Quantcast
Channel: ဧရာဝတီ
Viewing all 26733 articles
Browse latest View live

“ကျောင်းပြန်ဖွင့်ရင် Little Chef လေး ဟင်းချက်တော့မှာ မဟုတ်ဘူး”

$
0
0

အွန်လိုင်းပေါ်မှာ ဟင်းချက်နည်း ဗီဒီယိုဖိုင် အတိုလေးတွေကြောင့် လူအများရဲ့ ချစ်ခင်မှုကို ရရှိနေတဲ့ Little Chef မိုးမြင့်မေသူကတော့ ကျောင်းတွေ ပြန်ဖွင့်ရင် ဟင်းချက်ဖြစ်မှာ မဟုတ်ဘူးလို့ မိခင်ဖြစ်သူ Mrs. Universe ဟန်နီချိုက ဧရာဝတီကို ပြောပါတယ်။

“ကျောင်းပြန်ဖွင့်ရင်တော့ ချက်ဖြစ်မှာ မဟုတ်ဘူး။ ကလေးဆိုတော့ ကျောင်းစာတွေ ရှိတယ်။ ဘာသာစုံပေါ့။ ဥပမာ မြန်မာစာ၊ တရုတ်စာ၊ ကျူရှင်တွေ ရှိတယ်။ ပြီးတော့ သင်္ချာကျူရှင်တွေ ရှိတယ်။ ပြီးတော့ အားကစားပေါ့။ ကလေးဆိုပေမယ့်လည်း သူ့ဖိအားနဲ့သူ ရှိတာဖြစ်တဲ့အတွက်ကြောင့် ကျောင်းဖွင့်ရင်ချက်ဖြစ်တော့မှာ မဟုတ်ပါဘူး” လို့ မိခင်ဖြစ်သူ ဟန်နီချိုက ပြောပါတယ်။

ယခုနှစ် ကျောင်းပြန်ဖွင့်လှစ်ပါက Little Chef မိုးမြင့်မေသူက Grade 3 တက်ရမှာဖြစ်ပြီး အသက် ၈ နှစ်အရွယ်သာ ရှိသေးတယ်လို့ သိရပါတယ်။

အိမ်မှာ မိသားစုဝင်တွေနဲ့အတူ မုန့်လုပ်စားရင်း ဖခင်ဖြစ်သူနဲ့ ချက်ပြုတ် ပြင်ဆင်နေတဲ့အချိန် အမှတ်တရအနေနဲ့ ရိုက်ပေးထားတဲ့ ဗီဒီယိုဖိုင်များကို Tiktok ဗီဒီယိုဖိုင် အတိုလေးတွေ တင်ရာမှ တဆင့် ပြန်လည်မျှဝေသူ များပြားလာပြီး နောက်ပိုင်းမှာ လူသိများလာတာပဲ ဖြစ်ပါတယ်။

“ဟန်နီတို့ မိသားစုတွေ အိမ်မှာ မုန့်လုပ်စားကြတယ်။ မုန့်လက်ကောက် လုပ်တာတို့၊ မုန့်လုံးရေပေါ် လုပ်တာတို့ ဟင်းချက်တယ်ဆိုရင်လည်း သူ့ကို ဆား၊ အချိုမှုန့် ထည့်ခိုင်းတာတို့၊ အရောင်တင်မှုန့် ထည့်ခိုင်းတာတို့ အဲ့လိုမျိုးလေးတွေ ကျမတို့မိသားစုတွေ လုပ်စားရင်းနဲ့ သူနဲ့သူ့အဖေ ဟင်းချက်တာကို အမှတ်တရအနေနဲ့ ရိုက်ထားတာ။ ပြီးတော့ အရမ်းကြီး ဟဲဗီးမဖြစ်တဲ့ ဟင်းတွေကို လက်ဆင့်ကမ်းပြီးသင်ခိုင်းတာပေါ့” လို့ ပြောပါတယ်။

ဆက်လက်ပြီး “သူကမီးဖိုချောင်မှာ ဘာလုပ်လုပ်ကြိုက်တာ ဒီမီးဖိုချောင်ရဲ့ ချင်းခြစ်တာလည်း ကိုယ်တိုင်ခြစ်ချင်တာ၊ ကြက်သွန်ဖြူ ခွှာတာလည်း သူကိုယ်တိုင်ခွှာချင်တာ၊ ဟင်းမွှေတာလည်းသူကိုယ်တိုင်လုပ်တယ်။ သူပျော်လာတာ မီးဖိုချောင်ထဲမှာ ပျော်လာရင်းနဲ့မှ Little Chef ဆိုပြီး Tiktok လေးတွေမှာ ၁ မိနစ် ဗီဒီယိုလေးတွေ တင်ပေးတာ။ တင်ပေးတော့ ကလေးတယောက်အနေနဲ့ မီးဖိုချောင်နဲ့ မအပ်စပ်ဘူးလေ။ ချစ်စရာကောင်းတယ်ဆိုပြီး သူ့ကို ချစ်ပေးကြတာ” လို့ ပြောပါတယ်။

အခုဆိုရင်တော့ Little Chef ချက်ပြုတ်တဲ့ဟင်းလျာ ၁၀ မျိုးရှိပြီဖြစ်ပြီး သူချက်ပြုတ်တဲ့ ဟင်းလျာများကို ပြန်လည် ရောင်းချနေတာဟာလည်း ယုံကြည်မှု တိုးတက်စေရန်အတွက် ရည်ရွယ်ကာ ပြန်လည် ရောင်းချပေးတာဖြစ်တယ်လို့ သိရပါတယ်။

“အခုဆိုရင် သမီးချက်တာ ဟင်း ၁၀ မျိုး ရှိပါပြီ။ သူကတော့ ဒီ ၁၀ မျိုးလုံး ချက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သွားနေတာ မဟုတ်ဘူး။ စစချင်း ကျမတို့ မိသားစုစားဖို့ ချက်တာ။ ချက်ရင်းနဲ့ ကောမန့်တွေအောက်မှာ သမီးလေးလက်ရာကို စားချင်လိုက်တာလို့ ပြောတယ်။ အဲဒါ သမီးလေးကို ဖတ်ပြတယ်။ သူက ပိုက်ဆံရှာမယ်ပေါ့”

“သူပိုက်ဆံရှာတယ် ဆိုတဲ့ဟာကို လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့် သမီးချက်ပြီး ရောင်းချင်တယ်တဲ့။ အဲဒါ သူတောင်းဆိုတာနော်။ သူရောင်းမယ် ပြောတာကို ပို့စ်တင်ပေးလိုက်တာ။ မှာတဲ့သူကလည်း မှာတယ်။ ချက်တဲ့သူကလည်း ချက်တယ်” လို့ ဟန်နီချိုက ပြောပါတယ်။

ဒီလိုဝါသနာပါတဲ့အလုပ်ကို လုပ်ခြင်းအားဖြင့် ကလေးတွေအတွက် Youtube ကြည့်တဲ့အချိန်လျော့သွားတာကြောင့် ပံ့ပိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။

“ရေရှည်တော့သွားမှာ မဟုတ်ပါဘူး။ သမီးကိုယ်တိုင်လည်း ယုံကြည်မှုတွေ တိုးတက်လာအောင် နံပါတ် (၁) ကိုယ်တိုင် ဟင်းချက်တယ်။ ကလေးဆိုတာက Youtube တို့ ဂိမ်းတို့နဲ့ ပျော်မွေ့နေတဲ့ ကလေး တော်တော်များပါတယ်။ မီးဖိုချောင် ဝင်လာမယ့် ကလေးက တကယ့်ကို ရှားတယ်။ ဒီလို မီးဖိုချောင်မှာ အချိန်ဖြုန်းလိုက်ခြင်းအားဖြင့် Youtube အသုံးပြုတဲ့ အချိန်နည်းသွားမယ်။ အဲဒါကြောင့် သူလုပ်ချင်တဲ့ဟာတွေကိုလုပ်၊ ဝါသနာပါရင်လုပ် ကျမက ပံ့ပိုးပေးတာ” လို့ ဟန်နီချိုက ပြောပါတယ်။

မိခင်ဖြစ်သူ အလှမယ် ဟန်နီချိုနဲ့ သမီး Little Chef မိုးမြင့်မေသူ

သမီးဖြစ်သူမှာ ဝါသနာပါရာ ဟင်းချက်နေတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Mask ပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

You may also like these stories:

“ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ”

“The World of the Married” နဲ့ ဘဝပြောင်းလဲလာတဲ့ Han So-hee

ဗီလိန် ကာရိုက်တာနဲ့ ပရိသတ် အားပေးခံရတဲ့ မိုက်မိုက်

The post “ကျောင်းပြန်ဖွင့်ရင် Little Chef လေး ဟင်းချက်တော့မှာ မဟုတ်ဘူး” appeared first on ဧရာဝတီ.


အမေရိကန်မှာ ဖြစ်နေတဲ့ အဓိကရုဏ်း အပေါ် သူတို့ဘယ်လိုမြင်လဲ

$
0
0

အမေရိကန် ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုးလစ်မြို့တွင် ဂျော့ဖလွိုက်ဆိုသူ လူမည်း အမျိုးသား တဦး ရဲကဖမ်းဆီးချုပ်နှောင်စဉ် သေဆုံးသွားမှုနှင့် ပတ်သက်ပြီး တရားမှုတမှု ရရှိရေး အတွက် မေလ ၂၆ ရက်နေ့ကစပြီး မင်နီယာပိုးလစ်မြို့ အပါအဝင် မြို့ပေါင်း ၈၀ ခန့်တွင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။

အချို့မြို့များတွင် ဆန္ဒပြသူများကို ကြမ်းကြမ်းတမ်းတမ်းဖြိုခွင်းမှုများ ရှိသလို၊ ဆန္ဒဖော်ထုတ်သူတချို့ကလည်း လူဖြူများ ပိုင်သည့် အရောင်းဆိုင်များကို ဖောက်ထွင်းလုယက်သည့် ဖြစ်စဉ်တချို့လည်းရှိနေသည်။ တချိန်တည်းမှာပင် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဓိကရုဏ်း ကိုင်တွယ်ရေး အပေါ် ပြောကြားမှုများသည်လည်း ဝေဖန်ခံနေရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား အချို့၏ အမြင်များကို ဧရာဝတီ သတင်းထောက် လဲ့လဲ့ က ဆက်သွယ်မေးမြန်းထားသည်။

ဦးမောင်မောင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ဦးမောင်မောင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ပထမတခုကတော့ ရဲတွေရဲ့ လူထုအပေါ် အင်အားအလွန်အကျွံသုံးမှုက စတယ်။ ဒုတိယ အချက်အနေနဲ့ ပြောမယ်ဆိုရင်တော့ အင်အားအလွန်အကျွံလုပ်လို့ သေသွားတဲ့သူက လူမည်း တယောက်ဖြစ်နေတဲ့အတွက် လူဖြူတွေကနေ လူမည်းကို တမင်လုပ်သလား။ လူမည်းအခွင့်အရေးလိုချင်သလားဆိုတဲ့ လူဖြူ လူမည်း အခွင့်အရေးကလည်း ပေါ်လာတယ်။ အဲဒီ ၂ ခုတိုက်ဆိုင်ပြီးတဲ့အခါမှာ ဆန္ဒပြဖို့တွေ ဖြစ်လာတယ်။

ဆန္ဒပြတာက ၂ ပိုင်းပေါ့။ အမှန်တကယ် ဒီရဲတွေရဲ့ မတရားမှုနဲ့ လူမည်းတွေရဲ့အခွင့်အရေးအတွက် ဆန္ဒပြတဲ့ အပိုင်းမှာ ဝရုန်းသုန်းကားတွေ ဖြစ်လာပြီး ဆိုင်တွေ ဖောက်တာတို့၊ မီးရှို့တာတို့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ ပေါ်လာတာတို့ ဒါတွေက စိတ်မကောင်းစရာဖြစ်တယ်။ ဒါကိုတော့ အမေရိကန် စံနှုန်းတွေ၊ စံညွှန်းတွေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။

ကျနော်တို့မြန်မာနိုင်ငံအတွက် အတုယူဖွယ်တခုရှိတာကတော့ လူတယောက် ဖိနှိပ်ခံရတယ်။ မတရားသတ်ဖြတ်ခံရတယ်။ နောက်တခုက ဒီသာမာန်လူတယောက်ကို လူမည်းတယောက်အနေနဲ့ သူ မတရား ဖိနှိပ်ခံနေရတာကို ကျန်တဲ့လူထုက လက်ပိုက်ကြည့်မနေပဲနဲ့ ဒီအတွက်တောင်းဆိုကြတာဒါက ကျနော်တို့ မြန်မာပြည် အတွက်က စံနမူနာကောင်းတယ်လို့ မြင်ပါတယ်။

ဘာလို့လဲဆိုတော့ ကျနော်တို့ဗမာပြည်မှာလည်း မတရားမှုတွေ သေဆုံးမှုတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် အဲဒီအတွက် အများကနေ ဝိုင်းဝန်းဆန္ဒပြတာ တိုက်ပွဲဝင်တယ် ဆိုတာ အားနည်းပါတယ်။ အဲဒီဘက်မှာ မတရားမှုတွေဖြစ်လာရင် တဦးတယောက်ခံရပြီဆိုရင် လူအများကနေ ဝိုင်းဝန်းစုပြီးတော့ ဒီအရေးအတွက် ဆန္ဒပြတဲ့ တိုက်ပွဲဝင်တဲ့ အကျင့်ကောင်းကိုတော့ ကျနော်တို့ ဗမာပြည်သူ၊ ပြည်သားတွေ လေ့လာအတုယူသင့်တယ်လို့ ကျနော်မြင်ပါတယ်။

ဒေါ်လင်းလင်းသွေး (New Jersey တွင် နေထိုင်သူ)

လူတွေအားလုံး Covid-19 နဲ့ အိမ်ထဲနေရတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်တယ်ဆိုတော့ စိုးရိမ်ပူပန်ကြတယ်။ တဖက်ကနေ ကြည့်တဲ့အခါကျတော့လည်း လူတွေက အိမ်ထဲမှာနေရတာကြာလာတယ်။ ပြောရမယ်ဆိုရင် အလုပ်တွေ ပြုတ်ကြတယ်။ လူတွေက တချို့အိမ်မှာနေကြတယ်။ အလုပ်ပြုတ်ကြတယ်။ တချို့က အိမ်မှာနေတယ်။ အလုပ်မရှိဘူး။ ဒါပေမယ့် အစိုးရ ထောက်ပံ့ကြေးကို ရတယ်။ တချို့က အိမ်မှာနေတယ်။ အစိုးရထောက်ပံ့ကြေးလည်းမရှိဘူး။ အလုပ်လည်း မရှိဘူးဆိုတော့ အမျိုးမျိုး ထွက်ပေါက်ရှာတာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး ရဲတွေက အင်အားအလွန်အကျွံသုံးတာကြောင့် လူတွေက မခံနိုင်လို့ ဆန္ဒပြကြတယ်ပေါ့။ အဲဒီတော့ အမျိုးစုံပေါင်းလိုက်တော့ အဲဒီအခြေအနေဖြစ်သွားတယ်။

အိမ်ထဲမှာနေတာကြာတော့ လူတွေစိတ်ညစ်လာတယ်။ ခါတိုင်းသွားနေကြ မသွားရဘူး။ မိတ်ဆွေတွေနဲ့ မတွေ့ ရဘူး။ မိဘဆွေမျိုးအိမ် မသွားရဘူးဆိုတော့ မွန်းကျပ်လာတဲ့သဘောပေါ့။ ကိုဗစ်ရောဂါကလည်း အရေးကြီးတယ် ဆိုပေမယ့် လူဆိုတာက အပေါင်းအသင်းနဲ့ နေကြတာလေ။ အခုက အိမ်ထဲမှာနေတာ ကြာလာတယ်။ နောက်ဒီပြဿနာရယ်ပေါင်းပြီးတော့ လမ်းပေါ်မှာထွက်ပြီးတော့အကြောင်းမျိုးစုံနဲ့ အမှုမျိုးစုံဖြစ်သွားတယ်။

အဲဒီအချိန်မှာ ရဲကြောင့် လူမည်းတဦးသေသွားတယ်။ အဲဒီတော့ သူတို့ထွက်ပေါက်အနေနဲ့ ဆန္ဒပြကြတယ်။ ဒီမှာတော့ တချို့ရဲတွေက အင်အားအလွန်သုံးတယ်။ အရင်ကလည်း ဒီလိုဆန္ဒပြတာတွေ ဖြစ်ခဲ့ဖူးတယ်။ အခုတခါကျတော့ နည်းနည်းပိုပြီးတော့ဆိုးတာက ဆန္ဒပြရင်းနဲ့ ဒီမီးရှို့တာတွေ ဘာတွေလုပ်တာတွေ့တော့ တချို့နေရာတွေမှာတော့ ဆန္ဒပြတဲ့သူတွေ ပြန်ပြီး အဖမ်းခံရတယ်လို့ ကြားတယ်။ အဲဒီလိုမီးရှို့တာတွေ၊ လုတာတွေဖြစ်လာတော့ သူတို့ရည်ရွယ်ချက်က လိုသလောက်မရောက်တော့ဘူး။

ဦးအောင်မျိုးမင်း (Equality Myanmar)

ဦးအောင်မျိုးမင်း (Equality Myanmar)

အဲဒါကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမျိုးမှာ အစိုးရဘက်ကလည်း အားနည်းတာရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး စိုးရိမ်ပူပန်ပြီး ဒေါသထွက်နေတဲ့အချိန်မှာ အမေရိကန်သမ္မတကနေ ထပ်ပြီးတော့ မီးရှို့ပေးလိုက်သလို ဖြစ်သွားတယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာ ဦးနေဝင်းပြောခဲ့သလိုမျိုးပဲ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်နဲ့ ပစ်ရင်တည့်တည့်ပစ် ဆိုတာကြောင့် ၈၈ အရေးအခင်းဖြစ်ခဲ့သလိုပဲ နဂိုကမှ တရားမျှတမှုကို လိုလားပြီး မကျေနပ်တဲ့သူတွေကို ဆွပေးသလိုဖြစ်သွားတဲ့အတွက် ပိုမိုဆိုးဝါးသွားတယ်။

သူတို့ဒူးထောက်တောင်းပန်တယ်ဆိုတဲ့ဟာက သူတို့ရဲ့ကျူးလွန်မှုတွေကို ကိုယ်တိုင်မကျူးလွန်သည့် တိုင်အောင် ရဲတပ်ဖွဲ့ဝင်တယောက်ရဲ့ ကျူးလွန်မှုကို သူတို့ဒါကိုအသိအမှတ်ပြုတယ်။ ဒါကြောင့်မို့လို့ ပြန်တောင်းပန်တဲ့ သဘောပါ။ အဲဒီလိုလုပ်လိုက်တော့ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာတက်လာပါတယ်။ တချို့သော ရဲတွေဟာ အစွဲတွေ ရှိပေမယ့် လူ့အခွင့်အရေးကို လေးစားတဲ့ ရဲတွေလည်းရှိတယ်ဆိုတဲ့အမြင်မျိုး တက်လာပါတယ်။ ကျနော်တို့ ၈၈ တုန်းကလည်းအဲဒီလိုပါပဲ။ ကျနော်တို့တပ်မတော်ကို မုန်းတီးပေမယ့် တပ်မတော်သားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် တချို့ဆိုရင် အမြင်တွေတောင် ပြောင်းသွားတဲ့ သဘောရှိပါတယ်။

