကျနော်တို့ တွေးတော့ တွေးမိပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့က သက်ဆိုင်ရာနိုင်ငံရေးပါတီ လမ်းကြောင်း မဟုတ်တော့ ကျနော်တို့ အနေနဲ့ကတော့ ပြောဖို့ ခက်ပါတယ်။

အခုက သူတို့ တပ်မိသားစုဝင် အပါအဝင်ဆို ၅၀၀၀ ကျော် ဝန်းကျင်ထိ တိုးလာတဲ့ သဘောပါ။ နဂိုက ကျနော်တို့ ခန့်မှန်း တွက်ချက်ထားတာ ဆိုရင် ၃၀၀၀ ပတ်ဝန်းကျင်ပဲရှိတာပေါ့။ အခုက ၅၅၀၀ လောက်ထိ တိုးလာတဲ့ သဘောဖြစ်ပါတယ်။

မေး။ ။ ဒီနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့က ဒေသခံ ကိုယ့်လူမျိုးပါတီကို မဲပေးဖို့စည်းရုံး ပြောဆိုတာတွေ တွေ့ရတယ်။ KNPP အနေနဲ့ရော ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်က တိုင်းရင်းသားပါတီကို ထောက်ခံတာက တရားမျှတပါတယ်။ သူ့မှာ ထောက်ခံစရာ သူနဲ့သက်ဆိုင်တဲ့ တိုင်းရင်းသား အချင်းချင်းပဲရှိမှာပေါ့နော်။ ဒါပေမယ့် အတင်း အကြပ် လူထု ဆန္ဒမပါပဲ အတင်းအကြပ် ထည့်ပါ၊ ပြုပါတို့ကတော့ ကျနော်တို့က မလုပ်ပါဘူး။ မူအားဖြင့်ကတော့ ကျနော် တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ အတွက်ကြောင့် အားနည်းတဲ့ တိုင်းရင်းသားပါတီကို ထောက်ခံရမှာ ကျနော် တို့ရဲ့ တာဝန်ပါပဲ။

ကျနော်တို့က လက်တွေ့ အစိုးရ နှစ်ဆက်လုံးကို ဖြတ်သန်းခဲ့ရတယ်။ တကယ်အားမနာတမ်း ယှဉ်ပြောရရင် ပြီးခဲ့တဲ့ အစိုးရကတောင် ကျနော်တို့နဲ့ အဆက်အဆံ လုပ်သေးတယ်။ ဒီအစိုးရ လက်ထက်မှာ ဒီမိုကရေစီအစိုးရလည်း ပြောတယ်။ ကျနော်တို့ကိုယ်တိုင်က သူတို့ကို မဲပေးပါ။ သူတို့ အနိုင်ရသင့်တယ်ဆိုပြီး ဝန်းရံပေးခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ကို လှည့် မကြည့်ဘူးဗျ။ ပစ်ထားခဲ့တယ်။

အဲဒီတော့ ကျနော်တို့က အားမနာတမ်းဝေဖန်ရရင် ပြီးခဲ့တဲ့ အစိုးရလောက်တောင် အဆင် မပြေဘူး ဒီအစိုးရကလေ။ ဒါကတော့ နိုင်ငံရေးအရ အားနာစရာမလိုဘူး။ တည့်တည့်ပြောရမယ့် ကိစ္စပေါ့။ ဒါ့ကြောင့် နောင်လာမယ့် အစိုးရကတော့ ကျနော်တို့နဲ့ဆက်ဆံရေး အဆင်ပြေတဲ့ တိုင်းရင်းသားပါတီတွေ အားကောင်းကောင်းနဲ့ ပါလာနိုင်တဲ့ အခြေအနေကို ကျနော်တို့ လိုချင်တယ်။ ဒါမှလည်း ငြိမ်းချမ်းရေးက ပိုပြီး လက်တွေ့ ကျလာမယ်။ ဒီအစိုးရနဲ့ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးက နောက်ဆုတ်သွားစရာပဲရှိတယ်။ ရှေ့ဆက်တိုးစရာလည်းမရှိဘူး။

မေး။ ။ ဒါနဲ့ တဆက်တည်း မေးချင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ချုပ်ဆိုဖို့ လာမယ့် အစိုးရသစ်မှာ ညှိနှိုင်းကြမယ်ဆိုရင် KNPP က ဘယ်လိုအခြေအနေ၊ ညှိနှိုင်းမှုကို လိုချင်တာပါလဲ။

