Quantcast
Channel: ဧရာဝတီ
Viewing all 26733 articles
Browse latest View live

ဝေဘာဂီမှာ စေတနာ့ဝန်ထမ်း လုပ်ကိုင်နေတဲ့ အဆိုတော် ဒေးဗစ်လိုင်နဲ့ မေးမြန်းခြင်း

$
0
0

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုဗစ် ဒုတိယလှိုင်းဟာ ပထမလှိုင်းထက် ပိုးတွေ့ လူနာ ပိုများတာကြောင့် ဆေးရုံများ၊ Quarantine စင်တာများနဲ့ ကိုဗစ် ကုသရေးစင်တာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေ အများအပြား လိုအပ်လျက်ရှိပါတယ်။ အနုပညာရှင် အချို့ကလည်း ကိုဗစ်ကာလမှာ Volunteer များအဖြစ် ပါဝင်လုပ်ကိုင်ကြတာ တွေ့ရပါတယ်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံကြီးမှာ စေတနာ့ဝန်ထမ်းအဖြစ် COVID-19 Positive လူနာတွေရဲ့ ဝေယျာဝစ္စတွေ လုပ်ကိုင်ပေးနေတဲ့ အဆိုတော် ဒေးဗစ်လိုင်ကို စေတနာ့ဝန်ထမ်း လုပ်ဖြစ်ပုံ၊ အတွေ့အကြုံများနဲ့ အခက်အခဲများအကြောင်း ဧရာဝတီ သတင်းဌာနမှ ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ဝေဘာဂီဆေးရုံမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။ အခုဆိုရင် ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ ။ အခု လုပ်နေတာ ၃ ပတ် ရှိပြီ။ အတွေ့အကြုံကတော့ အများကြီး ရပါတယ်။ ကျန်းမာရေး Volunteer ပေါ့။ ကျန်းမာရေး အသိပညာတွေ အများကြီး ရပါတယ်။ ပြီးတော့ ကိုယ်မလုပ်ဖူးတဲ့ အရာတွေ အများကြီး လုပ်ဖြစ်သွားတယ်။ ၃ ပတ်ဆိုတဲ့ အတောအတွင်းမှာ ကျနော် တသက်လုံးမှာ မလုပ်ဖူးတဲ့ PPE ဝတ်စုံဝတ်တာတို့က ကျနော့်အတွက် အသစ်ကြီးပေါ့။ တကယ်လို့သာ နောက်အခြေအနေ ကြုံကြိုက်ရင်လည်း လုပ်တတ်သွားတာပေါ့။

မေး ။ ။ ဘယ်လိုကြောင့် လုပ်ဖြစ်သွားခဲ့တာလဲ။

ဖြေ ။ ။ Volunteer က ပထမလှိုင်းကတည်းက အရမ်းလုပ်ချင်ခဲ့တာပါ။ ကျနော့် သူငယ်ချင်းက ကျန်းမာရေးဝန်ထမ်း ဖြစ်တဲ့အတွက် တကယ်လို့များ ဆေးရုံတွေမှာ လိုအပ်တယ်ဆိုရင် ခေါ်ဖို့အတွက် ကျနော် ပြောဖူးတယ်။ ဒါပေမဲ့ အဲ့တုန်းကကျတော့ ဒီလောက်ကြီး အခြေအနေ မဆိုးတဲ့အတွက် ကျနော် မလုပ်ဖြစ်ဘူး။ အခုကျတော့ ပိုပြီးတော့ အခြေအနေ ဆိုးလာတယ်။ Volunteer တွေလည်း နေရာတိုင်းနီးပါးမှာ လိုအပ်လာတယ်။

အခုဆိုရင်လည်း ဝေဘာဂီမှာဆိုပေမယ့် ဖောင်ကြီးတို့ လူနာတွေ အများကြီးထားတဲ့ နေရာတွေမှာဆို စေတနာ့ဝန်ထမ်းတွေ အများကြီး လိုအပ်တယ်။ ကျနော်တို့ ဒီမှာက အများကြီး လိုအပ်တာလည်း မဟုတ်ဘူး။ ဝန်ထမ်းတွေလည်း ရှိတယ်။ သူနာပြုနဲ့ ဒေါက်တာတွေလည်း ပြည့်ပြည့်စုံစုံ ရှိတယ်။ အလုပ်များရင် သူတို့လည်း ပင်ပန်းတာပေါ့။ အဲဒါကြောင့် လာလုပ်လိုက်တာ။

အဆိုတော် ဒေးဗစ်လိုင် (ဓာတ်ပုံ – David Lai’s Facebook)

မေး ။ ။ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မိဘနဲ့ မိသားစုဝင်တွေကရော သဘောတူ ကြည်ဖြူကြရဲ့လား။

ဖြေ ။ ။ မိသားစုဝင်တွေ မိဘတွေရဲ့ဘက်က ကြည့်မယ်ဆိုရင် စိုးရိမ်စရာ ရှိတာပေါ့။ ကျနော်တို့ လူငယ်တွေကျတော့ စိတ်ပါလို့ လုပ်ချင်တယ်ဆိုပေမယ့် တကယ်လို့သာ မိသားစုတွေ၊ မိဘတွေက မကြည်ဖြူဘူးဆိုရင် ကျနော်တို့လည်းလုပ်ရတာ မပျော်ဘူးလေ။ ပျော်မှာ မဟုတ်ဘူး။ ကျနော့်ဘက်မှာကျတော့ မိသားစုဝင်နဲ့ မိခင်ကို ပြောတဲ့အချိန်မှာ ပထမတော့ စိုးရိမ်တာပေါ့။ ဒါပေမဲ့ ကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးတယ်။ ဆုတောင်းပေးပြီး ဒီကို လွှတ်လိုက်တာပေါ့။

မေး ။ ။ ဝေဘာဂီမှာ တာဝန်ထမ်းဆောင်ရတဲ့ အခြေအနေက ဘယ်လိုမျိုး ရှိလဲ။

ဖြေ ။ ။ ကျနော်တို့လုပ်တဲ့ ဝေဘာဂီမှာကျတော့ ICU မှာ ထည့်ရလောက်တဲ့အထိ ကျန်းမာရေးအခြေအနေဆိုးတဲ့သူတွေ ခေါ်တယ် ပြောရမှာပေါ့။ အဲ့ထဲမှာမှ လူနာအသစ်တွေဆိုရင် ရောဂါအခံရှိတဲ့သူတွေကိုလည်း အဓိကထားတာ ဖြစ်တဲ့အတွက် လာရောက်တဲ့ လူနာတွေအများစုက ICU မှာ ထားရမယ့် အနေအထားဆို ထားတယ်။ ကျန်းမာရေး တိုးတက်လာရင် တခြားအခန်း ပြောင်းပေးရတာပေါ့။ ဒီမှာက ကျန်းမာရေးကောင်းတဲ့သူတွေထက် အခြေအနေဆိုးရွားတဲ့သူတွေ လာထားတာ ဖြစ်တယ်။

ကျန်းမာရေးဝန်ထမ်းနဲ့ လူနာ မနိုင်တော့လောက်တဲ့ထိတော့ မဖြစ်ဘူး။ ခုတင်ပြည့်သွားပြီဆိုရင်လည်း ဒီတိုင်း ဆက်လုပ်သွားကြတယ်။ တခုဆိုးတာက ဒီနေရာမှာက လူနာတွေ ဆုံးတာတွေဘာတွေ ရှိတယ်။ လုပ်ရတဲ့နေ့တွေဆို ပင်ပန်းကြတာပေါ့။ လုပ်ရတဲ့အချိန်ကလည်း ရှည်တယ်။ လုပ်ရတဲ့ အလုပ်ကလည်း ကွက်တိဆိုတော့ လွယ်တော့ မလွယ်ဘူး။

အဆိုတော် ဒေးဗစ်လိုင် (ဓာတ်ပုံ – David Lai’s Facebook)

မေး ။ ။ ကိုယ်နဲ့ တွေ့ဆုံနေရတဲ့ လူနာတွေ အသက်ဆုံးရှုံးသွားရတဲ့ အခါမျိုးတွေမှာ ဘယ်လို ခံစားရလဲ။

ဖြေ ။ ။ လူနာ တယောက်ချင်းကို တာဝန်ယူရတာ မဟုတ်ဘူး။ ဆေးကုရတာ မဟုတ်ပေမယ့် ကျနော်တို့ လုပ်ရတဲ့အလုပ်ကကျတော့ လူနာနဲ့ သူတို့ရဲ့အခန်း ဝေယျာဝစ္စတွေကို လုပ်ရတာ ဖြစ်တယ်။ လူနာအများစုက ကျန်းမာပြီး ရောက်လာတာ မဟုတ်ဘူး။ ရောဂါအခံ အနည်းနဲ့ အများတော့ ရှိကြတယ်။ ဆုံးသွားတဲ့ လူနာတွေလည်း ကိုယ့်မျက်စိရှေ့တင် အများကြီး။ ကိုယ်လည်း ဘာမှ မတတ်နိုင်ဘူး။

ကိုယ့်ဘက်က လုပ်ပေးနိုင်တာကျတော့ မကျန်းမာတဲ့အချိန်မှာ သူတို့မလုပ်နိုင်တဲ့ အရာကို လုပ်ပေးနိုင်တာကိုပဲ လုပ်ပေးနိုင်တာပါ။ သူတို့အသက်ကို ဆိုင်းငံ့လို့ရတာ မဟုတ်ဘူး။ ဝမ်းနည်းရုံကလွဲလို့ပေါ့။ ဒါပေမဲ့ စိတ်ဖြေရတာကျတော့ သူတို့ရဲ့ဝန်ထုပ်ဝန်ပိုးကို ခဏတာ ဖြေလျှော့ပေးနိုင်ခြင်းလို့ပဲ ခံယူရတာပေါ့။

မေး ။ ။ ကိုယ်တိုင်ရော ရောဂါမကူးစက်အောင် ဘယ်လိုနေထိုင်ဖြစ်လဲ။ စစ်ဆေးမှုတွေရော ပြုလုပ်ထားတာ ရှိလား။

ဖြေ ။ ။ ကျနော် ဟိုတရက်က စစ်တယ်။ သံသယ ရှိလို့တော့ မဟုတ်ဘူး။ စစ်ချင်လို့ စစ်လိုက်တယ်။ ကျနော် ဟိုတရက်က သတင်းဖတ်တဲ့အခါမှာ ရောဂါလက္ခဏာ မပြဘဲနဲ့ ၇၀ ရာခိုင်နှုန်းလောက်က Positive ဖြစ်နေနိုင်တယ်လို့ ပြောတယ်။ တကယ်လို့ ကိုယ်က ရောဂါလက္ခဏာ မပြဘူးဆိုရင်တောင် Positive ဖြစ်နေမယ်ဆို ကိုယ်အလုပ်လုပ်နေရတဲ့ နေရာက စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရှိတဲ့အတွက် ကိုယ့်ကြောင့် သူတို့တွေပါ ရောပါသွားမယ်ဆို ဝန်ထမ်းအင်အား လျော့သွားမယ်၊ မကောင်းဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတော်ပါပဲ။ Negative ဖြစ်သွားတယ်။ အလုပ်ကိုလည်း စိတ်ဖြောင့်ဖြောင့်လုပ်လို့ ရသွားတာပေါ့။ ကျနော်က ၅ ပတ်ကျော်အထိ လုပ်မှာဆိုတော့ အခုစစ်ထားတယ်။ ပြန်ခါနီးလောက်ကျ တခါစစ်မယ်ပေါ့။

ဝေဘာဂီမှာ တာဝန်ထမ်းဆောင်နေတဲ့ အဆိုတော် ဒေးဗစ်လိုင် (ဓာတ်ပုံ – David Lai’s Facebook)

မေး ။ ။ စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အချင်းချင်း ဆက်ဆံရေးကိုလည်း ပြောပြပါဦး။

ဖြေ ။ ။ ဒီမှာတော့ ကျနော်တို့ စေတနာ့ဝန်ထမ်းတွေက အရမ်းပျော်တတ်ကြပါတယ်။ သူနာပြုနဲ့ကျန်းမာရေးဝန်ထမ်းတွေ အားလုံးကလည်း ကျနော်တို့ကို ချစ်ခင်ကြတယ်။ ဝေဘာဂီမှာဆိုရင် ကျနော်တို့က ပထမဆုံးရောက်တဲ့ စေတနာ့ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့လိုအပ်ချက်တွေ အမှားအယွင်းတွေကို နားလည်ပေးတယ်။ ဆူစရာရှိရင်လည်း ဆူကြတာပေါ့။ ဒါကလည်း တယောက်နဲ့တယောက်ပိုပြီး ရင်းနှီးလာဖို့ ဖြစ်လာတာပေါ့။ အများဆုံးတော့ ပျော်ပါတယ်။ အားလုံးရဲ့ ချစ်ခင်မှုရတယ်။ ကျနော်တို့ကို မလိုအပ်တဲ့ပုံစံမျိုးနဲ့ ဆက်ဆံတာလည်း မရှိတဲ့အတွက် အလုပ်လုပ်ရတဲ့အခါ စိတ်ချမ်းသာပါတယ်။

မေး ။ ။ တာဝန်ထမ်းဆောင်ရတဲ့ အချိန်အတိုင်းအတာကို ဘယ်လို သတ်မှတ်ထားပါသလဲ။

ဖြေ ။ ။ အချိန်က ၃ ရက်တခါကိုမှ ၂၄ နာရီ ဝင်ရတယ်။ တခေါက်လုပ်ရင် ၂၄ နာရီ အပြည့်ဝင်ရတယ်။ ပြီးရင် ၂ ရက်ကတော့ အပြည့်အဝ နားရတယ်။ ကျနော်ဆိုရင် အရင်က တရက်လုပ်ပြီး နားတဲ့အချိန်က များတယ်လို့ ခံစားရတယ်။ နောက်ပိုင်းကျတော့ အလုပ်က ပိုများတဲ့အချိန် ၂ ရက် နားရတာတောင် မလောက်သလို ဖြစ်သွားတယ်။ လုပ်နေရတဲ့အချိန်က အရမ်းပင်ပန်းတယ်။ နားရတဲ့ ၂ ရက်မှာ ပထမ တရက်ကို အိပ်ချိန်လို့ သတ်မှတ်လိုက်တယ်။ နောက်နေ့ကိုကျတော့ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ပေါ့။ ကျနော်ဆိုရင်လည်း သီချင်းလေးဘာလေး လုပ်မယ်ပေါ့။

မေး ။ ။ တချို့ကျတော့ တဦးတယောက်ချင်း အဆင်မပြေကျတဲ့အခါမျိုးမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေအပေါ် အမြင်မကြည်ကြတာမျိုးတွေ ရှိတယ်။ အဲ့အပေါ်မှာ ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ လူ့အဖွဲ့အစည်းမှာ နေကြတာဖြစ်တဲ့အတွက် တယောက်နဲ့ တယောက် အမြင်မကြည်တာတွေ၊ နားလည်မှုလွဲတာတွေတော့ ရှောင်လွှဲလို့ မရဘူးပေါ့။ ကိုယ့်ဘက်က မှားနေတာတွေလည်း ရှိမယ်။ မှန်နေလျက်နဲ့ အမှားလို့ အထင်ခံရတာတွေလည်း ရှိမယ်။ ဒါကတော့ လူ့သဘာဝဖြစ်တဲ့အတွက် ဒါဟာ မရှိဘူး မဟုတ်ဘူး။ နေရာတိုင်းမှာ ရှိမှာပဲ။ ကျနော်တို့လည်း ရှိမှာပဲ။ ဒါပေမဲ့လည်း နားလည်ပေးရုံပဲလိုအပ်တာလေ။ ကိုယ့်ဘက်က လုပ်ရမယ့်တာဝန်ကို အပြည့်အဝ လုပ်မယ်။

ဒီကြားထဲမှာမှ တယောက်နဲ့ တယောက် နားလည်မှုတွေ လွဲမှားတယ်ဆိုရင် ဖြေလျှော့ပေးရုံပဲလေ။ ချစ်ခြင်းမေတ္တာကို အခြေခံတယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ ကျနော်တို့လည်း အပြောခံရတာပဲ။ အမြင်မကြည်တာတွေလည်း ရှိတာပဲ။ အချိန်တိုအတွင်းမှာ လုပ်ရတာ ဖြစ်တဲ့အတွက် ဘာမှ အငြင်းပွားနေစရာ မရှိပါဘူး။

မေး ။ ။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး တခြားသူတွေကို ဘယ်လို သတင်းစကားမျိုးတွေ အတွေ့အကြုံထဲက ဝေမျှစရာရှိလဲ၊ ရှိရင် ပြောပြပေးပါ။

ဖြေ ။ ။ ကျနော်က အခုချိန်မှာ စေတနာ့ဝန်ထမ်း တယောက်ဆိုတော့ ကျနော့်လိုပဲ စေတနာ့ဝန်ထမ်း လုပ်နေတဲ့သူတွေ ရှိမှာပါ။ အားလုံးကလည်း ဘယ်လိုကာကွယ်ရမယ်၊ နေထိုင်ရမယ် ဆိုတာကို အထိုက်အလျောက် သိပြီးကြပြီဖြစ်မှာပါ။ ကျနော်တို့အနေနဲ့ ဘယ်လောက်ပဲ PPE ဝတ်ပြီး လူနာတွေနဲ့ ထိတွေ့နေတယ်ပဲပြောပြော ဘယ်လောက်ပဲ လက်ဆေးပြီး ကာကွယ်နေတယ်ပဲပြောပြော ဒီရောဂါက ကျနော်တို့ မြင်နိုင်တာ မဟုတ်တဲ့အတွက် အချိန်မရွေး ရောက်လာနိုင်တယ်။

ဒါကို မကြောက်လို့တော့မဟုတ်ဘူး။ မမှုလို့ ဒီနေရာကို လာတာဖြစ်တဲ့အတွက် တကယ်လို့များ ကျနော်တို့ဆီမှာ ရှိလာခဲ့မယ်ဆိုရင်လည်း စိတ်ပျက်ဖို့ မဟုတ်ပါဘူး။ လူငယ်တွေဖြစ်တဲ့အတွက် တိုက်ထုတ်နိုင်မှာပါ။ အပြင်က ပြည်သူတွေကိုလည်း အိမ်မှာနေဖို့အတွက် တိုက်တွန်းချင်ပါတယ်။

လူနာတွေက ပိုပိုပြီးတိုးလာတယ်ဆိုတဲ့ သတင်းစကားတွေလည်း ကြားနေရပါတယ်။ ကိုယ်က အားရှိတဲ့လူငယ်ဖြစ်နေရင်တောင် ကိုယ့်ရဲ့မိသားစုမှာ ပတ်ဝန်းကျင်မှာ ရောဂါအခံရှိမယ်ဆိုရင် မကောင်းဘူးပေါ့။ ကိုယ်ကပဲအတတ်နိုင်ဆုံး ဂရုစိုက်ပြီး စည်းကမ်းလေးနဲ့နေဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်က ခဏလေးပါပဲ။ မကြာပါဘူး။ ။

You may also like these stories:

“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ညတိုင်း မေတ္တာပို့ပါတယ်” ဆိုတဲ့ ဆင်မ

The Voice ပြိုင်ပွဲဝင်ချိန်မှာ အားသာချက်၊ အားနည်းချက် သိခဲ့ရတဲ့ ရန်မျိုး

Asian Academy Creative Awards မှာ “သူစိမ်းအိမ်” ရုပ်ရှင် ဆု ၃ ဆု ရွေးချယ်ခံရ

The post ဝေဘာဂီမှာ စေတနာ့ဝန်ထမ်း လုပ်ကိုင်နေတဲ့ အဆိုတော် ဒေးဗစ်လိုင်နဲ့ မေးမြန်းခြင်း appeared first on ဧရာဝတီ.


ကိုကာကိုလာရဲ့ နှစ် ၆၀ သက်တမ်းရှိ “Tab ဆိုဒါ” ထုတ်လုပ်မှုရပ်ဆိုင်း

$
0
0

ကိုကာကိုလာ (Coca-Cola) ကနေ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ “Tab diet ဆိုဒါ” ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မကြာသေးခင် ကာလတွေမှာ သောက်သုံးသူ ကျဆင်းလာတာကြောင့် ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။

၁၉၇၀ နဲ့ ၈၀ ခုနှစ်ကြား မွေးဖွားသူတွေ အကြိုက်တွေခဲ့တဲ့ Tab ကို နှစ် ၆၀ နီးပါးအကြာမှာ ကုမ္ပဏီဘက်က ဆက်မထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သောက်သုံးသူအရေအတွက် ကျဆင်းလာတာကြောင့် မထုတ်တော့ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

“Tab က တကယ်အမိုက်စားပါ။ စီးပွားရေးဘက်က ကြည့်ရင်တော့ ကျနော် နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်ကို ဝမ်းနည်းစရာနေ့တနေ့ပါပဲ။ သူငယ်ချင်းတယောက် ဆုံးရှုံးသွားသလို ခံစားရတယ်” လို့ Tab ကို စွဲစွဲမြဲမြဲ သောက်သုံးလာသူ Robert Bixby က ပြောပါတယ်။

ကိုကာကိုလာက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေထဲမှာ Tab ရဲ့ ရောင်းအား ကျလာပြီးနောက်ပိုင်း ဒီနှစ်အကုန်မှာ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရောင်းအားကျနေတဲ့ ထုတ်ကုန်တွေကို ဆက်မထုတ်တော့ဘဲ အဲဒီ့အစား ရောင်းအားတက်နေတဲ့ ထုတ်ကုန်တွေဘက်ကို ပိုအာရုံစိုက်သွားမယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။

အခုလို ရောင်းအားကျနေတဲ့ ထုတ်ကုန်တွေကို လျော့ချလိုက်တာ ကိုကာကိုလာ တခုတည်း မဟုတ်ပါဘူး။ တခြား အစားအသောက်နဲ့ ဖျော်ရည် ကုမ္ပဏီတွေလည်း ကပ်ရောဂါ ကာလအတွင်းမှာ ရောင်းအားကောင်းတဲ့ ထုတ်ကုန်တွေကိုပဲ အာရုံစိုက် လုပ်ဆောင်နေပါတယ်။

 

၁၉၇၀ နှစ်တွေကတည်းက Tab တခုတည်း စွဲစွဲမြဲမြဲ သောက်သုံးလာတဲ့ Bixby တို့လို ဖောက်သည်တွေအတွက် သူ့ နေရာမှာ အစားထိုးဖို့ ရှာရပါတော့မယ်။ “ကျနော် ဒီနှစ် နွေရာသီ တလျှောက်လုံး Tab အစား Diet ကိုလာကို ပြောင်းသောက်ကြည့်ပြီးပြီ။ အရသာက အရမ်းချိုလွန်းတယ်” လို့ Bixby က ဆိုပါတယ်။

ဆေးသကြားအချိုနဲ့ ကယ်လိုရီ လုံးဝမပါတဲ့ Tab diet ဆိုဒါဘူးတွေဟာ အမျိုးသမီးတွေကို အဓိကထား ထိုးဖောက် ရောင်းချခဲ့တာပါ။ တချို့အတွက်ကတော့ Tab ဟာ ဆေးခါးကြီး အရသာနဲ့ ခပ်ဆင်ဆင်တူလို့ သိပ်မကြိုက်ကြပါဘူး။ ဒါပေမဲ့ Bixby တို့လို စွဲစွဲမြဲမြဲ သောက်ခဲ့သူတွေကတော့ အချိုနည်းလို့ တခြား Diet ကိုလာ အရသာတွေထက် ပိုနှစ်သက်တယ်လို့ ဆိုပါတယ်။

ကိုကာကိုလာ ဘက်ကတော့ ရပ်ဆိုင်းလိုက်တဲ့ Tab နေရာမှာ အရသာ သိပ်မကွာတဲ့ ကယ်လိုရီမပါ စပါကလင် အချိုရည်တွေကို ဒီနှစ်ပိုင်းအတွင်း အသားပေး ကြော်ငြာခဲ့ပါတယ်။ Tab တို့လို ထုတ်လုပ်မှုရပ်ဆိုင်းလိုက်တဲ့ ထုတ်ကုန်တွေက ပိုလာမယ့် ငွေကြေးတွေကို Diet Coke နဲ့ Coke Zero အမှတ်တံဆိပ်တွေဘက် ရင်းနှီးငွေ ပိုတိုးသွားမယ်လို့ ဆိုပါတယ်။

“ကပ်ရောဂါကြီး စဖြစ်ခါစ အချိန်ကတောင် ကျနော့်မှာ Tab ဘူးတွေ အများကြီးရှိသေးတယ်။ နောက်ပိုင်း ဆိုင်တွေမှာရော၊ အွန်လိုင်းမှာပါ ဝယ်မရတော့ဘူးဗျာ။ အခုတော့ လက်ကျန် ၂ လုံးပဲ ကျန်တော့တယ်” လို့ Bixby က ပြောသွားပါတယ်။

Ref: edition.cnn

You may also like these stories:

အနံ့အရသာ ထိမိမယ့် တုံယမ်းထမင်းကြော်

“Moe’s Favorite” နာမည်နဲ့ အသုပ်စုံ ရောင်းနေတဲ့ မိုးအောင်ရင်

နယူးဒေလီမှာ ဖွင့်လှစ်လိုက်တဲ့ “CoCo Ichibanya” ဂျပန်ဟင်းအနှစ်ဆိုင်

The post ကိုကာကိုလာရဲ့ နှစ် ၆၀ သက်တမ်းရှိ “Tab ဆိုဒါ” ထုတ်လုပ်မှုရပ်ဆိုင်း appeared first on ဧရာဝတီ.