ဒါမျိုးလုပ်ဆောင်မှုက ရဲပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုပဲဖြစ်ဖြစ် အမှန်တရားကိုလိုလားတယ်။ တရားမျှတမှုကို လိုလားတယ်။ နောက်တခုက မှားယွင်းတဲ့အမှုကို ဝန်ခံရဲတဲ့ သတ္တိက ဒီလိုမျိုး ရင်ဘတ်ချင်းရော နှလုံးသားချင်းပါ ထိစပ်မှုဖြစ်စေပါတယ်။ အဲဒါမျိုးက ကျနော်တို့ တိုင်းပြည်မှာ အများကြီးဖြစ်ဖို့ လိုအပ်တယ်။

အထူးသဖြင့် မြန်မာနိုင်ငံအခြေအနေ ပြောမယ်ဆိုရင် တပ်မတော်ဆိုရင် လူတော်တော်များများမေးကြည့်ပါ။ ကျနော်တို့ သိပ်ပြီးတော့ သဘော မကျကြဘူး။ နောက်ပြီးတော့ အဲဒီလိုနေရာမျိုးမှာ ဖြစ်ခဲ့တဲ့အရာကို အမှန်အတိုင်း ဝန်ခံပြီးတော့ လုပ်ဆောင်မယ်ဆိုရင် ပြည်သူထဲက ပြည်သူ၊ ပြည်သူထဲက တပ်မတော်သားများဆိုတဲ့ ပြန်လည်ပြီး အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းကို ဆက်ပြီးတော့ သွားနိုင်မှာပါ။ ဝန်ခံမှုမရှိတဲ့အခါမှာ အရင်က သံသယစွဲတွေ ပျောက်ဖို့ တော်တော်ခက်ပါတယ်။

ဒေါက်တာ မင်းဇော်ဦး (မြန်မာအင်စတီကျူ-MIPS)

ဒေါက်တာ မင်းဇော်ဦး (မြန်မာအင်စတီကျူ-MIPS)

အမေရိကားမှာ ရဲတွေ အလွန်အကျွံအင်အားသုံးမှုကတော့ အခုမှ ဖြစ်တာတော့ မဟုတ်ဘူး။ ဒါဖြစ်လာတာ ဆယ်စုနှစ်ပေါင်းများစွာရှိပြီ။ အထူးသဖြင့် လူမည်းတွေအပေါ်မှာ ရဲတွေအင်အားသုံးတယ်။ နောက်ပြီး အသတ်ခံရတဲ့ ရဲတွေအများစုက လူမည်းတွေဖြစ်နေတယ်။

အရင်တုန်းကလည်း လက်ဝဲယိမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒပြမှုဆိုရင်လည်း အင်အားသုံးဖြိုခွဲတာပဲ။ အမေရိကားမှာ ရဲတွေလုပ်ပိုင်ခွင့်နဲ့ ရဲတွေလုပ်ရပ်တွေအတွက် အင်အားသုံးမယ်ဆိုရင် သုံးလို့ရအောင် လုပ်ပိုင်ခွင့်ပေးထားတာပဲ။

အဲဒီတော့ အဲဒါတွေကို အခြေခံပြီးတော့ ပြဿနာတွေတက်လာတယ်။ အဲဒီလိုပြဿနာတက်တဲ့အပေါ်မှာ အမေရိကန်ရဲ့ နောက်ပြဿနာက အမေရိကန်က ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့သူတွေ အပေါ်ရောက်သွားတာမျိုး၊ လူလတ်တန်းစားတွေ အပေါ်ရောက်သွားတာမျိုး အနည်းဆုံးနိုင်ငံထဲမှာပါတယ်။

ဆင်းရဲတဲ့သူကလည်း တောက်လျှောက်ဆင်းရဲနေတယ်။ အကြာကြီး။ လူလတ်တန်းစားတွေကလည်း တဖြေးဖြေးနဲ့ ကျုံ့လာတယ်။ အဲဒီအပေါ်မှာ မကျေနပ်ချက်တွေကလည်း အများကြီးရှိတယ်။ ခုနက ရဲဖြစ်တဲ့ကိစ္စ ပေါ်မှာ အခြေခံပြီးတော့ တခြားမကျေနပ်ချက်တွေပါ ထုတ်ပြီး ပေါက်ကွဲတဲ့သဘောဖြစ်တယ်။ ဒါကလည်း အခုမှ ဖြစ်တာမဟုတ်ဘူး။

ဒါမျိုးတွေကလည်း အမေရိကန်မှာ ဖြစ်နေကြပဲ။ ရဲတွေ တောင်းပန်တယ်ဆိုတာကလည်း နေရာတိုင်းတော့ မဟုတ်ဘူး။ ဆန္ဒပြနေတဲ့ နေရာတွေကတော့ ဆန္ဒပြနေကြဆဲပဲ။ အင်အားသုံးတဲ့နေရာလည်း သုံးနေတယ်။ တချို့ရဲတွေကလည်း ဆန္ဒပြတဲ့သူတွေနဲ့ ပေါင်းတယ်။ တချို့တွေကလည်း အဆင်ပြေတယ်။ တောင်းပန်တယ်။

ဒေါ်ခင်လေး (Triangle Women Support Group)

ဒေါ်ခင်လေး (Triangle Women Support Group)

စစချင်းဖြစ်တာကတော့ ဒါက လူမျိုးရေးခွဲခြားမှုပေါ့။ သူတို့ဆီမှာတော့ မကြာမကြာ ဒီလိုမျိုးဖြစ်နေကြပဲ။ အထူးသဖြင့်တော့ လက်နက်ကိုင်တဲ့ ရဲတွေနဲ့ ဖြစ်တာမှာ ပိုပြီး သတိထားမိတာပေါ့။ ကျမ ဘာကို သုံးသပ်မိလဲဆိုတော့ လက်နက်ကိုင်တဲ့ သူတွေဟာ တခြားနိုင်ငံတွေနဲ့ သိပ်မထူးဘူး။ သူတို့မှာ လုပ်ပိုင်ခွင့် ရှိတာနဲ့ တခြားလူမျိုးရေး ဆက်စပ်ပြီး လုပ်ကိုင်တယ်။ ပိုဆိုးတာက အသားအရောင်ခွဲခြားမှု သူတို့နဲ့ မတူသူတွေကို ပိုပြီးတော့ ညှင်းပန်းနှိပ်စက်ချင်တဲ့ စိတ်ရှိတာ၊ ခွဲခြားဆက်ဆံမှုရှိတာ နောက်တခုကတော့ အဲဒီအပေါ်မှာ တာဝန်ရှိသူတွေရဲ့ တုန့်ပြန်မှုကလည်း အားနည်းနေတယ်။ အထူးသဖြင့် သမ္မတကိုယ်တိုင်က အကြမ်းဖက်မှုကို အားပေးစေတဲ့ အကြမ်းဖက်တဲ့ စကားတွေနဲ့ တွစ်တာတွေမှာ official ရေးတာမျိုးတွေက ပိုပြီးတော့ မီးလောင်ရာ လေပင့် ဖြစ်စေတယ်။

တကယ်တော့ ဒီအကြမ်းဖက်မှု ပြဿနာကို အစကတည်းက ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းလိုက်ရင် ပြဿနာက ဒီလောက်ထိ ဖြစ်လာမှာမဟုတ်ဘူး။ အစကတည်းက ကိုဗစ်ကြောင့် လူတွေဟာ စိတ်ဖိစီးမှု ဖြစ်နေတယ်။ အမေရိကန်မှာဆိုရင် အလုပ်ပြုတ်တဲ့သူတွေ၊ အလုပ်လက်မဲ့ ဖြစ်သွားသူတွေက သိန်းနဲ့ချီ ရှိတယ်လို့ သိရတယ်။ အရမ်းကို မွန်းကျပ်နေတယ် ဘယ်လိုပေါက်ကွဲရမှန်းမသိတဲ့အချိန်မှာ ဒီလိုလူမျိုးရေးတွေ ဖြစ်လိုက်တော့ ပိုပြီးတော့ လောင်စာထည့်လိုက်သလိုဖြစ်ပြီးတော့ ဒီပြဿနာက နိုင်ငံတခုလုံးကို ကူးစက် သွားတယ်လို့ ထင်တယ်။

အဓိကက အသားအရောင်ခွဲခြားဆက်ဆံမှု၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေကနေ တဆင့် တာဝန်ရှိတဲ့သူတွေရဲ့ ဆောင်ရွက်ပုံကလည်း အားနည်းတာကြောင့် ပိုပြီးတော့ ဒေါသထွက်စရာဖြစ်တယ်။ နောက်တခုကတော့ အစကတည်းက ကိုဗစ်ကြောင့် အလုပ်ပြုတ်သွားတဲ့သူတွေ သိန်းနဲ့ချီရှိတယ်လို့ ပြောတယ်။ အထူးသဖြင့် ဝင်ငွေနည်းမိသားစုတွေမှာ အလုပ်ပြုတ်သွားတာတွေကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေ များတယ်။ အဲဒီလိုအချိန်မှာ ဒီလိုပြဿနာဖြစ်တော့ ပိုပြီးတော့ သူတို့အတွက် ထွက်ပေါက်တခုလို ဖြစ်သွားတယ်။

အဲဒါကတော့ ဒီမှာဆိုရင်တော့ ကျမတို့နိုင်ငံမှာ အချိန်မရွေးထတောက်နိုင်တဲ့ မီးကတော့ ဘာသာရေး၊ လူမျိုးရေးဘက်က ရှိတယ်။ အဲဒါမျိုးဖြစ်လာရင်လည်း အဲဒီနေရာက တာဝန်ရှိသူတွေက နိုင်နိုင်နင်းနင်း ဖြေရှင်းသင့်တယ်။ တာဝန်ရှိတဲ့သူတွေရဲ့ ကိုင်တွယ်ဖြေရှင်းမှု လျော့ရဲတာ၊ အစိုးရိမ်လွန်ပြီးတော့ လိုတာထက်ပိုတာ သေသေချာချာကိုင်တွယ်မဖြေရှင်းရင်တော့ ဒီမီးတောက်ကလည်းကြီးတယ်။
နောက်တခုကတော့ ဘယ်လောက်ပဲ အားကောင်းတဲ့သူပဲဖြစ်ဖြစ်။ လူတွေဟာ ဒုက္ခရောက်ရင် မွန်းကျပ်ရင် ပေါက်ကွဲပြီး ဒီလိုမျိုး ပြဿနာရှာပြီး လူမျိုးရေးပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

You may also like these stories:

အမေရိကန် ဆန္ဒပြသူများနှင့် ထောက်ခံပူးပေါင်းသူ ရဲများလည်း ရှိသည်

အိမ်ဖြူတော်အနီး ရုန်းရင်းဆန်ခတ် ဖြစ်သည်အထိ အမေရိကန် မငြိမ်သက်မှု နက်ရှိုင်းလာ

The post အမေရိကန်မှာ ဖြစ်နေတဲ့ အဓိကရုဏ်း အပေါ် သူတို့ဘယ်လိုမြင်လဲ appeared first on ဧရာဝတီ.

တပ်မတော်နှင့် ပူးတွဲအပစ်ရပ် ကြေညာချက် ထုတ်လိုကြောင်း မဟာမိတ် ၃ ဖွဲ့ ကမ်းလှမ်း

$
0
0

တပ်မတော်နှင့် ပူးတွဲ အပစ်အခတ် ရပ်စဲရေး ကြေညာချက် ထုတ်ပြန်လိုကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာ ချက် တစောင်ထုတ်ကာ ကမ်းလှမ်းလိုက်သည်ဟု သတင်းရရှိသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ အဖွဲ့ဝင် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဗိုလ်မှူး မိုင်းအိုက် ကျော်က“မြန်မာ့ တပ်မတော်ဘက်ကလည်း ထုတ်ထားတာ ရှိတယ်။ သူတို့ကလည်း တဖက်သတ် ရပ်တာပေါ့။ ကျနော်တို့ကလည်း တဖက်သတ် ရပ်တာပေါ့။ အဲဒါကို နှစ်ဖက် ပူးတွဲပြီး အပစ်အခတ် ရပ်စဲရေး သဘောတူ ထုတ်ပြန် ချက် ပူးတွဲထုတ်ဖို့် ကျနော်တို့က ကမ်းလှမ်းလိုက်တာပါ” ဟု ပြောသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင် စစ်တပ် (AA) က ဇွန် ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တစောင် ထုတ်ပြီး ထိုထဲတွင်လည်း တပ်မတော်နှင့် အတူ တပြိုင်တည်း အပစ်ရပ်စဲကြောင်းကို ပူးတွဲ ကြေညာရန် စိတ်ရင်းစေတနာ အမှန်ဖြင့် ကမ်းလှမ်းပါသည်ဟု ထည့်သွင်း ရေးသားထားသည်။

၎င်းတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်မှလည်း ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိကို တဖက်သတ် အပစ်အခတ် ရပ်ဆိုင်း ပါကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ယခုတခေါက် ကြေညာချက်သည် ၆ ကြိမ်မြောက် အပစ်ရပ်ကြောင်း ကြေညာခြင်း ဖြစ် သည်။

တပ်မတော်သည်လည်း COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန်ဟုဆိုကာ မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ တနိုင်ငံလုံးကို အပစ်အခတ် ရပ်စဲပေးကြောင်း ကြေညာထားသည်။

သို့သော် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားသည့် အဖွဲ့များ လှုပ်ရှားသည့် နယ်မြေများ မပါဝင် ကြောင်းကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

တပ်မတော်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်များ ထုတ်ပြန် နေသော်လည်း နှစ်ဖက် အပြန်အလှန် ဆွေးနွေးထားခြင်းများမရှိဘဲ သီးခြားစီ ထုတ်ပြန်နေကြခြင်း ဖြစ်သည်။

အပစ်ရပ်ကြောင်း ထုတ်ပြန်ကြသော်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဘက်မှ စည်းကမ်းဖောက်ဖျက် မှုများ ရှိလာပါက တပ်မတော်ဘက်မှ အရေးယူမည်ဟု ကြေညာထားပြီး ညီနောင် မဟာမိတ် ၃ဖွဲ့ ဘက်ကလည်း တပ် မတော်က ထိုးစစ်ဆင်နေပါက ပြန်လည် တုံ့ပြန်သွားမည်ဟု ကြေညာထားသည်။

ထို့ကြောင့် နှစ်ဖက်မှ ထုတ်ပြန် ကြေညာချက်များ ထုတ်နေသော်လည်း မြေပြင်တွင် စစ်ရေးတင်းမာမှုများ၊ ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုများ ရှိခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းက အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြစဉ်က ထုတ်ပြန်ချက်များ မထုတ်ခင် တပ် မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များကြား ကြားဝင် ညှိနှိုင်းပေးသည့် ကိုယ်စားလှယ်များလွှတ်ကာ တွေ့ဆုံပြီး နှစ်ဖက် ညှိနှိုင်းပြီးမှ အပစ်ရပ်ကြောင်းကို ထုတ်ပြန်ကြခြင်း ဖြစ်သည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “တပ်ဘက်ရော ကျနော်တို့ဘက်ရော ပူးတွဲပြီး တကယ့် စစ်ဖြစ်နေတာကို ရပ်တန့်အောင် ပေါ့။ တပ်မတော်နဲ့ ကျနော်တို့ ပူးတွဲပြီးမှ အပစ်ရပ် ထုတ်ပြန်ကြေညာဖို့ ကျနော်တို့က ကမ်းလှမ်းလိုက်တာ ဖြစ်ပါ တယ်” ဟုလည်း ထပ်မံ ပြောဆိုသည်။

မေ ၂၉ ရက်ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် တပ်မတော်တို့ သီးခြားစီ တဖက်သတ် အပစ်ရပ်ကြောင်း ကြေ ညာထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း၊ မူဆယ်မြို့နယ်၊ ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် စစ်ကားတစီး တိုက်ခိုက်ခံရခြင်းတို့ ဖြစ်ပွားထားသည်။

တပ်မတော်နှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့တို့ သီးခြားစီ တဖက်သတ် အပစ်ရပ်ထားသော်လည်း ပြည်ထောင်စု လမ်းမ ကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ နှစ်ဖက်လုံးက ၎င်းတို့ဘက်မှ စတိုက်ခြင်း မဟုတ်ကြောင်း အပြန်အလှန် ငြင်းဆိုနေကြသည်။

တပ်မတော်ဘက်ကလည်း ၎င်းတို့ စစ်ကြောင်း လမ်းမကြီးအတိုင်း သွားလာနေသည်ဟု ခြုံခိုတိုက်ခိုက်ခံရသည်ဟု ပြောဆိုထားပြီး TNLA ဘက်မှ ၎င်းတို့ လမ်းကို ဖြတ်ကူးစဉ် စစ်ကြောင်းနှင့် တည့်တည့်တိုးပြီး ပစ်ခတ်မှုဖြစ်ကြောင်း ပြောဆိုသည်။

ပစ်ခတ်မှုတွင် တပ်မတော်၏ စစ်ကား မီးလောင်ခဲ့ခြင်းနှင့် ပတ်သက်၍ TNLA က မီးရှို့ဖျက်ဆီးခြင်း မဟုတ်ဘဲ ပစ် ခတ်မှုကြောင့် မီးလောင်ခြင်း ဖြစ်သည်ဟု ပြောပြီး ယာဉ်ပေါ်တွင် ပါလာသည့် တပ်မတော်၏ လက်နက်ခဲယမ်းများကို TNLA က ယူဆောင်သွားခဲ့သည်။

မေ ၃၀ ရက်က ပြုလုပ်သည့် နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ကျနော်တို့ မေ ၁၀ ရက်က စပြီး တပ်မတော်က အပစ်ရပ်စဲရေး ကြေညာထားပါတယ်။ အဲဒါက အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေရှိတဲ့ ဒေသကလွဲလို့ တနိုင်ငံလုံး ကြေညာထားတာ ဖြစ်ပါတယ်။ ထိုးစစ်ဆင် တိုက် ခိုက်တာတွေ လုံးဝ မလုပ်ဘူး။ တပ်မတော်က ကြေညာထားပါတယ်”ဟု ပြောသည်။

ငြိမ်းချမ်ရေးအတွက် ဆွေးနွေးရာတွင် ပါဝင်ကြရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်၊ အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့မှ လမ်းဖွင့် ဖိတ်ခေါ်ထားပြီး ဖြစ်သည် ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

ဆက်လက်ပြီး ၎င်းက “အစိုးရကလည်း ဖိတ်ခေါ်ထားပြီ။ ဒါကိုမှ ဖိတ်ခေါ်ထားတဲ့ အပေါ် မလုပ်ဘဲ တိုက်ပွဲတွေ လုပ်နေ ရင် တဖက်တည်းက ကျနော်တို့ ရပ်လို့ မရဘူး။ တဖက်က ရပ်ပြီး တဖက်က မရပ်ရင် တိုက်ပွဲတွေက ဆက်ဖြစ်နေမှာ ပဲ။ ပါဝင်တဲ့ လူတွေ အကုန်လုံးက ငြိမ်းချမ်းရေးကို လိုလားဖို့ လိုပါတယ်” ဟုလည်း ပြောဆိုသည်။