ဖြေ ။ ။ NCA မှာ အဓိက ကျနော်တို့ ထောက်ပြနေတဲ့ အပိုင်းက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလို့ ပြောတဲ့ အတွက် တကယ်လက်နက်ကိုင်ထားတဲ့ လူတွေနဲ့ တကယ်ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်မယ့် အင်အားစုတွေ ပါဖို့ လိုပါတယ်။ အခု သွားနေတဲ့ အုပ်စုတွေက လက်နက်ကိုင်အင်အားကို ရာခိုင်နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် အခု လက်မှတ်ထိုးထားတဲ့ အဖွဲ့က ၃၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ တကယ်တမ်း လက်နက်ကိုင်ထားပြီး အပြင်မှာ ကျန်ခဲ့တာက ၇၀ ရာခိုင်နှုန်း လောက် ရှိတယ်။ ဒီလူတွေနဲ့ သေချာ မညှိမနှိုင်းဘဲနဲ့ ရသလောက်နဲ့ သွားမယ်ဆိုရင် ဘယ်လိုှမှ မဖြစ်နိုင်ဘူး။

ကျနော်တို့ တောက်လျှောက် ပြောလာခဲ့တယ်။ အားလုံး သေသေချာချာ ညှိညှိနှိုင်းနှိုင်းနဲ့ အတူတကွ သွားရအောင်၊ အားလုံး ပါဝင်ရေးကို ကြိုးစားပြီး ညှိပါ။ နောက်တခုက တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးတယ်ဆိုတာက နိုင်ငံရေး အရ မျှော်လင့်ချက် ကြီးကြီးမားမား ထားပြီးတော့ နိုင်ငံရေးအကူးအပြောင်းအတွက် ပါဝင်ဆောင်ရွက်နိုင်မယ် ဆိုပြီး လက်မှတ်ထိုးကြရမှာပါ။ တကယ်တမ်း ပြောရင် အခု လက်မှတ် ထိုးထားတဲ့ ၁၀ ဖွဲ့နဲ့ လုပ်နေကိုင်နေတဲ့ ကိစ္စတွေကလည်း ဘာမှ ကျေနပ်အားရ လောက်စရာ ဖြစ်မလာဘူး။ အချို့စည်းကမ်းချက်တွေကိုလည်း တကယ် မလိုက်နာနိုင်ကြဘူး။ သေချာ ပြန်ညှိကြဖို့ လိုပါတယ်။

နောက်တက်လာမယ့် အစိုးရလက်ထက်မှာ တပ်ရော အစိုးရရော တိုင်းရင်းသားလက်နက်ကိုင်ရော ပြန်ပြီးတော့မှ သေချာ လိုက်နာနိုင်မယ့် အခင်းအကျင်း၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့ အခါမှာလည်း ပိုပြီး လက်တွေ့ကျအောင် စနစ်တကျ ပိုဖြစ်အောင် နိုင်ငံရေးမူဘောင်တွေ ရေးဆွဲဖို့ ဒါတွေကို ပြင်ရဦးမယ်။ ကျနော်တို့က ဒါကို ကြည့်ဖို့ လိုသေးတယ်။ ကျနော်တို့ ပြည်နယ်မှာ ဖြေရှင်းလို့ မပြီးသေးတဲ့ ပြဿနာတွေ ရှိသေးတယ်။ ဒါတွေလည်း ဖြေရှင်းဖို့ လိုတယ်။ အားလုံးပြေလည်မှပဲပေါ့။ ကျနော်တို့က မျှော်လင့်ချက်လေး တစုံတရာ တပိုင်းတစလေးနဲ့ လက်မှတ် ထိုးတာမျိုး မဟုတ်ဘဲ အားလုံးစိတ်ကျေနပ်မှု ရှိရှိနဲ့ ပြည်သူလူထု ထောက်ခံမှုနဲ့ လိုအပ်တဲ့ အခင်းအကျင်းတွေ ပြင်ဆင်ပြီး ပြောကြဆိုကြ လုပ်ကြကိုင်ကြတဲ့ အဆင့်ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မေး။ ။ ပြည်နယ်မှာ ဖြေရှင်းလို့ မပြီးသေးတဲ့ ပြဿနာတွေဆိုတာက ဘယ်အကြောင်းအရာတွေကို ဆိုလိုတာပါလဲ။

ဖြေ။ ။ ကျနော်တို့ ရဲဘော်တွေ အသတ်ခံလိုက်ရတဲ့ ကိစ္စပါ။ အခုထိ ဟိုကရှင်းမလို ဒီက ရှင်းမလိုနဲ့ ဟိုရွှေ့ ဒီရွှေ့နဲ့ လုပ်နေတာတွေက အခုထိကို မရှင်းရသေးဘူး။ အဲဒီလို ကိစ္စမျိုးတွေ နောက်တခုက တောင်သူလယ်သမားနဲ့ တပ်နဲ့ အမှု ရင်ဆိုင်နေရတဲ့ ကိစ္စတွေပါ။ ဒါတွေက ကျနော်တို့ကတော့ လူထုဘက်ကနေပဲ ကြည့်ရမယ်။ လူထုက တောက်လျှောက် ဖိနှိပ်ခံနေရရင် ကျနော်တို့က ငြိမ်းချမ်းရေးပါတယ်ဆိုတဲ့ ပုံစံနဲ့ ဘယ်လို လက်မှတ်ထိုးမှာလဲ။