စက်ရုံများတွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် ကိုဗစ်ပိုး စစ်ဆေးမှု ဥပဒေအရ အရေးယူခံရနိုင်

$
0
0

စက်ရုံများတွင် ကိုယ်ပိုင် အစီအစဉ်ဖြင့် အလုပ်သမားများကို ကိုဗစ် ရောဂါပိုး စစ်ဆေးနေမှုများသည် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ဒေါက်တာ သန်းနိုင်စိုး က “ရောဂါကို ပြန့်ပွားစေတဲ့လူ၊ ရောဂါကို ပြန့်ပွားအောင် အားပေးကူညီလုပ်တဲ့လူ ပုဒ်မတွေရှိပါတယ်။ အဲဒီပြစ်မှု ပြစ်ဒဏ်နဲ့ ငြိစွန်းမယ်ဆိုရင် ဒါတွေက အရေးယူလို့ ရနိုင်တာပဲ ဖြစ်ပါတယ်။ ဒါတွေက အင်မတန် အန္တရာယ်ကြီးတယ်။ အထည်ချုပ်စက်ရုံ ၁ ခုတည်းတင် မကဘဲနဲ့ စက်မှုဇုန်ထဲက တခြားလုပ်ငန်းတွေပါ အန္တရာယ် ရှိတယ်” ဟု ပြောသည်။

လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံဆိပ်ကမ်း စက်မှုုဇုန်များမှ စက်ရုံများတွင် သွေးဖောက်စစ်ဆေးမှု ပြုလုပ်ကြောင်း အလုပ်သမားအဖွဲ့အစည်းများသို့ တိုင်ကြားထားသည့် စက်ရုံ စုစုပေါင်း ၆ ရုံရှိပြီး အချို့ စက်ရုံများက အနံ့မရသူများကို သွေးဖောက်စစ်ဆေးပြီး အချို့စက်ရုံများတွင် လာရောက် အလုပ်ဆင်းသူအားလုံးကို စစ်ဆေးကြောင်း အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

လှိုင်သာယာ စက်မှုဇုန်ရှိ စိုက်ဖုံအင်တာနေရှင်နယ်လ်ဂါးမင့် (န်) မြန်မာ အထည်ချုပ်စက်ရုံ၏ သွေးဖောက်စစ်ဆေးမှုကို ခံဝန်ထိုး အရေးယူမှု ရှိခဲ့ကြောင်း သိရသည်။ သို့သော် အောက်တိုဘာလ ၁၆ ရက်အနေ့အထိ စက်ရုံတွင်း ကိုဗစ် စစ်ဆေးမှု ပြုလုပ်မှုကို တိုင်ကြားမှုရှိနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM မှ သိရသည်။

အလုပ်သမားများတွင် ကိုဗစ်ပိုးရှိ၊ မရှိကို အထည်ချုပ်စက်ရုံများက ၎င်းတို့ ကိုယ်ပိုင်အစီအစဉ်စစ်ဆေးမှုများ မပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် တရားစွဲခံရနိုင်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းကလည်း အောက်တိုဘာလ ၁၃ ရက်နေ့က သတိပေးချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ၊ ဗဟို အလုပ်အမှုဆောင် ဦးအောင်မျိုးဟိန်း က “ကျနော်တို့ရဲ့ တိုင်ကြားမှု လက်ခံထားတဲ့အနေအထားအရတော့ ၁ ရုံစ၊ ၂ ရုံစပဲ ရှိပါတယ်။ ပြန်ဖွင့်တော့ အခြားနိုင်ငံတွေမှာလည်း ကျင့်သုံးနေတာလေး ရှိတာပေါ့။ လက်ထိပ်ဖောက်စစ်တဲ့ဟာ။ ကောင်းတဲ့ဟာကို လုပ်ရင်းနဲ့ စေတနာအမှားပေါ့” ဟု ပြောသည်။

“ဝန်ထမ်းတွေကလည်း တယောက်နဲ့ တယောက်က ခုမှ ပြန်တွေ့ရတော့ မယုံမကြည်တွေ ဖြစ်ပြီး အလုပ်မှာ ထိခိုက်မှာစိုးလို့ စက်ရုံက စီစဉ်ရတဲ့အပိုင်းပေါ့။ ကျနော်တို့က ပြင်းထန်တဲ့ သတိပေးချက်တော့ ပေးလိုက်တာပေါ့”ဟု ၎င်းက ဆက်ပြောသည်။

သွေးဖောက်စစ်ဆေးနေသူများမှာလည်း မည်သည့် အကာအကွယ်မှ မတွေ့ရကြောင်း ထိုသို့ ဆောင်ရွက်နေမှုများသည် ပိုးရှိသူပါဝင်ပါက ကူးစက်မှုများနိုင်ကြောင်း ထို့အတူ ယင်းသို့ စစ်ဆေးမှုမှ ရရှိလာသော အဖြေများမှာလည်း ရေရာမည့်ပုံ ပေါ်မပေါ်ကြောင်း ဒေါက်တာသန်းနိုင်စိုး က ပြောသည်။

ဒေါက်တာ သန်းနိုင်စိုး က “မတွေ့ဘူးဆိုတာကရော ဘယ်လောက်အထိ ယုံရမလဲ၊ တွေ့တယ် ဆိုတာကရော လက်ရှိဒီလူက ကူးနိုင်သေးတဲ့ တွေ့ခြင်းမျိုးလား၊ မကူးနိုင်တော့တဲ့ တွေ့ခြင်းမျိုးလား။ ဒါမျိုးလည်း ဘာမှ ရေရေရာရာပြောလို့ မရဘူး။ အဲဒီလိုမျိုးကို မရှိဘူးဆိုပြီးတော့ စိတ်ချနေပြီးတော့ နီးနီးကပ်ကပ် နေလိုက်ရင်လည်း တကယ်တမ်း ပိုးရှိနေရင် ပိုတောင်ကူးနိုင်သေးတယ်”ဟု ပြောသည်။

စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ကိုဗစ်စစ်ဆေးမှုများ ရှိနေပါက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အလုပ်သမားအဖွဲ့အစည်းများနှင့် ဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း CTUM ထံမှ သိရသည်။

CTUM ၏ အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး က “ပြည်ထောင်စုဝန်ကြီးနဲ့ အစည်းအဝေးလုပ်တော့ အဲဒီကိစ္စတော့ လက်မခံဘူးတဲ့။ အစိုးရအနေနဲ့တော့ ဒါကို အမြန်ဆုံး တုန့်ပြန်ဖြေရှင်းသွားမှာပါတဲ့။ သူတို့ကတော့ အထွေထွေ အုပ်ချုပ်ရေးကို တိုင်ပါတဲ့။ အထွေထွေအုပ်ချုပ်ရေးမှူးက ချက်ချင်းအရေးယူမှုလုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးက ဒါကို ဆွေးနွေးထားပါတယ်လို့ ပြောတယ်” ဟု ပြောသည်။

စက်ရုံများတွင် ကိုဗစ်ဖြစ်ပွားမှု ကြိုတင်စစ်ဆေးနိုင်ရန် ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းရှင်များအကြား ဆွေးနွေးမှုများ ရှိနေသော်လည်း လက်တလောတွင် မစစ်ဆေးနိုင် သေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ဒေါက်တာသန်းနိုင်စိုးက “စစ်တာထက်စာရင် ကာကွယ်တာက ပိုပြီး အဓိကျတယ်။ အဆင့် A မှာသတ်မှတ်ထားတဲ့ လုပ်ငန်းလမ်းညွှန်တွေ ဆောင်ရွက်ရမယ့် အချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်မယ်ဆိုရင် စက်ရုံတွေမှာ ကူးစက်မှုတွေကို ထိရောက်စွာ ကာကွယ်နိုင်သွားမယ်။” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးပြီးစီးပြီး A အဆင့်စက်ရုံ ၂၁၈၄ စက်ရုံကို အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး ဖွင့်လှစ်ခွင့်ပြုထားပြီး B အဆင့်စက်ရုံ ၄၀၇၆ ရုံကိုလည်း လုပ်ငန်းလည်ပတ်စေပြီး စစ်ဆေးရေးအဖွဲ့မှ သွားရောက်စစ်ဆေးစဉ် A အဆင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိပါက ယာယီရပ်ဆိုင်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အောက်တိုဘာ ၁၄ရက်နေ့တွက် ထုတ်ပြန်ထားသည်။

မတ်လ ၂၃ ရက်မှ အောက်တိုဘာ ၁၆ ရက် အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၃၃,၄၈၈ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၇၉၉ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၅,၄၇၇ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

Remdesivir ဆေးက ကိုဗစ်လူနာသေဆုံးမှုကို အနည်းငယ်သာ လျှော့ချနိုင်ဟု WHO တွေ့ရှိ

ကယားပြည်နယ်၏ ပထမဆုံး ကိုဗစ်အတည်ပြုလူနာ ကျန်းမာရေး ကောင်းမွန်

ကိုဗစ်ကြောင့် ဧရာဝတီတိုင်းအတွင်းမှ အထည်ချုပ်စက်ရုံများ ၁၄ ရက် ထပ်မံပိတ်သိမ်းရ

The post စက်ရုံများတွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် ကိုဗစ်ပိုး စစ်ဆေးမှု ဥပဒေအရ အရေးယူခံရနိုင် appeared first on ဧရာဝတီ.

ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၉၂ စု ဘာကြောင့် ရွေးကောက်ပွဲ မကျင်းပလဲ

$
0
0

ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများ သတ်မှတ်ခြင်းကို နယ်မြေအုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များ နှင့် ညှိနှိုင်းပြီး လုံခြုံရေးအပေါ် မူတည်ကာ သတ်မှတ်ခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ဧရာဝတီကို ပြောသည်။

ကချင်ပြည်နယ်တွင် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ အုပ်စု ၁၉၂ စုတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ထိုနေရာများတွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာရာ ကချင်ပြည်နယ်မှ ကိုယ်စားလှယ်လောင်းအချို့က နယ်မြေအေးချမ်းသည့် ကျေးရွာများပါ ထည့်သွင်းလိုက်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိသည်။

ထိုအခြေအနေနှင့် ပတ်သတ်၍ မေးမြန်းရာ ဦးထွန်းအောင်ခိုင်က “ဒီတိုင်း စိတ်ကူးနဲ့ ထည့်ချင်ထည့်၊ မထည့်ချင် မထည့်ဘူးဆိုပြီး ဘလချီးနန်းလုပ်ထားတာ မဟုတ်ဘူး။ ဘယ်မြို့နယ်၊ ဘယ်ကျေးရွာ အုပ်စုလဲ ပြောရင် ဘာ့ကြောင့် ဆိုတာ ပြောပြလို့ရတယ်။ ဝေဖန်တာက သူတို့အလုပ်ပဲ။ ထင်ကြေးနဲ့ လျှောက်ပြီး ဝေဖန်နေတာ ထင်ရာမြင်ရာပဲ။ တိတိကျကျပြောဆို ထွက်မလာတော့ဘူး။ တို့ လုပ်ထားတာက သေချာ စီစစ်ပြီး လုပ်ထားတာ” ဟု ပြောသည်။

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေများ သတ်မှတ်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ နယ်မြေ အလိုက် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် စာရင်းများကို တောင်းပြီး သုံးသပ်ကာ ကြေငြာခြင်း ဖြစ်ပါသည်ဟု ဦးထွန်းအောင်ခိုင်က ဆိုသည်။

ဦးထွန်းအောင်ခိုင်က “တို့အောက်ခြေကော်မရှင်အဖွဲ့ခွဲတွေမှာ လုပ်တဲ့ အဆင့်က မြေပြင်မှာ မြို့နယ် အဆင့် ကော်မရှင် အဖွဲ့တွေ ရှိတယ်။ နောက်ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွေ ရှိတယ်။ မြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့တွေ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဒါက သွားလို့ ရတယ်၊ မရဘူး။ ကောက်လို့ ရတယ်၊ မရဘူး သုံးသပ်ပြီး အန္တရာယ်ရှိတယ်၊ ပြဿနာရှိတယ်၊ လက်နက်ကိုင်အဖွဲ့တွေ အဝင်အထွက်ရှိတယ်ဆိုတာ သူ့အဆင့်အတန်း အလိုက် သတ်မှတ်တာ ဖြစ်တယ်” ဟု ပြောသည်။

UEC မှ ထုတ်ပြန်ကြေငြာလိုက်သည့် ကျေးရွာအုပ်စုများမှာ လူဦးရေနှင့် မဲစာရင်း ကောက်ယူစဉ်ကလည်း ချန်လှပ်ထား ခဲ့သည့် နယ်မြေများ ဖြစ်ပါသည်ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။

ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု ၆၁ စု၊ ဆွမ်ပရာဘွမ် မြို့နယ်မှ ကျေးရွာအုပ်စု ၃၁ စု၊ ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၃ စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စု ၈စု၊ ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု ၉ စု၊ မချမ်းဘောမြို့နယ်မှကျေးရွာအုပ်စု ၁၅ စု၊ မိုးမောက်မြို့နယ်မှ ကျေးရွာအုပ်စု ၂၁ စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု ၉ အုပ်စု ၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု ၂၂ စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု ၂ စု နှင့် ခေါန်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု ၁ စု တို့ဖြစ်သည်။

ဝိုင်းမော်မြို့နယ်၊ မဲဆန္ဒနယ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဂဲနက်စ်က “၁၃ နေရာမှာ ၈ နေရာ၊ ၉ နေရာက ရွာပျက်တွေ လူမရှိတဲ့ နေရာတွေလို့ ပြောလို့ ရပါတယ်။ ၂၀၁၅ ပုံစံအတိုင်း သတ်မှတ်ပြီး ဖျက်ချသွားတာက အေးချမ်းတည်ငြိမ်နေတဲ့ နေရာတွေ ၃ ခု ၊ ၄ ခု ပါသွားတော့ နေထိုင်တဲ့ လူဦးရေတွေ မဲပေးနိုင်တဲ့ လူဦးရေက ရာဂဏန်းရှိပါတယ်။ ကျနော့်အနေနဲ့ဆို ဇီးကျွန်း၊ စန်ပိုင်ပါသွားပါတယ်။ မဲပေါင်း ၃၀၀ ကျော် နစ်နာသွားပါတယ်” ဟု ဆိုသည်။

ဝိုင်းမော်မြို့နယ်တွင်း ပယ်ဖျက်ခံရသည့် ကျေးရွာအုပ်စု ၁၃ စုမှာ မဲဆန္ဒနယ် (၁) နယ်မြေတွင် ပါဝင်သည်။
၂၀၁၅ ခုနှစ်က တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေသဖြင့် ဝိုင်းမော်မြို့နယ်အတွင်းမှ အဆိုပါ ကျေးရွာအုပ်စု ၁၃ စု အပါအဝင် စုစုပေါင်း ၁၆ စုကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပယ်ဖျက်ခဲ့သော်လည်း ယခုအခါ တိုက်ပွဲများ၊ ပစ်ခတ်မှုများ လုံးဝ မရှိသည့် အခြေအနေဖြစ်သည်ဟု ဦးဂဲနက်စ်က ပြောသည်။

ဦးဂဲနက်စ်က “တရားမျှတမှု အပိုင်းနဲ့ ပတ်သတ်လို့ ပြောရရင် ဒီနေရာတွေ အများစုက တိုင်းရင်းသားပါတီတွေ ဒေသခံ တိုင်းရင်းသား တွေ အားကောင်းတဲ့ နေရာတွေပါ။ နယ်မြေအေးချမ်းတည်ငြိမ်နေတဲ့ အချိန်၊ လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ ပတ်သတ်လို့ ရွေးကောက်ပွဲမှာ အနှောင့်အယှက်အဟန့်အတားက လုံးဝ မရှိဘူး။ ဒီလိုလုပ်လိုက်တာက ဘယ်လောက် နစ်နာလဲဆို ကျနော်ဆို အချိန်ပေး မဲဆွယ်စည်းရုံးခဲ့တာရှိတယ်။ ကုန်ကျစရိတ်တွေ ရှိခဲ့တယ်။ အရင်ကတည်းက မကျင်းပ နိုင်ဘူးလို့ ယူဆရင် အရင်ကတည်းက ထုတ်ပြန်ပေးသင့်တယ်”ဟု ဆိုသည်။

ဦးဂဲနက်စ်က ဝိုင်းမော်မြို့နယ်တွင်း ပယ်ဖျက်ခံရသည့် ကျေးရွာအုပ်စုအနက် အချို့မှာ ရွေးကောက်ပွဲ ကျင်းပသင့်သည့် နယ်မြေ များဖြစ်ကြောင်းကို ကိုယ်စားလှယ်လောင်းတဦးအနေဖြင့် UEC ထံ တင်ပြရန်လည်း ပြင်ဆင်နေသည်ဟု သိရသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ဒုဥက္ကဋ္ဌ တဦးဖြစ်ပြီး ဆွမ်ပရာဘွမ် မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးကွမ်ဂေါင်အောင်ခမ်းက UEC က ထုတ်ပြန်ကြေငြာခဲ့သည့် ရွေးကောက်ပွဲ မကျင်းပ နိုင်သည့် နယ်မြေများမှာ တိုင်းရင်းသားပါတီများ အားကောင်းပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အား မကောင်းသည့် နယ်မြေများ ဖြစ်သည်ဟု ဝေဖန်သည်။

ဦးကွမ်ဂေါင်အောင်ခမ်း က “အခုလို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တာက အနာဂတ်အတွက် ရွေးကောက်ပွဲ ၊ တရားမျှတပြီး ပွင့်လင်းတဲ့ ဂုဏ်ပုဒ်ကို တင်ဖို့ကတော့ ခက်ခဲသွားပါပြီ။ ကျနော်တို့ အနာဂတ် ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် တည်ဆောက်ဖို့ကိုလည်း အလှမ်းဝေးစေတဲ့ အချက်တွေ ပါပါလိမ့်မယ်။ ရွေးကောက်ပွဲက လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် ရှိရမယ်ဆိုတဲ့ အချက်ပေါ်မှာ လုပ်ခဲ့တယ်။ အခု NLD က လုပ်တဲ့ပုံစံက ကျနော့်အတွက် မနှစ်မြို့စရာ ၊ နိုင်ငံတကာက ထောက်ပြစရာလည်း ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ဆွမ်ပရာမြို့နယ်တွင်း ဖျက်သိမ်းခံရသည့် ကျေးရွာအုပ်စုများအနက် အချို့မှာ တိုက်ပွဲများကြောင့် ရွာပျက်များ ဖြစ်သွားခြင်း၊ အချို့မှာ KIA ၏ ထိန်းချုပ်နယ်မြေအတွင်း ရှိနေသော်လည်း အချို့မှာ မဲထည့်နိုင်သည့် အခြေအနေတွင် ရှိသည့် ကျေးရွာ များလည်း ပါဝင်သွားသည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။

UEC ၏ ကြေငြာချက်တခုလုံးကို ခြုံသုံးသပ်ပါကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်များအားလုံးကို ချန်လှပ်ခဲ့ ခြင်း၊ တိုင်းရင်းသားပါတီများ အားကောင်းသည့် မဲဆန္ဒနယ်အများစု ချန်လှပ်ခံခဲ့ရခြင်းကြောင့် UEC ၏ ထုတ်ပြန်ချက်ကို သဘောမတူနိုင်ပါဟုလည်း ပြောသည်။

ဆက်လက်ပြီး ၎င်းက “ပြည်ထောင်စုစစ်စစ် ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ဖို့ ပြောချိန်မှာ ကျနော်တို့ ရပ်တည်မှု ရှင်သန်ရေးတွေကိုပါ ထိခိုက်လာတာက သက်သက် အနိုင်ကျင့်တယ်၊ ဗိုလ်ကျတယ် လို့ပဲ ပြောချင်ပါတယ်” ဟုလည်း ဝေဖန်ပြောဆိုသည်။

ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ ပယ်ဖျက်ခံရသည့် ကျေးရွာအုပ်စုများအနက် မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် မြို့နယ်တို့မှ ကျေးရွာများမှာ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း လုံခြုံရေး အခြေအနေ၊ စစ်ရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိပါ။

သို့သော် ၂၀၁၅ ခုနှစ်က မကျင်းပနိုင်ခဲ့သည့် ခေါန်လန်ဖူး၊ ဝိုင်းမော်၊ တနိုင်း၊ မိုးမောက်၊ မန်စီ၊ ခေါန်လန်ဖူးနှင့် ရွှေကူ တို့မှ ကျေးရွာအုပ်စု ၁၉ စု တို့မှာ ယခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် စာရင်းထဲမှ ပယ်ဖျက်သည့်ထဲတွင် ပါဝင်သည်။

အောက်တိုဘာ ၁၆ ရက်က UEC က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ် ၉ မြို့နယ်၏ နယ်မြေအားလုံးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းမှ မြို့နယ် ၄ ခုရှိ ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၁၃၇ စု တို့တွင် ရွေးကောက်ပွဲ မကျင်းပ နိုင်ကြောင်း ကြေငြာခဲ့သည်။

ရှမ်းပြည်နယ်ရှိ မြို့နယ် ၇ ခု၏ နယ်မြေအားလုံး နှင့် အခြားမြို့နယ် ၁၆ မြို့နယ်မှ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၁၃၃ စု တို့တွင် မကျင်းပနိုင်ကြောင်း ကြေငြာထားသည်။

ရှမ်းပြည်နယ်တွင်း မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများတွင် မိုင်းကိုင်မြို့နယ်မှအပ ကျန် မြို့နယ် ၆ ခုသည် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တို့ ထိန်းချုပ်သည့် မြို့နယ်များ ဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ်ရှိ မြို့နယ် ၆ ခုမှ ကျေးရွာအုပ်စု ၅၃ စု၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၂ခုမှ ကျေးရွာအုပ်စု ၄၂ စု၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်မှ ကျေးရွာအုပ်စု ၁ စုတို့တွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်တော့ေ ကြာင်း ကြေငြာထားသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များတွင် အသက် ၁၈ နှစ်အထက် နေထိုင်သူ ဦးရေ တသန်းကျော် ရှိပြီး ၎င်းတို့သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးမည် ဖြစ်သည်။

You may also like these stories:

“ပြည်သူတွေဟာ ဘယ်သူ့မှ ကြောက်စရာ မလိုတော့ဘူး”

မြောင်းမြမြို့ NLD အင်အားပြလှည့်လည်ရာတွင် ပါဝင်သူ ၁ ဦး အမောဖောက် သေဆုံး

အရောင်အသွေး ပိုစုံလာတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ

The post ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၉၂ စု ဘာကြောင့် ရွေးကောက်ပွဲ မကျင်းပလဲ appeared first on ဧရာဝတီ.

ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ် ၂၀၁၅ ထက် ပိုများလာ

$
0
0

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ်ထက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ၈ မြို့နယ် ပိုများခဲ့ပြီး ရပ်ကွက် ၂၃ ခုနှင့် ကျေးရွာအုပ်စု ၁၀၅ စုလည်း ပိုများခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာများအဖြစ် ရှမ်းပြည်နယ်မှ မြိုနယ် ၇ ခုနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်းမှ ကျေးရွာအုပ်စု ၄၅၃ စုရှိခဲ့သည်။

ယခုနှစ် ၂၀၂၀ တွင်မူ မကျင်းပနိုင်သည့်နေရာများအဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ၉ မြို့နယ်၊ ရှမ်းပြည်နယ်မှ ၆ မြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ အတွင်းမှ ကျေးရွာအုပ်စု ၅၅၈ ခု ပါဝင်လျှက်ရှိသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ၉ မြို့နယ်နှင့် ရှမ်းပြည်နယ်မှ မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် အတွက် ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားဒေသများမှ ကိုယ်စားပြုအနေဖြင့် ပြည်သူ့လွှတ်တော် ၁၀ ဦးနှင့် အမျိုးသား လွှတ်တော် ၇ ဦး လျော့နည်းသွားမည်ဖြစ်သည်။

ယင်းအပြင် နိုင်ငံသားအခွင့်အရေးအရ မိမိနှစ်သက်ရာ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးကြ မည့် မဲဆန္ဒရှင်ပြည်သူ ၁ သန်းခွဲခန့်မှာလည်း မဲပေးခွင့် ဆုံးရှုံးရမည်ဖြစ်သည်။

ယင်းအပြင် ယခုချန်ခဲ့သည့် မြို့နယ်များသည် အာဏာရ NLD ပါတီ အပါအဝင် ပြည်မအင်အားကြီးပါတီများ အနိုင်ရနိုင်ခြေ နည်းပါးပြီး ဒေသအခြေစိုက် တိုင်းရင်းသားပါတီများက အားကောင်းသည့် နေရာများ ဖြစ်နေသည့် အတွက်လည်း ဝေဖန်မှုများ မြင့်တက်နေပြီး ရွေးကောက်ပွဲတရားမျှတမှုအပေါ် မေးခွန်းထုတ်နေကြသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ပါလီမန် (လွှတ်တော်)  ဘောင်ကျယ်လာရင် စစ်ဘောင်ကျဉ်းသွားမယ်၊ ခုတော့ ပါတီ ဘောင် ကျယ်လာအောင်လုပ်ရင်း ပါလီမန်ဘောင်ကျဉ်း ကျဉ်းလာတာကို စိတ်မသက်မသာ ဖြစ်ရကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက သုံးသပ်ရေးသားထားသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မကျင်းပနိုင်ကြောင်း သတ်မှတ်ချက်နှင့် ပတ်သက်ပြီး ရှင်းလင်းဖို့ လိုအပ်ကြောင်းနှင့် ယခုအတိုင်းဆက်သွားပါက ရွေးကောက်ပွဲပြီးနောက် ရလဒ်အပေါ်တွင် တိုင်းရင်းသားများ၏ မေးခွန်းထုတ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ထိခိုက်လာနိုင်ကြောင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။

ဒေါက်တာမင်းဇော်ဦးက “မြန်မာပြည်မှာ လုံခြုံရေးယာဉ်တန်းနဲ့ ရိက္ခာပို့ရတဲ့မြို့ဆိုတာ ပလက်ဝ တမြို့ပဲရှိတယ်၊ အဲ့ဒီလိုမြို့မှာ လုပ်လို့ရပြီး တခြားမြို့တွေမှာ လုပ်လို့မရဘူးဆိုတာက မေးခွန်းထုတ်စရာတွေအများကြီးရှိတယ်။ အဲ့ဒီတော့ ဒီရွေးကောက်ပွဲ (Election) ရဲ့ အများယုံကြည်လက်ခံနိုင်မှု (Credibility) ကို ထိခိုက်နိုင်တယ်။ အခု UEC ရဲ့ ထုတ်ပြန်ချက်က” ဟု ပြောသည်။

ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ဒေသများမှ နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးဆုံးရှုံးခြင်းဖြစ်ပြီး ဒေသတွင်း နိုင်ငံရေးအခင်းအကျင်းကို အပြောင်းအလဲအပေါ် သက်ရောက်မှုကြီးမားသည့်အတွက် လိုအပ်ပါက သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

ဦးစိုင်းရဲကျော်စွာမြင့်က “ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးပြဿနာတွေကို အငြိမ်းချမ်းဆုံး ဖြေရှင်းလို့ရတဲ့ အခြေခံအကျဆုံးနည်းလမ်းလို့ ပြောလို့ရတာပေါ့။ အထူးသဖြင့် ရခိုင်လိုနေရာမျိုးမှာ နိုင်ငံရေးအရ ကြီးမားတဲ့ ပြဿနာတွေရှိတဲ့နေရာမှာ သူတို့အတွက် ဖြေရှင်းလို့ရတဲ့ ရွေးကောက်ပွဲဆိုတဲ့ နည်းလမ်းတခုကို ဖယ်ထုတ်လိုက်တဲ့အခါမှာ သူတို့အနေနဲ့ နိုင်ငံရေးဖြစ်စဉ်အပေါ်မှာ ယုံကြည်မှုနည်းသွားနိုင်တယ်။ ပြဿနာတွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းစွာဖြေရှင်းရမယ့်အစား အခြားနည်းတွေကို စဉ်းစားလာကြမှာပေါ့။ ဒါဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အင်မတန်ကြီးမားတဲ့ သက်ရောက်မှုနဲ့ စိန်ခေါ်မှုပဲ”ဟု ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ အင်ဂျန်းယန်မြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးခရီးစဉ်/KSPP/facebook

ရခိုင်ပြည်နယ် အခြေအနေ

ရခိုင်ပြည်နယ်လွှတ်တော် အနေဖြင့်လည်း မြို့နယ် ၉ ခုမှ ကိုယ်စားလှယ် ၁၈ ဦးနှင့် တောင်ကုတ်နှင့် အမ်းမြို့နယ် တို့ ၂ ဦး၊ စုစုပေါင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး လျော့နည်းမည်ဖြစ်သည်။

အထူးသဖြင့် တောင်ကုတ်နှင့် အမ်းမြို့နယ်တွင် မြို့နယ်တခုလုံးနီးပါးရှိ ကျေးရွာအုပ်စုများအား ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲအား မြို့ပေါ်ရှိ ရပ်ကွက် ၄ ခုခန့်ဖြင့်သာ ကျင်းပရမည်ဖြစ်သည်။

လတ်တလောတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည်မှာ မှန်သော်လည်း အချို့မြို့နယ်များတွင် မြို့ပေါ်၌ ဖြစ်ပွားခြင်းမရှိသည့် အခြေအနေဖြစ်သော်လည်း အစိုးရသည် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် စာရင်းတွင် စစ်ရေးပဋိပက္ခ မရှိသည့် မြို့နယ်များကိုပါ ထည့်သွင်းကာ ကြေညာခဲ့ခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်နှင့် ထိစပ်နေပြီး ချင်းပြည်နယ်အတွင်း ပါဝင်သည့် ပလက်ဝမြို့နယ်တွင်မူ လမ်းကြောင်းများ ပြတ် တောက်ကာ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်တိုင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်စာရင်းတွင် မပါဝင်မှုအပေါ် နားမလည်ဖြစ်ကြကာ မေးခွန်းထုတ်နေကြသည်။

ရှမ်းပြည်နယ်၏ ရွေးကောက်ပွဲ မကျင်းပဖြစ်သော နေရာများ အခြေအနေ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ မိုင်း မော၊ ပန်ဝိုင်းမြို့နယ်တို့နှင့် အထူးဒေသ မိုင်းလားမြို့နယ်တို့မှာ ယခင်ကလည်း ရွေးကောက်ပွဲတကြိမ်မျှ ကျင်းပခြင်း မရှိခဲ့သည့် မြို့နယ်များဖြစ်သည်။

ယမန်နေ့ကြေညာချက်တွင်မူ မိုင်းကိုင်မြို့နယ်ကိုပါ ထပ်မံဖြည့်သွင်းလိုက်ရာ မြို့နယ် ၇ ခု ဖြစ်လာပြီး ပြည်သူ့လွှတ်တော် ၁ ဦးနှင့် ရှမ်းပြည်နယ် လွှတ်တော်အတွက် ကိုယ်စားလှယ် ၂ ဦး လျော့နည်းမည်ဖြစ်သည်။

ကျေးရွာအုပ်စုအနေဖြင့် တစိတ်တပိုင်း ကျင်းပနိုင်ခြင်း မရှိသည့်နေရာများ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် မြို့နယ် ၁၀ မြို့ နယ်မှ ကျေးရွာအုပ်စု ၁၀၆ စုသာ ရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင်မူ မြို့နယ် ၁၆ မြို့နယ်အတွင်းမှ ကျေးရွာအုပ်စု ၁၃၃ စု ပါဝင်နေသည့်အတွက် မကျင်းပနိုင်သည့် ကျေးရွာအုပ်စု အရေအတွက် တိုးလာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင်း မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများတွင် မိုင်းကိုင်မြို့နယ်မှအပ ကျန် မြို့နယ် ၆ ခုသည် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တို့ ထိန်းချုပ်သည့် မြို့နယ်များ ဖြစ်သည်။

ကချင်ပြည်နယ် ရွေးကောက်ပွဲအခြေအနေ

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် ကျေးရွာအုပ်စုအနေဖြင့် ၂၀၁၅ ခုနှစ်၌ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ အုပ်စု ၂၁၁ စု ကျင်းပနိုင်ခြင်း မရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၀ တွင် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ စု ပါဝင် လျက်ရှိသည်။

ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများ သတ်မှတ်ခြင်းကို နယ်မြေအုပ်ချုပ်ရေး၊  လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များ နှင့် ညှိနှိုင်းပြီး လုံခြုံရေးအပေါ် မူတည်ကာ သတ်မှတ်ခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ဧရာဝတီကို ပြောသည်။

ဦးထွန်းအောင်ခိုင်က “တို့အောက်ခြေကော်မရှင်အဖွဲ့ခွဲတွေမှာ လုပ်တဲ့ အဆင့်က မြေပြင်မှာ မြို့နယ် အဆင့် ကော်မရှင် အဖွဲ့တွေ ရှိတယ်။ နောက်ရပ်ကွက်ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲတွေ ရှိတယ်။ မြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့တွေ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဒါက သွားလို့ ရတယ်၊ မရဘူး။ ကောက်လို့ ရတယ်၊ မရဘူး သုံးသပ်ပြီး အန္တရာယ်ရှိတယ်၊ ပြဿနာရှိတယ်၊ လက်နက်ကိုင်အဖွဲ့တွေ အဝင်အထွက်ရှိတယ်ဆိုတာ သူ့အဆင့်အတန်း အလိုက် သတ်မှတ်တာ ဖြစ်တယ်”ဟု ပြောသည်။

UEC မှ ထုတ်ပြန်ကြေငြာလိုက်သည့် ကျေးရွာအုပ်စုများမှာ လူဦးရေနှင့် မဲစာရင်း ကောက်ယူစဉ်ကလည်း ချန်လှပ်ထား ခဲ့သည့် နယ်မြေများ ဖြစ်ပါသည်ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။

ကချင်ပြည်နယ်တွင်း  ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု ၆၁ စု၊ ဆွမ်ပ ရာဘွမ် မြို့နယ်မှ ကျေးရွာအုပ်စု ၃၁ စု၊  ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၃ စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စု ၈စု၊ ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု ၉  စု၊ မချမ်းဘောမြို့နယ်မှကျေးရွာအုပ်စု ၁၅ စု၊ မိုးမောက်မြို့နယ်မှ ကျေးရွာအုပ်စု ၂၁ စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု ၉  အုပ်စု ၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု ၂၂ စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု ၂ စု နှင့် ခေါန်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု ၁ စု တို့ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာရာတွင် ကချင်ပြည်နယ်မှ ကိုယ်စားလှယ်လောင်းအချို့က  နယ်မြေ အေးချမ်းသည့် ကျေးရွာများပါ ထည့်သွင်းလိုက်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိသည်။

ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်ဆိုင်းဘုတ်ထောင်ပွဲ/ANP/facebook

ကရင်ပြည်နယ် အခြေအနေ

ကရင်ပြည်နယ်တွင်မူ ၂၀၁၅ ခုနှစ်တွင် မြို့နယ် ၇ မြို့နယ်မှ ကျေးရွာအုပ်စု ၉၄ အုပ်စုတွင် ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၀ ခုနှစ်တွင် မြို့နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု ပါဝင်ခဲ့သည်။

ကရင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က “အုပ်ချုပ်မှုအာဏာစက် မသက်ရောက်တဲ့ နေရာတွေဖြစ်နေလို့ပါခင်ဗျ၊ အဲဒီနေရာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်လို့မရတဲ့နေရာတွေ ဖြစ်နေတယ်။ အဲဒါကြောင့် မဲစာရင်းပြုစုလို့မရဘူး။ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေလည်း ခန့်လို့မရဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲ ကျင်းပလို့မရဘူးလို့ ကြေညာတာပါ” ဟု ကရင်ပြည်နယ်အခြေအနေနှင့် ပတ်သက်ပြီးပြောသည်။

တိုးတက်မှုအနေဖြင့် ၂၀၁၅ ခုနှစ် ကျင်းပနိုင်ခြင်းမရှိခဲ့သည့် လှိုင်းဘွဲ့မြို့နယ်မှ ကျေးရွာအုပ်စု ၈ ခုတွင် ယခုနှစ် ကျင်းပ မည်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်မှ ၂၉ အုပ်စု၊ သံတောင်ကြီးမြို့နယ် အုပ်စု ၁ ခုနှင့် မြဝတီမြို့နယ်မှ အုပ်စု ၃ စုတို့တွင် တိုးတက်ကျင်းပနိုင်ခြင်းဖြစ်သည်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဘောနော်ခီးကျေးရွာအုပ်စုတွင်မူ ၂၀၁၅ ခုနှစ် က ကျင်းပခဲ့ခြင်း မရှိသကဲ့သို့ ယခုနှစ် ၂၀၂၀ ရွေးကောက်ပွဲရွေးကောက်ပွဲတွင်လည်း မကျင်းပနိုင်ကြောင်း ကြေညာထားသည်။

ဘီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က “ဘော်နော်ခီး ရွာမှာက ငြိမ်းချမ်းရေးအဖွဲ့ တပ်မဟာ ၁ နဲ့ ၅ က အဲဒီမှာထိုင်တယ်။ အဲဒီရွာက နယ်စပ်ရွာလို ဖြစ်နေတာ၊ သူတို့အချင်းချင်းလည်း အဆင်မပြေတဲ့ ပုံပဲလား မသိပါဘူး။ အဲဒီမှာ ထွေ/အုပ်ကလည်း အုပ်ချုပ်ရေးမှူး မခန့်ထားဘူး။ အုပ်ချုပ်ရေးမှူးမရှိရင် ကော်မရှင်က ဖွဲ့လို့ မရဘူး။ မဲစာရင်းလည်း ကောက်လို့မရဘူး။ နည်းနည်းလေး တင်းမာတဲ့ အနေ အထားရှိတယ်။ အဲဒီတော့ အဲဒီရွာကို ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးပေါ့”ဟု ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ၂၀၁၅ ခုနှစ်က ကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ စုနှင့် ရွှေကျင်မြို့နယ်မှ ကျေးရွာ အုပ်စု ၂၉ တွင် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ် ၂၀၂၀ တွင် ကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ စုနှင့် ရွှေကျင်မြို့ နယ်မှ ကျေးရွာအုပ်စု ၃၀ တွင် ကျင်းပမည် မဟုတ်ကြောင်း ကြေညာခဲ့သည့်အတွက် မကျင်းပနိုင်သည့် နေရာအဖြစ် ရွှေကျင်မြို့နယ်မှ ကျေးရွာအုပ်စု ၁ ခု တိုးလာခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က “အဲဒီကျောက်ကြီးက ကျေးရွာ ၁၂ ရွာက လူလည်းမရှိဘူး၊ ရွာလည်းမရှိဘူး၊ ရွာနာမည်တွေက နဂိုကတည်းက ပြန်တမ်းနဲ့ထွက်ထားတာကိုး။ ဒီရွာတွေ မပယ်ဖျက် မချင်းက ကျနော်တို့စာရင်းထဲ ရှိနေမှာကိုး၊ တကယ်တမ်းတော့ ရွာပျက်ပေါ့ဗျာ။ ရွှေကျင်က ၂၉ ရွာ၊ အခုရွှေကျင်က ၁ ရွာ တိုးလာတယ်။ ရဲသောင်ရွာ။ သူကတော့ အခုမှ နည်းနည်းလုံခြုံရေး အခြေအနေကြောင့်ပါ။ ဒီတခုပဲတိုးတယ်၊ ကျန်တာက အတူတူပဲ”ဟု ရှင်းပြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခုကဲ့သို့ မဲဆန္ဒနယ်အများအပြားတွင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိကြောင်း ကြေညာခြင်းနှင့်ပတ်သက်၍ မည့်ကဲ့သို့ အကြောင်းအရာများကြောင့် သတ်မှတ်သည်ကို ရှင်းလင်းပေးရန် ဒေသအခြေစိုက်နိုင်ငံရေးပါတီများက လိုလားလျှက်ရှိကြသည်။

You may also like these stories:

ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၉၂ စု ဘာကြောင့် ရွေးကောက်ပွဲ မကျင်းပလဲ

အရောင်အသွေး ပိုစုံလာတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ

ဘတပြန်ကျားတပြန် ကယားပြည်နယ်ရွေးကောက်ပွဲ

The post ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ် ၂၀၁၅ ထက် ပိုများလာ appeared first on ဧရာဝတီ.

ကိုဗစ် စည်းကမ်းတွေ ချိုးဖောက်ပြီး အီတလီပြန်သွားတဲ့ ရော်နယ်ဒို

$
0
0

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ပေါ်တူဂီအသင်း တိုက်စစ်မှူး ခရစ္စတီရာနို ရော်နယ်ဒိုဟာ COVID-19 ကျန်းမာရေး စည်းကမ်းတွေကို ဖောက်ဖျက်ပြီး အီတလီကို ပြန်သွားတာဖြစ်နိုင်တယ်လို့ ပေါ်တူဂီအားကစား ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ရော်နယ်ဒိုဟာ နိုင်ငံအသင်းနဲ့အတူ အောက်တိုဘာ ၁၄ ရက်မှာ ကန်မယ့် ဆွီဒင်ပွဲအတွက် ပေါ်တူဂီနိုင်ငံကို ရောက်နေချိန်မှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာပါ။ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံနေရတာကြောင့် တယောက်တည်း သီးသန့်ခွဲနေပြီး ကုသနေရာက ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ အီတလီနိုင်ငံ၊ တူရင်မြို့ကို ပြန်သွားခဲ့တာပါ။

ပေါ်တူဂီအားကစားဝန်ကြီးက ရေဒီယိုအင်တာဗျူးတခုမှာ ရော်နယ်ဒိုဟာ ကျန်းမာရေးစည်းကမ်းတွေကို ချိုးဖောက်ခဲ့သလားဆိုတဲ့ မေးခွန်းကို “ဟုတ်ကဲ့ ဖြစ်နိုင်ပါတယ်။ ကျန်းမာရေး တာဝန်ရှိသူတွေက ခွင့်ပြုပေးတာမျိုး မရှိဘူးထင်တာပဲ” လို့ ဖြေသွားပါတယ်။

ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌ Andrea Agnelli ကတော့ အီတလီက အိမ်မှာပဲ Quarantine သီးသန့်ခွဲနေဖို့ ပြန်လာခဲ့တာဖြစ်တာဖြစ်ပြီး ဘာစည်းကမ်းမှ ချိုးဖောက်ထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဂျူဗင်တပ်စ် အသင်းကလည်း ရော်နယ်ဒိုဟာ ကျန်းမာရေးတာဝန်ရှိသူတွေ ခွင့်ပြုပေးထားတဲ့ ဆေးဘက်ဆိုင်ရာခရီးစဉ်အနေနဲ့ ပြန်လာတာဖြစ်တယ်လို့ ထပ်မံ ပြောကြားလိုက်ပါတယ်။

ပေါ်တူဂီနဲ့ ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုဟာ စပိန်အသင်း၊ ပြင်သစ်အသင်းတို့နဲ့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ပါဝင်ခဲ့ပေမယ့် အောက်တိုဘာ ၁၄ ရက်က ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ ဆွီဒင်ပွဲစဉ်မှာတော့ COVID-19 ကူးစက်ခံထားရလို့ မပါဝင်နိုင်ခဲ့ပါဘူး။

ပေါ်တူဂီနဲ့ အီတလီ မီဒီယာတွေကတော့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ သီးသန့်ခွဲနေရမယ့်ရက် ပြီးသွားလို့ “Ambulance Plane” နဲ့ လစ္စဘွန်းကနေ တူရင်မြို့ကို ပြန်သွားတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ မှတ်တမ်း ဓာတ်ပုံတွေအရတော့ ရော်နယ်ဒိုဟာ လေယာဉ်ပေါ်မှာ ဆွီဒင်ကို ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ ပွဲကို ကြည့်ရှုနေတာပါ။ သူကိုယ်တိုင်လည်း Instagram မှာ လေယာဉ်ပေါ်က ပုံကို တင်ခဲ့ပါသေးတယ်။

ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းမှာလည်း ဝန်ထမ်း ၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် သီးသန့်ခွဲ နေထိုင်နေရပေမယ့် တိုက်စစ်မှူး ရော်နယ်ဒို အပါအဝင် ကစားသမား ၆ ယောက်ကို နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့ မိခင်နိုင်ငံတွေဆီ ပြန်လွှတ်ခဲ့ပါတယ်။

ဘောလုံးနာမည်ကျော်တွေထဲမှာ ခရစ္စတီရာနို ရော်နယ်ဒို အပြင် နေမာ၊ ပေါ့ဂ်ဘာ၊ ဇလာတန် အီဘရာမိုဗစ်၊ ဒီရေဂို ကော်စတာ စတဲ့ ဘောလုံးသမားတွေလည်း COVID-19 ကူးစက်ခံထားရပါတယ်။ ပေါ်တူဂီအစိုးရက နိုင်ငံအတွင်း ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် တင်းကျပ်တဲ့ စည်းကမ်းအသစ်တွေ အောက်တိုဘာ ၁၄ ရက်ကစလို့ ထုတ်ပြန်လိုက်ပါတယ်။

Ref: ESPN

You may also like these stories:

ပေါ်တူဂီအသင်း တိုက်စစ်မှူး ရော်နယ်ဒို COVID-19 ကူးစက်ခံရ

ဝင်ငွေအများဆုံး ကစားသမားစာရင်းမှာ ဒုတိယနဲ့ ကျေနပ်လိုက်ရတဲ့ စီရော်နယ်ဒို

The post ကိုဗစ် စည်းကမ်းတွေ ချိုးဖောက်ပြီး အီတလီပြန်သွားတဲ့ ရော်နယ်ဒို appeared first on ဧရာဝတီ.