လက်ရှိတွင် အစိုးရ၊ တပ်မတော်တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့တို့ကြား ဆွေးနွေး ရန် ညှိနှိုင်းထားခြင်းများ မရှိသေးပါ။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ MNDAA နှင့် AA တို့သည် Bilateral စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးရာ တွင် KIA နှင့် ပူးပေါင်းပြီး မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့အဖြစ် ရပ်တည်ကာ ဆွေးနွေးနေကြခြင်း ဖြစ်သည်။

Bilateral ဆွေးနွေးပွဲကို ကျင်းပရန် မတ်လအထိ ညှိနှိုင်းခဲ့သော်လည်း COVID-19 ရောဂါ ပြန့်ပွား ကူးစက်မှုများ ပြည် တွင်းတွင် ဖြစ်ပေါ်လာပြီး တရုတ်နိုင်ငံအတွင်း၌လည်း ရောဂါပြန့်ပွားနေသဖြင့် တွေ့ဆုံမည့်နေရာ ညှိနှိုင်းမှုမှာ ရပ်တန့် နေသည်။

အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရေး အတွက် ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးတွင် ကြားဝင်ညှိနှိုင်းပေးနေသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးဆန်အောင်က ဆွေးနွေးဘက် နှစ်ဖက်တွင် ယုံကြည်မှုများစွာ အားနည်းနေသည်ဟု ပြောသည်။

ဦးဆန်အောင်က “တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း သံသယတွေ တအားကြီးစိုးနေတော့ ယုံကြည်မှု တည်ဆောက်တဲ့အခါ အားစိုက်ဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။ နှစ်ဖက်က ယုံကြည်မှု မရှိတာပါပဲ။ သူတို့ မလိုချင် တာ တခုခုရှိရင် တိုက်ပွဲပြန်ဖြစ်တဲ့ သဘောမျိုးကလည်း ရှိနေတယ်” ဟု ပြောသည်။

အစိုးရဘက်ကလည်း ညှိနှိုင်းမှု စွမ်းရည် အားနည်းပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် အဆက်အသွယ် ပြုလုပ် ခြင်း၊ ဆက်ဆံရေး ပြုလုပ်မှုများတွင် စီမံချက် ကောင်းကောင်း ရှိရန် လိုပါသည်ဟု ဦးဆန်အောင်က ဆိုသည်။

ဆက်လက်ပြီး ၎င်းက “ယုံကြည်မှုရှိအောင် ကြိုးစားဖို့ လိုတယ်။ ယုံကြည်မှုရှိမှပဲ ဆက်သွယ်လို့ရမယ်။ ယုံကြည်မှု ရှိမှ Bilateral ရော NCA ရော အကုန်ဖြစ်နိုင်မယ်။ ယုံကြည်မှု တည်ဆောက်မှုကတော့ အရမ်း အရေးကြီးပါတယ်။ ယုံကြည်မှုက အများကြီး လျော့ရဲနေတယ်” ဟုလည်း သုံးသပ်ပြောဆိုသည်။

Bilateral ဆွေးနွေးပွဲများ ပြန်စရန်အတွက် အစိုးရဘက်မှ ဦးစွာ ပြန်ကမ်းလှမ်းရန် လိုအပ်သည်ဟု ဦးဆန်အောင်က ပြောသည်။

အစိုးရဘက်မှ COVID-19 ရောဂါကာလတွင် ခရီးသွားလာမှုများ ကန့်သတ်ထားသဖြင့် ဆွေးနွေးရန်ရှိသည့်အကြောင်း အရာများကို အွန်လိုင်းမှ တဆင့် Video conferencing ပြုလုပ်ကာ ဆွေးနွေးလျက် ရှိသည်။

သို့သော် ညီနောင်မဟာမိတ် ၃ ဖွဲ့က ရခိုင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက်ခံထားရခြင်း၊ ရှမ်းနယ်ပြည်နယ် မြောက်ပိုင်းတွင်လည်း ၎င်းတို့ နေထိုင်ရာ ဒေသများ၌ ဖုန်းလိုင်း ပြတ်တောက်မှုများ ရှိသဖြင့် လူချင်း တွေ့ဆုံဆွေးနွေး မှသာ အဆင်ပြေမည်ဟု ပြောဆိုထားသည်။

ဆက်စပ်ဖတ်ရှုရန်

တပ်မတော် ယာဉ်တန်းကို TNLA ကြားဖြတ်တိုက်ခိုက်

နယ်ခြားစောင့် ရဲစခန်းကို AA ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင်များ ပျောက်ဆုံး

ချင်းအမျိုးသမီး သေဆုံးမှုအပေါ် တပ်မတော်နှင့် AA တို့ အပြန်အလှန် စွပ်စွဲ

တပ်မတော် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက် မဟာမိတ် ၃ ဖွဲ့ ဝေဖန်

The post တပ်မတော်နှင့် ပူးတွဲအပစ်ရပ် ကြေညာချက် ထုတ်လိုကြောင်း မဟာမိတ် ၃ ဖွဲ့ ကမ်းလှမ်း appeared first on ဧရာဝတီ.

ရထား ရဲတပ်ဖွဲ့ မှ ယာယီ ရဲမှူးချုပ် မိုးသန်းအောင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ

$
0
0

နေပြည်တော်တွင် ရထား ရဲတပ်ဖွဲ့ ၏ တပ်ဖွဲ့ မှူး တာဝန်ထမ်းဆောင်နေသူ ယာယီ ရဲမှူးချုပ် မိုးသန်းအောင်ကို ရဲတရား ရုံးတခုက ထောင်ဒဏ် ၁ နှစ်တိတိ ချမှတ်လိုက်ပြီး ယမန်နေ့က ရမည်းသင်း အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“မနေ့ကပဲ ရမည်းသင်းထောင်ကို ပို့လိုက်ပါပြီ။ ဌာနဆိုင်ရာ အရေးယူတာပါ။ ဌာနတွင်း ကိစ္စတွေပါ။ အောက်က ပြန်တိုင်လို့ အခုလို အရေးယူခံရတာ”ဟု နေပြည်တော်မှ အမည်မဖော်လိုသော ရဲအရာရှိတဦးက အတည်ပြုသည်။

ယခုလို အရေးယူခံရခြင်းမှာ ရဲသက်သာနှင့် ဆိုင်သော ကိစ္စများကြောင့်ဟု သိရပြီး အသေးစိတ် စုံစမ်း၍ မရသေးပါ။ ရဲတပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။

ရဲမှူးချုပ် မိုးသန်းအောင်သည် ရဲထောက်ပံ့ရေးဌာနတွင် ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်က ရဲလိုင်းခန်းများ အတင်း ပြောင်းခိုင်းသည့် ကိစ္စရပ်များတွင်လည်း အောက်ခြေ၌ ထိခိုက်ခံစားရမှုများ ရှိကြောင်း စုံစမ်း သိရှိရသည်။

“ရဲတွေကိုမေးကြည့်၊ သူ့နာမည်ပြောင်က ဗိုလ်မိုးသီးတဲ့”ဟု ယင်းရဲအရာရှိက ပြောသည်။

ရဲမှူးချုပ် မိုးသန်းအောင်သည် ယခင်ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ မှ ဖြစ်ပြီး လက်ရှိ ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၆ မှ ဖြစ်သဖြင့် ရဲချုပ်ထက် စီနီယာ ကျသူတဦးလည်း ဖြစ်သည်။

ယခုလို ပြဿနာတချို့ တက်ခြင်းမှာလည်း ၎င်းမှာ ရဲချုပ်ထက် စီနီယာကျသဖြင့် ထိန်းရခက်သည့် သဘောဟု သုံးသပ် မှုများလည်း ရှိသည်။

ယခုလို ရဲတပ်ဖွဲ့ မှ အရာရှိကြီးတဦး အရေးယူခံရခြင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်က နယ်ခြားစောင့် ရဲစခန်းများ ပထမဆုံး တိုက်ခိုက်ခံရမှုတွင် တာဝန်ရှိသူ ရဲမှူးချုပ် မောင်မောင်ခိုင်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်မှုအပြီးတွင် အပြစ်ကြီးဆုံး ပြစ်ဒဏ်ချမှတ်မှု တခု ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဗစ်တိုးရီးယားအမှုတွင် အဓိကတာဝန်ရှိသူ ရဲအရာရှိကြီး ၃ ဦးကို ပြည်ထဲရေး ဝန်ကြီး ဌာနက ရာထူးတိုးမြှင့်မှု ရပ်ဆိုင်းသည့် ပြစ်ဒဏ်ဖြင့် အရေးယူထားကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုထားသည်။

You may also like these stories:

ဘာသာရေး အခမ်းအနား၌ ပါဝင်သည့် မြန်မာ တဗလိဂ် ၂၂ ဦးကို အိန္ဒိယအစိုးရ အမှုဖွင့်ထား

မောင်တော၌ တန်ဖိုး ကျပ်သိန်းပေါင်း ၂သိန်းခန့်ရှိ WY များ ဖမ်းမိ၊ ပိုင်ရှင်ထွက်ပြေး

သံဃာတော်များ ပစ်မှတ်ထား၍ အွန်လိုင်းမှ ငွေလိမ်သည့်အဖွဲ့ ပုသိမ်၌ ဖမ်းမိ

The post ရထား ရဲတပ်ဖွဲ့ မှ ယာယီ ရဲမှူးချုပ် မိုးသန်းအောင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ appeared first on ဧရာဝတီ.

ဈေးကွက်မရှိသည့် ဂေါ်ဖီများကို သမဝါယမက ဝယ်ယူပေးမည်

$
0
0

COVID 19 ကြောင့် ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချရန် အခက်အခဲ ဖြစ်နေသော ရှမ်းပြည်နယ်ရှိ ဂေါ်ဖီစိုက်တောင်သူများထံမှ ဂေါ်ဖီထုတ် ပိဿာချိန် ၉ သောင်းခန့်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန အောက်ရှိ သမဝါယမ အသင်းများက ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ပင်လောင်း ပင်းတယမြို့နယ်များရှိ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချရန် အခက်အခဲဖြစ်သော ဂေါ်ဖီစိုက် တောင်သူများထံမှ ဂေါ်ဖီများကို ရှမ်းပြည်နယ် သမဝါယမ အသင်းက ဝယ်ယူပေးမည် ဖြစ်သည်။

ထို့နောက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သမဝါယမ အသင်းများက တဆင့်ပြန်လည်ဝယ်ယူ၍ သက်သာသော ဈေးနှုန်းများဖြင့် ပြန်လည် ရောင်းချခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌ ဦးကျော်မြခိုင်က ဧရာဝ တီသို့ ပြောသည်။

၎င်းက “ဒါက No Profit ၊ No loss ပေါ့။ တောင်သူတွေဆီက ဝယ်ပြီးရင် ဝယ်ရတဲ့ ဈေးရယ်၊ သယ်ယူပို့ဆောင်ရေး ကား ခလောက်ကို တွက်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြန်ရောင်းပေးတဲ့ အစီအစဉ်ပါ။ ဒါက အခက်အခဲဖြစ်နေတဲ့ တောင် သူလည်း အဆင်ပြေ၊ အခြားတိုင်းနဲ့ ပြည်နယ်တွေက ပြည်သူတွေလည်း ဒီကုန်တွေကို ဈေးနှုန်း သက်သက်သာသာ ဝယ် ယူ စားသုံးနိုင်အောင် ရည်ရွယ်ပြီး လုပ်တာပါ” ဟု ဆိုသည်။

ရှမ်းပြည်နယ်မှ ဂေါ်ဖီများကို ပရဟိတ အဖွဲ့တခုမှ ဝယ်ယူနေစဉ် (ဓာတ်ပုံ- Clean & Fresh Myanmar/Facebook)

လက်ရှိ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်း စသည့် ဒေသများတွင် ရှမ်းပြည်နယ်ထွက် ဂေါ်ဖီ ပိဿာချိန်ပေါင်း ၄ သောင်းခန့်အထိ ရောင်းချပေးထားပြီး ဖြစ်ကာ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ကရင် ပြည်နယ်တို့ကို ပိဿာ ချိန် ၅ သောင်းခန့် အထိ ရောင်းချသွားရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန၏ တာဝန်ရှိသူ တဦးက “အဓိက က တောင်သူ တွေက သူတို့ သီးနှံတွေက မရောင်းရလို့ အခက်အခဲ ဖြစ်နေကြတဲ့အတွက် ကျမတို့ဘက်ကလည်း တဖက်တလမ်းကနေ ကူညီဆောင်ရွက်ပေးတာပေါ့။ သူတို့ရဲ့ စိုက်ပျိုးရေး စရိတ်လောက်က ပြန်ကာမိအောင် ဝယ်ပေးတဲ့ သဘောပါ” ဟု ဆို သည်။

ရှမ်းပြည်နယ်မှ ဂေါ်ဖီများကို ပရဟိတ အဖွဲ့တခုမှ ဝယ်ယူနေစဉ် (ဓာတ်ပုံ- Clean & Fresh Myanmar/Facebook)

ယင်းသို့ သမဝါယမက ဝယ်ယူပေးခြင်းအပြင် တပ်မတော်နှင့် ကုမ္ပဏီများ၊ ပရဟိတ အဖွဲ့များက လာရောက် ဝယ်ယူပေး ခြင်း တို့ကြောင့် ရှမ်းပြည် နယ်ရှိ ဈေးကွက် မရှိ၍ အခက်အခဲဖြစ်နေသော ဂေါ်ဖီစိုက်တောင်သူ အားလုံးနီးပါးခန့် အဆင် ပြေသွားကြပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ် စီးပွားရေး အုပ်စု၏ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကလည်း COVID 19 ကြောင့် အခက်အခဲ ဖြစ်နေသော ရှမ်းပြည်နယ်ရှိ ဂေါ်ဖီစိုက်တောင်သူများထံမှ ဂေါ်ဖီထုတ်၅သိန်းကျော်ကို ဝယ်ယူပေးခဲ့သည်။

You may also like these stories:

လမ်းတံတားကြေး ကောက်ခံမှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချ

ကိုဗစ်ကို အကြောင်းပြ၍ နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်ခြင်း မဟုတ်ဟု တရုတ်ပြော

COVID-19 အလွန် စိုက်ပျိုးရေးကဏ္ဍ ပြန်ထူထောင်နိုင်ရေး ကန်ဒေါ်လာ သန်း ၂၀၀ ချေးမည်

The post ဈေးကွက်မရှိသည့် ဂေါ်ဖီများကို သမဝါယမက ဝယ်ယူပေးမည် appeared first on ဧရာဝတီ.

ဧရာဝတီတိုင်းရှိ အဝေးပြေး ယာဉ်လိုင်းအားလုံး ပြန်လည် ပြေးဆွဲခွင့်ပြု

$
0
0

ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် (COVID–19)ကြောင့် ယာယီ ပိတ်သိမ်းထားသည့် အဝေး ပြေးယာဉ်လိုင်း အားလုံးကို ဇွန်လ ၁ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲရန် တိုင်းအစိုးရက ခွင့်ပြုလိုက်သည်။

ဧပြီလ ၁၀ရက်မှ စတင်၍ ယာဉ်လိုင်းများ အားလုံးကို ယာယီပိတ်ထားလိုက်သော်လည်း ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေ သည့် ယာဉ်လိုင်းများကို မေလ ၁၆ရက်နေ့တွင် ပြန်လည်ပြေးဆွဲခွင့် ပေးခဲ့ပြီးနောက် ဇွန် ၁ရက်နေ့တွင် တိုင်းပြင်ပသို့ ပြေး ဆွဲနေသည့် ကျန်ယာဉ်လိုင်းများ အာလုံးကို ပြန်လည်ပြေးဆွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး COVID –19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ပြောရေး ဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “ဧရာဝတီတိုင်း ပြင်ပ ပြေးဆွဲနေတဲ့ အဝေးပြေး ယာဉ်လိုင်း အားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရ မည့် ခံဝန်ချက်တွေနဲ့ ပြန်လည် ပြေးဆွဲခွင့် ပြုလိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အဝေးပြေးယာဉ်လိုင်းများမှ ကားအားလုံး ပိုးသတ်ဆေးဖြန်းရန်၊ ခရီးသည်များကို မူလ တင်ဆောင်သည့် အရေအတွက် ထက် ထက်ဝက်သာ တင်ဆောင်ရန်၊ ၂ ယောက်စီး ထိုင်ခုံတွင် ခရီးသည် တဦးသာ စီးနင်းခွင့်ပြုရန်၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်နှင့် ခရီးသည်များ အားလုံး နှာခေါင်းစည်း တပ်ရန် စသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ဝန်ကြီး ဦးဝင်းဌေးက“အဝေးပြေး ကားလိုင်းတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိ၊ မရှိ ရှောင်တခင် ဝင်ရောက် စစ်ဆေးသွားဖို့ ရှိပါတယ်။ စစ်ဆေးခဲ့လို့ စည်းကမ်းနဲ့ မညီညွတ်ရင် အဲဒီ မော်တော်ယာဉ်လိုင်းကို ပိတ်သိမ်း သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကားလိုင်းများ အားလုံးကို ပြန်လည် ပြေးဆွဲခွင့်ပြုသော်လည်း COVID – 19 ရောဂါ ဖြစ်ပွားသည့် အခြေအနေ အပေါ် မူတည်၍ ယာဉ်လိုင်းများ ပြေးဆွဲမှုကို ရပ်နားခြင်း၊ ဆက်လက် ခွင့်ပြုခြင်းများ လိုအပ်သလို ဆောင်ရွက် သွားမည် ဖြစ် ကြောင်း တိုင်း COVID – 19 ရောဂါထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဆိုသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ပုသိမ်မြို့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ ပြည်၊ မော်လမြိုင်နှင့် မြဝတီမြို့များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း ၄၆ လိုင်း ရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်လိုင်းအများစုမှာ လက်ရှိတွင် ပြန် လည် ပြေးဆွဲနေကြပြီဖြစ်ပြီး ယာဉ်စီးခ ဈေးနှုန်းမှာ၂ ဆခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။

ပုသိမ် – ရန်ကုန်ပြေးဆွဲနေသည့် နေလဝန်းကားလိုင်းမှ တာဝန်ရှိသူ တဦးက “ကျမတို့ ကားလိုင်းကတော့ ဇွန် ၃ ရက်မှ ပြန်ထွက်ဖို့ ပြင်ဆင်နေပါတယ်။ ယာဉ်စီးခကတော့ ၁ ခုံကို ၄၀၀၀ ကျပ်၊ အခုက ကျန်းမာရေး အရ ၂ ယောက် တွဲခုံကို လူတယောက်ပဲ စီးရမှာဖြစ်လို့ ခရီးသည်တဦးကို ခုံ၂ လုံး ဝယ်ယူဖို့ လိုပါတယ်။ ဒါကြောင့် ယာဉ်စီးခက ၈၀၀၀ ကျပ်တော့ ကျသင့်ပါမယ်။ ဒါပေမယ့် ဒီဈေးနှုန်းက ပုသိမ်ကို တက္ကစီနဲ့ သွားတာထက် အများကြီး သက်သာပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၌ အဝေးပြေးလိုင်းကားများ ပြေးဆွဲခွင့် ပိတ်သိမ်းထားချိန်တွင် ရန်ကုန် – ပုသိမ် ခရီးသွားလာ သူများမှာ တက္ကစီ အငှားယာဉ်များကို ခရီးသည်တဦးလျှင်၂ သောင်းကျပ်၊ ၁၅၀၀၀ ကျပ်နှုန်း ထားပေး၍ သွားလာခဲ့ရကြောင်း သိရ သည်။