အလားတူအရင်တုန်းက အစိုးရနဲ့ လူငယ်တွေ အရပ်ဘက်အဖွဲ့အစည်းတွေ လူထုကြားမှာ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စ တွေက ပြေပြေလည်လည်နဲ့ ပြီးသွားတာတွေ မဟုတ်ဘူး။ တဖက်သတ် သြဇာအာဏာနဲ့ ဖိနှိပ်လိုက်ပြီး ကန့်ကွက်တာ တွေကို ရပ်ဆိုင်းအောင် လုပ်လိုက်တဲ့ သဘောပဲ ရှိတယ်။ ကျေကျေနပ်နပ်နဲ့ ပြီးလိုက်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ အလား တူ တခြားပြဿနာတွေ လည်း ရှိတယ်။ ဒီလိုကိစ္စတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြည်နယ်မှာ ရှိတဲ့ လူထုက တအုံ့ နွေးနွေးနဲ့ ဖြစ်နေတယ်။ ကျနော်တို့ ပြည်နယ်မှာဆိုရင် NLD ကိုထောက်ခံမှု ကျဆင်းလာတာက ဒါတွေရဲ့ ရလာဒ်ပါပဲ။

မေး ။ ။ တကယ်လို့ အစိုးရသစ် လက်ထက်မှာ အခုပြောတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ်ဆိုရင် KNPP က NCA ထိုးမှာလား။ ဒါမှမဟုတ် မြောက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေ တောင်းဆိုသလို အပစ်ရပ်စာချုပ်သစ် တခုကိုရော မျှော်လင့်တာရှိပါသလား။

ဖြေ။ ။ ကျနော်တို့က နှစ်ပိုင်းခွဲပြီး စဉ်းစားပါတယ်။ တဖက်က ပြည်နယ်မှာ ရှိတဲ့ ပြဿနာတွေ ပြေလည်ဖို့ လိုသလို နောက်တပိုင်းကတော့ ပိုပြီး ပုံရိပ်ချဲ့ကြည့်မယ်ဆိုရင် အားလုံးပါဖို့ လိုတယ် ဆိုတဲ့ နေရာမှာလည်း ကျနော်တို့ လက်နက် ကိုင် အင်အားစုတွေ ကြားမှာလည်း ဘုံရည်မှန်းချက် အကြီးကြီးမှာ တူပေမယ့် သွားပုံသွားနည်း၊ လုပ်ထုံးလုပ်နည်းတွေကတော့ ကွဲတာရှိပါတယ်။ အဲဒါတွေအပေါ်မှာ တဖက်မှာလည်း မြောက်ပိုင်းအဖွဲ့တွေ စာချုပ်အသစ် သဘော တင်ပြပေမယ့် ဒါက သူတို့ အယူအဆ၊ သူတို့ အခြေအနေနဲ့ ကိုက်ညီတာမျိုးပေါ့။ ဝတို့ မိုင်းလားတို့လည်း ပါတာကိုး။ ကျနော်တို့ကျတော့ NCA စာချုပ်ကို ညှိတုန်းကလည်း ကျနော်တို့ ပါတယ်။ ၂၀၁၅ အထိ ကျနော်တို့ ဝင်ညှိခဲ့တယ်။

NCA စာချုပ်က အထဲမှာ ရေးထားတဲ့ ဖော်ပြထားတဲ့ အပိုဒ်တွေကို တကယ်ပဲ နှစ်ဦးနှစ်ဖက်က ကျေကျေလည်လည်နဲ့ စေတနာ ကောင်းကောင်းနဲ့ အဓိပ္ဗာယ်ကို အတူတကွ ဖွင့်ဆိုမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိဘူး။ အလုပ်ဖြစ်တယ်။ ဒါပေမယ့် စာချုပ်ပါ အချက်အလက်တွေကို ကိုယ့်ဘာသာကိုယ် အဓိပ္ပာယ်ဖွင့်ပြီး ကိုယ့်စည်းကမ်းချက်တွေ ကိုယ်ဖွင့်တော့ စာချုပ် ပေါ်မှာ လက်မှတ်ထိုးပေမယ့် ပြန်ညှိလို့မရတဲ့ ပြဿနာတွေ ဖြစ်ကြတယ်။

မြောက်ပိုင်းအဖွဲ့ကတော့ သူလိုအပ်လို့ တင်ပြတယ်ဆိုပေမယ့် နောက်ပိုင်းမှာ စာချုပ်သစ်နဲ့ ပတ်သတ်လို့ တင်ပြတဲ့ အပေါ်မှာ နောက်ပိုင်းမှာတော့ တွန်းတွန်းတိုက်တိုက် မတွေ့ရဘူးပေါ့။ ကျနော်တို့ကတော့ NCA စာချုပ်မှာ အထဲမှာ ရေးတာက လူတိုင်းက စေတနာနဲ့ သေချာစဉ်းစားပြီး တကယ်လုပ်ရင် အဲ့စာချုပ်က အလုပ်ဖြစ်တယ်။ ပြဿနာက ကိုယ်လိုရာ အဓိပ္ပာယ်ဖွင့်ပြီး လိုသလို ဆုံးဖြတ်နေကြလို့ ဖြစ်ပါတယ်။