ဂျပန်စတိုင် ရေဘဝဲ Takoyaki လုပ်စားကြမယ်

$
0
0

ဒီတပတ်တော့ အိမ်မှာနေရင်း လုပ်စားကြည့်နိုင်မယ့် ဂျပန် Street food တမျိုးကို ညွှန်းပေးချင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ လမ်းဘေးဆိုင်တွေမှာ တွေ့ရတတ်ပြီး မြန်မာနိုင်ငံက Foodie တွေလည်း အကြိုက်တွေ့တဲ့ Takoyaki ပါ။ ၁၉၃၅ ခုနှစ်မှာ အိုဆာကာမြို့ကနေ စတင် ခေတ်စားလာရာက ဂျပန်နိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့ကို ပျံ့နှံ့လာခဲ့တာပါ။

Takoyaki ဟာ “ကင်ထား၊ ကြော်ထားတဲ့ ရေဘဝဲ”လို့ အဓိပ္ပာယ်ရပြီး၊ အများအခေါ်ကတော့ “ရေဘဝဲလုံး (သို့) ရေဘဝဲဖက်ထုပ်”လို့ ဆိုကြပါတယ်။ Takoyaki အမျိုးအစား ၅ မျိုးရှိပြီး လူကြိုက်အများဆုံးကတော့ ရေဘဝဲအရသာပါ။

ရေဘဝဲ မစားသူတွေက ပုစွန်၊ အသားချောင်း၊ ချိစ်၊ ပဲစိမ်းလုံး၊ ထောပတ်သီးတို့နဲ့တောင် လုပ်စားနိုင် ပါတယ်။ Takoyaki လုပ်မယ်ဆိုရင် အဝိုင်းခွက်ပုံစံပါ အိုးလေးရှိရင် ပိုအဆင်ပြေပါတယ်။ ရေဘဝဲ Takoyaki လုပ်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

ရေဘဝဲ
ဂျုံမှုန့်
မုန့်ဖုတ်ပေါင်ဒါ
ဆား
ချင်းအနီရောင်ချဉ်
ကြက်ဥ
ကြက်သွန်မြိတ်
ပဲငံပြာရည်
Dashi အချိုရည်
တန်ပူရာကြော်တဲ့အခါ အသုံးပြုတဲ့ Tenkasu အကြွပ်ကြော်
Katsuobushi ငါးခြောက်လွှာ
ဂျပန် mayaonnaise
ရေညှိခြောက်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ရေဘဝဲကို ပြုတ်ပြီး လက်မဝက်အရွယ် အတုံးလေးတွေ တုံးထားပါ။ ကြက်သွန်မြိတ်နဲ့ ချင်းအနီရောင်ချဉ်ကို ပါးပါးလှီးထားပါ။ ပြင်ဆင်ပြီးရင် မုန့်နှစ် လုပ်ပါမယ်။ ပန်းကန်လုံး ခပ်ကြီးကြီး တလုံးထဲကို ဂျုံမှုန့် ၁ ခွက်၊ မုန့်ဖုတ်ပေါင်ဒါ ၂ ဇွန်း၊ ဆား အနည်းငယ်ထည့်ပြီး သမအောင် မွှေပါ။ တချို့ လျှို့ဝှက်နည်းအရ ဂျုံမှုန့်ထဲ ပြောင်ဖူး ကော်မှုန့် အနည်းငယ် ရောထည့်ကြပါတယ်။

သမအောင် မွှေထားတဲ့ မုန့်နှစ်ထဲကို ကြက်ဥ ၂ လုံး၊ ပဲငံပြာရည် ၁ ဇွန်း၊ Dashi အချိုရည် ၁ ခွက်ခွဲတို့ကိုပါ ရောထည့်ပြီး မွှေပါ။ အားလုံး ပျော်ဝင်သွားအောင် မွှေပြီးရင် ခွက်တခုထဲ ထည့်ပြီး ခဏဖယ်ထားပါ။

ပြီးရင် Takoyaki စ ချက်ပါမယ်။ အဝိုင်းခွက်ပုံစံပါ အိုးကို အပူပေးပါ။ ဘရက်ရှ်ကိုသုံးပြီး ခွက်တွေထဲကို ဆီသုတ်ပေးပါ။ ပြီးရင်တော့ ပုံစံခွက်လေးတွေထဲကို ဖျော်ထားတဲ့ မုန့်နှစ်ရည် လောင်းထည့်ပါ။ မုန့်နှစ်ထဲကို ရေဘဝဲ၊ Tenkasu အကြွပ်ကြော်မှုန့်၊ ကြက်သွန်မြိတ်၊ ချင်းနီရောင်ချဉ်တို့ကို ထည့်ပါ။

၃ မိနစ်လောက်ကြာရင် အပေါ်အောက် လှန်ပေးပါ။ နောက်ထပ် ၄ မိနစ်လောက် ထပ်ကြော်လိုက်ရင် အနေထား အကောင်းဆုံး Takoyaki ရပါပြီ။ Takoyaki ကြော် ပူပူလေးတွေပေါ်ကနေ ရေညှိခြောက်၊ Katsuobushi ငါးခြောက်လွှာလေးတွေ ဖြူးလိုက်ပြီး Takoyaki ဆော့စ် (သို့) ဂျပန် mayaonnaise တို့နဲ့ တွဲဖက်စားလေ့ ရှိကြပါတယ်။

Ref: Just One Cookbook

You may also like these stories:

အနံ့အရသာ ထိမိမယ့် တုံယမ်းထမင်းကြော်

နယူးဒေလီမှာ ဖွင့်လှစ်လိုက်တဲ့ “CoCo Ichibanya” ဂျပန်ဟင်းအနှစ်ဆိုင်

The post ဂျပန်စတိုင် ရေဘဝဲ Takoyaki လုပ်စားကြမယ် appeared first on ဧရာဝတီ.

ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားရာနေ အသက် ၆၀ ကျော်သူများ ကြိုတင်မဲပေးနိုင်

$
0
0

ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရေးအတွက် အိမ်တွင်းတွင်သာ နေထိုင်ရန် အမိန့်ထုတ်ပြန်ထားသော မြို့နယ်များ သို့မဟုတ် လူဦးရေများပြားသော မြို့နယ်များမှ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်ခွဲများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ အနည်းဆုံးဖြစ်စေရန် ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ယခင်ရွေးကောက်ပွဲများတွင် အသက်အရွယ်ကြီးသော မဲဆန္ဒရှင်များသည် မဲရုံတွင်မဲပေးခြင်းနှင့် ကော်မရှင်ခွဲရုံးများတွင် ကြိုတင်မဲပေးခြင်းကို ရွေးချယ်နိုင်သည်။ သွားလာခြင်း မပြုနိုင်သူများအတွက် ကော်မရှင်ခွဲများက ၎င်းတို့၏ နေအိမ်များသို့ သွားရောက်ပြီး ဆန္ဒမဲများ ကောက်ခံသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၄ သန်းအနက် အသက် ၆၀ နှင့်အထက် ရှိသူမှာ ၄ ဒဿမ ၅ သန်းခန့်ရှိပြီး လာမည့် နိုဝင်ဘာရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်နှင့်အထက် မဲပေးနိုင်သူပေါင်း ၃၈ သန်းရှိသည်။

“ဒီအစီအစဉ်ရဲ့ ဒုတိယအကျိုးကျေးဇူးကတော့ ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ မဲပေးသူအရေအတွက် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်”

အသက် ၆၀ နှင့်အထက်များသည် ကိုဗစ်-၁၉ ကူးစက်လျှင် အန္တရာယ် ပိုမိုများပြားသောကြောင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ၎င်းတို့အတွက် ကြိုတင်မဲပေးရန် စီစဉ်ပေးခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည်က လူထုသို့ ပြောကြားထားသည်။

ထိုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်သည် မဲဆန္ဒရှင်များ အန္တရာယ် ကင်းရှင်းရေးနှင့် စိတ်ကျေနပ်မှုကို ဖြစ်စေမည်ဟု ပြောသည်။

၎င်းတို့သည် အခြားအသက်အပိုင်းအခြားများထက် ကိုဗစ်-၁၉ အန္တရာယ် ပိုမိုခံစားရနိုင်သောကြောင့် အသက် ၆၀ နှင့် အထက်များ အတွက် ကြိုတင်မဲပေးခြင်းသည် အကျိုးပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီအစီအစဉ်ရဲ့ ဒုတိယအကျိုးကျေးဇူးကတော့ ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ မဲပေးသူအရေအတွက် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်”

ဟု ဒေါ်အောင်ဆန်းစုကြည်ပြောပြီး နိုဝင်ဘာလ ၈ ရက်နေ့ မဲရုံများတွင် မဲပေးသူ ပိုမိုနည်းပါးသောကြောင့် လူခြင်းခွဲခြားနေထိုင်မှု ပိုမိုပြုလုပ်နိုင်မည်ဟု ဆက်လက် ပြောပြသည်။

ထို့အပြင် “ဒါက အားလုံးအတွက် ဘေးကင်းတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြားပြီး အစိုးရသည် မဲဆန္ဒရှင်များ အတွက် နှာခေါင်းစည်းနှင့် မျက်နှာအကာအကွယ်များ ဖြန့်ချိပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

နိုင်ငံတော်အတိုင်ပင်ခံသည်လည်း အသက် ၇၅ နှစ်ရှိပြီဖြစ်သောကြောင့် ကြိုတင်မဲပေးမည်ဖြစ်သည်။

စစ်တပ်လိုလားသော ပါတီများနှင့် အခြားပါတီများက ရွေးကောက်ပွဲ ဆိုင်းငံ့ရန် တောင်းဆိုမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွန်ခဲ့သောလက ပယ်ချခဲ့သည်။ မဲရုံများတွင် ရောဂါကူးစက်မှု တားဆီးရေးအတွက် ကျယ်ပြန့်သော အစီအမံများ ချမှတ်မည်ဖြစ်ကြောင်း ထိုကော်မရှင်က ပြောထားသည်။

ရန်ကုန်တိုင်းမှ မြို့နယ်ပေါင်း ၂၉ ခုနှင့် မန္တလေးတိုင်းမှ မြို့နယ် ၅ ခုသည် တကီလိုမီတာလျှင် လူဦးရေ ၅၀၀၀ ကျော်ပြီး လူဦးရေများပြားသော မြို့နယ်များဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

မဲဆန္ဒနယ်ပြင်ပရောက်နေသူများအနေဖြင့်လည်း ၎င်းတို့ရောက်ရှိနေသော နေရာများတွင် ကြိုတင်မဲပေးရန် လျှောက်ထား နိုင်ကြောင်း နှင့် ကော်မရှင်ခွဲများသည် မဲပေးရန်နှင့် မဲရေတွက်ရန် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။

အခြားနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် သက်ဆိုင်ရာ နိုင်ငံများရှိ သံရုံးနှင့်ကောင်စစ်ဝန်ရုံး ၄၅ ခုတွင် အောက်တိုဘာလ ၁ ရက်နေ့မှ မဲပေးနေပြီဖြစ်သည်။

ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးနှင့် ရခိုင်ပြည်နယ်တခုလုံးတွင် အိမ်တွင်းတွင်သာ နေထိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားသည်။ သြဂုတ်လအလယ်က ရခိုင်ပြည်နယ် စစ်တွေတွင် ကိုဗစ်-၁၉ ကူးစက်မှု စတင်ပြီးနောက် ဒုတိယလှိုင်းကူးစက်မှုဖြစ်လာပြီး ကူးစက်မှု ဆက်လက်မြင့်မားနေဆဲဖြစ်သည်။

မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်များတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက အိမ်တွင်းတွင်သာနေထိုင်ရန် အမိန့်များကို စက်တင်ဘာလ နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁၆ ရက်နေ့ ည ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်မှု ၃၃၄၈၈ ဦး၊ သေဆုံးသူ ၇၉၉ ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူပေါင်း ၁၅၄၇၇ ဦးရှိသည်။

(Nyein Nyein ၏ Over-60s in COVID-19 Hotspots to Vote in Advance in Myanmar’s Election ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ် ၂၀၁၅ ထက် ပိုများလာ

တောင်ကုတ် NLD အမတ်လောင်း ၃ ဦးကို လက်နက်ကိုင်အဖွဲ့တခု က ဖမ်းဆီးသွား

ဘတပြန်ကျားတပြန် ကယားပြည်နယ်ရွေးကောက်ပွဲ

The post ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားရာနေ အသက် ၆၀ ကျော်သူများ ကြိုတင်မဲပေးနိုင် appeared first on ဧရာဝတီ.


ပြင်သစ်မှာ ညမထွက်ရအမိန့် မတိုင်ခင် မြို့ခံ သန်းနဲ့ချီ အပြင်ထွက်လည်

$
0
0

ပြင်သစ်နိုင်ငံမှာ ညမထွက်ရအမိန့် မတိုင်ခင် နောက်ဆုံးညက မြို့ခံ သန်းနဲ့ချီ အပြင်ထွက်ခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်တဲ့ထဲမှာ မြို့တော် ပါရီ အပါအဝင် အနီးအနားက နေရာ ၈ ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာပါ။

အောက်တိုဘာ ၁၇ ရက်မှာ စတင်သက်ဝင်တဲ့ ညမထွက်ရအမိန့်ကြောင့် ပါရီသားတွေအပြင် လူဦးရေ သန်း ၂၀ လောက်ဟာ ည ၉ နာရီကနေ မနက် ၆ နာရီအထိ အပြင်ထွက်ခွင့် မရှိတော့ပါဘူး။ ဒါဟာ တနိုင်ငံလုံးရဲ့ လူဦးရေ ၃၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

၁ လနီးပါးကြာ ကူးစက်မှုနှုန်းတွေ မြင့်တက်လာအပြီးမှာ သမ္မတ Emmanuel Macron က ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြေညာလိုက်တာပါ။ ပထမလှိုင်းဖြစ်ပွားခဲ့တဲ့ မတ်လနဲ့ ဧပြီလတုန်းကလို ကူးစက်လူနာတွေ ဆေးရုံတွေမှာ စုပြုံသွားတဲ့အထိ ထပ်မဖြစ်စေဖို့ ကူးစက်မှုအသစ်တွေကို ထိန်းချုပ်ဖို့အတွက် တင်းကျပ်တဲ့ အမိန့်တွေ ထုတ်ပြန်လိုက်ရတာ ဖြစ်ပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၆ ရက်က ကူးစက်လူနာအသစ် ၂,၅၀၀ ကျော်ရှိခဲ့ပြီး ဒါဟာ အောက်တိုဘာ ၁၅ ရက်က တရက်တည်း ၃,၀၀၀ ကျော် ကူးစက်ခံရအပြီး ဒုတိယ အများဆုံးရက်လည်း ဖြစ်ပါတယ်။ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂၂ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့တော် ပါရီမှာ ညမထွက်ရအမိန့် မတိုင်ခင် နောက်ဆုံးညမှာ နယူးရီးယားညတွေလို မြို့ခံ သန်းနဲ့ချီ အပြင်ထွက် စားသောက်ခဲ့ကြပါတယ်။ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ နေရာလပ် မရှိလောက်အောင် ပြည့်လျှံသွားပြီး ရယ်မောသံတွေနဲ့ ဆူညံနေခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ကျန်တဲ့အချိန်လေးမှာ အပေါင်းအသင်းတွေ အတူတူ စားသောက်ဆိုင်နဲ့ ဘားတွေမှာ အချိန်ဖြုန်းမယ်။ ပြီးရင် Champs-Elysées လမ်းမကြီးပေါ်မှာ လမ်းလျှောက်ကြဦးမယ်” လို့ အသက် ၁၉ နှစ်အရွယ် Kurtys Magdelo က ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ ပတ်အတွင်း ကူးစက်ခံရသူအားလုံးရဲ့ ၃ ပုံ ၂ ပုံဟာ သက်ကြီးပိုင်းတွေဖြစ်လို့ ဘိုဘွားရိပ်သာလို သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေက စိုးရိမ်စရာနေရာတွေ ဖြစ်လာတယ်လို့ ကျန်းမာရေး အေဂျင်စီတခုက တာဝန်ရှိသူ Sophie Vaux က ဆိုပါတယ်။

စစ်တမ်းကောက်ယူချက်တွေအရ ၇၀ ရာခိုင်နှုန်းက လက်ခံတာကြောင့် သမ္မတ Macron က ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာခဲ့ပေမယ့် အစိုးရပိုင်း တာဝန်ရှိသူတွေကြားထဲမှာ အဆိုပါ ထုတ်ပြန်ချက်အပေါ် အမြင်အမျိုးမျိုး ရှိနေပါတယ်။

ပြင်သစ်မြို့တော်ဝန်ကတော့ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံနဲ့ တခြားအနုပညာဆိုင်ရာ ကျင်းပရာနေရာတွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ တောင်းဆိုထားပါတယ်။ ဘဏ္ဍာရေးဝန်ကြီးကတော့ အခုလို ထုတ်ပြန်ချက်တွေကို ချွင်းချက်တွေနဲ့ ဖြေလျှော့ပေးနေရင် အလုံးစုံ ကန့်သတ်နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် Jean Castex ကလည်း အခုလို စည်းမျဉ်းသစ်တွေဟာ လူတိုင်းအတူတူ လိုက်နာသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ နောက်ထပ် ညမထွက်ရအမိန့် သက်ရောက်နေတဲ့ မားဆေးမြို့က စားသောက်ဆိုင်တဆိုင်ရဲ့တာဝန်ခံမန်နေဂျာကလည်း အခုလို အခြေအနေမျိုး သူ့တသက်မှာ တခါမှ မကြုံတွေ့ဖူးဘူးလို့ ဆိုပါတယ်။

ညမထွက်ရအမိန့်ကို ၂ ပတ်ကြာ ကျောင်းအားလပ်ရက် ကာလအတွင်းမှာ ချမှတ်လိုက်တာပါ။ မိသားစုလိုက် ခရီးသွားလာခွင့်တွေကိုလည်း ကန့်သတ်ထားသလို၊ နိုင်ငံတဝှမ်း မင်္ဂလာဆောင်လို အခမ်းအနားပွဲတွေလည်း တားမြစ်ထားပြီး လူ ၆ ဦးထက် စုဝေးခွင့် ပိတ်ပင်ထားပါတယ်။

သမ္မတ Macron က လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး “ထုတ်ပြန်ချက် အမိန့်တွေကို လိုက်နာဖို့ လိုပါတယ်။ ဒါမှလည်း ကူးစက်မှုနှုန်းတွေ ရပ်တန့်နိုင်မှာပါ” လို့ ပြောကြားလိုက်ပါတယ်။

Ref: Bangkok Post

You may also like these stories:

ကူးစက်မှု မြင့်တက်လာတဲ့ ဥရောပနိုင်ငံတွေမှာ စည်းမျဉ်းတွေ တင်းကျပ်စွာ ထုတ်ပြန်

ကိုဗစ်ကြောင့် အောက်တိုဘာနဲ့ နိုဝင်ဘာအတွင်း ဥရောပမှာ လူသေဆုံးမှု ပိုများနိုင်

The post ပြင်သစ်မှာ ညမထွက်ရအမိန့် မတိုင်ခင် မြို့ခံ သန်းနဲ့ချီ အပြင်ထွက်လည် appeared first on ဧရာဝတီ.

လူလုပ်ဘေးအန္တရာယ်တွေကို ရပ်တန့်ပစ်ဖို့ ရွေးကောက်ပွဲက အခွင့်အရေး

$
0
0

ကံကောင်းထောက်မစွာပင် မြန်မာနိုင်ငံက မုန်တိုင်း၊ မြေငလျင်၊ မီးတောင်ပေါက်ကွဲခြင်းစတဲ့ သဘာဝဘေးအန္တရာယ်အများအပြားကို ခံစားရတဲ့နိုင်ငံတနိုင်ငံမဟုတ်ပါ။ ဒါပေမယ့် ကံမကောင်းစွာဘဲ လူလုပ်ဘေးအန္တရာယ်များကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ နိုင်ငံတနိုင်ငံပါ။ ထိခိုက်ပျက်စီးမှုတွေကလည်း အတိုင်းအဆမဲ့ပါ။

လူတွေဖန်တီးတဲ့ အဆုံးအစမရှိတဲ့ ဘေးအန္တရာယ်များက စီးပွါးရေး၊ ပညာရေးစနစ်၊ အခြေခံအဆောက်အအုံ၊ နိုင်ငံရေးစနစ်နဲ့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုတွေအပြင် သဘာဝဘေးတွေက မဖျက်ဆီးနိုင်တဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာကိုတောင် ရိုက်ချိုးဖျက်ဆီးခဲ့ကြတယ်။ ပြောရမယ်ဆိုရင် နိုင်ငံတဝန်းနဲ့ လူ့အဖွဲ့အစည်းအတွင်း ရှိသမျှအရာအားလုံး ဖျက်ဆီးခံရတာပါ။ ဒါကြောင့်လည်း တိုင်းတာလို့မရနိုင်လောက်အောင် ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ကြရတယ်။

တကယ်တော့ ကျနော်ပြောတဲ့ ဒီလူလုပ်ဘေးအန္တရာယ်ဆိုတာ “နိုင်ငံရေး ဘေးအန္တရာယ်” ပါပဲ။ အကြောင်းက နိုင်ငံ့ရဲ့ခေါင်းဆောင်တွေ၊ သူတို့ရဲ့မှားယွင်းတဲ့မူဝါဒတွေ၊ အဂတိလိုက်စားမှုတွေ၊ ဒါ့အပြင် သူတို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် နိုင်ငံရဲ့ကဏ္ဍအားလုံး ထိခိုက်ပျက်စီးခဲ့ရလို့ပါပဲ။

လူလုပ်ဘေးအန္တရာယ်တွေဖြစ်တဲ့ စစ်နဲ့ နိုင်ငံခြားကျူးကျော်မှုတွေ ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ နောက်ထပ် အဲဒီလိုအန္တရာယ်တွေ မကြုံရတော့ဘဲ ချမ်းသာဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယူဆခဲ့ကြတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီး ကိုယ့်မြန်မာအစိုးရလက်ထက်မှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့လို လက်နက်ကိုင်အဖွဲ့တွေနဲ့ စတင်တိုက်ခိုက်ရပြီး ပြည်တွင်းစစ်ဘေးထဲ စဝင်ခဲ့ရတယ်။

ဒါပေမယ့် အစိုးရက ရွေးကောက်ပွဲနဲ့တက်ပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့အတွက် တိုင်းပြည်ရဲ့နိုင်ငံရေးစနစ်က တော်တော်လေးတည်ငြိမ်တယ်လို့ ပြောရင်ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေပေမယ့် ပြည်သူတွေက မဲပေးပိုင်ခွင့်ရှိပြီး၊ သူတို့ယုံကြည်ရာကို ဖော်ထုတ်ပြောဆိုနိုင်တဲ့ လွတ်လပ်ခွင့်တွေလည်း ရှိပါသေးတယ်။ ရုပ်ပိုင်းဆိုင်ရာအရဆိုလည်း သူတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေထက် ပိုပြီး ကြွယ်ဝဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။

ဒါပေမယ့် နောက် ၁၀ နှစ် ကျော်အကြာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းပြီး ဖိနှိပ်မှုအတိပြီးတဲ့ စစ်အုပ်ချုပ်ရေးစနစ်နဲ့ တိုင်းပြည်ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့အာဏာသိမ်းမှုဟာ အတိတ်နမိတ်ကောင်းကောင်းနဲ့ ရခဲ့တဲ့ လွတ်လပ်ရေးနောက်ပိုင်း တိုင်းပြည်အတွက် ကြီးပွါးချမ်းသာတိုးတက်ဖို့ အလားအလာကောင်းတွေ အားလုံးကို ဖျက်ဆီးလိုက်တာပါပဲ။ တနည်းအားဖြင့် ကျနော်တို့ မြန်မာနိုင်ငံမှာ ယနေ့အထိ တောက်လျှောက် ခံစားနေရတဲ့ လူလုပ်ဘေးအန္တရာယ်တွေရဲ့ အစ ကနဦးပဲလို့ ဆိုရမှာပါ။

နောက်ပိုင်း ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အစိုးရက မြန်မာ့နည်းမြန်မာ့ဟန် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” (မ.ဆ.လ) ကို ထူထောင်ပြီး တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့ပါတယ်။