ပုသိမ်မြို့နယ်၊ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲမှု ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးနေမင်း က“ကားလိုင်းတွေ ပြန်ဖွင့်တဲ့အတွက် ကားသမား၊ စပယ်ယာ၊ ကားလိုင်းဝန်ထမ်းတွေ အလုပ်ပြန် ရကြတော့ အဆင်ပြေ တာပေါ့။ သူတို့မှာ အလုပ်မရှိလို့ စားဝတ်နေရေး ခက်ခဲနေကြတာ ကြာပြီ။ ကားခ ၂ ဆ ဈေးတက်သလို ဖြစ်ပေမယ့် ခရီး သည်တွေ ရောဂါကူးစက်မှု ကာကွယ်ရေးက ပိုအရေးကြီးပါတယ်” ဟု ပြောသည်။

ပုသိမ်မြို့မှ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ဟင်္သာ တ၊ မြောင်းမြ၊ လပွတ္တာ၊ မအူပင်နှင့် ဖျာပုံခရိုင်ရှိ မြို့များသို့ပြေးဆွဲသော မော်တော်ယာဉ်လိုင်းပေါင်း ၆၁ လိုင်း ရှိကြောင်း ဧရာဝတီတိုင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲမှု ကြီး ကြပ်ရေး ကော်မတီထံက သိရသည်။

ဧရာဝတီတိုင်း COVID – 19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အဝေးပြေးလိုင်းများ ပြန်ဖွင့်ပေးခဲ့ သလို ဧပြီလ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့သည့် ညမထွက်ရ ဒေသန္တရအမိန့်ကိုလည်း မေလ ၁၅ ရက်မှစတင်၍ ည ၁၀ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအထိ သတ်မှတ်ချက်အစား ည ၁၂ နာရီမှ နောက်တနေ့နံနက် ၄ နာရီအထိသို့ အချိန် ပြောင်းလဲ၍ ဖြေလျှော့ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုင်းအတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်များကိုလည်း မေလ ၁၆ ရက် မှစတင်ကာ ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကိုလည်း စစ်ဆေး ရေးအဖွဲ့ဖြင့် စစ်ဆေး ပြီးနောက် စည်းကမ်းချက်နှင့် ကိုက်ညီသော ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းတချို့ကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား ကြောင်း သိရသည်။

သို့သော် လူထု တွေ့ဆုံပွဲ၊ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲ၊ ပွဲတော်၊ လူစုလူဝေးဖြင့် ကျင်းပသည့် အခမ်းအနား၊ ပွဲလမ်း သဘင်များ အားလုံး၊ ဖျောဖြေရေး လုပ်ငန်းများဖြစ်သည့် ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ကာရာအိုကေ၊ စင်တင် ဖျော်ဖြေရေးလုပ်ငန်း များ အားလုံးနှင့် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီကမ်းခြေများကို ဇွန်လ ၁၅ ရက် အထိ ယာယီ ပိတ် သိမ်း ထားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့က ယနေ့ ထုတ်ပြန် ကြေညာသည်။

ထို့ပြင် COVID – 19 ရောဂါဖြစ်ပွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထားသော မြို့နယ် များတွင် အမြဲတမ်း နေထိုင်သူဖြစ်စေ၊ ယာယီနေထိုင်သူဖြစ်စေ ဧရာဝတီတိုင်းသို့ လာရောက်ပါက စောင့်ကြည့်စင်တာ (Community based facilities quarantine center) ၌ ၂၁ ရက် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်မှု ခံယူရမည် ဖြစ်ပြီး တိုင်းအတွင်း သွားလာသည့် အိမ်စီးယာဉ်များ အနေဖြင့်လည်း ယာဉ်မောင်းအပါအဝင် လူ ၅ ဦးထက် ပိုမိုစီးနင်းခြင်း ကို ဆက်လက် တားမြစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း ခရီးသွားလာပါက မြို့နယ်အတွင်းဆိုလျှင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် သွား လာရမည် ဖြစ်ပြီး အခြားသောမြို့နယ်၊ တိုင်းနှင့်ပြည်နယ်များသို့ သွားလာပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခရီး သွားထောက်ခံစာ ပါရှိရန် လိုအပ်ကြောင်း၊ အခြားသော ပြည်နယ်နှင့် တိုင်းများမှ ဧရာဝတီတိုင်းသို့ လာရောက်သူများ အနေဖြင့်လည်း ခရီးသွားထောက်ခံစာ ပါရှိမှသာ တိုင်းအတွင်း သွားလာခွင့်ပြုမည်ဟူသော ညွှန်ကြားချက်ကို ဇွန်လ ၁၅ ရက်အထိ သက်တမ်း တိုးမြှင့်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းတွင် မေလ ၁၉ ရက်က မလေးရှားနိုင်ငံမှ ပြန်လာသူ အသက် ၂၀ အရွယ် လူငယ်တဦး၌ ရောဂါပိုး ပထမဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မလေးရှားမှ ပြန်လာသူ ၂ ဦးတွင် COVID – 19 ရောဂါပိုး တွေ့ရှိသဖြင့် ပုသိမ်ဆေးရုံကြီး၌ ကုသမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဧရာဝတီတိုင်း၏ ပထမဆုံး ပိုးတွေ့လူနာ ပုသိမ်ဆေးရုံ၌ ဆေးကုသမှုခံယူ

The post ဧရာဝတီတိုင်းရှိ အဝေးပြေး ယာဉ်လိုင်းအားလုံး ပြန်လည် ပြေးဆွဲခွင့်ပြု appeared first on ဧရာဝတီ.

ရွေးကောက်ပွဲကိစ္စ တိုင်တိုင်ပင်ပင်လုပ်ရန် တိုင်းရင်းသားပါတီများ ကော်မရှင်အား တိုက်တွန်း

$
0
0

COVID-19 ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပ/ရွှေ့ဆိုင်းမည့် ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၏ သဘောတူညီချက် ရယူရန် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အား တိုက်တွန်းလိုက်သည်။

“အရင် ၂၀၁၀၊ ၂၀၁၅ အခြေအနေတွေနဲ့ မတူဘူးလေ။ အခုလို ကပ်ရောဂါကာလမှာ နိုင်ငံရေးပါတီတွေနဲ့ မဆွေးနွေးဘဲ ကော်မရှင်က အရင် လုပ်ထုံးလုပ်နည်း အတိုင်းပဲ ဆက်ပြီးလုပ်သွားမယ်ဆိုရင် နိုင်ငံရေးပါတီ တော်တော်များများမှာ အခက်အခဲ အကျပ်အတည်းတွေ အများကြီး ဖြစ်သွားနိုင်တယ်” ဟု UNA မိတ်ဖက် နိုင်ငံရေးပါတီ တခုဖြစ်သည့် ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ဧရာဝတီကို ပြောသည်။

UNA အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ တသီး ပုဂ္ဂလများ ပါဝင်သည့် အစုအဖွဲ့ ၅ ခုမှ ကိုယ်စားလှယ် ၁၆ ဦးက အွန်လိုင်း အစည်းအဝေး ပြုလုပ်ပြီးနောက် ၎င်းတို့၏ သဘောထားကို ဇွန် ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို တနိုင်ငံလုံးရှိ နယ်မြေအသီးသီး၌ တပြေးညီ ဖြစ်စေရေး အဓိကထား ဆောင်ရွက်ပေးရန်၊ ရွှေ့ဆိုင်းခြင်း ပြုမည်ဆိုလျှင်လည်း ရွေးကောက်ပွဲတွင် ပါဝင်မည့် ပါတီများ၏ သဘောတူညီချက်ရယူရန်ဟူ၍ အဓိက တိုက်တွန်းတောင်းဆိုထားသည်။

ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်များကြောင့် လူထုနှင့် ထိတွေ့သည့် နိုင်ငံရေးဟောပြောပွဲများ၊ စည်းရုံးရေးလုပ်ငန်းများ စသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် အများစု လုပ်ဆောင်၍ မရဘဲ အကန့်အသတ် ဖြစ်သွားနိုင်သည်ဟု UNA မိတ်ဖက် နိုင်ငံရေးပါတီ တခုဖြစ်သည့် ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ရှင်းပြသည်။

“အဲဒီလိုဖြစ်လာရင် နိုင်ငံရေးပါတီ အကြီးတွေအဖို့က ပြဿနာမရှိဘူး။ သူတို့က အစကတည်းက တည်ဆောက်ထားပြီးသားဖြစ်တယ်။ ပါတီအသစ်တွေနဲ့ ပါတီအငယ်တွေ၊ ပါတီအလယ်လတ်တွေကျတော့ အခက်အခဲ လာတွေ့တာပေါ့။ အချိန်ကာလနည်းတာက အဓိက အခက်အခဲပဲ” ဟု ၎င်းက ဆိုသည်။

ကပ်ရောဂါ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် လူစုလူဝေး ဖြစ်စေနိုင်သည့် မဲစာရင်း ကြေညာပြသခြင်း၊ မဲဆွယ်စည်းရုံးရေးကအစ မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများအဆုံး မည်သို့ စီစဉ် ပြင်ဆင်ထားပြီ ဆိုသည်တို့ကို ကော်မရှင်အနေဖြင့် အသိပေးပြောကြားသင့်ကြောင်း ရွေးကာက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ဖြစ်သည့် PACE အဖွဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ထောက်ပြသည်။

ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံကာ ကနဦးဆွေးနွေးမှုများ လုပ်ဆောင်သင့်နေပြီဟုလည်း ၎င်းက အကြံပြု တိုက်တွန်းသည်။

UNA အလုပ်မှုဆောင် အဖွဲ့ဝင်၊ ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဦးစိုးနိုင်သန်းကလည်း “တခြားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှု မရှိဘဲနဲ့ အကြောင်းကြား မသိရဘဲနဲ့ သူတို့က အာဏာရပါတီဖြစ်တဲ့အတွက် အဆင်သင့်ဖြစ်တဲ့ အချိန်မှာ ထလုပ်ရင် ကျန်တဲ့ပါတီတွေအတွက် အခက်အခဲတွေ ဖြစ်နိုင်တယ်။ ပါတီအားလုံး တပြေးညီ ပြင်ဆင်ခွင့်ရအောင် ညှိနှိုင်းဆောင်ရွက်သင့်တယ်” ဟု ပြောသည်။

COVID-19 ဖြစ်ပွားမှုနှင့် တိုင်းရင်းသားဒေသ တချို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခင် ရွေးကောက်ပွဲများ ကဲ့သို့ မဲဆန္ဒနယ်တချို့၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ခြင်းမျိုး မဖြစ်စေချင်တော့ဘဲ တတိုင်းပြည်လုံး တပြေးညီ မည် သည့်နေရာမှ ကွက်မကျန်ဘဲ ဆောင်ရွက်ပေးစေချင်သည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ သဘောထား ကြေညာချက်တွင် စစ်ဘေးဒုက္ခသည်များ၊ ရောဂါ ကပ်ဘေးဒုက္ခသည်များ၊ ပြည်တော်ပြန် အလုပ်သမားများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ လွတ်လပ်စွာ၊ ပိုမိုလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အစီအမံများ ကြိုတင်ဆောင်ရွက်ထားရန် ထည့်သွင်း တိုက်တွန်းထားသည်။

လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် COVID-19 အခြေအနေကြောင့် ဆန္ဒမဲပြုကြမည့် ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး စနစ်များ တပြည်လုံး တပြေးညီ စီစဉ်ပေးထားရန် လိုအပ်သည်ဟုလည်း အကြံပြု ထားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း “ကြိုတင်ပြင်ဆင်မှုတွေ မလုံလောက်ဘဲနဲ့ ရွေးကောက်ပွဲကာလ ရောက်လို့ တခြားနိုင်ငံရေးပါတီတွေနဲ့လည်း တိုင်ပင် နှီးနှောခြင်း မရှိဘဲနဲ့ အာဏာရအစိုးရ သဘောတခုတည်းနဲ့ လုပ်ဆောင်သွားမယ်ဆို ဝေဖန်ပိုင်းခြားစရာတွေ၊ ဝိဝါဒကွဲ ပြားစရာတွေ အများကြီး ပေါ်ပေါက်လာနိုင်ပါတယ်” ဟု သုံးသပ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အချိန်ဇယားများအတိုင်း နိုဝင်ဘာလတွင် ကျင်းပသွားနိုင်ဖွယ်ရှိကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဧပြီ ၂၈ ရက်က မြန်မာ့အသံနှင့် မေးမြန်းချက်တွင် ထည့်သွင်းပြောကြားထားသော်လည်း ယနေ့အချိန်ထိ ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပမှုဆိုင်ရာဖြစ်စေ၊ အခြားသော မူဝါဒများကို ဆွေးနွေးရေးဆိုင်ရာဖြစ်စေ နိုင်ငံရေး ပါတီများနှင့် ထိတွေ့မှု အလွန်အားနည်းသည်ဟု ဝေဖန်မှုများရှိသလို UEC အနေဖြင့် မည်သည့်ဆုံးဖြတ်ချက်ကို ချမှတ် သည်ဖြစ်စေ နိုင်ငံရေးပါတီ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းဆွေးနွေးပြီးမှ ဆုံးဖြတ်ခြင်းကသာ ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်း က ထောက်ပြလျက်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေလအတွင်း ထုတ်ပြန်ထားသည့် စာရင်းများအရ တည်ဆဲမှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၇ ပါတီရှိကြောင်း သိရသည်။

You may also like these stories:

၂၀၂၀ ရွေးကောက်ပွဲ ပုံမှန်အချိန်တိုင်း ကျင်းပနိုင်မလား

ဝ ဒေသမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလား

The post ရွေးကောက်ပွဲကိစ္စ တိုင်တိုင်ပင်ပင်လုပ်ရန် တိုင်းရင်းသားပါတီများ ကော်မရှင်အား တိုက်တွန်း appeared first on ဧရာဝတီ.

မန္တလေးဝန်ကြီးချုပ် Home Quarantine ပြီးပါက တာဝန်ပြန်ထမ်းဆောင်မည်

$
0
0

ထိုင်းနိုင်ငံတွင် ဆေးကုသပြီး ပြန်လည် ရောက်ရှိလာသော မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် နေအိမ် အသွားအလာ ကန့်သတ်မှု ခံယူပြီးပါက ရုံးလုပ်ငန်းများ ပြန်လည် တာဝန်ယူနိုင်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။

၎င်းက “ဝန်ကြီးချုပ်က အခုတော့ Home Quarantine ၂၁ ရက် ဝင်နေတယ်။ အဲဒါပြီးမှ ရုံးပြန်ထိုင်တာတွေ လုပ်နိုင်မှာပေါ့။ နည်းနည်းတော့ ပိန်သွားပေမယ့် ကျန်းမာရေး အခြေအနေ ကောင်းပါတယ်”ဟု ဆိုသည်။

သွေးကင်ဆာ ဝေဒနာ ခံစားနေရသော မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်းမှ စ၍ ဘန်ကောက်မြို့သို့ မကြာခဏ သွားရောက်ကာ ဆေးကုသမှု ခံယူလျက်ရှိပြီး အဆိုပါ ကာလအတွင်း တိုင်းဝန်ကြီးချုပ် တာဝန်များကို ဝန်ကြီး ဦးဇာနည်အောင်အား ခေတ္တ လွှဲအပ် တာဝန်ပေးထား ခဲ့သည်။

ယခု တခေါက် ဘန်ကောက်သို့ သွားရောက် ဆေးကုသမှု ခံယူပြီး မေ ၂၁ ရက်က မန္တလေးသို့ ပြန်လည် ရောက်ရှိခဲ့ ကာ လက်ရှိတွင် နေအိမ် အသွားအလာ ကန့်သတ်မှု ခံယူထားသလို ကိုဗစ်ရောဂါပိုး ရှိ မရှိ ဓာတ်ခွဲ နမူနာလည်း ရယူ ခဲ့ပြီး မေ ၂၆ ရက်က ရောဂါပိုး မတွေ့ဟု အဖြေထွက်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့မှ သိရသည်။

ဝန်ကြီး ဦးဇာနည်အောင်က “ထိုင်းမှာ ဆေးကုသမှု ခံယူနေတဲ့ ကာလအတွင်းတော့ သွားလိုက် ပြန်လိုက် လုပ်နေရ ပေမယ့် အစိုးရ အဖွဲ့ လုပ်ငန်းစဉ်တွေကို အွန်လိုင်းကနေ အမြဲမပြတ် လမ်းညွှန်မှာကြားမှုတွေ လုပ်နေတာပါ” ဟု ပြော သည်။

ဒေါက်တာ ဇော်မြင့်မောင် “ဆေးကုပြီး ပြန်ရောက်ပြီဖြစ်တဲ့အတွက် ပြည်သူ့ တာဝန်၊ ပါတီ တာဝန်တွေကို ကိုယ်စွမ်းဉာဏ် စွမ်းရှိသလောက်၊ ကျန်းမာရေး ကောင်းသရွှေ့ထမ်းဖို့ လုပ်ဆောင်သွားမှာပါ” ဟု မေ ၂၃ ရက်က ထုတ်လွှင့်ခဲ့သော စကိုင်းနက်ရုပ်သံဌာန နှင့် သီးသန့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဒေါက်တာ ဇော်မြင့်မောင်က “ကျနော့် ရောဂါ အဓိက က Infection ပေါ့။ ကျနော်နဲ့ လက်ပွန်းတတီး အတူ ရှိတဲ့သူတွေနဲ့က ပြဿနာ မရှိပေမယ့် သူစိမ်းတွေနဲ့ တွေ့ဖို့ကိုကျ အထူးဂရုစိုက်ဖို့ ကျနော့်ကို ကုသပေးတဲ့ ဆရာဝန် ကိုယ်တိုင်က သေချာမှာကြားခဲ့တာပါ။ အဲဒီတော့ တချို့လုပ်ငန်းတွေကျ Video conferencing နဲ့ လုပ်ရမှာပေါ့” ဟု ၎င်း၏ ကျန်းမာရေး အခြေအနေကို ပြောကြားခဲ့သည်။

လက်ရှိ ဆေးကုသမှု အောင်မြင်ပြီး မန္တလေးသို့ ပြန်လာခဲ့ပြီ ဖြစ်သော်လည်း နောက် ၆ လ အကြာတွင် ကျန်းမာရေး စစ်ဆေးမှုများ ခံယူရန် ထိုင်းနိုင်ငံသို့ သွားရောက်ရဦးမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ ဒေါက်တာ ယုယုမေ က ၎င်း၏ Facebook စာမျက်နှာတွင် မေလ ၂၂ ရက်က ရေးသားခဲ့သည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ တို့၌ ဆက်တိုက် အရွေးချယ်ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမရပူရမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရခဲ့ကာ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာ ဝန်ပေးအပ်ခြင်း ခံရသူဖြစ်သည်။

ထို့အတူ လက်ရှိ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အရေးပါသော ပါတီခေါင်းဆောင် တဦးဖြစ်သလို ပါတီ၏ ဒု ဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အခြေအနေကြောင့် NLD အားလျော့နိုင်သလား

မန္တလေးတိုင်း ဝန်ကြီးချုပ် အရေးပေါ် ဆေးကုသမှု ခံယူနေရ

The post မန္တလေးဝန်ကြီးချုပ် Home Quarantine ပြီးပါက တာဝန်ပြန်ထမ်းဆောင်မည် appeared first on ဧရာဝတီ.