မေး။ ။ ရွေးကောက်ပွဲပြီးနောက် အာဏာရလာမယ့် အစိုးရသစ်ကို တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ဘာတွေအကြံပြုချင်ပါသလဲ။

ဖြေ။ ။ NCA စာချုပ်မှာ မှားခဲ့တဲ့ အမှားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေး တည်ဆောက်တဲ့ နေရာမှာ ပြည်ထောင်စုအစိုးရရဲ့အခန်းကဏ္ဍ ပျောက်နေတယ်။ တခါတလေ ပြည်ထောင်စု ညီလာခံ ဆိုတာက ၆ လ ၁ ကြိမ် ပြောပေမယ့် ၁ နှစ်မှ ၁ ကြိမ်တို့ ကြာသွားတယ်။ ကြားထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ဆိုတာ ပြည်နယ် အလိုက် အခြေစိုက်ကြတာ။ ပြည်နယ်မှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ကြတော့ ပြည်နယ် အစိုးရရဲ့ mandate က အဲဒီလောက် မရှိဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက နမူနာယူစရာ ကောင်းတဲ့ ဥပမာက ပြည်ထောင်စု ဝန်ကြီးတွေကို Focal Person တွေနဲ့ ချိတ်ထားပေးတာ။ တဖွဲ့ချင်းက ဖြစ်တဲ့ပြဿနာတွေကို ပြောလို့ရတယ်။

ပြည်ထောင်စုအစိုးရကလည်း လှိုက်လှိုက်လှဲလှဲ ဝင်ပြီး ဖြေရှင်းကူတယ်။ ဒီအစိုးရကျတော့ ပြည်နယ်မှာလည်း လုပ်ပိုင်ခွင့် မပေးထားဘူး။ ပြည်ထောင်စုအစိုးရကလည်း သူနဲ့ မဆိုင်သလိုနေတယ်။ ပါဝါကလည်း အရမ်းကို ဗဟိုချုပ်ကိုင်မှု ဖြစ် တယ်။ တဦးတယောက်ကပဲ ပါဝါကို ကိုင်ထားတော့ အလယ်အလတ်မှာ ရှိတဲ့ အဆင့်ပေါ့၊ အလယ်အလတ်ဆိုတာ ပြည်ထောင်စုအဆင့်ကို ပြောတာ ဖြစ်ပါတယ်။ သူတို့က ဖြေရှင်းရမယ့် ပြဿနာတွေ ငြိမ်းချမ်းရေး ညီလာခံ မတိုင်ခင် စပ်ကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ ပြည်နယ်မှာ ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် ပြဿနာတွေ ဖြေရှင်းဖို့က ဒီအစိုးရ လက်ထက်မှာ ပျောက်သွားတယ်။

အဓိက ဘာ့ကြောင့်လဲ ဆိုတော့ NLD အစိုးရက တိုင်းရင်းသားတွေနဲ့ မဆက်ဆံလို့ပဲ။ NRPC က လူလောက်နဲ့ပဲ ဆက်ဆံတော့ တဖက်မှာ ပြည်နယ်တွေရဲ့ စီမံခန့်ခွဲဖို့ ကိစ္စတွေက ပြည်ထောင်စုနဲ့ တိုက်ရိုက် ဖြေရှင်းရမယ့် ကိစ္စတွေ ပြည်ထောင်စုကနေ ပြည်နယ်ကို ဆင်းပြီးတော့ ဝန်ကြီးဌာနဆိုင်ရာ အလိုက် စီမံခန့်ခွဲရမယ့် ကိစ္စတွေ ဌာနဆိုင်ရာ အရေးတွေပေါ့။ ဒီအခန်းကဏ္ဍတွေက လုံးဝ ပျောက်နေတယ်။

လာမယ့် အစိုးရသစ်မှာ တကယ်လို့ တိုင်းရင်းသားပါတီ တွေက ပြည်ထောင်စု အစိုးရ ၊ ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်လာတဲ့ အနေအထားရှိရင် တိုင်းရင်းသားလက်နက်ကိုင်နဲ့ တိုင်းရင်းသားတွေက ပြည်ထောင်စုအဆင့် ပဲဖြစ်ဖြစ် လွှတ်တော်ကပဲ ဖြစ်ဖြစ် ဆက်ဆံရေးက ပိုကောင်းမွန် နိုင်တယ်လို့ ကျနော်မြင်တယ်။ အာဏာရပါတီတခုကနေပြီး စီမံခန့်ခွဲတာထက်စာရင် အားလုံးပေါင်းလို့ သင်းလို့ရတဲ့ ညွှန့်ပေါင်းအစိုးရ လိုမျိုး၊ တိုင်းရင်းသားပါတီတွေရော ပြည်မပါတီရော အချိုးကျစွာ ဖွဲ့ထားပြီးတော့ အထူးသဖြင့် တိုင်းရင်းသားတွေ အရေးကို တန်ဖိုးထားပြီး ပြည်ထောင်စုအဆင့်နဲ့ သေချာ ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးကို သေချာ အကောင်အထည်ဖော်တဲ့ အစိုးရကိုပဲ ကျနော်တို့ လိုချင်ပါတယ်။