ထောက်လှမ်းရေးတွေ နေရာတိုင်းကြီးစိုးတဲ့အတွက် လူတိုင်းအကြောက်တရားနဲ့ ရှင်သန်နေထိုင်ခဲ့ရတယ်။ အဲဒီစနစ်ဆိုးအောက်မှာ လူ့အဖွဲ့အစည်းတခုလုံး ပျက်စီးခဲ့ရတယ်။

နိုင်ငံရေးအရ သူ့အစိုးရကို ဆန့်ကျင်တဲ့လှုပ်ရှားမှုအားလုံးကို ဖြိုခွင်းနှိမ်နင်းတယ်၊ နိုင်ငံရေးသဘောကွဲသူတွေကို ထောင်သွင်းအကျဉ်းချတယ်၊ သတင်းစာတွေကိုပြည်သူပိုင်သိမ်းပြီး ရရှိထားတဲ့ သတင်းစာလွတ်လပ်ခွင့်ကို ပြန်ရုပ်သိမ်းခဲ့တယ်၊ ပြီးတော့ လူမှုအသင်းအဖွဲ့အားလုံးကိုလည်း ဖျက်သိမ်းပစ်ခဲ့ပါတယ်။

ထောက်လှမ်းရေးတွေ နေရာတိုင်းကြီးစိုးတဲ့အတွက် လူတိုင်းအကြောက်တရားနဲ့ ရှင်သန်နေထိုင်ခဲ့ရတယ်။ အဲဒီစနစ်ဆိုးအောက်မှာ လူ့အဖွဲ့အစည်းတခုလုံး ပျက်စီးခဲ့ရတယ်။

အားကောင်းလှတဲ့ မုန်တိုင်းကြီးတခု အရှိန်ပြင်းပြင်းနဲ့ တိုက်ခိုက်ဖျက်စီးခဲ့သလိုပါပဲ။ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်၊ မဲပေးပိုင်ခွင့်အပါအဝင် နိုင်ငံသားတဦးချင်းရဲ့မွေးရာပါအခွင့်အရေးတွေကိုပါမကျန် သိမ်းကျုံးဖျက်ဆီးခဲ့တဲ့ လူလုပ်နိုင်ငံရေးမုန်တိုင်းကြီး တခုပါပဲ။

စစ်ကောင်စီ ခေါင်းဆောင်များ ဖြစ်သူ ဦးသိန်းစိန်၊ ဦးသန်းရွှေနှင့် ဦးမောင်အေး/ New Light of Myanmar

စီးပွါးရေးအရကြည့်မယ်ဆိုရင်လည်း တပါတီအာဏာရှင် ဆိုရှယ်လစ်အစိုးရရဲ့ မူဝါဒတွေဟာ လုံးဝမှားယွင်းနေတာကို နောက်ပိုင်းမှာ တွေ့ခဲ့ရတယ်။ မ.ဆ.လ အစိုးရအုပ်ချုပ်ပြီး ၂၅ နှစ်အကြာ ၁၉၈၇ ခုနှစ်မှာ တိုင်းပြည်ဟာ ကမ္ဘာ့ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ စာရင်းထဲမှာထည့်သွင်းခံခဲ့ရတယ် (တစ်နည်းအားဖြင့် အဆင်းရဲဆုံးနိုင်ငံစာရင်းပါ)။ တမျိုးသားလုံးအတွက် အရှက်ရစရာပါ။ ဗိုလ်ချုပ်နေဝင်း အာဏာမသိမ်းခင် “အာရှရဲ့စပါးကျီ” လို့ဂုဏ်ဆောင်နိုင်တဲ့အဆင့်ကနေ အဆင်းရဲဆုံးတိုင်းပြည် အဖြစ်ကျဆင်းသွားခဲ့ရတာပါ။ ဦးနေဝင်းနဲ့ သူ့ရဲနောက်လိုက် ဗိုလ်ချုပ်(ဟောင်း)တွေ ကျင့်သုံးခဲ့တဲ့ စီးပွါရေးစနစ်ကြောင့် ဒီလိုဆင်းရဲသွားရတာပါပဲ။ သူတို့အမှားကို တနိုင်ငံလုံး ခါးစည်းခံခဲ့ရတယ်။ တိုင်းပြည်ကို ဆင်းရဲတွင်းထဲ ပို့ခဲ့တာကတော့ လူလုပ်စီးပွါးရေး ဘေးအန္တရာယ်ကြီးပါပဲ။

အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၂ ကနေ ၁၉၈၈ အထိ အုပ်ချုပ်တဲ့ ၂၆ နှစ်တာကာလဟာ ဒီလူလုပ်ဘေးအန္တရာယ်တွေ ထိခိုက်ခံစားခဲ့ရတဲ့ ပထမလှိုင်းအဖြစ် သတ်မှတ်ရမှာပါ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံက ဦးနေဝင်းရဲ့အာဏာရှင် အစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့အတွက် ဒီပထမလှိုင်းလည်း အဆုံးသတ်ခဲ့ပါတယ်။ ကံဆိုးတာက ဗိုလ်ချုပ်နေဝင်းနဲ့ သူ့ဗိုလ်ချုပ်တွေစခဲ့တဲ့ ဒီလှိုင်းဟာ အစကနဦးသာဖြစ်ပြီး နောက်ဆက်တွဲ လူလုပ်ဘေးအန္တရာယ်တွေ တောက်လျှောက်ဆက်ဖြစ်လာဖို့ ရှိနေခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ အာဏာသိမ်းပြီး ဦးနေဝင်းထံက အာဏာဆက်ခံခဲ့တဲ့ ဗိုလ်ချုပ်အသစ်တွေနဲ့အတူ နောက်ထပ် လူလုပ်ဘေးအန္တရာယ်ဆိုးတွေ တိုင်းပြည်က ဆက်ခံစားခဲ့ရပြန်တယ်။ ဗိုလ်ချုပ်ကြီးစောမောင်၊ ဒု-ဗိုလ်ချုပ်ကြီးသန်း‌ရွှေနှင့် ဗိုလ်မှုးချုပ်ခင်ညွန့်တို့ ဦးဆောင်ပြီး “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” (န.ဝ.တ) ကိုဖွဲ့စည်းပြီး တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ပြန်တယ်။

နိုင်ငံရေးအရရော စီးပွားရေးအရပါ ပထမလှိုင်းကလို ပုံစံတွေထပ်ဖြစ်ပြန်တယ်။ ဒီတကြိမ်မှာ ဘေးအန္တရာယ် တွေက ပိုတောင်ဆိုးလာတယ်။

စစ်အစိုးရသစ်က သူ့ကိုဆန့်ကျင် သဘောကွဲသူတွေအားလုံးကို ချေမှုန်းပစ်ခဲ့တယ်။ န.ဝ.တ အစိုးရရဲ့ ချေမှုန်းမှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြသူ ၃၀၀၀ လောက် သေဆုံးခဲ့ရပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ထောင်ပေါင်းများစွာ ဖမ်းဆီးထောင်ချခံခဲ့ရတယ်။ ဒီနိုင်ငံရေးနှိမ်နင်းမှုက ဆူနာမီလှိုင်းလုံးတွေလို တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းတခုလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့ပြန်တယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကျောင်းသားတွေအပါအဝင် ထောင်သောင်းချီတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ တိုင်းပြည်ကထွက်ပြေးခဲ့ကြရတယ်။ ထွက်မပြေးတဲ့သူတွေအမြောက်အများကို ဖမ်းဆီးထောင်ချခဲ့တယ်။ လူ့အသိုက်အဝန်း ပျက်စီး ဖရိုဖရဲဖြစ်ခဲ့ရတာပါ။ ၈၈ အရေးတော်ပုံလို့ သမိုင်းတင်ခဲ့တဲ့ အဖြစ်အပျက်ပါပဲ။

ဒီဖြစ်ရပ်က တိုင်းပြည်အတွက် လူလုပ်ဘေးအန္တရာယ် ဒုတိယလှိုင်းရဲ့ အစပါပဲ။

ဒုတိယလှိုင်းဒဏ်ကလည်း တိုင်းပြည်ကို နောက်ထပ် ဆယ်စုနှစ်များစွာ ရိုက်ခတ်ခဲ့ပါတယ်။ တရားမဝင်ပေမယ့် ဗိုလ်ချုပ်များက အာဏာကိုလည်း မစွန့်လွှတ်ခဲ့ပါဘူး။ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူများကို တောက်လျှောက် ပြင်းပြင်းထန်ထန် ဖိနှိပ်မှုကြောင့် အကြောက်တရားတွေပြည့်နေတဲ့ လူ့အဖွဲ့အစည်းတခုထဲမှာ နေရတယ်လို့ လူတိုင်းခံစားခဲ့ရတယ်။ အာဏာရှင်စနစ်က အထွဋ်အထိပ်ကိုရောက်ခဲ့တယ်။

၂၀၀၅ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က ကမ္ဘာမှာ အဆိုးဆုံးအာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ဇင်ဘာဘွေ၊ မြောက်ကိုရီးယား၊ အီရန် နဲ့ တခြား အာဏာရှင်နိုင်ငံတွေကိုနာမည်ပေးထားတဲ့ “Outposts of Tyranny” (အာဏာရှင်အုပ်စု) ထဲမှာ မြန်မာနိုင်ငံကို ပါထည့်သွင်းခေါ်ခဲ့တယ်။

၂၀၀၅ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က ကမ္ဘာမှာ အဆိုးဆုံးအာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ဇင်ဘာဘွေ၊ မြောက်ကိုရီးယား၊ အီရန် နဲ့ တခြား အာဏာရှင်နိုင်ငံတွေကိုနာမည်ပေးထားတဲ့ “Outposts of Tyranny” (အာဏာရှင်အုပ်စု) ထဲမှာ မြန်မာနိုင်ငံကို ပါထည့်သွင်းခေါ်ခဲ့တယ်။

စီးပွါးရေးအရလည်း တိုင်းပြည်က အလွန်ဆင်းရဲလာတဲ့အတွက် သုံးသပ်သူတွေတိုင်းက “ဆင်းရဲတွင်းနက်နေတဲ့နိုင်ငံ” လို့ခေါ်ကြတယ်။ အလုပ်အကိုင်တွေက ရှားပါးလာပြီး၊ ဘွဲ့ရပညာတတ်များက တက္ကစီမောင်းနေကြရပြီး၊ စစ်သားတွေက တိုင်းပြည်ကို အုပ်ချုပ်နေတယ်။ ပြည်သူတွေအများစု စားဝတ်နေရေး အဆင်မပြေချိန်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ ခရိုနီတွေက နည်းလမ်းပေါင်းစုံနဲ့ ရလာတဲ့ စီမံကိန်းတွေကနေ အကျိုးအမြတ်တွေ ရရှိနေခဲ့ကြတယ်။ ဆိုးရွားတဲ့ အဂတိလိုက်စားမှုတွေက တိုင်းပြည်အတွက် ဗိုလ်ချုပ်ကြီးတွေထားခဲ့တဲ့အမွေအနှစ်တွေထဲက တခုပါ။ အဲဒီ ဆိုးကျိုးတွေကို ဒီနေ့အထိ တိုင်းပြည်က ခံစားနေရဆဲပါ။

ဒါ့အပြင် စစ်အစိုးရက သူ့နိုင်ငံသားတွေသာမက တကမ္ဘာလုံးကိုပါ လှည့်စားလိုက်၊ အများစုဆန္ဒကို ဆန့်ကျင်လိုက်နဲ့ တိုင်းပြည်ကို ၂၀၁၀ ခုနှစ် အထိအုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနှစ်မှာ ပါတီအများစု ဝင်ရောက်မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ခဲ့တဲ့ ရွေးကောက်ပွဲကိုကျင်းပပြီး မဲမသမာမှုတွေနဲ့ နိုင်ခဲ့တယ်။ ဒါနဲ့ ဗိုလ်ချုပ်တွေက အရပ်ဝတ်လဲပြီး နောက်ထပ် ၅ နှစ် ဆက်အုပ်ချုပ်ခဲ့ပြန်တယ်။

ခေတ်အဆက်ဆက် ဆိုးရွားတဲ့ဘေးအန္တရာယ်တွေကို ဖန်တီးဒုက္ခပေးခဲ့ကြတဲ့ အဲဒီအုပ်ချုပ်သူတွေကို မြန်မာပြည်သူတွေဟာ ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသလို လက်နက်ဆွဲကိုင်ပြီးလည်း တော်လှန်တိုက်ခိုက်ခဲ့ကြတယ်။

အဲဒီတိုက်ပွဲတွေရဲ့ရလဒ်အနေနဲ့ ယနေ့ မြန်မာပြည်သူတွေဟာ တိုင်းပြည်ကို ဘေးအန္တရာယ်တွေ ယူလာတဲ့သူတွေကိုဖယ်ရှားပြီး၊ အဲဒီဘေးအန္တရာယ်တွေကို အဆုံးသတ်ပေးနိုင်မယ့် သူတွေကို မဲပေးပြီး ရွေးချယ်နိုင်တဲ့ နိုင်ငံရေးအခြေအနေတခုကို ရောက်ရှိနေခဲ့ပါပြီ။

လာမယ့် ရွေးကောက်ပွဲမှာ မဲစပေးခွင့်ရမယ့် လူငယ် ၅ သန်းအတွက် ကံကောင်းတယ်ဆိုရမှာပါ။ သူတို့ရဲ့ရှေ့ မျိုးဆက်က ဘေးအန္တရာယ်တွေကို လုပ်ခဲ့တဲ့သူတွေ (အုပ်ချုပ်သူ) ကိုဖယ်ရှားပစ်ဖို့ အတွက် အသက်ကိုအမှုမထားဘဲ တိုက်ခဲ့ရပေမယ့် အခုဆိုရင် အသက်နဲ့ ရင်းစရာမလိုတော့တဲ့ အတွက် သူတို့အပါအဝင် ပြည်သူတွေအားလုံးလည်း ကံကောင်းပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံရေး ဘေးအန္တရာယ်က လွဲလို့ ဘာကောင်းကျိုးမှ မဆောင်ကြဉ်းပေးခဲ့တဲ့ “လူ” တွေကို ဖယ်ရှားပြီး၊ ကောင်းကျိုးတွေယူဆောင်ပေးနိုင်မယ့် သူတွေကို မဲတပြားနဲ့ ရွေးချယ်နိုင်တဲ့ နိုင်ငံရေးအခွင့်အရေး တခုပဲ ဖြစ်ပါတယ်။

(Kyaw Zwa Moe ၏ Myanmar’s Election a Chance to End a Cycle of Man-Made Disasters ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

“ပြည်သူတွေဟာ ဘယ်သူ့မှ ကြောက်စရာ မလိုတော့ဘူး”

ဒီမိုက​ရေစီအတွက် မြန်မာပြည်သူ​တွေရဲ့ ဒုတိယ​ခြေလှမ်း သို့မဟုတ် ၂၀၂၀​ရွေး​ကောက်ပွဲ

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် ရှောင်လွှဲမရသော ပြဿနာ

The post လူလုပ်ဘေးအန္တရာယ်တွေကို ရပ်တန့်ပစ်ဖို့ ရွေးကောက်ပွဲက အခွင့်အရေး appeared first on ဧရာဝတီ.

မီးမီးခဲ ကွယ်လွန်မှုအပေါ် သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ထူးအယ်လင်း

$
0
0

အဆိုတော် မီးမီးခဲ ကွယ်လွန်သွားပြီးနောက် ကျန်ခဲ့တဲ့ သူတို့ရဲ့ တဦးတည်းသော သမီးလေးအတွက် စိတ်မကောင်းဖြစ်တယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။

“ကျနော့် သမီးဆီက သတင်းဝင်လာတယ်။ ပါးပါး မိုးမိုးဆုံးပြီ ဆိုပြီး ပြောတယ်။ စိတ်မကောင်းပါဘူး။ ဘာကြောင့် စိတ်မကောင်းဖြစ်တာလဲ ဆိုရင် ကျနော့် သမီးအတွက် စိတ်မကောင်းဖြစ်တာ။ ကျနော်တို့ကျတော့ ပြီးသွားပြီလေ။ သူ့မှာလည်း မိသားစု ရှိသလို ကျနော့်မှာလည်း မိသားစုအသစ် ရှိတယ်။ ကျနော် အဘက်ဘက်ကို ကြည့်ပြီးတော့ ပို့စ်တင်လိုက်သေးတယ်။ ကောင်းရာသုဂတိလားပါစေလို့”

“ကျနော် ကားမောင်းနေရင်းနဲ့ ရေးပြီး တင်လိုက်တာ။ ဒါပေမဲ့ ကျနော်ပြန် စဉ်းစားတယ်။ သူကြိုက်မှာ မဟုတ်ဘူး။ သူ့မှာလည်း မိသားစု ရှိတယ်၊ ကျနော့်မှာလည်း မိသားစု ရှိတယ်။ နားလည်မှုတခုနဲ့ ပေးရင် ပေးထားလိမ့်မယ်။ သူတို့စိတ်ထဲမှာ ကြိုက်မှာ မဟုတ်ဘူး။ အားလုံးက သူ့မိသားစုနဲ့သူ ရှိနေတာကိုး။ ဒါကြောင့်မို့ ကျနော့် ပို့စ်ကို ပြန်ဖျက်လိုက်တယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။

ဆက်လက်ပြီး ထူးအယ်လင်းက မိခင် မရှိတော့တဲ့ သမီးလေးအတွက် သူကိုယ်တိုင်ကပဲ သမီးအပေါ် ဖခင်လို၊ မိခင်လို စောင့်ရှောက်ပေးဖို့ ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။

အဆိုတော် ထူးအယ်လင်းနဲ့ သမီးလေး ဖြူဖြူစင်စင်လင်း (ဓာတ်ပုံ – Htoo El Lynn’s Facebook)

“အခု ကျနော်က သူ့ကို စိတ်မကောင်းတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ကျနော်ပိုပြီး စိတ်မကောင်းဖြစ်ရမှာ ကျနော့် သမီးအတွက် ကျနော် စိတ်မကောင်းဖြစ်ရမှာ။ သမီး မေမေ မရှိတော့ဘူး။ အဖေကလည်း ပါးပါးပဲ၊ အမေလည်း ပါးပါးပဲ။ ဒါကြောင့်မို့ ကျနော့် သမီးအတွက် ကျနော် ပြင်ဆင်ရမယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။

သမီးဖြစ်သူ လိုအပ်တာကို ဖြည့်ဆည်းပေးဖို့ သမီးကို ခွန်အားပေးဖြစ်တယ်လို့လည်း ထူးအယ်လင်းက ဆိုပါတယ်။

“မိတ်ဆွေတွေအနေနဲ့ စိတ်မကောင်းဖြစ်တာကို နားလည်ပါတယ်။ စိတ်မကောင်းဖြစ်တယ်ဆိုရင် သူ့အတွက် ရည်စူးပြီး ကုသိုလ်ရေးလုပ်ပေးကြပါလို့ ပြောချင်တယ်။ ကျနော်တို့အားလုံး သေမျိုးပါ။ ကျနော်လည်း သေဦးမှာ။ ကျနော့် သမီးလေးကို ဘယ်လို ခွန်အားပေးစကားပြောရလဲ ဆိုတော့ ပါးပါးလည်း စိတ်မကောင်းဘူး။ ဒါပေမဲ့ ပါးပါးရှိသေးတယ်နော်၊ သမီးလိုတာပြော။ ကျနော် အားလုံးဖြည့်ဆည်းပေးမယ်”လို့ ပြောပါတယ်။

သမီးလေးက ထူးအယ်လင်းနဲ့ အတူနေတာ ဖြစ်ပြီး မိခင်ဖြစ်သူ မီးမီးခဲနဲ့တော့ သမီးလေးက အဆက်အသွယ် ရှိတယ်လို့ ပြောပါတယ်။

အဆိုတော် မီးမီးခဲနဲ့ သမီးလေး ဖြူဖြူစင်စင်လင်း (ဓာတ်ပုံ – Mee Mee Khel’s Facebook)

“ကျနော့် သမီးက ကျနော်နဲ့ နေတာပါ။ မီးခဲနဲ့ စကွဲကတည်းက ကျနော်နဲ့ ရှိတာပါ။ သူ့အမေနဲ့ အချိတ်အဆက်တော့ ရှိတယ်။ သူ့ကို တပင်တိုင်မြနန်း ထားတာပါ။ သူ့အမေနဲ့ နေတာ မဟုတ်ပါဘူး။ ကျနော် စိတ်မကောင်းတာ သမီးအတွက်ပါ။ ဒါပေမဲ့ သမီးအတွက် ဘာတွေ ပြန်လုပ်ပေးရမလဲ ပြင်ဆင်ရလဲ ဒါပဲ စဉ်းစားတယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။

အဆိုတော် မီးမီးခဲကတော့ ကင်ဆာရောဂါ ဝေဒနာနဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က သြစတေးလျနိုင်ငံ စံတော်ချိန် ည ၉ နာရီ ၃၁ မိနစ် အချိန်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ မီးမီးခဲဟာ အသက် ၃၇ နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။

The post မီးမီးခဲ ကွယ်လွန်မှုအပေါ် သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ထူးအယ်လင်း appeared first on ဧရာဝတီ.