ကိုဗစ်အလွန်ကာလ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ်

$
0
0

လက်ရှိ ကမ္ဘာတဝန်းတွင် ကူးစက်မြန် COVID 19 ရောဂါ ဖြစ်ပွားနေမှုကြောင့် စီးပွားရေး အခြေအနေ တုံ့ဆိုင်းနေမှုများ၊ ကျဆင်းသွားမှုများကို ရင်ဆိုင်နေရလျက် ရှိသည်။

ထို့အတူ မြန်မာနိုင်ငံတွင်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွားခြင်း၊ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းရခြင်း၊ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ် တန့်သွားခြင်းတို့ ကြုံတွေ့နေရလျက် ရှိသည်။

၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ကျော် ဖြစ်ပြီး လက်ရှိကာလအထိ ဒေါ်လာ ၄ ဘီလီယံခန့် ခွင့်ပြုပေးထားပြီး ဖြစ်သည်။

လတ်တလောတွင် COVID 19 ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နေသည့် အခြေအနေများ၊ နိုင် ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရေး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ မူဝါဒ အပြောင်းအလဲများ လုပ်ဆောင်သွားမည့် အစီအစဉ်၊ လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အခြေအနေများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူးလည်း ဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် လွင် ကို ဧရာဝတီ သတင်းထောက် အောင်သီဟက ဆက်သွယ် မေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်

မေး။ ။ ကိုဗစ်ကာလမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ အခြေအနေတွေ အပြောင်းအလဲ ရှိသွားခဲ့လား။

ဖြေ။ ။ အခုအချိန်ထိတော့ ဝင်ရောက်လာမှုက မပြောင်းလဲသေးပါဘူး။ ကျနော်တို့ ရင်းနှီးမြှုပ်နှံမှု ဆိုတာက အခုချက်ချင်း စဉ်းစားပြီး အခုချက်ချင်း ထလုပ်တာ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံသူကလည်း ကြိုတင် စဉ်းစား ပြင်ဆင် တွက်ချက်၊ ဘဏ္ဍာ ရေး အခြေအနေတွေ၊ တိုင်းပြည် အခြေအနေတွေ၊ သူရဲ့ စီးပွားရေး အခြေအနေတွေ အားလုံးကို တွက်ချက်ပြီးတော့မှ ဆောင်ရွက်ကြတာဖြစ်တဲ့ အတွက် မူလရင်းနှီးမြှုပ်နှံမယ့် အခြေအနေတွေ အတိုင်းပဲ ဆက်သွားနေတုန်း ဆိုတာကို ပြော လိုပါတယ်။

အခု နောက်ဆုံး ကျနော်တို့ ၇/၂၀၂၀ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးမှာ ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေဆိုရင် ကိုဗစ် မတိုင်ခင် ကတည်းက ကြိုပြီးတော့ ပြင်ဆင်ထားတဲ့ လုပ်ငန်းမျိုးတွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းမျိုးတွေက သက်ဆိုင်ရာ ဝန် ကြီးဌာနတွေရဲ့ သဘောထားတွေ၊ နောက်တခါ သက်ဆိုင်ရာ တိုင်းအစိုးရရဲ့ မှတ်ချက်တွေ၊ နောက်ပြင်ဆင်ဆောင်ရွက်ရ တဲ့ လုပ်ငန်းတွေ၊ ငွေရေးကြေးရေးတွေ စတဲ့ လုပ်ငန်းတွေနဲ့ တချို့ နိုင်ငံတော်ပိုင် အဆောက်အအုံတွေနဲ့ ပတ်သက်တာ ဆိုရင် သူ့လုပ်ထုံးလုပ်နည်း အတိုင်း အဆင့်ဆင့် ဆောင်ရွက်ပြီးမှ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကာလ မှာ ချက်ချင်း ရင်းနှီးမြှုပ်နှံမှု ပုံစံကြီး ပြောင်းလဲသွားပြီး ကျနော်တို့ ဆီကို လာခြင်း မရှိသေးပါဘူး။

မေး။ ။ ကိုဗစ်က ကမ္ဘာ့စီးပွားရေး တခုလုံး နှေးကွေးသွားတာဖြစ်တဲ့အတွက် ကိုဗစ်အလွန်ကာလမှာ ရင်းနှီးမြှုပ်နှံ မှု တွေ ဖိတ်ခေါ်တဲ့ အစီအစဉ်တွေ ဘာတွေ ပြောင်းလဲ လုပ်ဆောင်သွားဖို့ ရှိလဲ။

ဖြေ။ ။ ကျနော်တို့ စီးပွားရေးနဲ့ ပတ်သက်ပြီး ကိုဗစ်ကုစားရေး ကော်မတီမှာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သူရဲ့ပထမဦးဆုံး အကြိမ် ပြုလုပ်တဲ့ အစည်းအဝေးမှာ ကျနော်တို့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် စီးပွားရေးလုပ်ငန်း တွေကို ခွင့်ပြုဆောင်ရွက်ပေးဖို့ လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။ အဲဒါက ဘယ်လို လုပ်ငန်းမျိုးလဲ ဆိုတော့ အလုပ်အကိုင် ရရှိဖို့ လုပ်ငန်းမျိုးတွေ၊ နောက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းမျိုးတွေ၊ နောက်တခါ လုပ်ငန်း အစကနေအဆုံး ဒီမှာပဲ လုပ်ရမယ့် လုပ်ငန်းမျိုးတွေ ဥပမာ ဝါစိုက်ပြီးတော့မှ ဝါ ရက်မယ်၊ ပြီးတော့မှ အထည်ဖြစ်မယ်။

ပြီးရင် အထည်ချုပ်စက်ရုံ ပို့ မယ်။ ချုပ်မယ် ထုတ်ပိုးမယ် ပြီးရင် ပြည်ပပို့မယ်။ အဲဒီလို လုပ်ငန်းမျိုးတွေကို ဖိတ်ခေါ်သွားဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဘာကြောင့် ဒီလိုမျိုး ကျနော်တို့ စဉ်းစားလဲဆိုရင် ကိုဗစ်ကာလမှာ ပြည်ပ ကုန်ကြမ်း မှီခိုရတဲ့ လုပ်ငန်းတွေ နှောင့်နှေးသွားတာနဲ့ ပတ်သက်ပြီး စဉ်းစားတာ ဖြစ်ပါတယ်။

နောက်ဆုံး တချက်ကတော့ လုပ်သား အခြေပြု တဲ့ လုပ်ငန်းမျိုးတွေကို စဉ်းစားပါတယ်။ ဥပမာ အထည်ချုပ် စက်ရုံဆိုရင် ပြည်ပက စက်ပစ္စည်း တင်သွင်းရမယ်။ ပြည်ပ က အထည်လိပ်တွေ လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းရပြီးမှ လက်ခစားနဲ့ ချုပ်တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအထည်ချုပ် စက်ရုံတွေက ဒီလို ကုန်ကြမ်းပစ္စည်းတွေ တနိုင်ငံနဲ့ တနိုင်ငံ အသွားအလာ ပိတ်သွားတဲ့ အခါမှာ တော်တော်ခက်ခဲတွေ ဖြစ်သွားခဲ့တယ်။

မေး။ ။ အခုဆိုရင် ဂျပန်နဲ့ အနောက်နိုင်ငံတချို့က သူတို့ရဲ့ တရုတ်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြ တယ်ပေါ့။ အရှေ့တောင် အာရှမှာဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ဗီယက်နမ်ကို အများဆုံး ရွေးချယ်ကြတော့ မြန်မာ ကိုရော ရွေးချယ်စရာ တခုဖြစ်လာအောင် ဘာတွေ ပြင်ဆင်ဆောင်ရွက်နေလဲ။

ဖြေ။ ။ လက်ရှိအချိန်မှာ ကိုဗစ် စီးပွားရေး ကုစားရေး ကော်မတီက ဆောင်ရွက်နေသလို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင် အနေနဲ့လည်း မူလရှိပြီးသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်တဲ့ စီမံကိန်းတွေ အပြင် အခု နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံတွေကို After care service အစီအစဉ်တွေ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ထို့အတူပဲ International Trade Center က ကူညီပံ့ပိုးမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင်မယ့် လုပ်ငန်းမျိုးတွေကို လုပ် ဆောင်ဖို့ အစီအစဉ်တွေ ကျနော်တို့ ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ ငွေကြေးအဖွဲ့ (IFC)၊ ကမ္ဘာ့ဘဏ် တို့လို အဖွဲ့အစည်းတွေက ကျနော်တို့ ဌာနကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းတွေကို အကူအညီ ပေးနေသလို ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ လုပ်ဆောင်သင့်တာတွေ၊ လုပ်ဆောင်ဖို့ လိုအပ်နေ တာတွေရော ဒီ ကိုဗစ်ကာလမှာ ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာတွေ၊ နောက်တခါ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေကို လည်း လုပ်ဆောင်ပေးဖို့ လိုအပ်တာတွေ အပြင် ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ဆွဲဆောင်ဖို့ အတွက်ကိုလည်း လုပ်ဆောင် သင့်တဲ့ အစီအစဉ်တွေ အကြံပေးတာတွေ ရှိပါတယ်။

ကျနော်တို့ ဌာနအနေနဲ့ကလည်း သူတို့တင်ပြလာတွေကို လိုအပ်သလို ပြင်ဆင် သုံးသပ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌရယ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနကို အစီအစဉ်တွေကို တင်ပြလျက် ရှိပါတယ်။ လောလောဆယ်မှာ ကျနော်တို့ကို သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များ အပြင် သံတမန်နည်းလမ်း အရလည်း ဆက် သွယ် ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။

ဒီကာလထဲမှာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး ကလည်း ကျနော်တို့နဲ့ ဆက်တိုက် ဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ဆောင်ရွက်သွားဖို့ စီစဉ်နေတာတွေ ရှိပါတယ်။ ထို့အတူ ဂျပန်နိုင်ငံ၊ တရုတfနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆက် လုပ်မယ့် လုပ်ငန်းမျိုးတွေ အတွက်လည်း ဆွေးနွေးနေတာတွေ ရှိပါတယ်။

မေး။ ။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုဆွဲဆောင်နိုင်ဖို့ MIC အနေနဲ့ မူဝါဒအပြောင်းအလဲတွေ လုပ်ဖို့ရှိလား။ ဥပမာ တိုင်းနဲ့ ပြည်နယ်တွေကို ဖွံ့ဖြိုးရေးဇုန်အလိုက် သတ်မှတ်ပြီး ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်တွေပေါ့။ နောက်တခု က တိုင်းနဲ့ ပြည်နယ်တွေက ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေရဲ့ လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပေးဖို့ ကိစ္စရပ်တွေလိုမျိုးပေါ့။

ဖြေ။ ။ ဒီမူဝါဒတွေ အတွက်ကို ကျနော်တို့ MIC အစည်းအဝေးတွေမှာ ညှိနှိုင်းထားလျက် ရှိပါတယ်။ စီးပွား/ကူးသန်း ပြည် ထောင်စု ဝန်ကြီးက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ဒု ဥက္ကဋ္ဌပါ။ သူတို့ ဝန်ကြီးဌာနဘက်လည်း ပြင်ဆင် ဆောင်ရွက်နေတာ လည်းရှိသလို ကော်မရှင် အနေနဲ့လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အပါအဝင် ကျနော်တို့ လက်ရှိ လုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆောင်ရွက်ချက်တွေ၊ လှုပ်ရှားမှုတွေ အားလုံးကိုလည်း ပြန်လည် သုံးသပ်နေတာတွေ ရှိပါ တယ်။ ပြန်လည် သုံးသပ်ပြီးမှ ကျနော် ပြောနိုင်မှာ ဖြစ်ပါတယ်။

ဒီလို ပြန်ပြီး သုံးသပ်ပြီးရင် ရင်းနှီးမြှုပ်နှံမှု အပိုင်းကို ပိုမိုပြီးတော့ သက်သာ ချောမွေ့စေရေး၊ နောက်တခါ ရှိပြီးသား ရင်းနှီး မြှုပ်နှံမှုကို ပိုမိုပြီးတော့ ဆွဲဆောင်နိုင်ရေး၊ နောက်တခါ အသစ် ဝင်ရောက်လာနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင် ရေး အစရှိတဲ့ အစီအစဉ်တွေကို ဆောင်ရွက်နေတာတွေ ရှိပါတယ်။

မေး။ ။ အစိုးရရဲ့ စီးပွားရေး ကုစားရေး အစီအစဉ် (CERP) မှာ စိုက်ပျိုးရေးနဲ့ မွေးမြူကဏ္ဍကနေ အဓိက ကုစားသွားမယ် ပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဦးစားပေး ကဏ္ဍမှာလည်း ဒီကဏ္ဍတွေက ထိပ်ဆုံးကနေ ရှိနေတယ်။ ဝင်ငွေခွန် သက်သာခွင့် တွေလည်း ပေးထားပေမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် အနည်းဆုံးမှာပဲ ရှိနေတော့ ဒီကိုရော ဘယ်လိုပြောင်းလဲ သွားဖို့ ရှိလဲ။

ဖြေ။ ။ ဒါကလည်း ကျနော်အကြိမ်ကြိမ်ပြောပြီးဖြစ်ပါတယ်။ စက်မှုလယ်ယာကို ပြောင်းဖို့အတွက်ကို ကျနော်တို့ လက်ရှိ သုံးစွဲနေတဲ့ လယ်မြေတွေက လူတယောက်ကို ၁ ဧက ပိုင်တဲ့သူက ရာခိုင်နှုန်းအများကြီး နေရှိပြီးတော့ ၅ ဧကပိုင်တဲ့ သူက ရာခိုင်နှုန်းနည်းနည်း နည်းတယ်။ နောက်တခါ ဧက ၁၀၀ အထက် ပိုင်တဲ့ သူကလည်း နည်းနည်းပဲ ရှိတယ်။

ဆိုလိုတာကတော့ မြေတွေကို စုစည်းပြီး တစပ်တည်း လုပ်မှသာရင် စက်မှုလယ်ယာ လုပ်ငန်းအောင်မြင်မှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ ကျနော်တို့ မြေကို ပိုင်ဆိုင်မှုတွေကို အမျိုးမျိုး ကွဲပြားနေတာဖြစ်တဲ့အတွက် MIC ကို တင်ပြပြီး ဆောင်ရွက်လာနိုင်လောက်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ မလာတာပါ။

သီးခြား ကိုယ့်ဘာသာ ၄၊ ၅ ဆယ် ဧက တန်သည် ကုမ္ပဏီတွေ လုပ်နေတဲ့ လုပ်ငန်းတွေအများကြီး ရှိပါတယ်။ ကျနော်တို့ ဆီကိုကျတော့ ရင်းနှီးမြှုပ်နှံမှုတွေ စုပေါင်းပြီး တပြိုင်တည်း ဧက ၁ ထောင်လောက်ကို မရှိကြသေးလို့ပါ။ နံပတ်၂ ချက်က ကျနော်တို့ နိုင်ငံမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းမျိုးတွေထဲမှာ ရင်းနှီးမြှုပ်နှံမှုကို လာတဲ့ လူက လယ်ယာစိုက်ပျိုးရေးကို စိတ် ဝင်စားမှု နည်းနည်း အားနည်းပါတယ်။

ကျနော်တို့နိုင်ငံမှာ ပေါနေတဲ့ လုပ်သားနဲ့ စက်ရုံ အလုပ်ရုံတွေ နောက်တခါ နည်းပညာတွေ ဒါမျိုးကို ဦးစားပေး လုပ်ဆောင် နေတာတွေ ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ကျနော်တို့က ဘယ်လောက်အထိ ကြိုဆိုလည်းဆိုရင် ဦး စားပေး အဆင့်ထဲမှာ ပါပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ လာပြီးတော့မှ ရင်းနှီးမြှုပ်နှံမှု လာဆွေးနွေးတယ်ဆိုရင်တော့ ကျနော်တို့ ဦးစားပေး ဆွေးနွေးပေးပါတယ်။ မကြာမီလည်း ဒီလယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာ ပါမယ်။ ကျနော်တို့နဲ့ ဆွေးနွေးထားပြီးတော့မှ လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်။

အဓိက ကတော့ ကျနော်တို့ လယ်ယာစိုက်ပျိုးရေး ကို လုပ်ဖို့ ဆိုတာက တချို့အပိုင်းတွေကျတော့ သက်ဆိုင်ရာ ဝန်ကြီး ဌာနက အခြေအနေတွေကို ကျနော်တို့က မသိရှိတာ တွေလည်း ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ရင်းနှီး မြှုပ်နှံမှုတွေ မြှင့်တင်ဖို့ ကျနော်တို့ နိုင်ငံတကာရဲ့ အကူအညီတွေက ဒီလယ်ယာစိုက်ပျိုးရေး အတွက် ညှိနှိုင်း ဆောင်ရွက် နေတာလည်း ရှိပါတယ်။ ဒါတွေလည်း မကြာခင် သိရတော့မှာပါ။

မေး။ ။ CERP ထဲမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း ကဏ္ဍမှာ DICA နဲ့ တိုက်ရိုက် သက်ဆိုင်တာ တခုပါတာတွေ့တယ်။ ဒီနှစ်ထဲမှာ ခပ်ကြီးကြီး ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ၅ ခုကို ခွင့်ပြုပေးဖို့ပေါ့။ ဒါကို ဘယ်လိုဆောင်ရွက်သွားမလဲ။ ခပ်ကြီး ကြီးဆိုတာ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်လောက် ဆိုလိုချင်တာလဲ။

ဖြေ။ ။ ရင်းနှီးမြှုပ်နှံမှု ကြီးတယ်ဆိုတာကတော့ မတည်ရင်းနှီးငွေ ပမာဏများတာကို ဆိုလိုချင်တာပါ။ မတည်ရင်းငွေ များ များနဲ့ပေါ့။ CERP ရေးဆွဲတာကတော့ ဌာနတခုက ရွေးဆွဲတာ ဖြစ်ပါတယ်။ ကျနော်တို့က ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆီ ရောက်လာရင် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီတော့ ဒါကိုလည်း ကျနော်တို့ ပြည်ထောင်စု ဝန်ကြီးတွေ အဆင့် က ဦးဆောင်ပြီး ဆောင်ရွက်နေတာလည်း ရှိပါတယ်။ ဒီကိစ္စတွေကတော့ မကြာခင် သိရမှာဖြစ်ပါတယ်။

မေး။ ။ ဒီဘဏ္ဍာနှစ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကနေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံလို့ မျှော်မှန်းထားတာပေါ့ အဲဒါ ကရော ပြည့်မီနိုင်မလား။

ဖြေ။ ။ အခု နောက်ဆုံး ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၇/၂၀၂၀ အစည်းအဝေးအပြီးမှာ ကျနော်တို့ အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၉ ဘီလီယံ ရထားပြီးပါပြီ။ နောက်ထပ် ကျနော်တို့ ၁ ဒသမ ၆ လောက်ပဲ လိုတော့တာပေါ့။ အဲဒီမှာ ကိုဗစ်ကြောင့် စီစဉ်ထားတဲ့ စီမံကိန်းကြီးကြီးတွေ ဝင်လာခဲ့မယ်ဆိုရင် ဒီလျာထားချက်ကို ပြည့်မီသွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နောက်ထပ် ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၄ လကျန်ပါသေးတယ်။ ကျနော်တို့ အရင် မူလလျာထား ချက်အတိုင်း ပြည့်မီသွားမယ်လို့ ထင်ပါတယ်။