You may also like these stories:

ရခိုင်၌ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်များ မထုတ်ပြန်သေးခြင်း ကိုယ်စားလှယ်လောင်းများ ဝေဖန်

“ပြည်သူတွေဟာ ဘယ်သူ့မှ ကြောက်စရာ မလိုတော့ဘူး”

တောင်ကုတ်ကိုယ်စားလှယ်လောင်းများ အဖမ်းခံရမှုအပေါ် အမြင်များ

The post ငြိမ်းချမ်းရေး တည်ငြိမ်ရေး ပြဿနာတွေ ဖြေရှင်းဖို့ ဒီအစိုးရ လက်ထက်မှာ ပျောက်သွားတယ် appeared first on ဧရာဝတီ.

YouTube ပေါ်ကနေ COVID-19 နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ဖြုတ်ချမည်

$
0
0

YouTube ပေါ်ကနေ COVID-19 ကာကွယ်ဆေး သတင်းအမှား ဗီဒီယိုတွေကို ဖြုတ်ချတော့မယ်လို့ ဆိုပါတယ်။ ကမ္ဘာတလွှား ကူးစက်နေတဲ့ ကပ်ရောဂါကြီးနဲ့ ပတ်သက်တဲ့ သတင်းမှား၊ အတုအယောင်တွေကို ဖြုတ်ချဖို့အတွက် YouTube ဟာ သူတို့ရဲ့ မူဝါဒအသစ်တွေကို တိုးမြင့်လိုက်ပါတယ်။

အသစ်ပြင်ဆင် မွမ်းမံလိုက်တဲ့ မူဝါဒအသစ်တွေကြောင့် COVID-19 နဲ့ ပတ်သက်တဲ့ အထူးသဖြင့် ကာကွယ်ဆေး အတုအယောင်တွေ၊ အချက်အလက် မှားယွင်းနေတာတွေကို YouTube ပေါ်ကနေ ဖြုတ်ချသွားတော့မှာပါ။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ဆေးတွေနဲ့ ပတ်သက်ပြီး အွန်လိုင်း ပလက်ဖောင်းတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းမှားတွေနဲ့ အတုအယောင် အချက်အလက်တွေကို ဖယ်ရှားမယ့် ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။

Google ပိုင် ဗီဒီယိုတွေဝေမျှပေးနေတဲ့ ဝန်ဆောင်မှုတခုဖြစ်တဲ့ YouTube ဟာ ပြန့်ကားလာတဲ့ ဆေးပညာဆိုင်ရာ သတင်းအမှားတွေကို အထူးသဖြင့် COVID-19 ကပ်ရောဂါ ကာလအတွင်းမှာ ကုသဆေး၊ ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သတင်းအမှား ဗီဒီယိုတွေကို ဖယ်ရှားမယ့် မူဝါဒအသစ်ကို ချမှတ်လိုက်တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ဒါမှမဟုတ် ဒေသဆိုင်ရာ ကျန်းမာရေး တာဝန်ရှိသူတွေ ပြောဆိုရေးသားထားတာတွေနဲ့ ဆန့်ကျင်တဲ့ စကားလုံး၊ စကားရပ်တွေ ပါဝင်နေရင် ဖြုတ်ချသွားမှာပါ။ လူတွေကို အမှန်တကယ် ထိရောက်မယ့် ကာကွယ်ဆေးနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုတော့ ပူးပေါင်း ပါဝင်ပေးသွားမှာဖြစ်တယ်လို့ YouTube က ဆိုပါတယ်။

မှန်ကန်တဲ့ အချက်အလက်တွေ မဟုတ်ဘဲ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကြည့်ရှုသူတွေကို ဥပမာ- ကာကွယ်ဆေးတွေက လူတွေကို အသက်အန္တရာယ်ရှိစေတယ်၊ ကာကွယ်ဆေးထဲကနေ ခန္ဓာကိုယ်ထဲ ရောက်အောင် Microchips တွေကိုပါ ထည့်ပေးလိုက်တာ စတဲ့ အထင်မှားစေမယ့် စကားလုံးတွေ ပါလာရင် ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

YouTube ပေါ်ကနေ သက်သေအခိုင်အမာမရှိတဲ့ ပြောဆိုချက်တွေနဲ့ အခြေအမြစ်မရှိတဲ့ ကုသဆေးအကြောင်းအရာပါ COVID-19 သတင်းအမှားတွေကို ဖေဖော်ဝါရီလကစလို့ ဗီဒီယိုပေါင်း ၂ သိန်းကျော် ဖြုတ်ချခဲ့ပြီးပြီလို့ ဆိုပါတယ်။