‘ဝ’ ဒေသကို ပြည်နယ် အဆင့် သတ်မှတ်ပေးရန် WNP တောင်းဆို

$
0
0

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ် အဆင့် တိုးမြှင့် သတ်မှတ်ပေးရေး ဆောင်ရွက်ပေးရန် ‘ဝ’ အမျိုးသားပါတီ (WNP) က တောင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။

အမျိုးသားညီညွတ်ရေးဖွဲ့စည်းရေးအတွက် ဒေသခံတိုင်းရင်းသားပါတီများ၏ သဘောထားများကို လိုက်လံ စုဆောင်းနေသည့် NLD ၏ ကိုယ်စားလှယ်အဖွဲ့နှင့် WNP ပါတီခေါင်းဆောင်များ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်က တောင်ကြီးမြို့၌ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ထိုသို့ ထည့်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် ပါဝင်သည့် WNP ၏ အထွေထွေအတွင်းရေးမှူး ဦးဆမ်ဆောင်ကားက “အခု NLD အစိုးရရဲ့ မူဝါဒထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်မယ်လေ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်တဲ့အခါမှာ အရင်က ‘ဝ’ ကို ပြည်နယ် တခုအနေနဲ့ ပြန်လည် ပြင်ဆင်သတ်မှတ်ပေးဖို့ တောင်းဆိုထားတယ်။ ပြည်နယ်အသစ်တွေ တိုးချဲ့ပေးဖို့ ကိစ္စမှာ ပိတ်တာမဟုတ်ဘဲ ဖွင့်ပေးဖို့ တင်ပြတောင်းဆိုထားပါတယ်” ဟု ပြောသည်။

‘ဝ’ လူမျိုးများအနေဖြင့် ၎င်းတို့ကို ပြည်နယ်ပေးရေးမှာ ယခုမှ တောင်းဆိုခြင်း မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်၊ တပ်မတော်အစိုးရလက်ထက် ကျင်းပသည့် အမျိုးသားညီလာခံများတွင်လည်း တစိုက်မတ်မတ် တောင်းဆိုခဲ့သည်ဟု ဦးဆမ်ဆောင်ကားက ဆိုသည်။

ထို့ပြင် အစိုးရသစ်ကို NLD က ဖွဲ့စည်းရာ၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းများ၏ ဥက္ကဋ္ဌ များကို ရွေးချယ်ရာတွင် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအတွက် ဥက္ကဋ္ဌကို WNP ပါတီထဲမှ တဦးအား ရွေးချယ်ပေးရန် ပွင့်ပွင့်လင်းလင်း တောင်းဆို ခဲ့သည်ဟုလည်း ဦးဆမ်ဆောင်ကားက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (၁)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) တို့အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ ဥက္ကဋ္ဌ တဦးကို ခန့်အပ်မည်ဆိုပါက သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံသို့ အမည်စာရင်းတင်သွင်းရမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတက သက်ဆိုင်ရာပြည်နယ် ဝန်ကြီးချုပ်၏ အမည်စာရင်းတင်သွင်းလာသူကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း အတည်ပြုကြေငြာပိုင်ခွင့်ရှိသည်။

ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ်စုစုပေါင်း ၄၇၆ ဦးရှိသည့် အနက် NLD က ၃၉၆ နေရာ အနိုင်ရရှိထားသဖြင့် အစိုးရသစ်ကို အပြည့်အဝ ပြန်လည်ဖွဲ့စည်းနိုင်ခွင့် ရရှိထားသည်။

ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီအတွင်း ခေါ်ယူကာ လွှတ်တော်မှ သမ္မတရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းကာ သမ္မတရွေးချယ်ပြီးနောက် အသစ်တတ်လာမည့် သမ္မတက ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များကို ရွေးချယ်မည်ဖြစ်သည်။

ဦးဆမ်ဆောင်ကားက “ကျနော်တို့က ခေတ်အဆက်ဆက် ပစ်ပယ်ခံရတဲ့ ဒေသတွေဖြစ်လို့ ဖွံ့ဖြိုးရေး နောက်ကျတယ်။ ဒေသမှာ ၉၀ ရာနှုန်းက စာမတတ်ဘူး။ နောက်မသေသင့်သူတွေ သေနေတာရှိတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးကို ကျနော်တို့ လုပ်ချင်တယ်။ ကျနော်တို့ ဒေသကို ကျနော်တို့ကိုယ်တိုင်လုပ်မှရမယ်။ ဒါ့ကြောင့် ကျနော်တို့ကို လုပ်ပိုင်ခွင့် အပ်နှင်းပေးဖို့ တောင်းဆိုခဲ့တယ်” ဟု ပြောသည်။

တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံခဲ့ကြသည့် NLD နှင့် WNP ကိုယ်စားလှယ်များ (ဓာတ်ပုံ – NLD – Shan State)

WNP သည် ပြည်သူ့လွှတ်တော်တွင် ၁ နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၂ နေရာ အနိုင်ရရှိထားသည်။

NLD ၏ ကိုယ်စားလှယ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လည်း WNP က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ်ပေးလိုကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ဒေါက်တာအောင်မိုးညိုက “ဖက်ဒရယ်က အရင်လာလာ ဒီမိုကရေစီက အရင်လာလာ ငြင်းမနေပါဘူးတဲ့။ သူတို့ ပြောတဲ့ထဲမှာ ‘ဝ’ ပြည်နယ် သီးသန့်ပြည်နယ်ရဖို့ ဆိုတာ အခုမှ မဟုတ်ဘူး၊ အရင် ဗိုလ်ချုပ်အောင်ဆန်း လက်ထက်တုန်းက ပြောခဲ့သလို အမျိုးသားညီလာခံမှာလည်း ပြောခဲ့ပါတယ်တဲ့ သီးခြား သီးသန့် အမှီအခိုကင်း လွတ်လပ်တဲ့ နိုင်ငံကို တောင်းဆိုတာ မဟုတ်ပါဘူးတဲ့ ပြည်နယ်အဆင့်ရဖို့ တောင်းဆိုတာပဲ ဖြစ်ပါတယ်တဲ့” ဟု ပြောသည်။

‘ဝ’ ပါတီ အနေဖြင့် NLD နှင့် အဆက်အသွယ်မပြတ် ရှိလိုပြီး ပြည်ထောင်စု ကောင်းကျိုးအတွက် ဆောင်ရွက်မည့် မည်သည့်ကိစ္စမဆို ပူးပေါင်းပါမည်ဟု ပြောဆိုသည်ဟု ဆိုသည်။

WNP က NLD နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည့်အပြင် NLD ၏ ဦးဆောင်မှုအောက်တွင် ‘ဝ’ ပြည်သူလူထု ကလည်း ပါဝင်လိုကြောင်း၊ သို့သော် ‘ဝ’ လူမျိုး အများစုမှာ စာမတတ်မြောက်၍ ခက်ခဲနေကြောင်း၊ ‘ဝ’ တောင်ပိုင်း ဒေသတွင် ‘ဝ’ လူမျိုးများ မှတ်ပုံတင် မရသည့် ပြဿနာကို ဖြေရှင်းပေးစေလိုသည်ဟုလည်း ပြောဆိုကြောင်း သိရသည်။

ဒေါက်တာအောင်မိုးညိုက “နောက်ထပ် ထပ်ပြောတာကတော့ ‘ဝ’ လူမျိုးနဲ့ ‘ဝ’ ဒေသ အတွက် အကျိုး ရှိမယ်ဆိုရင် ဘယ်ကိစ္စမဆို ပူးပေါင်း ဆောင်ရွက်မယ်တဲ့။ နောက်တခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲမယ်ဆိုရင်လည်း ပြည်ထောင်စုထဲက ပြည်နယ်တခု အဖြစ် သတ်မှတ်ပေးစေချင်ပါတယ်တဲ့” ဟု ဆိုသည်။

WNP နှင့် ပြောဆိုဆွေးနွေးခဲ့သည်များကို ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် NLD ဗဟို အလုပ်မှုဆောင်အဖွဲ့ထံသို့ ပြန်တင်ပြမည်ဖြစ်သည်။

NLD ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့က တိုင်းရင်းသားပါတီများထံမှ ရယူထားသည့် သဘောထားများ၊ အကြံပြုချက်များ၊ တင်ပြချက်များကို အစိုးရ ဖွဲ့သည့်အခါတွင် ထည့်သွင်းစဉ်းစားခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

NLD ၏ ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်တို့သည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့သို့ ဇန်နဝါရီ ၁၃ ရက်က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင် တအန်းအမျိုးသားပါတီ (TNP)၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီ (LDP)၊ ‘ဝ’ အမျိုးသားပါတီ (WNP) တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တောင်ကြီးမြို့တွင် NLD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ပါတီအားလုံးက ရှေ့ဆက်လျှောက်မည့် နိုင်ငံရေး အခင်းအကျင်းတွင် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် NLD နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောဆိုထားကြသည်။

You may also like these stories:

အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး SNLD ဆွေးနွေး

ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို

The post ‘ဝ’ ဒေသကို ပြည်နယ် အဆင့် သတ်မှတ်ပေးရန် WNP တောင်းဆို appeared first on ဧရာဝတီ.

မြန်မာအမျိုးသမီးကို အဓမ္မကျင့်မှုဖြင့် တိုင်ကြားခံရသည့် ထိုင်းရဲ အာမခံရ

$
0
0

ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ် ကော့စမွေကျွန်း ဘိုဖွတ်ရဲစခန်းတွင် ထိန်းသိမ်းထားသည့် မြန်မာ အမျိုးသမီး တဦးကို အဓမ္မပြုကျင့်မှုဖြင့် တိုင်ကြားခံရသည့် ရဲ ဒုတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န် အားတရားရုံးက ဘတ် ၄သိန်းတန် အာမခံ ပေးလိုက်သည်။

ရဲ ဒုတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န်သည် ယင်း မြန်မာအမျိုးသမီးအား ဗုဒ္ဓဟူးနေ့က ညဘက်အချိန် အချုပ်မှ ခေါ်ထုတ်သွားကာ နံနက်စောစောတွင် ပြန်ပို့ခဲ့ကြောင်းကို ကျန်အချုပ်သားများမှ တွေ့မြင်ပြီးနောက် မေးမြန်းရာမှ နောက်တနေ့ အချုပ်သို့ အထက်အရာရှိ လာရောက်စစ်ဆေးစဉ် တိုင်ကြားခဲ့ရာမှ စကာ ယင်းအမျိုးသမီး၏ မိသားစုမှ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ တိုင်ကြား သဖြင့်၊ ယင်း ရဲ ဒုတပ်ကြပ် ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်သည်ဟု တိုင်ကြားခံရသည့် ထိုင်း ဒုရဲတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န်

ယင်းအမျိုးသမီးသည် မူးယစ်ဆေးဝါးအမှုဖြင့် ထောင် ၂နှစ် ကျခံပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်း ကို ပြန်လည် လွှဲအပ်ရန် အတွက် ဘိုဖွတ်ရဲစခန်းသို့ ဇန်နဝါရီလ ၆ရက်နေ့တွင် ရောက်ရှိလာပြီး ထိန်းသိမ်းထားစဉ် ရဲ ဒု တပ်ကြပ် မှ ထိုသို့ ပြုလုပ်ခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရသူ ယင်ယွတ် သက်ပ်ချမ်နောင်ကလည်း လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြုလုပ်သည်ဆိုသော ရဲတပ်ကြပ်ကြီးကို တရားရုံးက အာမခံဖြင့် လွှတ်ပေးကြောင်း ထိုင်းသတင်းဌာနများကို အတည်ပြုပြောသည်။

စုံစမ်းစစ်ဆေးသူများက မီဒီယာသို့ ထုတ်ပြန်သည့် ဘိုဖွတ် ရဲစခန်းမှ စီစီတီဗွီကင်မရာတွင် ဝပ်ချာရင်က ထိုအမျိုးသမီး ကို အချုပ်ခန်းမှ ခေါ်ထုတ်သွားသည့် ပုံကို တွေ့ရသည်ဟု ဆိုသည်။ ၎င်းအား စုံစမ်းစစ်ဆေးကာလအတွင်း အလုပ် ထုတ်ပယ် စွဲချက်တင်ခံထားရသလို စည်းကမ်းပိုင်း ဆိုင်ရာမှ အရေးယူမှု ပြုလုပ်ရန် ရှိနေသည်

အခင်းဖြစ်သည့် ဆိုဖာအား စစ်ဆေးနေစဉ်

ယင်းအမျိုးသမီးကို စုံစမ်းစစ်ဆေးရေးမှူးများက စစ်ဆေးမေးမြန်းပြီး စစ်ဆေးမှုပြုလုပ်ရန် ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း ပြောဆိုသော်လည် မေးမြန်းမှု ပြီးပါက ကယ်ဆယ်ရေးဌာနသို့ ပို့ဆောင်ရမည့် အစား ဆက်လက်ချုပ်နှောင်ထား သည်ဟု သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအရာရှိ ဦးထက်ဝေဖြိုး နှင့် လိပ်ကျွန်းအမှု တွင် လိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေဦးအောင်မျိုးသန့်အပါအဝင် ထိုင်းရှေ့နေများက လိုက်ပါဆောင်ရွက်နေသည်။

သို့သော် ထိုင်းနိုင်ငံတွင် လက်ရှိ ကိုဗစ်- ၁၉ ရောဂါကြောင့် သွားလာမှုများ တင်းကြပ်ထား သဖြင့် ခရီးသွားလာရေးမှာ အနည်းငယ် ခက်ခဲလျှက်ရှိသည်။

ထိုင်းရဲတပ်ဖွဲ့မှ ယင်းအမှုကို စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ်

ကော့စမွေကျွန်းတွင် နေထိုင်သည့် ဒေသခံတဦးကလည်း “ဒီရဲက အဲဒီကိစ္စမှာ နာမည်ကြီး၊ အမြဲတမ်း လည်း မူးနေ တာ၊ အဲဒီအမျိုးသမီးအရင်က ရှေ့မှာလည်း ဒါမျိုးတွေ ဘယ်လောက်ဖြစ်ထားမှန်း မသိဘူး၊ ဒီမှာကငွေညှစ် မတော်တရားလုပ်မှု တွေများတယ် ”ဟုဆိုသည်။

ထို့အပြင် ယခုဖြစ်ရပ်မှာ သာမန်လူမှ အဓမ္မပြုကျင့်ခြင်း မဟုတ်ဘဲ၊ ထိုင်းအစိုးရ၏ ဥပဒေကို ထိန်းသိမ်းကာ လေးစား လိုက်နာရမည့်သူမှ တဖက်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးမည့် အမျိုးသမီးအား တာဝန်ယူ စောင့်ရှောက်ရမည့်အစား ထိုသို့ တရားလက်လွတ်ပြုကျင့်ခြင်းကို ထိရောက်စွာ အရေးယူသင့်ကြောင်း ၎င်းကပြောဆိုသည်။

You may also like these stories:

အီရန်က ဖမ်းလိုက်သည့် တောင်ကိုရီးယားသင်္ဘောတွင် မြန်မာသင်္ဘောသားများ ပါဝင်နေ

တရားမဝင် ဝင်လာသည့် ကသည်းသူပုန် ၆ ဦးကို တရားစွဲဆိုထာ

SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ပြန်လွတ်ဖို့ UWSA ထံ မိသားစု အကူအညီတောင်း

The post မြန်မာအမျိုးသမီးကို အဓမ္မကျင့်မှုဖြင့် တိုင်ကြားခံရသည့် ထိုင်းရဲ အာမခံရ appeared first on ဧရာဝတီ.

အချိုပွဲအတွက် အမြင်လှစေမယ့် သီးစုံ ကျောက်ကျောကိတ်

$
0
0

ဒီတပတ် အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ အချိုပွဲလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ မြင်နေကျ ပုံစံနဲ့ မတူဘဲ သီးစုံ ကျောက်ကျောကိတ် လုပ်နည်းပါ။ ကျောက်ကျောတုံးတွေထဲမှာ အရောင်စုံ အသီးတွေပါ မြင်နေရလို့ အမြင်ဆန်းနေပါလိမ့်မယ်။ သီးစုံအတွက် ကြိုက်နှစ်သက်ရာ အသီး သုံးနိုင်သလို၊ ယိုဒယား သီးစုံသံဘူးတွေလည်း သုံးလို့ရပါတယ်။

အရောင်စုံလေးတွေနဲ့ ကလေးရော၊ လူကြီးပါ အကြိုက်တွေ့မယ့် သီးစုံကျောက်ကျောကိတ် လုပ်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

အသီးစုံ ရယ်ဒီမိတ်သံဘူး
အာဂါး ကျောက်ကျောမှုန့်
အုန်းနို့
သကြား
အသီးဖျော်ရည် (ကြိုက်နှစ်သက်ရာ)
ဆား အနည်းငယ် လိုအပ်ပါတယ်။

အသီးစုံ ကျောက်ကျောအတွက် ၃ လွှာ လုပ်ပါမယ်။ အရင်ဆုံး အပေါ်ဆုံးအလွှာ အသီးစုံနဲ့ ဖန်တီးဖို့ အိုးထဲကို ရေအေးထည့်၊ အာဂါးမှုန့်ထည့်ပြီး အချိုအတွက် သကြားအစား လိုင်ချီးဘူးထဲက အချိုရည်ကို အသုံးပြုပါမယ်။

ကျောက်ကျောမှုန့်တွေ ပျော်ဝင်သွားတဲ့အထိ မွှေပေးပါ။ အရည် အနည်းငယ် ပျစ်လာပြီဆိုရင် အအေးခံမယ့် ဗန်း ရဲ့ ၄ ပုံ ၁ ပုံလောက် လောင်းထည့်ပြီး အသီးစုံကို အနှံ့ထည့်ပါ။ အသီးတွေ ထည့်ပြီးပြီဆိုရင် အပေါ်ကနေ ကျန်တဲ့ အရည်ကို ထပ်လောင်းပြီး အအေးခံထားပါ။

နောက်ထပ် တထပ်ကို အုန်းနို့ကျောက်ကျော အလွှာ လုပ်ပါမယ်။ ခုနကလိုပဲ အိုးထဲကို ရေအေးထည့်၊ အုန်းနို့ရည် (အုန်းနို့အမှုန့် အသုံးပြုလို့လည်း ရပါတယ်) အာဂါးမှုန့်ထည့်ပြီး ပျော်သွားအောင် မွှေပေးပါ။ ၁ မိနစ်လောက်တည်ပြီး ဆူလာရင် သကြား သင့်တော်ရုံနဲ့ ဆား အနည်းငယ် ထည့်ပါ။ အားလုံးပျော်ဝင်သွားပြီဆိုရင် ခုနက သီးစုံအလွှာပေါ် လောင်းချလိုက်ပါ။

နောက်ဆုံး တထပ်ကို ကြိုက်နှစ်သက်ရာ အသီးဖျော်ရည် သုံးပါမယ်။ အပေါ်ကအတိုင်းပဲ အိုးထဲမှာ ရေအေးထည့်၊ အသီးဖျော်ရည်နဲ့ အာဂါးမှုန့်ထည့်ပြီး မွှေပေးပါ။ အချိုကြိုက်ရင် သကြားအနည်းငယ် ထပ်ထည့်ပါ။ အားလုံး ပျော်ဝင်သွားပြီဆိုရင် ခုနက အုန်းနို့အလွှာပေါ် လောင်းချလိုက်ရုံပါပဲ။

၃ လွှာအားလုံး ပြီးသွားရင်တော့ ရေခဲသေတ္တာထဲ အနည်းဆုံး ၁ နာရီလောက် ထည့်ပြီး အအေးခံထားပါ။ ခဲသွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲက ထုတ်ပြီး အရသာလည်းရှိ၊ အလွယ်တကူ ပြုလုပ်နိုင်သလို အမြင်လည်းလှတဲ့ သီးစုံကျောက်ကျောကိတ် ရပါပြီ။

Ref: Hot Thai Kitchen

You may also like these stories:

စီချွမ်စတိုင် ဝက်သားစဉ်းကော ချက်စားရအောင်

ရာသီဥတုအေးအေးနဲ့ လိုက်ဖက်တဲ့ ဂျပန်စတိုင် အမဲသား ဟော့ပေါ့

အရှေ့တိုင်း အနောက်တိုင်း ပေါင်းစပ်မှု ကာဘိုနာရာ တော့ပုကီ

The post အချိုပွဲအတွက် အမြင်လှစေမယ့် သီးစုံ ကျောက်ကျောကိတ် appeared first on ဧရာဝတီ.

ယူကေကို ဝင်လာမယ့် ခရီးသွားလမ်းကြောင်း အားလုံး ၁ လကြာ ပိတ်မည်

$
0
0

ယူကေဟာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှုကို တာဆီးနိုင်ဖို့အတွက် ပြည်ပက ဝင်ရောက်လာမယ့် ခရီးသွားလမ်းကြောင်း အားလုံးကို ပိတ်ပင်သွားမယ်လို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၁၈ ရက် ဒေသစံတော်ချိန် မနက် ၄ နာရီကစလို့ ကန့်သတ်မှုတွေ လုပ်ဆောင်တော့မှာပါ။

ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွားဖို့ဆိုရင် ပြည်ပက ဝင်ရောက်လာမယ့် လမ်းကြောင်းတွေကို ကန့်သတ်ထားဖို့ လိုတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ အဆိုပါ ကန့်သတ်ချက်ဟာ အနည်းဆုံး ၁ လ ကြာရှည်မှာဖြစ်လို့ ဖေဖော်ဝါရီ ၁၅ ရက်ထိ သက်ဝင်သွားမယ်လို့ ဆိုပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်

“ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်ကြောင့် ယူကေထဲကို ဝင်လာမယ့် မည်သူမဆို ၇၂ နာရီအတွင်း ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ထားတဲ့ အထောက်အထား လက်မှတ် ပြရမှာပါ။ လေယာဉ်ပေါ်မှာလည်း ခရီးသွားနေရာပြ ပုံစံကို ဖြည့်ပြီး လေကြောင်းလိုင်းကို လေယာဉ် မဆိုက်ခင် ၂ မျိုးလုံး ပူးတွဲပြသဖို့ လိုတယ်” လို့ ဂျွန်ဆင်က ပြောပြသွားပါတယ်။

ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်ကြောင့် ဇန်နဝါရီ ၁၈ ရက်နောက်ပိုင်း ဆိုက်ရောက်လာသူတိုင်းဟာ မဖြစ်မနေ ဘယ်လို အကြောင်းရာနဲ့မဆို အိမ်ပြင်မထွက်ဘဲ ၁၀ ရက် Quarantine နေထိုင်ရမှာဖြစ်ပြီး ၅ ရက်တခါ ဆေးစစ် ရလဒ် Negative ထွက်ရမှာဖြစ်တယ်လို့ ထပ်ဆောင်း ပြောကြားသွားပါတယ်။

အဆိုပါ ကန့်သတ်ချက်အသစ်ဟာ ပြန်ရောက်လာမယ့် ဗြိတိန်နိုင်ငံသား၊ အိုင်ယာလန်နိုင်ငံသား အားလုံးအပေါ် လည်း အကျုံးဝင်ပါတယ်။ ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေ တင်းကျပ်လိုက်တာကြောင့် နယ်ခြားဂိတ်တွေနဲ့ လေဆိပ်တွေမှာ စစ်ဆေးရေးနေရာတွေ တိုးချဲ့သွားမယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ယူကေမှာ ၂၈ ရက်အတွင်း COVID-19 ကြောင့် သေဆုံးသူ ၁,၂၈၀ ကျော်ခဲ့ပြီး၊ စုစုပေါင်း သေဆုံးသူ ၈၇,၂၉၅ ဦး ရှိပါတယ်။ ကူးစက်ခံရသူပေါင်းက ၃ ဒသမ ၂ သန်း ကျော်လွန်လာပါပြီ။ တချိန်တည်းမှာပဲ ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ချက် ကိန်းဂဏန်းတွေအရ ကမ္ဘာပေါ်မှာ COVID-19 ကြောင့် သေဆုံးသူ ဟာ ၂ သန်း ကျော်လွန်သွားပါပြီ။ လက်ရှိအချိန်ထိ ကူးစက်ခံရသူပေါင်းကတော့ ၉၄ သန်းကျော် ရှိပါတယ်။

ယူကေဟာ တဆက်တည်းမှာပဲ ဘရာဇီးနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ် နောက်တခုကြောင့် တောင် အာမေရိကနဲ့ ပေါ်တူဂီ၊ Cape Verde က လာမယ့်သူတွေကိုလည်း ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်လိုက်ပါတယ်။ ပညာရှင်တွေကတော့ လက်ရှိ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေကြောင့် ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေတာကို လျှော့ချပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: edition.cnn , bbc

You may also like these stories:

နေရာ အခက်အခဲကြောင့် လန်ဒန်ရှိ ဟိုတယ်တွေ COVID-19 လူနာကို လက်ခံ

ဖိလစ်ပိုင်မှာ Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေး

တရုတ်မှာ WHO ကျွမ်းကျင်သူများ ရောက်နေစဉ် ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်

 

The post ယူကေကို ဝင်လာမယ့် ခရီးသွားလမ်းကြောင်း အားလုံး ၁ လကြာ ပိတ်မည် appeared first on ဧရာဝတီ.