မေး။ ။ စီမံကိန်းကြီးကြီးတွေ ခွင့်ပြုသွားဖို့ ရှိတယ် ဆိုတာက တရုတ်-မြန်မာ စီးပွားရေးစကြန် (CMEC) အောက်က စီမံ ကိန်း တွေလား။

ဖြေ။ ။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဆိုတာက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ နောက်ဆုံးအဆင့် ရောက်မှ တချို့ ဟာတွေ သိရတာဖြစ်ပါတယ်။ တချို့ဟာတွေကျတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သွားတာ ဖြစ်ပါတယ်။ CMEC က ကျနော်တို့ ဝန်ကြီးဌာန အောက်က သွားတာ မဟုတ်ပါဘူး။ စီမံ၊ဘဏ္ဍာ၊ စက်မှု အောက်က သွားတာဖြစ်ပါတယ်။

ဝန်ကြီးဌာနအချင်းချင်း သိရှိတာကတော့ ဆွေးနွေးတာတွေ ပြောဆိုတာတွေက ရှိနေတုန်းပဲလို့ သိထားရတယ်။ တချို့ စီမံ ကိန်းတွေက ကျနော်တို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြလာရင် CMEC အောက်မှာ ပါတယ် မပါဘူး ဆိုတာထက် ကျနော်တို့အတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရှိ၊ တိုင်းပြည်အတွက် အကျိုးရှိမရှိ၊ အလုပ်အကိုင် ရရှိမှု ရှိမရှိ ၊ ကျောထောက် နောက်ခံ ကောင်းမကောင်း စတဲ့ ရင်းနှီးမြှုပ်နှံမှု စံနှုန်းသတ်မှတ်ချက်တွေနဲ့ စိစစ်တာပါ။

တချို့ဟာတွေကျတော့ CMEC အောက်က ဟုတ်မဟုတ် ကျနော်တို့ မသိတာတွေ ပါပါတယ်။ ဒါက ကျနော် အမှန်တိုင်းပဲ ပြောပြတာပါ။ CMEC ကိစ္စကလည်း တခြားဝန်ကြီးဌာနက ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် On Going သွားတယ်လို့ အကြမ်းဖျင်း သိရပါတယ်။ ရပ်သွားတာလည်း မရှိနေပါဘူး။ အခုတော့ ကျနော်တို့ ကော်မရှင်ဆီကို CMEC အောက်ကပါ ဆိုတဲ့ စီမံကိန်းကို လာတင်ပြတာမျိုး မရှိသေးပါဘူး။

မေး။ ။ ကိုဗစ်အလွန်ကာလမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်သွားဖို့ စီစဉ်နေတာတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက် ပြောကြား ချင်တာများ ရှိလား။

ဖြေ။ ။ ကျနော်တို့ ကိုဗစ်အလွန်ကာလအတွက်ကို ကျနော်တို့ ကြိုတင်ပြင်ဆင်နေတာ ရှိပါတယ်။ ဒါက ဘာလဲဆိုရင် ကျနော်တို့ရဲ့ တာဝန်ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရမှာဖြစ်ပါတယ်။ ထို့အတူပဲ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုကို လွှတ်ထွက် မသွားအောင် ထိန်းချုပ်ရမှာလည်း ဖြစ်ပါတယ်။ အဲဒီမှာ အရေးကြီးက ရင်းနှီးမြှုပ်နှံသူကို After Care လုပ်ဖို့အတွက်ကို အရေးကြီးပါတယ်။ တချို့အပိုင်းတွေမှာ ကျနော်တို့ လက်လှမ်းမမီလို့ အချိန်မီ မဆောင်ရွက်နိုင်တဲ့ ကိစ္စတွေရှိပါတယ်။

အဲဒီလို ကိစ္စမျိုးတွေဖြစ်လာရင် ကျနော်တို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အမြန်ဆုံး ညှိနှိုင်း ဆောင်ရွက်ပါတယ်။ ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့လည်း နေ့စဉ်နဲ့အမျှ ဝန်ကြီးဌာနတွေ အားလုံးနဲ့ ညှိနှိုင်းမှုတွေ တောက်လျှောက်လုပ်နေပါတယ်။

ကိုဗစ်ကြောင့် ပြောင်းလဲသွားမယ့် စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ဆိုရင် နိုင်ငံတကာအဖွဲ့ အစည်း တွေ ဆီက အကြံပြုချက်တွေ မြောက်များစွာ ရရှိထားပါတယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက်တွေက သိပ်မြန်တာဖြစ်တဲ့အတွက် ဘယ်လို လုပ်သင့်သလဲဆိုတာကို ကျနော်တို့ စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး လိုအပ်တာတွေ ပြင်ဆင် ဆောင်ရွက်လျက် ရှိပါတယ်။

ဆက်စပ်ဖတ်ရှုရန်

ရန်ကုန်မြို့သစ်စီမံကိန်း ရှေ့ဆက်မည်ဟု NYDC CEO ပြော

COVID-19 အလွန် စိုက်ပျိုးရေးကဏ္ဍ ပြန်ထူထောင်နိုင်ရေး ကန်ဒေါ်လာ သန်း ၂၀၀ ချေးမည်

မြန်မာ့စီးပွားရေး ကုစားရန် GDP ၏ ၅ ရာခိုင်နှုန်းအထိ ငွေကြေး သုံးစွဲမည်

The post ကိုဗစ်အလွန်ကာလ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ် appeared first on ဧရာဝတီ.

BlackOut Tuesday မှာ အနုပညာရှင်နဲ့ မီဒီယာတွေ ပူးပေါင်း ဆန္ဒဖော်ထုတ်

$
0
0

Apple Music နဲ့ Spotify တို့အပါအဝင် ဂီတ Streaming ကုမ္ပဏီတွေ၊ နာမည်ကြီး ရုပ်သံကုမ္ပဏီတွေနဲ့ နာမည် ကျော်ကြားသူတွေဟာ George Floyd သတ်ဖြတ်ခံရမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေနဲ့ တသားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ သူတို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိတ်ချတာ၊ အပြောင်းအလဲလုပ်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ViacomCBS မီဒီယာကုမ္ပဏီကြီးက မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို တုံ့ပြန်ဖို့နဲ့ စီးပွားရေးလုပ်ငန်း ထူထောင်ဖို့ကနေ လူ့အသိုက်အဝန်းထူထောင်ဖို့ အပြောင်းအလဲ တရပ်အနေနဲ့ BlackOut Tuesday အစီအစဉ်အဖြစ် ရပ်ဆိုင်းမှုလုပ်ဆောင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

CBS News, MTV နဲ့ Comedy Central တို့အပါအဝင် သူတို့ကုမ္ပဏီပိုင်ဆိုင်တဲ့ ရုပ်သံလိုင်းတွေမှာ အမေရိကန် နိုင်ငံတဝန်း ဆန္ဒပြမှုတွေဖြစ်စေခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ရပ်ကို ရှုတ်ချတဲ့အနေနဲ့ “I can’t breathe” (ငါ အသက်ရှူလို့မရဘူး) ဆိုတဲ့ စကားကို ၈ မိနစ်နဲ့ ၄၆ စက္ကန့်ကြာ ထုတ်လွှင့်ခဲ့ကြပါတယ်။ အသက် ၄၆ နှစ်အရွယ် Floyd ကို သေဆုံးစေခဲ့မှုအတွက် Minneapolis မြို့က ရဲအရာရှိတဦးကို လူသေစေမှု၊ လူသတ်မှုတို့နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဖမ်းဆီးထားပါတယ်။

Rihanna, Katy Perry, Britney Spears နဲ့ Kylie Jenner တို့အပါအဝင် နာမည်ကျော်တွေဟာလည်း Floyd သေဆုံးမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ဆိုရှယ်မီဒီယာတွေ အားလုံးကို အမှောင်ချထားခဲ့ပါတယ်။

LeBron James နဲ့ Steph Curry တို့လို NBA စတားတွေဟာလည်း သူတို့ရဲ့ Instagram စာမျက်နှာတွေမှာ အနက်ရောင် ဗလာနတ္ထိ ဓာတ်ပုံံတွေကို တင်ခဲ့ကြပါတယ်။ NBA လိဂ်တရားဝင် စာမျက်နှာမှာလည်း အတူပူးပေါင်း ပါဝင်ကြောင်း စာသားနဲ့အတူ အလားတူ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။

Streaming ကုမ္ပဏီကြီးဖြစ်တဲ့ Spotify Technology ကတော့ ဇွန်လ ၂ ရက်နေ့ကစလို့ သူတို့ရဲ့ podcasts နဲ့ သီချင်းစုစည်းမှုတွေထဲမှာ ၈ မိနစ်နဲ့ ၄၆ စက္ကန့်ကြာမြင့်တဲ့ အသံတိတ်အစီအစဉ်ကိုထည့်သွင်းခဲ့ပြီး ဆိုရှယ်မီဒီယာ တွေပေါ်မှာ ကြော်ငြာတင်နေမှုကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

Apple Music ကတော့ လူမည်း အနုပညာရှင်တွေ၊ ဖန်တီးသူတွေနဲ့ အသိုင်းအဝန်းတွေကို ထောက်ခံဖို့ အစီအစဉ်တွေလုပ်ဆောင်ရေး အချိန် တရက်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ အနုပညာရှင်တွေနဲ့ အားကစားအကျော်အမော်တွေကလည်း Floyd ရဲ့ သေဆုံးမှု၊ အမေရိကန်မြို့ တွေအထိပျံ့နှံ့စေခဲ့တဲ့ ဆန္ဒပြမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ လူမျိုးရေးခွဲခြားမှုတွေအကြောင်း ပြောဆိုခဲ့ကြပါတယ်။

နာမည်ကျော်အသံသွင်းကုမ္ပဏီတွေကလည်း လူမျိုးရေး တန်းတူညီမျှမှု မရှိတာကို တိုက်ဖျက်ဖို့ လူမှုအသိုင်းအဝန်းတွေနဲ့ အလုပ်လုပ်တာ၊ စီးပွားရေးလုပ်ကိုင်တာကို ရပ်ဆိုင်းပြီး ဇွန်လ ၂ ရက်ကို ဂုဏ်ပြုမယ်လို့ ဆိုပါတယ်။

အဆိုတော် Rihanna က “ကျမတို့ပြည်သူတွေ အသတ်ခံရတာ၊ သေဒဏ်ပေးခံရတာတွေကို တနေ့ထက် တနေ့ ကြည့်နေရတာဟာ ကျမနှလုံးသားထဲမှာ လေးလံမှုတွေကို တိုးစေပါတယ်” လို့ Instagram မှာ တင်ခဲ့ပါတယ်။

Ref:Reuters

You may also like these stories:

“ကျောင်းပြန်ဖွင့်ရင် Little Chef လေး ဟင်းချက်တော့မှာ မဟုတ်ဘူး”

မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ

The post BlackOut Tuesday မှာ အနုပညာရှင်နဲ့ မီဒီယာတွေ ပူးပေါင်း ဆန္ဒဖော်ထုတ် appeared first on ဧရာဝတီ.

Antifa ဆိုတာ ဘာလဲ

$
0
0

လူမည်းများအား သတ်ဖြတ်ခြင်းအတွက် ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် အကြမ်းဖက်မှုများအတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က Antifa လှုပ်ရှားသူများကို အပြစ်တင်ပြီး ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပြောခဲ့သည်။ သို့သော် Antifa သည် အဖွဲအစည်းတခု မဟုတ်သောကြောင့် ၎င်းတို့ကို ပစ်မှတ်ထားရန် မလွယ်ပေ။

Antifa ဆိုသည်မှာ anti-fascists ဖက်ဆစ်ဆန့်ကျင်သူများကို အတိုကောက်ခေါ်ဆိုခြင်း ဖြစ်ပြီး ယင်းသည် အဖွဲ့အစည်းတခုတည်းကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ဆန္ဒပြပွဲများတွင် နာဇီလက်သစ်များနှင့် လူဖြူကြီးစိုးရေးဝါဒီများကို ရင်ဆိုင်ဆန့်ကျင်သည့် လက်ဝဲစွန်း စစ်သွေးကြွအုပ်စုများကို ခြုံငုံခေါ်သော စကားလုံးဖြစ်သည်။

Antifa တွင် ၎င်းတို့ကို ချက်ခြင်းခွဲခြားသိမြင်နိုင်သော အဆင့်ဆင့်ဖွဲ့စည်းတည်ဆောက်ပုံ သို့မဟုတ် တူညီသည့် နည်းပရိယယ်မရှိသော်လည်း အဖွဲ့ဝင်များသည် တော်လှန်သော သို့မဟုတ် အာဏာရှင်ဆန့်ကျင်သော အမြင်များကို လက်ခံယုံကြည်ကြကြောင်း Rutgers University မှ သမိုင်းဆရာနှင့် “Antifa: The Anti-Fascist Handbook” ဖက်ဆစ်ဆန့်ကျင်ရေး လက်စွဲစာအုပ်ကို ရေးသားသူ မာ့ခ်ဘရေးပြောသည်။

“သူတို့က အချိန်အခါ၊ နေရာဒေသအမျိုးမျိုးမှာ လုပ်နည်းလုပ်ဟန် အမျိုးမျိုးလုပ်တတ်ကြပြီး တချို့လုပ်ရပ်တွေက ဥပဒေချိုးဖေါက်တာမျိုးရှိပြီး တချို့လုပ်ရပ်တွေကျတော့ ဥပဒေကို ချိုးဖေါက်တာမျိုးမရှိဘူး” ဟု ဘရေး ပြောသည်။

ယုံကြည်သူများအနေဖြင့် လူဖြူကြီးစိုးရေး သမားများ၏ လှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်ရန်၊ ရန်သူဟု ယူဆသူများ၏ ကိုယ်ရေးအချက်အလက်များကို လူသိရှင်ကြားထုတ်ပြန်ရန်၊ မိမိကိုယ်မိမိ ခုခံကာကွယ်ရန်လေ့ကျင့်ရေး စနစ်များ ဖေါ်ထုတ်ရန်နှင့် ဖက်ဆစ်ဝါဒတိမ်းညွှတ်သူများ ဟောပြောသည့် အခမ်းအနားများ ဖျက်သိမ်းရေး ပြင်ပအဖွဲ့အစည်းများကို ဖိအားပေးရန် Antifa လှုပ်ရှားမှုမှ စာပေများက အားပေးကြောင်း ၂၀၁၈ ခုနှစ် ကွန်ဂရက် သုတေသန အစီရင်ခံစာက ဖေါ်ပြသည်။

Antifa လှုပ်ရှားမှုနှင့် ပတ်သက်သောသူများသည် လွန်ခဲ့သော ၃ နှစ်အတွင်း ထူးခြားသော ဆန္ဒပြပွဲများနှင့် တန်ပြန်ဆန္ဒပြပွဲများတွင် ပါဝင်ကြပြီး တခါတရံတွင် ရုန်းရင်ဆန်ခတ် ဖျက်ဆီးမှုဖြစ်စေကြောင်း သိရသည်။

၎င်းတို့သည် ၂၀၁၇ ခုနှစ် သြဂုတ်လက ဗာဂျီးနီးယားပြည်နယ် ရှားလော့ဗီး တွင် လူဖြူကြီးစိုးရေးသမားများ ချီတက်ပွဲကို ဆန့်ကျင်လှုပ်ရှားပြီး ဒိုင်းများ၊ တုတ်များနှင့် အခြားလက်နက်များကို သိမ်းဆည်းမိပြီး ဖမ်းဆီမှုများလည်းဖြစ်စေခဲ့သည့် လွန်ခဲ့သော နှစ်နွေရာသီက စုဝေးပွဲတခုပါအဝင် အောရီဂန်ပြည်နယ် ပို့တ်လန်းမှ လက်ယာစွန်းသမားများနှင့် မကြာခဏ ပဋိပက္ခဖြစ်ကြသည်။

ဆန္ဒပြပွဲများတွင် နာဇီလက်သစ်များနှင့် လူဖြူကြီးစိုးရေးဝါဒီများကို ရင်ဆိုင်ဆန့်ကျင်သည့် လက်ယာစွန်းရောက် စစ်သွေးကြွအုပ်စုများကို Antifa ခေါ်သည်

ဆန္ဒပြပွဲများမှ Antifa ၏ အခန်းကဏ္ဍ

ဂျော့ဖလွိုက်သေဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြပွဲများမှ အကြမ်းဖက်မှုများအတွက် Antifa တွင် တာဝန်ရှိကြောင်း ထရမ့်နှင့် သူ၏ အစိုးရကပြောသည်။ Minneapolis မှ လူဖြူရဲတပ်ဖွဲ့ဝင်တဦးက ဂျော့ဖလွိုက်၏ လည်ပင်းကို မိနစ်အတန်ကြာ ဒူးဖြင့်ထောက်နင်းထားပြီးနောက် မလှုပ်ရှားတော့ပဲ အသက်ရှူခွင့်ပေးရန် တောင်းဆိုပြီး သူသေဆုံးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကြေညာချက်နှစ်စောင်တွင် ရှေ့နေချုပ် ဝီလျံဘားက ပြည်နယ်ပေါင်းစုံမှ လှုံ့ဆော်သူများ၏ Antifa နှင့်တူညီသည့် နည်းပရိရာယ်များကို ဖေါ်ပြခဲ့ပြီး Antifa သည် အကြမ်းဖက်မှုများကို လှုံ့ဆော်နေပြီး ပြည်တွင်းအကြမ်းဖက်မှုများတွင် ပါဝင်နေသောကြောင့် ထိုက်သင့်သောအရေးယူမှုများပြုလုပ်မည်ဟု ကြေညာခဲ့သည်။

ယခုဆန္ဒပြပွဲများတွင် Antifa သည် ကြီးမားသောအခန်းမှ ပါဝင်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကေးလိပ် မက်အန်နာနီက တနင်္လာနေ့တွင် သတင်းထောက်များကို ပြောသော်လည်း ထိုအဖွဲ့ဝင်များကို မည်သို့ခွဲခြားသိရှိနိုင်သနည်းဟူသောမေးခွန်းအတွက်မူ တရားရေးဌာနကိုမေးရန်ပြောသည်။

သို့သော် ထိုဆန္ဒပြပွဲများတွင် Antifa တို့မည်မျှကြီးမားသည့်အခန်းမှပါဝင်သည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

ဆန္ဒပြပွဲများတွင် Antifa နှင့် ပတ်သက်သူများ ပါဝင်သည်ဟု ယုံကြည်သော်လည်း ၎င်းတို့တွင် တူညီဝတ်စုံ သို့မဟုတ် အမှတ်အသားဖေါ်ပြသော ကဒ်မရှိသကဲ့သို့ ထိုလှုပ်ရှားမှုကို နိုင်ငံဝှမ်း အကြီးအကျယ်လုပ်ဆောင်နိုင်သည့် အင်အားလည်းမရှိသောကြောင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍကိုပြောရန်ခက်ကြောင်း ဘရေးပြောသည်။

“အခြေခံ လက်ဝဲဝါဒီတွေက Antifa ထက် အရမ်းကို အင်အားပိုများပြီး ပစ္စည်းတွေဖျက်ဆီးတဲ့သူတွေကလည်း အခြေခံလက်ဝဲစွန်းတွေထက် အရမ်းကို ပိုများနေတယ်” ဟုလည်း ဘရေးပြောသည်။