သတင်းအမှားတွေနဲ့ ပတ်သက်ပြီး Facebook ကလည်း သတင်းအချက်အလက် အမှားတွေ ပါဝင်တဲ့ ကြော်ငြာတွေကို စာမျက်နှာပေါ်ကနေ ဖြုတ်ချသွားမယ်လို့ အောက်တိုဘာ ၁၃ ရက်က ပြောကြားလိုက်ပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေဟာ ဆေးဝါးအတု ကြော်ငြာတွေကနေ အကျိုးမြတ်ရနေတယ်ဆိုပြီး စွပ်စွဲခံရလေ့ ရှိပါတယ်။

Ref: Bangkok Post

You may also like these stories:

Apple ကနေ 5G network သုံး iPhone 12 မိတ်ဆက်

ဆမ်ဆောင်း ကုမ္ပဏီရဲ့ အမြတ်ငွေ ၆၀ ရာခိုင်နှုန်းနီပါး မြင့်တက်

ဝန်ထမ်းတွေအစား AI စက်ရုပ် အသုံးပြုနေတဲ့ တောင်ကိုရီးယား ဘာဂါဆိုင်

The post YouTube ပေါ်ကနေ COVID-19 နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ဖြုတ်ချမည် appeared first on ဧရာဝတီ.

The Voice ပြိုင်ပွဲဝင်ချိန်မှာ အားသာချက်၊ အားနည်းချက် သိခဲ့ရတဲ့ ရန်မျိုး

$
0
0

The Voice Myanmar Season 3 သီချင်းဆို ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ရန်မျိုးက ပြိုင်ပွဲဝင်ချိန်မှာ အားနည်းချက်၊ အားသာချက်တွေ တွေ့လာရတယ်လို့ ဆိုပါတယ်။

“The Voice နဲ့ ပတ်သက်ပြီး ဘယ်လိုမှ ခံစားချက် မရှိဘူး။ သူက သူ့ဘာသာသူ ရှိပြီးသား Program တခု၊ ကျနော်က သွားပါဝင်တာ။ The Voice က The Voice သူ့ဘာသာ ပြိုင်ပွဲတခု၊ ကျနော်တို့က ကိုယ့်မှာ ဘဝတခု ရှိတယ်။ The Voice မှာ ကျနော်တို့ ဘဝတွေ မရှိပါဘူး။ ပြိုင်ချင်တဲ့သူတွေက ပြိုင်တာ ကောင်းပါတယ်။ အတွေ့အကြုံတွေ ရတယ်။ အခွင့်အလမ်းတွေ အများကြီး ရပါတယ်”

The Voice Myanmar Season 3 ပြိုင်ပွဲဝင် ရန်မျိုး (ဓာတ်ပုံ – The Voice Myanmar)

“ပြိုင်ပွဲဝင်စရာ မလိုဘဲ အနုပညာ လျှောက်လှမ်းမယ့်သူဆိုရင်တော့ ပြိုင်ပွဲမဝင်စေချင်ပါဘူး။ ကျနော် ပြိုင်ပွဲဝင်တော့ ကျနော် အားနည်းချက်၊ အားသာချက်တွေကို တွေ့လာရတယ်။ အဲ့အချက်တွေကို ပြင်ဆင်လို့ ရတယ်။ အားသာချက်တွေကို ဆက်ထိန်းထားလို့ရတာပေါ့”လို့ ရန်မျိုးက ပြောပါတယ်။

စီနီယာ အဆိုတော်တွေဆီကလည်း ယူသင့်ယူထိုက်တဲ့ ပညာတွေ ယူတယ်လို့ ရန်မျိုးက ဆိုပါတယ်။

“ကျနော် ပထမခွေ ထွက်သေးတယ်။ ဒီသီချင်းကို ဒီလိုလုပ်ပါလား၊ ဟိုလိုလုပ်ပါလားနဲ့ တကယ်တမ်းလုပ်ရတော့ ကျနော် လုပ်ရတာ။ ကိုယ်လုပ်တာ ကိုယ်ပဲ တန်ပြန်သက်ရောက်တာဆိုတော့ လူတွေကတော့ အမျိုးမျိုး၊ ကောင်းတဲ့ဘက်ကလည်း ပေးနိုင်တယ်။ ဆိုးတဲ့ဘက်ကလည်း ပေးနိုင်တယ်။ ကျနော်ကတော့ စီနီယာအနုပညာရှင်တွေဆီက ယူသင့်ယူထိုက်တာတွေကို ယူရတာပေါ့”လို့ ရန်မျိုးက ပြောပါတယ်။

သီချင်းဆိုတာအပြင် သီချင်းတွေလည်း ကိုယ်တိုင်ရေးတဲ့ ရန်မျိုးက သီချင်းရေးရင် Message တခု ပါအောင်ရေးတယ်လို့ ဆိုပါတယ်။

“ဒီနေ့စမယ်” တေးစီးရီး ထွက်ရှိခဲ့တဲ့ ရန်မျိုး (ဓာတ်ပုံ – Yan Myo’s Facebook)