“Double Dating” အစီအစဉ်အကြောင်း ပြောပြတဲ့ သဇင်ထူးမြင့်

$
0
0

ဟာသ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးဖြစ်သူ သရုပ်ဆောင် သဇင်ထူးမြင့်က လက်ရှိ ရိုက်ကူးနေတဲ့ Double Dating အစီအစဉ်အကြောင်း အခုလိုပဲ ပြောပါတယ်။

“Double Dating အစီအစဉ်က သဲတို့ နှစ်တွဲ နှစ်တွဲစီပေါ့။ တကယ်တမ်းရှိတဲ့ အဖွဲ့သားက ၅ ယောက်ပေါ့။ ၅ ယောက်လုံးကို ချစ်ပေးတယ်။ ကိုသိန်းလင်းစိုးနဲ့ ၅ ယောက်ပေါ့။ အရင်တုန်းကဆို ၂ တွဲစီ ခွဲပြီး မြင်တာပေါ့နော်။ အခုတော့ ၅ ယောက်ကို တသားတည်း မြင်လာကြပြီ။ ၅ ယောက်လုံးကို ချစ်ပေးတဲ့အတွက် အရမ်း ပျော်ပါတယ်”လို့ သဇင်ထူးမြင့်က ပြောပါတယ်။

အဆိုပါ Double Dating အစီအစဉ်မှာ သရုပ်ဆောင် စည်သူဝင်းနဲ့ သဇင်ထူးမြင့်၊ အောင်မင်းခန့်နဲ့ ယွန်းယွန်း၊ အတွဲ နှစ်တွဲ ပါဝင်ပြီး အဆိုတော် သိန်းလင်းစိုးလည်း ပါဝင်ပါတယ်။

Double Dating အစီအစဉ်မှာ ပါဝင်ကြတဲ့ စုံတွဲ နှစ်တွဲ

ပရိသတ်တွေက Double Dating အစီအစဉ်ကို အရမ်းအားပေးကြပြီး ဗီဒီယိုဖိုင်လေးတွေ လုပ်ပေးတဲ့အတွက်လည်း ပျော်တယ်လို့ သဇင်ထူးမြင့်က ဆိုပါတယ်။

“ပရိသတ်တွေ လုပ်ပေးတဲ့ ဗီဒီယို Edit လေးတွေက တခါတလေကျ ကိုယ်တောင်မှ ထင်မထားဘူး။ ပျော်တယ်။ သူတို့ လုပ်ပေးတာလေးတွေက ထင်ထင်ရှားရှားလေး ပိုဖြစ်သွားတာ ရှိတယ်။ Page တွေ အများကြီးက ဝိုင်းပြီး ဝန်းရံပေးကြတဲ့အတွက် အရမ်းပျော်ပါတယ်”လို့ သဇင်ထူးမြင့်က ပြောပါတယ်။

ဖခင်ဖြစ်သူ ခင်လှိုင်က သမီးအပေါ် အရင်က အနုပညာအလုပ် လုပ်တာကို စိတ်ပူပေမယ့် အခုတော့ အမြဲ ချီးကျူးတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် သဇင်ထူးမြင့် (ဓာတ်ပုံ – Thazin Htoo Myint’s Facebook)

“ဖေဖေက အရင်က အနုပညာအလုပ် လုပ်တာကို စိတ်ပူတယ်။ အခု အများကြီး ယုံကြည်တယ်။ သဲတို့ လုပ်တဲ့ အရာတိုင်းကိုလည်း အမြဲ ချီးကျူးတယ်။ ကောင်းတဲ့ အကြောင်းပဲ ပြောတယ်။ ဖေဖေနဲ့ ဆိုးပေ ကားရိုက်တုန်းက ပုံမှန်ထက် ၂ လကျော် ကြာသွားတယ်”

“အဲ့မှာ ဖေဖေက ဒါရိုက်တာ၊ သဲက သရုပ်ဆောင် အနေနဲ့ ပါဝင်တာဖြစ်တဲ့အတွက် အရင်က အလုပ်နဲ့ ပတ်သက်ပြီး တခါမှ အဲ့လောက် ရင်းရင်းနှီးနှီး မရှိခဲ့ဘူး။ ဆိုးပေမှာ အဖေနဲ့သမီး ဆိုတာထက် ဒါရိုက်တာ အနေနဲ့ရော၊ သရုပ်ဆောင် တယောက်အနေနဲ့ပါ ဖေဖေနဲ့ တွေ့ရတော့ ပိုပြီး အလုပ်နဲ့ ပတ်သက်ပြီး ပြောဖြစ်တယ်”လို့ သဇင်ထူးမြင့်က ပြောပါတယ်။

သဇင်ထူးမြင့်က အနုပညာနဲ့ ပတ်သက်လို့ ရုပ်သံ စီးရီးတွေ ထွက်ဖို့ရှိပြီး၊ နောက်ထပ် စီးရီးတွေလည်း ရိုက်ဖို့ ရှိသလို လက်ရှိမှာတော့ ကြော်ငြာတွေ ရိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် သဇင်ထူးမြင့် (ဓာတ်ပုံ – Thazin Htoo Myint’s Facebook)

၂၀၂၀ မှာ ကိုဗစ် ဖြစ်သွားတာကြောင့် အလုပ်နဲ့ ပတ်သက်ပြီး အဆင်မပြေတာတွေ ရှိပေမယ့် ဖြစ်လာတဲ့ အခြေအနေမှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“၂၀၂၀ မှာတော့ အလုပ်နဲ့ ပတ်သက်ပြီး သဲတို့ အဆင်မပြေကြတာတွေ ရှိတယ်။ အနုပညာနဲ့ ပတ်သက်ပြီး လုပ်မယ်ဆိုတဲ့ အချိန်မှာ ဒီရောဂါဝင်လာတော့ ဘာလုပ်မယ်ဆိုတဲ့နှစ်မှာ အစီအစဉ်တွေ အကုန်လုံးက ပျက်ကုန်တယ်။ ဖြစ်လာတဲ့ အခြေအနေလေးနဲ့ သဲတို့ ရသလို ကြိုးစားရတာပေါ့။ သဲကို ချစ်ပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်။ သဲဘာပဲလုပ်လုပ် အကုန်လုံးက ဝန်းရံပေးကြတယ်။ အကောင်းဆုံး ကြိုးစားပါမယ်၊ အားပေးကြပါဦး”လို့ သဇင်ထူးမြင့်က ပြောပါတယ်။

သရုပ်ဆောင် သဇင်ထူးမြင့်ကတော့ ဟာသ သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးဖြစ်ပြီး၊ သရုပ်ဆောင် နေရဲရဲ့ ညီမ အငယ်ဆုံး ဖြစ်ပါတယ်။ အကယ်ဒမီ ရွှေကြို တဦးအနေနဲ့ အနုပညာလောကထဲ စရောက်ခဲ့တဲ့ သဇင်ထူးမြင့်ဟာ လက်ရှိမှာတော့ ရုပ်သံစီးရီးတွေနဲ့ သီချင်း Music Video တွေမှာ ပါဝင် သရုပ်ဆောင်နေပါတယ်။

You may also like these stories:

“ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရင်ခုန်နေတဲ့ သဇင်ထူးမြင့်

“ဆရာကြီး ဇဝနရဲ့ ဝတ္ထုဖြစ်တဲ့အတွက် ဆိုးပေက တာဝန်ကြီးတယ်”

The post “Double Dating” အစီအစဉ်အကြောင်း ပြောပြတဲ့ သဇင်ထူးမြင့် appeared first on ဧရာဝတီ.

ရခိုင်တွင် မိုင်းရှင်းလင်းရေး အခက်အခဲရှိဟု နယ်/လုံ ဝန်ကြီးပြော

$
0
0

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တပ်များ ဆုတ်သွားခြင်း မရှိသေးဘဲ တဖက်နှင့်တဖက် ဆိုင်ထားသည့် အခြေအနေသာ ရှိသေးသဖြင့် မိုင်းရှင်းရန် မလွယ်ကူသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း က ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်၏ စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်း ရေး အပါအဝင် အစိုးရအဖွဲ့က ကူညီပံ့ပိုးပေးရန် တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာတွင် နယ် /လုံ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ထိုသို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး မင်းသန်းက “မိုင်းရှင်းလင်းပေးရေးကိစ္စမှာ အခုက နှစ်ဖက်ဆိုင်ထားတဲ့ အနေအထားမှာ ရှိသေးတယ်။ ခွာ မသွားသေးဘူး။ သဘောမှာ ကမ်းထောင်းကြီးဘက်၊ ဒါးလက် ချောင်းဖျားဆိုလို့ရှိရင် ဆိုင်ထားတယ်။ ပစ်သာ မပစ် တော့တာ။ ဆိုင်ထားတယ်။ ဒီလိုပဲ ရသေ့တောင်ဘက်မှာတော့ ဒီလိုပဲ။ မြောက်ဦးအရှေ့ဘက်က ကုန်းတွေမှာလည်း ဒီ်လိုပဲ။ ပြောရရင်တော့ မပြီးသေးတာ။ တဖက်နဲ့တဖက် ဆုတ်သွားမှ။ တပ်တွေနေရာချထားရေး အစီအစဉ်ပေါ့။ ဥပမာ NCA လိုမျိုး တစိတ်တပိုင်းကို ပြောချင်တာပါ” ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်၏ အဆို အပြည့်အစုံမှာ ရခိုင်ပြည်နယ် မြို့နယ် အသီးသီးသို့ စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များ ကိုယ့်ဒေသ (ကိုယ့်ရပ် ရွာ) သို့ လုံခြုံအေးချမ်းစွာဖြင့် ပြန်လည် သွားရောက်နေထိုင်နိုင်ရေးအတွက် ပိုမိုထိရောက်သော အကူအညီများ ပေး သင့်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း ဟူ၍ ဖြစ်သည်။

အဆိုကို ဇန်နဝါရီလ ၁၂ ရက်က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက်က ပြုလုပ်သော လွှတ်တော် အစည်းအဝေးတွင် ယင်းအဆိုနှင့်ပတ်သက်ပြီး ကိုယ်စား လှယ် ၆ ဦးက ထောက်ခံဆွေးနွေးကာ ကန့်ကွက်သူမရှိသဖြင့် အဆိုအား အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း အဆို ရှင် ဦးဦးသန်းနိုင်က ပြောသည်။

၎င်းက “ ဒီအဆိုက အမှန်တကယ် စစ်ဘေးသင့်ပြည်သူတွေအတွက် လိုအပ်လို့ ကျနော် တင်သွင်းခဲ့တာ။ ကျနော် ပြောတဲ့အတိုင်း စစ်ဘေးရှောင် ပြည်သူတွေ ဘေးကင်းလုံခြုံစွာ နေနိုင်ဖို့အတွက် မိုင်းအန္တရာယ်ကို ရှင်းလင်းပေးရမယ်။ ပြိုပျက်နေတဲ့ အိမ်တွေကို ပြန်လုပ်ပေးရမယ်။ စားဝတ်နေရေး ပြန်လည်ထူထောင်ရေးအတွက် အစိုးရဘက်က ထိ ရောက်တဲ့ အကူအညီတွေကို မဖြစ်မနေ လုပ်ပေးရမယ် ဆိုပြီးတော့ အဆို တင်ခဲ့တာ ဖြစ်တယ်။ ဒီအဆို အောင်မြင် သွားပြီ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ မဖြစ်မနေ လုပ်ပေးရမယ်။ ကျနော်အနေနဲ့လည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုနှင့် ပတ်သက်ပြီး ယနေ့ ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် အစိုးရအဖွဲ့၏ သဘောထားကို လွှတ်တော် က မေးမြန်းခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက တပ်ပိုင်းဆိုင်ရာ မြေပြင် အခြေအနေ တချို့ကို တင်ပြ ဆွေးနွေးခဲ့ပြီး အဆိုအပေါ် ကန့်ကွက်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။

ဗိုလ်မှူးကြီး မင်းသန်းက “တပ်နေရာချထားရေး အဲဒီဟာမျိုးလေးတွေ ဖြစ်မြောက်ပြီ၊ သဘောတူပြီ ဆိုရင် ကျနော်တို့ တပ်ဘက်ကတော့ သေချာတယ်။ တပ်မိုင်းတွေသည် မှတ်ပုံတင်စနစ်နဲ့ ထောင်တယ်။ ထောင်ခဲ့ရင်ပြောတာပါ။ သူ့ရဲ့ စခန်း လုံခြုံရေးအတွက် ကာကွယ်ဖို့ မှတ်ပုံတင်စနစ်တွေ ရှိပါတယ်။ ကျနော်တို့ မိုင်းတွေက အချိန်မရွေး ပြန်ဖော်နိုင်ပါ တယ်။ တောထဲမှာ တချို့အဖွဲ့အစည်းက ထောင်ထားတဲ့ မိုင်းတွေဆိုတော့ ကျနော်တို့က ရှင်းရခက်တဲ့ အနေအထား ပါ” ဟု လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့သည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုင်းအန္တရာယ် ရှင်းလင်းရေးများ လုပ်ဆောင်လျက် ရှိသော်လည်း ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှု အခြေအနေပေါ် မူတည်ပြီး ယခုမှ စတင်ရမည့် အခြေအနေ ရှိကြောင်းလည်း ဗိုလ်မှူးကြီး မင်းသန်းက လွှတ်တော် တွင် တင်ပြဆွေးနွေးခဲ့သည်။

ဦးကျော်လွင်က “ဒုက္ခသည်စခန်း ဆိုတာ လူတွေတွေအတွက် မနေထိုက်တဲ့နေရာမျိုးပါ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး တခုမှ အဆင်ပြေတဲ့နေရာမဟုတ်ဘူး။ အဲဒီအတွက် နေရပ်ပြန်ဖို့ ကိစ္စကိုတော့ ကျနော် ထောက်ခံဆွေးနွေးခဲ့ တယ်။ အဲဒါမှာ တခုရှိတာကတော့ တပ်မတော်နဲ့ AA တို့ ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ လိုတယ်။ နှစ်ဖက်တပ်တွေ ဆိုင်ထားတဲ့ အခြေအနေဆိုရင်တော့ စိုးရိမ်စရာ ရှိတယ်။ အဲဒီအတွက် နှစ်ဖက်ငြိမ်းချမ်းရေး ခိုင်ခိုင် မာမာ တည်ဆောက်နိုင်ကြပါစေလို့ပဲ ကျနော်ကတော့ ဆုတောင်းမိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခု ဇန်နဝါရီ ၁၀ ရက်ကလည်း မင်းပြားမြို့နယ် စပါးထားကျေးရွာတွင်း ကောက်ရသည့် စစ်ကျန်ဗုံးသီး ပေါက်ကွဲမှု ဖြစ်၍ အမျိုးသမီး ၁ ဦး သေဆုံးကာ ရွာသား ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် မင်းပြားမြို့နယ် စပါးထားကျေးရွာအတွင်း စစ်ကျန် ဗုံးသီးပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၅ ဦး ဒဏ်ရာ ရရှိခဲ့မှုနှင့်ပတ်သက်ပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်သူ အားလုံး မြေမြှုပ်မိုင်း အသုံး မပြုတော့ရန် နှင့် ကလေးငယ်များ၏ လုံခြုံဘေးကင်းမှုကို ဦးစားပေးဆောင်ရွက်ရန် ယူနီဆက်မြန်မာ ကလည်း ဇန်နဝါရီလ ၁၄ ရက် ရက်စွဲဖြင့် တိုက်တွန်းထားသည်။

လက်ရှိ အခြေအနေတွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်သွားသော်လည်း ကျေးရွာအနီး တပ်မတော်မှ တပ်စွဲနေထိုင်ခြင်း၊ နှစ်တပ်ဖွဲ့ဝင်များ ထောင်ထားသည့် မြေမြှုပ်မိုင်းများ၊ စစ်ကျန်လက်နက်ခဲယမ်းများ အန္တရာယ်များ ရှိနေသည့်အတွက် မိုင်းအန္တရာယ် ရှင်းလင်းပေးရန် လိုအပ်ကြောင်းလည်း စစ်ရှောင်ပြည်သူများက ပြောဆိုကြသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (Rakhine Ethnics Congress) ၏ ကောက်ခံထားသော စာရင်းအရ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၃ ဦး ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၆၇ ဦး ရှိကြောင်း သိရသည်။

ယင်းပြင် ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် တိုက်ပွဲအတွင်း နေအိမ်များ မီး လောင်သွားခြင်း၊ လယ်ယာလုပ်ငန်းသုံး ပစ္စည်းများနှင့်အတူ ခိုင်းကျွဲ၊ ခိုင်းနွားများမှာလည်း ပျောက်ဆုံး ပျက်စီးသွားပြီ ဖြစ်သဖြင့် ဒေသခံ ကျေးရွာသားများအတွက် ဘဝ ရပ်တည်ရှင်သန်ရန် ပြန်လည်ထူထောင်ပေးရန် လိုအပ်လျက် ရှိ ကြောင်းလည်း စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူများက ဆိုသည်။

You may also like these stories:

4G အင်တာနက်လိုင်း ပြန်ဖွင့်ရန် ရခိုင်လွှတ်တော်၌ အဆိုတင်

ရခိုင်စစ်ပွဲကြား မိုင်းထိသွားသော အပြစ်မဲ့ ပြည်သူများ

The post ရခိုင်တွင် မိုင်းရှင်းလင်းရေး အခက်အခဲရှိဟု နယ်/လုံ ဝန်ကြီးပြော appeared first on ဧရာဝတီ.

“ပရိသတ်က မရှိမဖြစ် ချစ်ပေးရင် ကျေနပ်ပါပြီ”လို့ မြတ်သူသူ ဆို

$
0
0

သရုပ်ဆောင်အလုပ်အပြင် ဂီတကိုလည်း ဝါသနာပါတဲ့ မြတ်သူသူက ကိုဗစ်ကာလမှာ တကိုယ်တော် သီချင်းခွေ ထုတ်ဖြစ်တဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။

“မြတ်သူက သရုပ်ဆောင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိတယ်။ အဓိက နှစ်သိမ့်ဆုဆိုတဲ့ သီချင်းလေးကို မွေးနေ့မှာ ဆရာ နန္ဒာအောင်က လက်ဆောင် ပေးတယ်။ ပထမကတော့ ပရိသတ်အတွက ဒီသီချင်းလေး တပုဒ်ပဲ ဆိုပြီး ရည်ရွယ်တာပေါ့။ ကိုနိုင်ဇော်ဆီ ရောက်တဲ့အချိန်မှာ သီချင်းတွေက ရတော့ စုမိတယ်။ ကိုဗစ်လည်းဖြစ်တော့ ကားရိုက်တွေ နားနေရချိန်မှာ အချိန် အလကား မဖြစ်ချင်လို့ အချိန်တွေပေးပြီး သီချင်းတွေ တီးဖြစ်တယ်။ အသံတွေ သွင်းဖြစ်တယ်”

“ကိုဗစ်ပြီးသွားရင်လည်း အနုပညာတခု အနေနဲ့ ဆက်သွားမယ်။ မြတ်သူကို ချစ်တဲ့သူတွေနဲ့ ပွဲတွေမှာ တွေ့တဲ့အခါ သီချင်းတွေ အတူတူ ဆိုလို့ရအောင်၊ မြတ်သူက အမှတ်တရလည်းဖြစ်အောင် ကိုနိုင်ဇော်တို့ တိုက်တွန်းမှုနဲ့ လုပ်ချင်တာနဲ့ရောကြောင့် လုပ်ဖြစ်သွားတာပါ”လို့ မြတ်သူသူက ပြောပါတယ်။

သီချင်းခွေ နာမည်ကို ပထမက “နှစ်သိမ့်ဆု”လို့ ပေးထားပြီး၊ အဲဒီကနေ “မရှိမဖြစ်” ဆိုတဲ့ နာမည် ပြောင်းဖြစ်သွားတဲ့ အကြောင်းလည်း အခုလိုပဲ ဆိုပါတယ်။

သရုပ်ဆောင် မြတ်သူသူ (ဓာတ်ပုံ- Myat Thu Thu’s Facebook)

“အစကတော့ အခွေကို နှစ်သိမ့်ဆုဆိုပြီး ပေးထားတာ။ ချစ်ရတဲ့ ပရိသတ်တွေကို ဆုကြီးကြီးပဲ ပေးချင်တာကြောင့် အဲ့ခေါင်းစဉ်ကိုလည်း ကြိုက်တယ်။ မြတ်သူသူ မရှိမဖြစ်ဆိုရင် ပိုပြီးများ ကောင်းမလားလို့ တွေးမိတာနဲ့ ပေးလိုက်မိတာပါ”လို့ ပြောပါတယ်။

တကိုယ်တော်ခွေမှာတော့ သီချင်းအသစ် ၆ ပုဒ် ပါဝင်ပြီး၊ ပြန်ဆိုတေး တပုဒ် ပါဝင်တယ်လို့ သိရပါတယ်။

“ သီချင်းက ၇ ပုဒ် ပါတယ်။ အသစ်တွေပဲ ၆ ပုဒ် ပါတယ်။ ပြန်ဆိုတေး တပုဒ်တော့ ထည့်ထားပါတယ်။ Music video နဲ့ ထွက်ဖို့လုပ်ပေမယ့် ကိုဗစ်ကာလမှာ အရမ်းတင်းကျပ်ပြီး ရိုက်ကူးရေး မလုပ်ရတော့ တချို့ဟာတွေက ရိုက်ပြီးပြီ။ တချို့ဟာတွေက မရိုက်ရသေးတော့ စီဒီကို အရင်ဖြန့်လိုက်တာပါ”

“ဇာတ်ကားဟောင်းတွေကလည်း ပြန်မလာသေးဘူး။ ဇာတ်ကားသစ်ကလည်း လွှင့်ခါနီးမှ Cancel ဖြစ်သွားလို့ ထွက်လိုက်တာပါ။ “တို့မမနဲ့ တို့” ဇာတ်လမ်းတွဲနဲ့ ပရိသတ်က ချစ်ပေးထားတာ။ သူတို့ မမေ့ခင်လေး အနုပညာတခု ရောက်ချင်တယ်။ အဲ့ဒါကြောင့် ထုတ်မယ် လုပ်လိုက်တာ DVD က မမီဘူး ဖြစ်သွားတယ်”လို့ မြတ်သူသူက ပြောပါတယ်။

အရှုံးအမြတ် ဆိုတာထက် အချိန်ကို အလကားသက်သက် မဖြစ်ချင်တာကြောင့် ထုတ်ဖြစ်တာလို့ မြတ်သူသူက ဆိုပါတယ်။

သရုပ်ဆောင် မြတ်သူသူ (ဓာတ်ပုံ- Myat Thu Thu’s Facebook)

“ရှုံးခြင်းမြတ်ခြင်း ဆိုတာထက် အချိန်ကို အလကားသက်သက် မဖြစ်ချင်တာရယ်။ မြတ်သူကို ချစ်တဲ့သူတွေအတွက် အဆက်အသွယ်ကောင်းလေးတခု ရအောင်ပါ။ မြတ်သူတို့ကို ချစ်လို့ ခင်လို့ နယ်ဘက်တွေ ပွဲတွေမှာ တွေ့ကြတဲ့အခါမျိုးမှာ အတူတူ ဆိုစရာ သီချင်းရအောင် လုပ်ဖြစ်သွားတာပါ”

“ဒီလို ကာလမှာ အခွေထုတ်ရင်တော့ မြတ်တာတော့ မဟုတ်ဘူး။ ကိုယ်လုပ်နိုင်တဲ့ ဘောင်အတွင်းကနေ အကောင်းဆုံး လုပ်ထားတယ်။ ကိုယ့်ချစ်တဲ့ ပရိသတ်လက်ထဲကို ကိုယ့်ရဲ့ မရှိမဖြစ် အမှတ်တရလေး ရောက်သွားပြီးတော့ မြတ်သူကို မရှိမဖြစ်အနေနဲ့ ချစ်ပေးနေကြရင်ကို ကျေနပ်ပါပြီ”လို့ မြတ်သူသူက ပြောပါတယ်။

သရုပ်ဆောင် မြတ်သူသူကိုတော့ MRTV-4 မှာ ပြသခဲ့တဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “မြညို” ကာရိုက်တာနဲ့ ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း “တို့မမနဲ့ တို့” ဇာတ်လမ်းတွဲမှာ သန်းသန်းဆွေ ကာရိုက်တာနဲ့ ပရိသတ်တွေ အားပေးခဲ့ကြပါတယ်။

You may also like these stories:

ကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေအတွက် အနုပညာရှင်များ ပါဝင်မယ့် ဘောက်ဆင် သရုပ်ပြပွဲ

သီချင်းနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းတွေ ဖန်တီးရတာ ဝါသနာပါတဲ့ နန်းဆုရတီစိုး

သင်္ကန်းဝတ်နဲ့ ပိုင်တံခွန်ရဲ့ ဓာတ်ပုံ ဆိုရှယ်မီဒီယာမှာ လူပြောများနေ

The post “ပရိသတ်က မရှိမဖြစ် ချစ်ပေးရင် ကျေနပ်ပါပြီ”လို့ မြတ်သူသူ ဆို appeared first on ဧရာဝတီ.