လက်ယာစွန်းသမားများ၏ အထောက်အထားများတွေ့ရကြောင်းလည်း အခြားသူများကပြောသည်။

Antifa ကို ထရမ့်အစိုးရက ဘာလုပ်ချင်လဲ။

“အမေရိကန်ပြည်ထောင်စုက Antifa ကို အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် သတ်မှတ်ရလိမ့်မယ်” ဟု ထရမ့်က တနင်္ဂနွေနေ့က တွစ်တာတွင်ရေးသည်။

ထိုကဲ့သို့သော အမြင်မျိုးဖြင့် ထရမ့် ပြောဆိုနေသည်မှာ ယခုအကြိမ် ပထမဆုံးမဟုတ်ပေ။ ပို့တ်လန်းတွင် တိုက်ခိုက်မှုဖြစ်ပြီးနောက် Antifa ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် ရီပတ်ဗလစ်ကန် လွှတ်တော်အမတ်များက တောင်းဆိုပြီးနောက် လွန်ခဲ့သော နှစ်နွေရာသီကလည်း ထရမ့်သည် အလားတူ တွစ်တာတွင်ရေးခဲ့ဖူးသည်။

ဒေါ်နယ်ထရမ့်ကို ထောက်ခံသော လက်ယာစွန်းရောက် စစ်သွေးကြွအုပ်စုများနှင့် ထိပ်တိုက်တွေ့နေသော Antifa

အစိုးရက ထိုသို့သတ်မှတ်နိုင်မည်လား။

Antifa သည် လွတ်လပ်ပြီး ဗဟိုချုပ်ကိုင်မှုရှိသည့် အဖွဲ့အစည်းမဟုတ်သောကြောင့် ထိုသို့သတ်မှတ်ရန် အစိုးရက မည်သို့ လုပ်ဆောင်နိုင်သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

ထို့အပြင် Antifa သည်ပြည်တွင်း အင်အားစုဖြစ်သောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ပအကြမ်းဖက်အဖွဲ့အစည်းစာရင်းတွင်လည်း ပါဝင်နိုင်ခြင်းမရှိပေ။ ထိုကဲ့သို့သော စာရင်းမှ အစ္စလမ်မစ်အစွန်းရောက်အဖွဲ့များနှင့် Real Irish Republican Army တို့သည် အမေရိကန်နိုင်ငံတွင် မဟုတ်ဘဲ ပြည်ပအခြေစိုက်များဖြစ်သည်။

ထိုသို့သတ်မှတ်ခြင်းကြောင့် ထိုအဖွဲ့ကို ထောက်ခံသူမည်သူမဆိုသည် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် စွဲချက်များကို ရင်ဆိုင်ရနိုင်သောကြောင့် ထိုကိစ္စသည် ဥပဒေကြောင်းများစွာအရ အရေးပါသည်။

သို့သော် ပြည်တွင်းအတွက် ထိုကဲ့သို့သော စာရင်းမရှိကြောင်း အိုဘားမား အစိုးရ အဆင့်မြင့်အကြမ်းဖက်မှုတိုက်ဖျက်ရေး အရာရှိဟောင်း နှင့် Georgetown University ဥပဒေဌာန Institute for Constitutional Advocacy and Protection ကိုတည်ထောင်သူ အမှုဆောင်ဒါရိုက်တာ ဂျော့ရွှာ ဂျဲ့တ်ဇာ ပြောသည်။

လူဖြူကြီးစိုးရေးဝါဒီများ၏ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ပြည်တွင်း အကြမ်းဖက်မှု ဥပဒေထူထောင်ရန် တောင်းဆိုမှုများရှိသော်လည်း မည်သည့် ဥပဒေမျှ ပြဋ္ဌာန်းခြင်း မရှိပေ။

Antifa ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် သမ္မတတွင် မည်သည့် ဥပဒေ အခွင့်အာဏာရှိသနည်းဟု တနင်္လာနေ့က မေးသောအခါ မက်အန်နာနီက ပြည်တွင်းနှင့်နိုင်ငံတကာ အကြမ်းဖက်မှုများကို ဖွင့်ဆိုသော လက်ရှိအမေရိကန်ရာဇဝတ်မှု ဥပဒေကို ထောက်ပြသည်။

သို့သော် အကြမ်းဖက်မှုကို ဖွင့်ဆိုခြင်းနှင့် အဖွဲ့အစည်းတခုလုံးကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းသည် မတူညီပေ။

Antifa ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းမရှိပင်လျှင် ဖက်ဒရယ် တရားဥပဒေစိုးမိုးရေး အဖွဲ့များသည် ထိုအင်အားစုကို စောင့်ကြည့်နေကြောင်း FBI ဒါရိုက်တာ ခရစ်၀ရေး ပြောသည်။ FBI သည် အတွေးအခေါ်ကို အခြေခံသည့် စုံစမ်းစစ်ဆေးမှုမလုပ်သော်လည်း Antifa အတွေးအခေါ်ပုံစံ အကြမ်းဖက်မှုများကို ကျူးလွန်ရန် စိတ်ထက်သန်သည့်သူများကို တနိုင်ငံလုံးတွင် စုံစမ်းစစ်ဆေးနေကြောင်း သူပြောသည်။

ကိုးကား။ ။ AP ၏ What is Antifa? President Trump says US to label group as terrorist organization

You may also like these stories:

အမေရိကန်မှာ ဖြစ်နေတဲ့ အဓိကရုဏ်း အပေါ် သူတို့ဘယ်လိုမြင်လဲ

အိမ်ဖြူတော်အနီး ရုန်းရင်းဆန်ခတ် ဖြစ်သည်အထိ အမေရိကန် မငြိမ်သက်မှု နက်ရှိုင်းလာ

အမေရိကန် ဆန္ဒပြသူများနှင့် ထောက်ခံပူးပေါင်းသူ ရဲများလည်း ရှိသည်

The post Antifa ဆိုတာ ဘာလဲ appeared first on ဧရာဝတီ.

“ကမ္ဘာမြေငြိမ်းချမ်းပါစေ”သီချင်း နားထောင်ပြီး COVID-19 အတွက် လှူဒါန်းနိုင်

$
0
0

အဆိုတော် ထူးအိမ်သင်ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းကို Idiots Band မှ Music Arrangement ပြုလုပ်ကာ အဆိုတော် ရေမွန် အပါအဝင် အဆိုတော် ၆ ယောက် ပါဝင် သီဆိုထားပါတယ်။

ဒီသီချင်းကိုတော့ ပရိသတ်များက နားထောင်ပြီး Like၊ Share ပြုလုပ်ရုံဖြင့် ငွေကျပ် ၁၀၀ ကို COVID -19 ကူညီရေးအတွက် လှူဒါန်းပြီးသား ဖြစ်တယ်လို့ အဆိုတော် ရေမွန်က ဧရာဝတီကို ပြောပါတယ်။

“အဓိကကတော့ Tuborg ဘီယာက စစီစဉ်တယ်။ ဦးငှက်ရဲ့ “ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းကို Cover ပြန်လုပ်တာပေါ့။ ကျနော်တို့ Idiots Band က တီးတယ်။ တခြားအနုပညာရှင် ၆ ယောက်ရယ် ကျနော်ရယ် ဆိုတယ်။ တီးတာရယ်၊ Arrangement တွေကတော့ ကျနော်တို့ Idiots Band ကပဲ လုပ်တာပေါ့။ သီချင်းက ထွက်တောင် ထွက်သွားပြီ”

“ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်း

“Tuborg Page မှာလည်း ကြည့်လို့ရတယ်။ ကျနော်တို့ အကောင့်မှာလည်း Share ထားတယ်။ အဓိက ရည်ရွယ်ချက်လေးက ဒီဗီဒီယိုလေးကို Facebook ပေါ်မှာ Like တချက်နှိပ်တိုင်း၊ Share တခု လုပ်တိုင်း ၁၀၀ ကျပ်စီ COVID-19 ကူညီရေးအတွက် လှူဒါန်းသွားမှာပါ။ Clean Yangon အဖွဲ့ကိုလှူဒါန်းသွားမှာပါ။ သိန်း ၁၀၀ ကျပ်ပြည့်တဲ့အထိပေါ့” လို့ အဆိုတော် ရေမွန်က ပြောပါတယ်။

ဒီအလှူကိုတော့ ငွေကျပ်သိန်း ၁၀၀ ပြည့်တဲ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး Clean Yangon အဖွဲ့ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ သီချင်းကိုတော့ Idiots Band မှ စီစဉ်တီးခတ်ပေးထားပြီး အဆိုတော် ဝေလ၊ သာဒီးလူ၊ ရေမွန်၊ တင်ဇာမော်၊ ချမ်းချမ်း၊ နီနီခင်ဇော် တို့က သီဆိုထားတာ ဖြစ်ပါတယ်။

“ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းကိုတော့ Tuborg Page၊ JOOX နဲ့ အနုပညာရှင်များရဲ့ Page များမှာလည်း ဝင်ရောက်ကြည့်ရှု နားဆင်နိုင်ပါတယ်။

အောင်မြင်ကျော်ကြားပြီးသား သီချင်းကို ပြန်လည် တီးခတ် သီဆိုကြတဲ့အခါ ဘယ်လို စိတ်ဖိစီးမှုတွေ ရှိလဲဆိုတာကိုလည်း ရေမွန်က အခုလို ပြောပြခဲ့ပါတယ်။

“ဖိအားကတော့ နည်းနည်းများတာပေါ့။ ဦးငှက်သီချင်းဆိုတာနဲ့တင် ကြောက်နေပြီ။ အရှေ့မှာ “မဟာဝီရ အို ဗုဒ္ဓ” ကို ဦးငှက်ရဲ့အမှတ်တရပွဲမှာ ဆိုဖူးတယ်။ အဲ့တုန်းကလည်း ကျနော် အဆဲခံရတယ်။ ရေလည် အဆဲခံရတာ။ ဒါကလည်း အမြင်မပွင့်လင်းသေးတဲ့ ခေတ်ဆိုတော့ နားလည်ပါတယ်။ ဒီလိုမျိုးပဲ ဖြစ်တတ်ပါတယ်။ အခုလည်း ဦးငှက်သီချင်းကို လုပ်ရမယ်ဆိုတော့ ကြောက်တော့ ကြောက်တယ် စလုပ်ရမှာ”

“ဒါပေမဲ့ ကိုယ်ကအနုပညာကို တတ်စွမ်းသလောက် အရိုးသားဆုံးလုပ်တဲ့အတွက် ကျနော်ကတော့ လိပ်ပြာလုံတယ်ဗျာ။ အေးဆေးပဲ။ ဝန်လေးနည်းနည်း ပိတာကလွဲလို့ အေးဆေးပဲ လုပ်လိုက်ပါတယ်။ နားထောင်ကောင်းအောင် Music ပေါင်းစုံပေါင်းပြီး ထည့်ထားပါတယ်” လို့ ရေမွန်က ပြောပါတယ်။

ရေမွန်ကတော့ ကိုဗစ်ကာလမှာ “ဆုတောင်း” ဆိုတဲ့သီချင်းတပုဒ်လည်း ထွက်ရှိထားပြီး အခုဆိုရင် သူ့ရဲ့ကိုယ်ပိုင် Game Channel ဖြစ်တဲ့ Idiot Ray ကိုလည်း ပြုလုပ်ထားပါတယ်။ ရေမွန်ကိုယ်တိုင်လည်း ကိုဗစ်ကာလမှာ တတပ်တအား လှူဒါန်းမှုများ၊ လုပ်အားပေးမှုများကို We Love Yangon၊ Clean Yangon တို့မှာ ပါဝင်ကူညီနေတာ တွေ့ရပါတယ်။

You may also like these stories

အမျိုးသမီး တေးသံရှင် ၅ ယောက် သီဆိုမယ့် ဆောင်းဦးလှိုင်ရဲ့ “ဒို့ကမ္ဘာ” သီချင်း

မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ

အဆိုတော် နီတာ ပြောပြတဲ့ ကိုဗစ် အတွေ့အကြုံ

The post “ကမ္ဘာမြေငြိမ်းချမ်းပါစေ”သီချင်း နားထောင်ပြီး COVID-19 အတွက် လှူဒါန်းနိုင် appeared first on ဧရာဝတီ.

ဝူဟန်မှာ ကိုဗစ် စစ်ဆေးဖို့ ယွမ် သန်း ၉၀၀ ကျော် အသုံးပြုခဲ့

$
0
0

ဝူဟန်မြို့မှာ COVID-19 ပြန်လည် တွေ့ရှိပြီးနောက် တမြို့လုံးကို ကျန်းမာရေး စစ်ဆေးခဲ့ပါတယ်။ ကျန်းမာရေး ပြန်လည်စစ်ဆေးနိုင်ဖို့အတွက် ဒေသအစိုးရအနေနဲ့ ယွမ်သန်း ၉၀၀ ကျော် (အမေရိကန် ဒေါ်လာ ၁၂၆ သန်း) အသုံးပြုခဲ့တယ်လို့ လက်ထောက်မြို့တော်ဝန် Hu Yabo ကဇွန်လ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဟူဘေးပြည်နယ် အတွင်းမှာရှိတဲ့ ဝူဟန်မြို့မှာ Lockdown ရုတ်သိမ်းပြီးနောက်ပိုင်း ကူးစက်လူနာသစ်တွေကို ပြန်လည်တွေ့ရှိခဲ့တဲ့အတွက် မေလ ၁၄ ရက်နေ့မှာပဲ တမြို့လုံးကို ဗိုင်းရပ်စ် ရှိ၊ မရှိ ပြန်လည်စစ်ဆေးပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

ဇွန်လ ၁ ရက်မှာတော့ ဝူဟန်မြို့မှာရှိတဲ့လူပေါင်း ၉,၈၉၉,၈၂၈ ယောက်ကို ဗိုင်းရပ်စ် စစ်ဆေးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်စစ်ဆေးတဲ့ ကုန်ကျစရိတ်တွေအားလုံးကို ဒေသအစိုးရက ကျခံပေးခဲ့တာဖြစ်ပြီး လူအားလုံး အခမဲ့စစ်ဆေးပေးခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေး ကော်မရှင်အဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူပေါင်း ၈၃,၀၂၁ ယောက် ရှိနေပြီး ၄,၆၃၄ ယောက် သေဆုံးခဲ့ပါတယ်။

Huazhong သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်က ပါမောက္ခဖြစ်သူ Lu Zuxun ကလည်း လူပေါင်း ၁,၁၇၄ ယောက်ကို Quarantine ဝင်ခိုင်းခဲ့ပြီးနောက် ကျန်းမာရေး ပြန်လည် စစ်ဆေးရာမှာတော့ ရောဂါတွေ့ရှိတာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့တဲ့ COVID-19 ကြောင့် ဝူဟန်မြို့မှာ လူသေဆုံးမှု စတင်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅ သောင်းကျော် ရောဂါကူးစက်ခံခဲ့ရပါတယ်။

တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်ကလည်း ဇွန်လ ၂ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်း ကူးစက် လူနာ ၅ ယောက် တွေ့ရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ လူဦးရေ ၁၁ သန်းကျော်ရှိတဲ့ မြို့ကို ဗိုင်းရပ်စ် စစ်ဆေးပေးဖို့ ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒေသအစိုးရအနေနဲ့ ၁၀ ရက်ကျော် ကာလအတွင်း လူပေါင်း ၁၀ သန်းနီးပါးကို စစ်ဆေးပေးနိုင်ခဲ့ပါတယ်။

Ref: Xinhuanet

You may also like these stories:

ဂျပန်မှာ COVID-19 ဒုတိယလှိုင်း ကြုံတွေ့နေ

ဇွန်လအတွင်း စင်ကာပူမှာ စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ်မည်

အိန္ဒိယမှာ ၁ ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော် COVID-19 ကူးစက်

The post ဝူဟန်မှာ ကိုဗစ် စစ်ဆေးဖို့ ယွမ် သန်း ၉၀၀ ကျော် အသုံးပြုခဲ့ appeared first on ဧရာဝတီ.

စောဒေးဗစ်လား အမှုအား အမြန်ဆောင်ရွက်ရမည့် အမှုအဖြစ် သတ်မှတ်

$
0
0

ကနေဒါနိုင်ငံသား ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်စတူဒီယို)တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် ယနေ့ တရားစွဲတင်ပြီးနောက် အမှုအား အလျင်အမြန် ဆောင်ရွက်ရမည့် အမှုအဖြစ်သတ်မှတ်လိုက်ကြောင်း မရမ်းကုန်းမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောသည်။

ယနေ့တရားစွဲတင်ရာတွင် စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့၏ ရှေ့နေက အာမခံ လျှောက်ထားခဲ့သော်လည်း တရားသူကြီးက ပယ်ချလိုက်သည်။

ဦးမိုးဆွေက “အမှုက ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေးနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဇယား၂ မှာ သုံးနှစ်ကနေ သုံးနှစ်အထက် ပြစ်ဒဏ်ချမှတ်ထိုက်တဲ့ အမှုတွေဆိုရင် အာမခံ ပေးရမယ့် လက်နက်ဥပဒေပုဒ်မအရ စွဲဆိုတဲ့အမှုကလွဲရင် ကျန်တဲ့အမှုတွေကို အာမခံ မပေးနိုင်ပါလို့ ပြဌာန်းထားတဲ့ အတွက် ဒီအထဲမှာ အကျုံးဝင်ပါတယ်။ အဲဒီအတွက် အာမခံလျှောက်ထားမှုကို ခွင့်မပြုကြောင်း အမိန့်ချခဲ့တာပါ” ဟု ပြောသည်။

အမှုတွင် တရားလိုပြသက်သေ ၁၄ ဦးတင်ပြထားပြီး မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ တရားလိုပြသက်သေများ အား ဇွန်လ ၈ ရက်၊ ၁၀ ရက်၊ ၁၆ ရက်၊ ၁၈ ရက်နှင့် ၂၃ ရက်နေ့တို့တွင် စစ်ဆေးသွားရန် နှစ်ဖက်ညှိနှိုင်း သတ်မှတ်ထားကြောင်း သိရသည်။

စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့သည့် မရမ်းကုန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ညီအစ်ကိုများ အသင်းတော်ဝန်းအတွင်းရှိ အခန်းတခုတွင် လူစုဖြင့် အင်တာနက်တွင် တိုက်ရိုက်လွှင့်(LIVE)ခြင်းများအား ဧပြီ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားလိုပြု လုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းတို့အပြင် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မတ်လ ၂၂ ရက်နေ့က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ကျမ်းစာသင်ကျောင်းလမ်းရှိ ဘုရားကျောင်းတွင် လူစုဖြင့် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့သည့် သင်းအုပ်ဆရာ စောကွယ်ဝါးနှင့် အမှုတော်ဆောင် စောရေဂန်ဒီတို့ကိုလည်း ယမန်နေ့ ဇွန်လ ၂ ရက်နေ့က အင်းစိန်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်လတ်က “မနေ့က ၂ ယောက်လုံးကို တရားစွဲလိုက်ပါတယ် ၊ သဘာဝ ဘေးအ န္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ပါပဲ၊ သူတို့ကို ရုံးချိန်ပြန်ပေးထားပါတယ်”ဟု ပြောသည်။

၂၀၁၃ ခုနှစ် သဘာဝ ဘေးအန္တ ရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တွင် “မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှုတခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစုံတရာကျရောက်နိုင်သည်ကို သိလျှက်နှင့် တမင် ပြု လုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် (သို့) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို ၃ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်”ဟု ပြဌာန်းထားသည်။

ရန်ကုန်တိုင်းအစိုးရ၏ သတ်မှတ်ကာလအတွင်း လူစုလူဝေးပြုလုပ်ခဲ့သည့် စောဒေးဗစ်လား အပါအဝင် ၎င်းတို့ ကိုယ်တိုင် COVID-19 ရောဂါ ကူးစက်ခံခဲ့ကြရပြီး ၎င်းတို့နှင့် ဆက်စပ်ကာ လူဦးရေ ၈၀ ခန့်ကိုလည်း ကူးစက်မှု ဖြစ်ပွားစေခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန်လ ၃ ရက်နေ့ မနက် ၇ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားသူမှာ ၂၃၃ ဦးရှိပြီ ဖြစ်ပြီး ပြန်လည်သက်သာကောင်းမွန်သူ ၁၄၃ ဦးနှင့် သေဆုံးသူ ၆ ဦးရှိပြီးဖြစ်သည်။

COVID-19 ကူးစက်မှုအနေဖြင့်လည်း အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့သည် အများဆုံးဖြစ်ပြီး ယခုအချိန် အထိ အစိုးရက ၎င်းနှစ်မြို့နယ်အား Stay at Home အဖြစ် ကန့်သတ်မှုများ ဆက်လက်ပြုလုပ်ထားဆဲဖြစ်သည်။

You may also like these stories:

စောဒေးဗစ်လားနှင့် သင်းအုပ်ဆရာ စောကွယ်ဝါး ကို အင်းစိန်ထောင်သို့ ပို့ဆောင်

တရားဟောဆရာ စောဒေးဗစ်လား အပါအဝင် ၄ ဦးကို အမှုဖွင့်

ဘာသာရေး အခမ်းအနား၌ ပါဝင်သည့် မြန်မာ တဗလိဂ် ၂၂ ဦးကို အိန္ဒိယအစိုးရ အမှုဖွင့်ထား

The post စောဒေးဗစ်လား အမှုအား အမြန်ဆောင်ရွက်ရမည့် အမှုအဖြစ် သတ်မှတ် appeared first on ဧရာဝတီ.