“ဂီတနဲ့ ပတ်သက်ပြီး တီးလို့ ရသလောက် တီးပါမယ်။ ဆိုလို့ရသလောက်တွေ ဆိုနေပါမယ်။ သီချင်းလည်း ရေးတတ်တယ်ဆိုတော့ ဂီတနဲ့ ပတ်သက်တာတွေကိုတော့ အမြဲလုပ်နေမှာပါ။ အရင်ကလည်း လုပ်ခဲ့တယ်။ အခုလည်း လုပ်နေတယ်။ နောက်ထပ်လည်း လုပ်ဦးမှာပါ”

“ကျနော် ချပြလိုက်တာကို ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် ကျနော် လုပ်သမျှကို ပရိသတ်က ကြိုက်နိုင်တာ ရှိသလို မကြိုက်နိုင်တာလည်း ရှိမှာပါ။ ကျနော် သီချင်းရေးတယ်ဆိုရင် Message တခု ပါအောင်ရေးပါတယ်။ ကျနော့် သီချင်းကြောင့် စိတ်ခွန်အားရတာပဲဖြစ်စေ၊ နားထောင်ပြီး ပျော်ရွှင်သွားတာပဲ ဖြစ်စေ အဲ့လိုတွေ ခံစားရအောင် ကျနော် ရေးပါတယ်”လို့ ရန်မျိုးက ပြောပါတယ်။

ရန်မျိုးကတော့ The Voice Myanmar အစီအစဉ် မပြိုင်ခင်ကတည်းက ဂီတလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းလာခဲ့ပြီး “ဒီနေ့စမယ်” ဆိုတဲ့ တေးစီးရီး ထွက်ရှိခဲ့သူ ဖြစ်ပါတယ်။

You may also like these stories:

Asian Academy Creative Awards မှာ “သူစိမ်းအိမ်” ရုပ်ရှင် ဆု ၃ ဆု ရွေးချယ်ခံရ

ဂျက်ကီချန်းရဲ့ “Vanguard” ရုပ်ရှင် တရုတ်နိုင်ငံမှာ အခြေမလှဖြစ်နေ

အိန္ဒိယနိုင်ငံမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ပြီ

The post The Voice ပြိုင်ပွဲဝင်ချိန်မှာ အားသာချက်၊ အားနည်းချက် သိခဲ့ရတဲ့ ရန်မျိုး appeared first on ဧရာဝတီ.

“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ညတိုင်း မေတ္တာပို့ပါတယ်” ဆိုတဲ့ ဆင်မ

$
0
0

မကြာခင် ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံသား တယောက်အနေနဲ့ အခွင့်အရေး မဆုံးရှုံးဖို့ မဲရုံကို မဲသွားပေးကြပါလို့ သရုပ်ဆောင် ဆင်မက ပြောပါတယ်။

“နိုင်ငံသားတယောက်အနေနဲ့ အခွင့်အရေး မဆုံးရှုံးဖို့ မဲရုံကို မဲသွားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ မဲစာရင်း ပါ၊ မပါလည်း စစ်ပေးကြပါ။ နာမည်တွေ မှန်တယ်၊ အလွဲအမှားတွေ မှန်တယ်ဆိုရင် လူတိုင်းမှာ ဖုန်းတွေ ရှိနေတာ ဓာတ်ပုံ ရိုက်လိုက်ပါ။ မဲပေးမယ့်နေ့ အဲ့နံပါတ်လေး ကြည့်ရင် ချက်ချင်းတွေ့တော့ အချိန်ကြန့်ကြာမှု မဖြစ်တော့ဘူးပေါ့။ ၈ ရက်နေ့မှာ မိမိကြိုက်သော ပါတီကို လွတ်လပ်စွာ မဲပေးကြပါ။ မဲကိုလည်း အမှားအယွင်း ရှိ၊ မရှိ သေချာ စစ်ဆေးပါ”လို့ ဆင်မက ပြောပါတယ်။

ကိုဗစ်ကာလမှာ မဲပေးရမှာ ဖြစ်တာကြောင့် မဲရုံတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သေချာအောင် စီစဉ်ထားသလို ရောဂါမပြန့်ပွားအောင်လည်း တဦးနဲ့တဦး ခပ်ခွာခွာနေဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“ကိုဗစ်ကာလမှာ မဲရုံကို သွားပေးရမှာလည်း လန့်တယ်ပေါ့။ အဲ့အတွက်လည်း နိုင်ငံတော်က ရွေးကောက်ပွဲ ကော်မရှင်နဲ့ တိုင်ပင်ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သေချာအောင် စီစဉ်ထားပါတယ်။ အဲ့အတွက်လည်း သူတို့ ပြင်ဆင်နေကြပါပြီ။ မဲရုံကိုသွားရင် တယောက်နဲ့ တယောက် ၆ ပေ ခွာပြီး အန္တရာယ်ကင်းအောင် အတတ်နိုင်ဆုံး ရောဂါပိုးမွှား မပြန့်ပွားအောင် ဆောင်ရွက်ထားကြပါတယ်။ မဖြစ်မနေ နိုဝင်ဘာ ၈ ရက်နေ့ကို မဲသွားပေးကြပါ”လို့ သရုပ်ဆောင် ဆင်မက ပြောပါတယ်။