မြန်မာများအား လူကုန်ကူးဟု ထိုင်းရဲ ၃၀ ကျော် စွပ်စွဲခံရ

$
0
0

ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုအတွက် စွဲချက်တင်ခံရပြီးနောက် ထိုင်းနိုင်ငံမှ ဒါဇင်နှင့်ချီသော ရဲများသည် ရာဇဝတ်ကြောင်း အရေးယူမှုနှင့် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများကို ရင်ဆိုင်ကြရသည်။

ထိုအမှုများတွင် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၃၃ ဦးပါဝင်ပတ်သက်နေကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗ်ိုလ်ချုပ် ဒမ်ရောင်ဆက် ကစ်တီပရာပက် ပြောပြီး စွပ်စွဲခံရသူများတွင် ပြန်တမ်းဝင်အရာရှိ မဟုတ်သူများ၊ ပြန်တမ်းဝင်အရာရှိများနှင့် ဒုတပ်ဖွဲ့မှူးအထိ ပါဝင်ကြောင်း ရှင်းပြသည်ဟု ဘန်ကောက်ပို့စ်က ဆိုသည်။

ထိုရဲအရာရှိများသည် ရွှေ့ပြောင်းလုပ်သားများကို နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘုရားသုံးဆူတောင်ကြားမှ ကန်ချန်နာဘူရီမှ ဆန်ခလာ ဘူရီခရိုင်ထဲသို့ မှောင်ခိုသွင်းခဲ့ကြောင်း သတင်းစာက ရေးသည်။

ထိုင်းသို့ရွှေ့ပြောင်းလုပ်သားများကို ခိုးသွင်းကာ ကိုဗစ်-၁၉ ကူးစက်မှု အချက်အခြာနေရာ စမွတ်စခွန်သို့ ပို့ပေးသည့် လူကုန်ကူးဂိုဏ်းဝင် အရပ်သား ၈ ဦးအတွက်လည်း လာမည့်အပတ်အတွင်း ဝရမ်းထုတ်မည်ဖြစ်ကြောင်း ရဲဗ်ိုလ်ချုပ် ဒမ်ရောင်ဆက်က ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားထောင်ချီနေထိုင် အလုပ်လုပ်ကိုင်သော ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို တားဆီးရန် ထိုင်းရဲတပ်ဖွဲ့က အရှိန်မြှင့်လုပ်ဆောင်နေသည်။

မြန်မာရွှေ့ပြောင်းလုပ်သားထောင်ချီနေထိုင် အလုပ်လုပ်ကိုင်သော ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို တားဆီးရန် ထိုင်းရဲတပ်ဖွဲ့က အရှိန်မြှင့်လုပ်ဆောင်နေသည်။

စမွတ်စခွန်တွင် အထူးသဖြင့် မြန်မာနိုင်ငံမှလာသော ရွှေ့ပြောင်းလုပ်သားများကို အလုပ်ပေးထားသော စက်ရုံအများအပြားရှိသည်။ ဒီဇင်ဘာလက စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက် ပင်လယ်စာလက်ကားဈေးတွင် မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား အလုပ်လုပ်ကိုင်ကြသည်။ မြန်မာလုပ်သား ၃ သိန်းမှ ၄ သိန်းအထိ ထိုင်းနိုင်ငံရှိ ပင်လယ်စာဈေးများနှင့် ပြုပြင်ထုတ်လုပ်ရေး စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာတွင် အောင်မြင်မှု အရှိဆုံး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအမံများကြောင့် ကနဦးတွင် ချီးကျူးခံခဲ့ရသည်။ သို့သော် နယ်စပ်တဖက်နှင့် တဖက် ကူးသန်းနေကြသော နှစ်နိုင်ငံလုံးမှ ထိုင်းနှင့်မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် ကိုဗစ်-၁၉ ကူးစက်မှုများကို မကြာသေးမီက တွေ့ရှိပြီးနောက် အချက်ပေးခေါင်းလောင်းသံမြည်လာသည်။

ထိုင်းနှင့်မြန်မာအလုပ်သမားများသည် မလုံခြုံသော နယ်စပ်ကို တရားမဝင်ဖြတ်ကျော်နေကြပြီး အချို့သည် လော့ဒေါင်းပိတ်ဆို့သည့် ကာလအတွင်း အကျိုးအမြတ်များသော အလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည်။

လွန်ခဲ့သော နှစ်က ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကနဦး ကူးစက်မှုအပြီးတွင် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားသည် တရားဝင် စစ်ဆေးရေးစခန်းများမှတဆင့် နေရပ်ပြန်ခဲ့သော်လည်း အများအပြားသည် ထိုင်းနိုင်ငံသို့ ပြန်လည်ခိုးဝင်ကြသည်။

လွန်ခဲ့သော နှစ်က ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကနဦး ကူးစက်မှုအပြီးတွင် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားသည် တရားဝင် စစ်ဆေးရေးစခန်းများမှတဆင့် နေရပ်ပြန်ခဲ့သော်လည်း အများအပြားသည် ထိုင်းနိုင်ငံသို့ ပြန်လည်ခိုးဝင်ကြသည်။

လူကုန်ကူးသူများသည် ရွှေ့ပြောင်းလုပ်သားများကို တဦးလျှင် ဘတ် ၈၀၀၀ မှ ၁၀၀၀၀ (ကျပ် ၃၅၅၀၀၀ မှ ကျပ် ၄၄၅၀၀၀ အထိ) တောင်းခံပြီး နယ်စပ်မြို့များမှာ ထိုင်းန်ိုင်ငံအတွင်းပိုင်းသို့ ပို့ဆောင်ပေးနေသည်။

ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်နေ ရိုဟင်ဂျာခေါ် ဘင်္ဂါလီများ အပါအဝင် စာရွက်စာတမ်းအထောက်အထား မရှိသူ အချို့ကိုလည်း ထိုင်းသို့ ခိုးသွင်းပြီး ထိုမှတဆင့် မလေးရှားသို့ ဆက်လက် မှောင်ခိုပို့ဆောင်ကြသည်။ ၎င်းတို့သည် မလေးရှားသို့ ရောက်ရှိရေးအတွက် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံလုံးမှာ လူကုန်ကူးသူများကို ငွေအမြောက်အများ ပေးနေရသည်။

ထိုင်းနိုင်ငံသို့ ခိုးဝင်မှုအတွက် ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ၁၉ ဦးကို ဘန်ကောက်တွင် မကြာသေးမီက ဖမ်းဆီးခဲ့ပြီး စစ်ဆေးသောအခါ ၎င်းတို့အနက် ၇ ဦးတွင် ကိုဗစ်-၁၉ ကူးစက်ထားကြောင်း တွေ့ရသည်။ ထိုသူများကို လက်ခံထားသည့် ထိုင်းအမျိုးသမီးတဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

You may also like these stories:

မြန်မာအမျိုးသမီးကို အဓမ္မကျင့်မှုဖြင့် တိုင်ကြားခံရသည့် ထိုင်းရဲ အာမခံရ

ထိုင်းနိုင်ငံ ကိုဗစ်ဒုတိယလှိုင်းတွင် ခွဲခြားဆက်ဆံခံနေရသည့် မြန်မာလုပ်သားများ

မြန်မာအလုပ်သမားများအား ကိုဗစ်စစ်ဆေးမှု ထိုင်း တိုးလုပ်မည်

The post မြန်မာများအား လူကုန်ကူးဟု ထိုင်းရဲ ၃၀ ကျော် စွပ်စွဲခံရ appeared first on ဧရာဝတီ.

ဘင်္ဂလားဒေ့ရှ်အနေနဲ့ အလုပ်နဲ့ သက်သေပြဖို့ လိုတယ်

$
0
0

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ မြန်မာ၊ တရုတ် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဇန်နဝါရီလအတွင်း ကျင်းပသွားမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမန်က ပြောကြားထားသည်။

ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒုက္ခသည် ၈ သိန်း ၄ သောင်း၏ အမည်စာရင်းကို မြန်မာ ဘက်ကို ပေးပို့ထားသော်လည်း မြန်မာဘက်က နှေးကွေးစွာ စိစစ်အတည်ပြုနေသည်ဟု နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူလ် မိုမန် က ပြောဆိုထားသည်။

အဆိုပါ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပမည့် အစီအစဉ် အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်များ နှင့် ပတ်သက်၍ မြန်မာဘက်က သဘောထားကို သိရှိနိုင်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေးအား ဧရာဝတီ သတင်းထောက် ဇင်လင်းထက်က ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးချမ်းအေး

မေး။ ။ လာမယ့် ဇန်နဝါရီလ ၁၉ ရက်ကျရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ မြန်မာရယ်၊ တရုတ်ရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ် နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုထားပါတယ်။ သုံးပွင့်ဆိုင် တွေ့ကြမယ် ဆိုတာက အမှန်ပဲလား။ ဘယ်လို ရာထူးအဆင့်ရှိတဲ့ ကိုယ်စား လှယ်တွေ တွေ့ကြမှာပါလဲ။

ဖြေ။ ။ အဲဒီ တွေ့ဆုံဖို့အတွက်က ကျနော်တို့ သုံးပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အဲဒါကတော့ ညှိနှိုင်းနေဆဲ ဆို တော့ လက်ရှိမှာ ပြောဖို့ ခက်ပါတယ်။

မေး။ ။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဇန်နဝါရီလ ၁၃ ရက်တုန်းက သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာဘက်က ၁၉၇၈ နဲ့ ၁၉၉၂ တုန်းက ဒုက္ခသည်တွေကို ပြန်လည် လက်ခံခဲ့ဖူးတယ်။ အခုတခါလည်း အဲဒီလိုမျိုး လက်ခံဖို့ မျှော်လင့် တယ် ဆိုတာမျိုး ပြောတော့ ဒီအပေါ်မှာ ဘာမှတ်ချက်ပေးချင်လဲ။ မြန်မာက အရင်တုန်းကလိုပဲ ပြန်လည် လက်ခံသွားမှာ လား။

ဖြေ။ ။ ကျနော်တို့ ပြောချင်တာက သူတို့နဲ့ ကျနော်တို့ သဘောတူထားတဲ့ သဘောတူညီချက်တွေ ရှိတယ်။၂၀၁၇ နိုဝင် ဘာမှာပေါ့။ နောက်တခါ၂၀၁၇ ဒီဇင်ဘာမှာ တခု ရှိတယ်။ နောက်တခါ၂၀၁၈ ဇန်နဝါရီမှာ တခုရှိတယ်။ သဘောတူညီချက် ၃ ခု လက်မှတ် ထိုးထားတယ်။ နေရပ်စွန့်ခွာသူတွေကို ပြန်လက်ခံဖို့ပေါ့။

အဲဒီသဘောတူညီချက် ၃ ခုမှာ ပထမတခုက ကျနော်တို့က လက်ခံမယ်။ လက်ခံတာမှာ ဘယ်လိုလုပ်မယ် ဆိုတာကို အသေးစိတ် သဘောတူညီချက်တွေ လုပ်ထားတာ။ ဒီသဘောတူညီချက်တွေက ၁၉၇၈ ၊ ၁၉၉၂ မှာ လုပ်ခဲ့တဲ့ လုပ်ငန်းစဉ် အတိုင်းပဲ ကျနော်တို့ ပြန်လက်ခံမှာပဲလေ။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မလိုဘူး။ ကျနော်တို့ သဘောတူထားပြီး သားလေ။

ကျနော် ထပ်ပြီး ပြောချင်တာက ဘင်္ဂလားဒေ့ရှ်အနေနဲ့ အဲဒီလို ထပ်ပြီး ပြောတဲ့ဟာကို အလုပ်နဲ့ သက်သေပြဖို့ပဲ လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် မဆိုင်တဲ့ တောင်းဆိုမှုတွေ တောင်းဆိုတာတွေက ဘာမှမဆိုင်ဘူး။ ၁၉၇၈၊ ၁၉၉၂ တုန်းကလည်း မပါဘူး။ နိုင်ငံသားဖြစ်မှ ပြန်ပို့ရမယ် ဆိုတာလည်း မပါဘူး။ သူတို့ လုံခြုံရေးတွေ၊ သူတို့အပေါ်မှာ ချိုးဖောက်တယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူမှုတွေ ပြီးစီးမှ ဆိုတာမျိုးတွေ ဒါတွေက သီးခြားလုပ်နေတာတွေပါ။

သူတို့ လုံခြုံရေးအတွက် အကာအကွယ်ပေးမယ့် အဖွဲ့တွေ လာထားရမယ် ဆိုတာတွေလည်း ဒီထဲမှာ မပါပါဘူး။ ဒါတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်ခံတယ်ဆိုရင် အဲဒီအတိုင်းပဲ သူတို့နဲ့ ကျနော်တို့ ဆွေးနွေးဖို့ပဲ လိုတယ်။ သူတို့က အပြင်မှာ တယောက်ကိုတမျိုး ပြောနေတာတွေလည်း အားလုံးအသိပဲ။ ဘာတွေ တောင်းဆိုပါ၊ ညာတွေ တောင်းဆိုပါ ဆိုတာတွေက သဘောတူညီချက်ထဲမှာ မပါတဲ့ဟာတွေ။ ပြန်လည် လက်ခံရေး ကိစ္စနဲ့ မဆိုင်ဘူး။

ဒါပေမယ့် ကျနော်တို့ လုပ်ပေးတာတွေလည်း လုပ်ပေးမှာ။ သီးသန့် သူတို့အတွက် လုပ်ပေးမှာ။ ပြန်လာတဲ့အခါမှာလည်း နိုင်ငံသား ဖြစ်ခွင့်ရှိတဲ့သူတွေ နိုင်ငံသားဖြစ်ခွင့်ရဖို့ ကျနော်တို့ ခပ်မြန်မြန်လုပ်ဖို့။ နောက်တခါ သူတို့ လုံခြုံရေးအတွက် ကျနော်တို့ဘက်က ဘယ်လို တာဝန်ယူပေးမယ်။ နောက်တခါ သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ် လုပ်ကိုင်ရေး ဒါတွေ ကျနော်တို့ လုပ်ပေးဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ဒါတွေက သီးသန့်သွားမှာ။

အဓိက ပြောချင်တာက သူတို့ပြောတဲ့ဟာ ကျနော်တို့က လက်ခံပြီးသား။ သူတို့ပဲ ဒီဟာကို အမျိုးမျိုး မပြောဖို့ အရေးကြီး တယ်။ ကျနော်တို့လည်း သူတို့ကို ပြောမှာပါ။ ဆက်ပြီးတော့ ကျနော်တို့ ထောက်ပြသွားမှာပါ။

မေး။ ။ ဒုက္ခသည် ၈ သိန်း ၄ သောင်းရဲ့ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်က ပို့ထားပေမယ့် မြန်မာဘက်က ၄ သောင်း ၂ ထောင်ပဲ အတည်ပြုနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောထားတယ်။ အဲဒါကရော အမှန်ပဲလား။ မြန် မာနိုင်ငံဘက်က ဘာကြောင့် မြန်မြန် မစစ်နိုင်တာလဲ။

ဖြေ။ ။ အဲဒီဟာတွေကို သူတို့ဘက်က အသုတ်လိုက် ပို့လာတယ်။ ဥပမာ-၂ သောင်း ပို့တယ်။ ၅ သောင်း ပို့တယ်။ နောက် တခါ သိန်းနဲ့ ချီပြီး ပို့တာပေါ့။ ပို့တဲ့ဟာတွေက ရထားတာတော့ ၅ သိန်းကျော် ပို့ထားပြီးပြီ။ မကြာသေးခင်က နောက်ထပ် ၂ သိန်းကျော် ထပ်ပို့တယ် ပြောတယ်။ ဆိုတော့ သူပြောတဲ့ စုစုပေါင်း ၈ သိန်းကျော်ဆိုတာက ဖြစ်နိုင်တယ်။

ကျနော်တို့ နောက်ဆုံး ရထားတာက ၆ သိန်းနီးပါး ရထားပြီးပြီ။ နောက်ထပ်၂ သိန်းကျော် ဆိုတာက ကျနော်တို့ ထပ်တွေ့ တယ်။ ဒါပေမယ့် ကျနော့် ဌာနတွေနဲ့ Confirm တော့ မလုပ်ရသေးဘူး။ ကျနော် ပြောချင်တဲ့သဘောက သူတို့က ပို့တာ တော့ မှန်တယ်။ ဒါပေမယ့် ပို့တဲ့နေရာမှာ နှစ်ဖက် သဘောတူထားတဲ့ ဖောင်တွေကို အသေးစိတ် ဖြည့်ပေးဖို့ လိုတယ်။ အထူးသဖြင့် ကျနော်တို့ စစ်တာက သူတို့ (နေရပ်စွန့်ခွာသူတွေ) ရခိုင်ပြည်နယ်မှာ နေသွားတဲ့ အိမ်ထောင်စုဇယားတွေ ရှိတယ်။ ဓာတ်ပုံတွေ ရှိတယ်။ လိပ်စာတွေ၊ မိသားစုဝင်တွေရဲ့ နာမည်တွေ ရှိတယ်။ အဲဒီအတိုင်းကို ဟိုဘက်က လူတွေ သေသေချာချာ ဖြည့်ပြီးတော့ ပို့ဖို့ လိုတယ်။

အဲဒီလိုမှ မဟုတ်ဘဲ သူတို့ ပို့လိုက်တဲ့ အိမ်ထောင်စုတို့ လိပ်စာတို့က ကျနော်တို့ဘက်မှာ ရှိတဲ့ဟာတွေနဲ့ လွဲနေရင် ကျနော် တို့ စစ်ရတာ မလွယ်ဘူး။ ဒီကိစ္စတွေလည်း ကျနော်တို့၂ ဖက် ညှိနှိုင်းရမယ့် ကိစ္စဖြစ်တယ်။ နောက်တခါ ဘင်္ဂလားဒေ့ရှ် ဘက်က လိုက်နာရမယ့် ဟာတွေလည်း ကျနော်တို့ဘက်က ထောက်ပြဖို့ ရှိတယ်။ ဖောင်တွေကို ဘယ်လို ဖြည့်ရမယ်။ ဝေရမယ် ဆိုတာတွေပေါ့။

လောလောဆယ် ဒီဟာတွေနဲ့ ပတ်သက်လို့ ကျနော်တို့ဘက်က တွေ့ထားတာ ၄ သောင်းကျော် ဆိုတာလည်း အမှန်ပဲ။ စာရင်း မတွေ့တဲ့သူတွေကို ကျနော်တို့ဘက်က Reject လုပ်ထားတာလည်း မဟုတ်ဘူး။ ရခိုင်မှာ မနေဘူးလို့လည်း ပြော နေတာ မဟုတ်ဘူး။ ကျနော်တို့ ရှာလို့မတွေ့သေးတာ။ အဲဒါတွေကိုလည်း အဖြေရှာဖို့ လိုတယ်။

နံပါတ် ၁ အဖြေရှာရမှာက သူတို့ (ဘင်္ဂလားဒေ့ရှ်) က အဲဒီလူတွေကို သေသေချာချာ ရှင်းပြဖို့ လိုတယ်။ မင်းတို့ ရခိုင်မှာ နေတဲ့ လိပ်စာအတိုင်းကို သေသေချာချာဖြည့်ပေးပါလို့ ပြောဖို့လိုတယ်။ ဒါပေမယ့် ကျနော်တို့ သိရသလောက် သူတို့ (ဘင်္ဂလားဒေ့ရှ်)က အဲဒီလူတွေ (နေရပ်စွန့်ခွာသူတွေ) ကို သေသေချာချာ ဘာမှပြောမထားဘူး။

သူတို့ (ဘင်္ဂလားဒေ့ရှ်အစိုးရ) ဘက်က သူတို့ဘာသာ အဲဒီဖောင်တွေထဲ အချက်အလက်တွေ ဖြည့်ပေးနေတယ်လို့ ကျနော် တို့ သိထားတယ်။ ကာယကံရှင်တွေက ဘာမှမသိဘူး။ ဒါကြောင့် ကာယကံရှင်တွေက မသိခဲ့လို့ ပြီးခဲ့တဲ့ ကျနော်တို့ နေရပ် ပြန်လာဖို့ ကြိုးစားခဲ့တဲ့ အခါတွေတုန်းက နေရပ်စွန့်ခွာသူတွေက သူတို့ ပြန်ရမယ် ဆိုတာကို အနီးကပ်မှသိရတာ။ ဒါတွေက ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့ ဆက်ဆွေးနွေးသွားရဖို့ ရှိပါတယ်။

မေး ။ ။ ဆက်စပ် မေးခွန်းအနေနဲ့ မေးချင်တာက ဘင်္ဂလားဒေ့ရှ်ဘက်က ပို့လိုက်တဲ့ စာရင်းတွေထဲမှာ အချက်အလက်တွေ မှားနေတာ ဘယ်လောက်များလဲ။ ဆရာတို့ဘက်က တိုက်ဆိုင်စစ်ဆေးနေတဲ့ စာရင်းအတိုင်း မပါတဲ့သူတွေကရော ဘယ် လောက် များနေပါသလဲ။

ဖြေ။ ။ သူတို့က ကျနော်တို့ကို ပေးထားတာက ဥပမာ- ၈ သိန်း ရှိတယ် ဆိုပါစို့။ ကျနော် သိသလောက်တော့ ၆ သိန်းက တော့ သူတို့ ပို့ထားတာ သေချာတယ်။ ၈ သိန်း ရှိတယ်ဆိုရင် အဲဒီထဲက ၈ သိန်း စလုံးကို ကျနော်တို့ မစစ်နိုင်ဘူး။ အဲဒီ ထဲက ၁ သိန်းကျော်ကိုပဲ ကျနော်တို့က စစ်ရသေးတယ်။ စစ်ရတဲ့အထဲမှာမှ ၄ သောင်းလောက်ပဲ စာရင်းထဲတွေ့တာ။ ကျန် တဲ့ ၆ သောင်းလောက်က အချက်အလက် မပြည့်စုံဘဲ ဖြစ်နေတာပေါ့။ ၈ သိန်းထဲကမှ ဘယ်လောက်အထိ ထွက်လာမလဲ မသိဘူး။ မတွေ့တဲ့သူတွေကိုလည်း ကျနော်တို့ဘက်က ပြန်စစ်ဖို့ လိုသေးတယ်။ အချက်အလက်တွေ ပြန်တောင်းဖို့ လို တယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကတော့ ကျနော်တို့ကို အပြစ်ဖို့တဲ့ ပုံစံမျိုးနဲ့ သူတို့ကပေးထားပြီးသား။ ကျနော်တို့ဘက် က စစ်ပေးနိုင်တာ ဒီလောက်ပဲ ရှိတယ်လို့ ပြောထားတာ။ အဲဒါကလည်း ပြဿနာက ခုနက ပြောတဲ့ အချက်တွေကြောင့် လေ။ သူတို့ဘက်ကလည်း လုပ်ပေးဖို့ လိုတာတွေရှိတယ်။ ကျနော်တို့ဘက်ကလည်း အချက်အလက် မှန်တယ်ဆိုရင် မြန် မြန် စစ်ပေးဖို့ လုပ်ပေးရဖို့ ရှိမှာပါ။

မေး။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး သုံးပွင့်ဆိုင် ဆွေးနွေးမယ့်ကိစ္စနဲ့ ပတ် သက်ပြီး ဘာများ ဖြည့်စွက်ပြောဖို့ ရှိမလဲ ခင်ဗျ။

ဖြေ။ ။ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကိစ္စကတော့ ကျနော်တို့ ညှိနှိုင်းနေဆဲပါပဲ။ ကျင်းပဖို့တော့ အခြေအနေများ ပါတယ်။ နေ့ရက်နဲ့ အချိန်တွေသာ ကျနော်တို့ ညှိနှိုင်းနေဆဲပါ။

You may also like these stories:

နောက်ဘက်တံခါးက အပေးအယူ

ဒုက္ခသည်များအား ကျွန်းပေါ်သို့ ဘင်္ဂလားဒေ့ရှ် စ ရွှေ့ပြီ

ဘင်္ဂါလီ ဒုက္ခသည် ၁၇၀ ကျော် ပြန်လည် နေရာချထားပေး

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဒုက္ခသည်များအတွက် စံပြကျေးရွာများ တည်ဆောက်နေ

ဒုက္ခသည် အရေး ဘင်္ဂလားဒေ့ရှ် ပူးပေါင်းစေလို

The post ဘင်္ဂလားဒေ့ရှ်အနေနဲ့ အလုပ်နဲ့ သက်သေပြဖို့ လိုတယ် appeared first on ဧရာဝတီ.

Viewing all 26733 articles
Browse latest View live