အသက်ပြည့်တဲ့ လူငယ်တွေကိုလည်း ၅ နှစ်မှာ တကြိမ်သာ ကြုံရတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် မဖြစ်မနေ မဲပေးကြဖို့လည်း ဆင်မက တိုက်တွန်းထားပါတယ်။

သရုပ်ဆောင် ဆင်မ (ဓာတ်ပုံ – Sin Ma’s Facebook)

“၂၀၁၅ တုန်းက အသက်မပြည့်လို့ မဲမပေးလိုက်ရတဲ့ ကလေးတွေ ရှိတယ်။ အခု အသက်ပြည့်လို့ မဲပေးမယ့် လူငယ်တွေလည်း မိမိ ယုံကြည်ရာ၊ မိမိ ကြိုက်နှစ်သက်တဲ့ ပါတီကို မဖြစ်မနေ မဲပေးစေချင်ပါတယ်။ နိုင်ငံသားတယောက် တာဝန်ကျေဖို့ကလည်း မဲပေးရမှာပါ။ ၅ နှစ်မှ တကြိမ်ပဲ ကြုံရတာပါ။ ငါတို့ကတော့ မဲမပေးလည်း ဘာဖြစ်မှာလဲကွာ အေးဆေးပါပဲဆိုတဲ့ အတွေးတွေ မတွေးပါနဲ့”လို့ ဆင်မက ပြောပါတယ်။

ဆက်လက်ပြီး ဆင်မက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ မမြင်ဖူးတာကြောင့် မြင်ဖူးချင်တယ်လို့ ပြောပါတယ်။

“အမေစုကို အပြင်မှာ တခါမှ မမြင်ဖူးဘူး။ မြင်ဖူးချင်တယ်။ ၂၀၁၅ တုန်းက ကားရိုက်သွားနေတော့ အမေစုခြံကို အနုပညာရှင်တွေ ခေါ်တာ မသွားလိုက်မိဘူး။ ခေါ်တော့လည်း မသွားဘူး။ သွားရမှာ ကျနော် ရှက်လို့ မသွားတော့ မတွေ့လိုက်ရဘူး။ နောက်တော့ မြင်ဖူးမှာပါ။ ကျနော်တို့က အပြင်မှာ မမြင်ဖူးလည်း အမေ့ စိတ်ဓာတ်က ချစ်ဖို့ကောင်းပါတယ်။ ကျနော်လည်း ညတိုင်း အမေ့ကို မေတ္တာပို့ပေးပါတယ်”

“ကျနော့် မိခင်ကြီးကလည်း အသက် ၈၀ ကျော်ပြီ။ ကျနော့် အမေကို မေတ္တာပို့သလို နိုင်ငံတော်မိခင်ကြီးကိုလည်း ညတိုင်း မေတ္တာ ပို့ပါတယ်။ အမေ ကျန်းမာမှ ဖြစ်မှာ။ အမေ လုပ်ချင်တာတွေ မပြည့်စုံသေးဘူး။ ကျနော်တို့လည်း ပြည့်ပြည့်ဝဝ ဒီမိုကရေစီ ခံစားဖူးချင်သေးတယ်။ ကျနော်တို့ ကံကောင်းတယ်ပဲ ပြောချင်တယ်။ ကျနော်တို့ မင်းကောင်းမင်းမြတ်နဲ့ ဆုံဖူးသွားပြီ”လို့ ဆင်မက ပြောပါတယ်။

သရုပ်ဆောင် ဆင်မကတော့ မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ပို့ သရုပ်ဆောင် အနေနဲ့ သရုပ်ဆောင်နေသူ ဖြစ်ပြီး မကြာသေးခင်ကလည်း ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ မိုက်တီးနဲ့ ဒါရိုက်တာ သြရသတို့ ရိုက်ကူးထားတဲ့ NLD အောင်နိုင်ရေး ဇာတ်ကားမှာ ပါဝင်ထားသူ ဖြစ်ပါတယ်။

You may also like these stories:

အကယ်ဒမီပွဲကို အွန်လိုင်းကနေ လုပ်ဖို့ အကြံပေးထားတဲ့ ကျော်သူ

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်း ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ ထွန်းထွန်း

အနုပညာလောကနဲ့ ၁၁ နှစ်ကျော်ကြာ ဝေးကွာခဲ့တဲ့ မင်းထက်ကျော်ဇင်

The post “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ညတိုင်း မေတ္တာပို့ပါတယ်” ဆိုတဲ့ ဆင်မ appeared first on ဧရာဝတီ.

Viewing all 26733 articles
Browse latest View live