“ကလေးတွေရဲ့ ပညာရေးအတွက် ၁ နှစ် စောင့်ကြည့်စေချင်တယ်”

$
0
0

လာမယ့် ဇူလိုင်လအတွင်း အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ရန်အတွက် အစိုးရရဲ့ ထုတ်ပြန် ကြေညာတဲ့အပေါ် ဒါရိုက်တာ ကိုပေါက်က ကျန်းမာရေး အခြေအနေတွေ မတည်ငြိမ်သေးတဲ့အခြေအနေမှာ ကလေးတွေရဲ့ပညာရေးအတွက် ၁ နှစ် စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။

“ဒီနှစ်မှာ ကျန်းမာရေးက အခုလိုပဲ မတည်ငြိမ်သေးဘူးဆိုရင် ကလေးတွေကို ကျောင်းမထားတော့ပါဘူး။ သူတို့လေးတွေရဲ့ကျန်းမာရေးက ကျနော်တို့ လင်မယား နှစ်ယောက်ရဲ့ အသက်ထက် အရေးကြီးပါတယ်။ သူတို့လေးတွေ တခုခုဖြစ်လို့ မရပါဘူး။ ကျောင်း ၁ နှစ် နောက်ကျသွားလို့ ဘာမှ မဖြစ်ပါဘူး”

“သူကအသက် ၁ နှစ် ကြီးသွားမယ်။ သူ ၁၀ နှစ်မှာ သင်ရမယ့်စာကို သူ ၁၁ နှစ်ရောက်မှ သင်ရမယ်ဆိုရင် သူ့ရဲ့မှတ်ဉာဏ်၊ သင်ယူမှုစွမ်းရည်၊ ဦးနှောက်တို့ရဲ့ကြီးထွားဖွံ့ဖြိုးမှုတွေက သူသင်ယူရမယ့် သင်ခန်းစာတွေကို အလွယ်တကူ သင်ယူနိုင်မယ်လို့ ထင်ပါတယ်” လို့ ကိုပေါက်က ပြောပါတယ်။

ကိုပေါက်ကတော့ သူ့ရဲ့ သားတွေ တက်နေတဲ့ ကိုယ်ပိုင်ကျောင်းမှ ကျောင်းများ ပြန်ဖွင့်ပါက ကျောင်းသားဦးရေ လျှော့ပြီးသင်မယ့်အကြောင်း၊ ကျောင်းလခ ပိုကောက်မယ့်အကြောင်း၊ ကျောင်းကားဈေး အရင်ကထက်ပိုတက်မယ့် အကြောင်းများ ဆက်သွယ်လာတာကိုလည်း ပိုကောင်းအောင်လုပ်ရမှာဖြစ်တဲ့အတွက် လက်ခံပေမယ့် ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို တာဝန်ယူပေးမှာလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

“ဒါတွေအားလုံးကို ကျနော်တို့လက်ခံတယ်။ New Normal ခေတ်ကို ကျနော်တို့လည်း လိုက်ရမှာပေါ့။ တကမ္ဘာလုံး ဖြစ်နေတာလေ။ ဒါဆို ကျနော်က ကျောင်းတွေဖွင့်ဖို့ ချမှတ်လိုက်တဲ့ နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနကို တခုလောက်မေးချင်ပါတယ်။ ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်းတက်ကြရမယ့် ကျနော့်သားတွေရဲ့ ကျန်းမာရေးကို ဘယ်သူက တာဝန်ယူပေးကြမှာလဲ”လို့ ကိုပေါက်က ဆိုပါတယ်။

ဆက်လက်ပြီး “ကျနော်တို့၊ ခင်ဗျားတို့ရဲ့ ကလေးတွေကို ဘယ်သူတွေက ရောဂါပိုး မကူးစက်အောင် တာဝန်ယူပေးကြမှာလဲ။ ကျနော် ခင်ဗျားတို့ရဲ့ကလေးတွေ တခုခုဖြစ်သွားခဲ့ရင် ဘယ်လို ဖြေဆည်ကြမှာလဲ။ ကလေးတွေက ကျောင်းဖွင့်ရင် ငြိမ်ငြိမ်နေမယ်ထင်လား။ နေမှာ မဟုတ်ပါဘူး။ ပျော်ပြီး လျှောက်ဆော့နေကြမှာ။ လုံးရယ်ထွေးရယ် ဖက်ရယ်နမ်းရယ် လုပ်ကြမှာပါ။ဆရာမတွေက ထိန်းနိုင်မှာလား။ မထင်ပါဘူး”လို့ ကိုပေါက်က ပြောပါတယ်။

ဒီလိုမျိုး ကျောင်းမထားခြင်းနဲ့ အွန်လိုင်းပေါ်မှ ပညာသင်ကြမယ်ဆိုရင်လည်း တတ်နိုင်တဲ့ မိဘနဲ့ မတတ်နိုင်တဲ့ မိဘတွေကြားမှာ ပြောစရာတွေ ရှိလာနိုင်ပြီး ကျောင်းတွေပိတ်ခဲ့ရင်လည်း ဆရာ၊ ဆရာမတွေရဲ့ လစာနဲ့ အခွန်ကိစ္စများပါ ပြဿနာ တက်လာနိုင်တယ်လို့ ပြောထားပါတယ်။

“ဒါဆို ဘယ်လိုလုပ်ကြည့်ရင် အဆင်ပြေမလဲ စဉ်းစားကြည့်ရအောင်။ ကျောင်းတွေကို ပေးမဖွင့်ဘဲထားပြီး ပညာရေးဝန်ကြီးဌာနကနေ အသံလွှင့်မီဒီယာတွေ၊ အွန်လိုင်းမီဒီယာတွေကနေ သင်ခန်းစာတွေကို သင်ပေးတဲ့ အစီအစဉ်တွေ လုပ်ပေးရင်ရော ဘာဖြစ်မလဲ”

“အနီးကပ် သင်ခန်းစာတွေတောင် မြန်မာ့အသံကနေ သင်ကြားပို့ချနေတာတွေ ရှိနေတာပဲ။ အတန်းလိုက် သင်ခန်းစာတွေကို အချိန်နဲ့မီဒီယာ ခွဲသင်ကြမလား။ စာသင်တဲ့ Application တွေ လုပ်မလား။ Zoom Application နဲ့စ ာသင်မယ်။ Link ချပေးပြီး စာသင်တာကို လုပ်မလား။ အခွန်ကိစ္စတွေ ဘယ်လို လျော့ပေးကြမလဲ။ ဆရာ၊ ဆရာမ လစာကိစ္စတွေ ဘယ်လိုဖြေရှင်းလဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် နည်းလမ်းမျိုးပေါ့” လို့ ကိုပေါက်က ပြောပါတယ်။

ကျောင်း ၁ နှစ် အောက်လိုက်တဲ့အထိ ကာကွယ်ဆေး မတွေ့သေးဘူးဆိုရင်တော့ နောက်တမျိုး စဉ်းစားရမှာဖြစ်ပြီး ဆေးတွေ့မယ့်အချိန်ကိုလည်း အကြာကြီး ထိုင်စောင့်နေမှာမျိုးလည်း မဟုတ်ဘဲ ၁ နှစ်လောက် စောင့်ကြည့်စေချင်တဲ့ သဘောပါလို့ ကိုပေါက်က ဆိုပါတယ်။

“၁ နှစ် အောက်လိုက်တဲ့အထိ ကာကွယ်ဆေးက မတွေ့သေးဘူးဆိုရင်တော့ ကျနော်တို့က နောက်တမျိုးစဉ်းစားရမယ်ပေါ့။ HIV တွေ၊ AIDS ရောဂါတွေရဲ့ကူးစက်မှုက အခု COVID လောက် မမြန်ဘူးလေ။ ဆေးတွေ့မယ့် အချိန်အထိ အကြာကြီး ထိုင်စောင့်နေမှာမျိုးလည်း မဟုတ်ဘူးပေါ့။ ကျနော်ကတော့ ၁ နှစ်လောက် စောင့်ကြည့်စေချင်တဲ့သဘောပါ” လို့ ကိုပေါက်က ပြောထားပါတယ်။

ဒါရိုက်တာ ကိုပေါက်ကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်ကနေ ရေးသားတင်ကာ ပြောပြထားတာ ဖြစ်ပါတယ်။

ယခုနှစ် ကျောင်းတွေ ပြန်ဖွင့်ပါက ကိုပေါက်ရဲ့သားအကြီးက ၆ တန်းတက်ရမှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ဇူလိုင်လအတွင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ အားလုံးကို တပြိုင်နက်တည်း မဟုတ်သော်လည်း အဆင့်အလိုက် ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

You may also like these stories:

ထိုင်းခရီးသွားလုပ်ငန်းကို ဇူလိုင်လအတွင်း ပြန်စတင်စေချင်

COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ

The post “ကလေးတွေရဲ့ ပညာရေးအတွက် ၁ နှစ် စောင့်ကြည့်စေချင်တယ်” appeared first on ဧရာဝတီ.


ALP အဖွဲ့ဝင် ၃ ဦးကို AA ဖမ်းဆီး၊ တဦး အသတ်ခံရဟု သတင်းထွက်

$
0
0

ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) အဖွဲ့ဝင် သုံးဦးကို ရခိုင်စစ်တပ် (AA) က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းသွားသူများထဲမှ တဦးကို သတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ALP က ၎င်းတို့အဖွဲ့ဝင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဇွန်လ ရက်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်၍ တောင်းဆိုထားသည်။

ထုတ်ပြန်ချက်တွင် ALP လက်နက်ကိုင်တပ်ဖွဲ့ ALA အဖွဲ့ဝင် နှစ်ဦးဖြစ်သော ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံးတို့ကို ပေါက်တောမြို့နယ် ရဗက်ချိုင်ရွာရှိ ၎င်းတို့နေအိမ်၌ မေလ ၂၃ ရက်ည ၁၁ နာရီတွင် AA အဖွဲ့ဝင် ၁၅ ဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးကို ပြန်လွှတ်ပေးရန် ALP သည် ကြားခံလူတဦးမှ တဆင့် AA အဖွဲ့ကို ဆက်သွယ်ခဲ့သော်လည်း AA ဘက်က ပြန်မလွှတ်သည့် အပြင် မေလ ၃၁ ရက်နေ့တွင် တောင်ကုတ်မြို့နယ် ဆားပြင်ရွာရှိ ALP အဖွဲ့ဝင် ခိုင်ဝင်းလှိုင်အား ထပ်မံဖမ်းဆီးသွားကြောင်း ALP က ထုတ်ပြန်ထားသည်။

ALA စစ်ရေးကော်မတီမှ ဗိုလ်မှူးကြီး ခိုင်စိုးမြကလုံခြုံရေးအဖွဲ့တခုက၊ ဗမာစကားပြောပြီးဖမ်းတယ်လို့ သိရတယ်။ ခင်ဗျားကို စစ်ဆေးစရာရှိတယ်။ ခင်ဗျားလိုက်လာပါဆိုတော့ သူက မဆင်းဘူး။ နောက်တော့ မဆင်းဘဲနဲ့ အိမ်ထဲမှာနေရင် သူ့မိန်းမလည်း ရှိနေတော့ ပစ်မှာကို ကြောက်ပြီး၊ ပစ်လာရင် သူ့မိန်းမကို ထိမယ်ဆိုပြီး သူက ဆင်းတွေ့တယ်။ အဲဒီမှာ သူ့ကို ဖမ်းဆီးသွားတယ်လို့ သိရတယ်ဟု ပြောကြားသည်။

ခိုင်ဝင်းလှိုင်သည် ထိုင်းနယ်စပ်တွင် လှုပ်ရှားနေသော ရခိုင်ဘုရင့်နိုင်ငံတော် မျိုးဆက်သစ်အသင်း (ARKG) အဖွဲ့၏ အတွင်းရေးမှူးလည်း ဖြစ်ပြီး ၎င်း၏ မွေးရပ်ဇာတိဖြစ်သော တောင်ကုတ်မြို့နယ်သို့ လွန်ခဲ့သော တနှစ်ခန့်က ပြန်လည်ရောက်ရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခိုင်ဝင်းလှိုင်ကို ဖမ်းဆီးသွားသူများသည် အစပိုင်းတွင် ဗမာစကားပြော၍ ဖမ်းဆီးခြင်းဖြစ်သော်လည်း  နောက်ပိုင်းတွင် ရခိုင်စကားပြောဆိုသဖြင့် ဖမ်းဆီးသူများသည် AA အဖွဲ့ဝင်များသာ ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောဆိုသည်။

၎င်းကဘာဖြစ်လို့လဲဆိုတော့ သူ့ကို မဖမ်းမီ AA က သူ့ကို ခြိမ်းခြောက်မှုရှိတယ်လို့ သိရတယ်။ သူက ကျနော်တို့ပါတီဆီ အကြောင်းကြားတယ်။ AA က သူ့ကို ခြိမ်းခြောက်မှုရှိနေတယ်လို့ အကြောင်းကြားတယ်။ အဲဒီအကြောင်းကြားပြီး မကြာမီ သူ့ကို အခုဖမ်းသွားတာပေါ့ဟု ဆိုသည်။

ယင်းနောက် ဇွန်လ ရက်တွင်တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့ဟု ဆိုသော အဖွဲ့က ဦးဝင်းလှိုင် (ခိုင်ဝင်းလှိုင်) သည် လုပ်ကြံသတင်းပေး၊ သတင်းယူမှုများဆောင်ရွက်ကြောင်း တွေ့ရှိပြီး အပြစ်ရှိကြောင်းထင်ရှားသဖြင့် သုတ်သင်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

AA ကို ထိခိုက်မည့် ကိစ္စရပ်များကို အရပ်သား အသွင်ဖြင့် ကြားဖြတ်လုပ်ဆောင်နေသည့်တောင်ကုတ် မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့ဆိုသည့် အဖွဲ့မှာ AA မှ ဖွဲ့စည်းပေးထားခြင်း သို့မဟုတ် AA ထောက်ခံသူ အရင်းအမြစ်များမှ ဖွဲ့စည်းထားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသော်လည်း AA အဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကတော့ ငြင်းဆိုကြသည်။ 

တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်နီနီမေမြင့်ကလည်း ခိုင်ဝင်းလှိုင် အဖမ်းခံရသည့် ကိစ္စနှင့် ၎င်းအသတ်ခံရသည့်ကိစ္စကို မသိရှိကြောင်း ပြောသည်။

ဖမ်းဆီးခံထားရသူ ၂ ဦး အနက်မှ ALA တပ်ဖွဲ့ဝင် ခိုင်မောင်လုံး (ဓာတ်ပုံ – ALP)

ကျမကို ဖုန်းဆက်ပြီးမေးကြတယ်။ ကျမလည်း နေပြည်တော်ကို ရောက်နေလို့ ဒီကိစ္စကိုမသိဘူး။ အဲဒီတောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့ဆိုတာကိုလည်း မကြားဖူးဘူးဟုဆိုသည်။

ခိုင်ဝင်းလှိုင် အမှန်တကယ်ပင် အသတ်ခံလိုက်ရခြင်း ဟုတ်မဟုတ် ဆိုသည့်အချက်ကို လက်ရှိတွင် ဧရာဝတီက သီးခြား အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ လူတယောက်ကို ကြီးမားသည့် အကြောင်းပြချက်မရှိဘဲ အလွယ်တကူ သတ်ဖြတ်မှုမျိုးကို တပ်မတော်နှင့် AA တို့က ဆောင်ရွက်လိမ့်မည်ဟု မထင်ကြောင်း ပြောဆိုသည်။

၎င်းကဒါကတော့ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးကဏ္ဍတွေလည်း ရှိကောင်းရှိနိုင်တာပေါ့ဗျာ။ နောက်တခုက ရခိုင်ပြည်နယ်မှာ သူတို့လုပ်ချင်ရာ လုပ်ပြီဆိုရင် AA က လုပ်တာ ဘာညာ အဲဒီလိုမျိုးလွှဲချတာတွေလည်းရှိတယ် ဗျ။ တပ်မတော်က လုပ်တယ် ဘာညာလည်းပြောကြတာရှိတယ်ဗျ။ ဒီလိုမျိုးတောကြောင်တွေတော့ ရှိကောင်းရှိနိုင်တယ်ပေါ့ဗျာဟု ဆိုသည်။

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့ဆိုသည့် အဖွဲ့သည် တပ်မတော်နှင့် AA တို့၏ လက်အောက်ခံ အဖွဲ့မဟုတ်ဘဲ သီးသန့်လွတ်လပ်သည့် အဖွဲ့ဖြစ်နိုင်သကဲ့သို့ တပ်မတော်နှင့် AA တို့၏ အောက်ခြေအဖွဲ့သားများက ၎င်းတို့၏ ခေါင်းဆောင်များထံမတင်ပြဘဲ ကိုယ့်သဘောနှင့် ကိုယ်ဖွဲ့ထားသည့် အဖွဲ့လည်း ဖြစ်နိုင်ကြောင်း ဦးဖေသန်းက မှတ်ချက်ပေးသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကမူ ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း သတ်ဖြတ်မှုနှင့် ဖမ်းဆီးမှုများ များစွာ ဖြစ်ပေါ်ခဲ့သော်လည်း မည်သူမှ သတ်ဖြတ်မှုများအတွက် တာဝန်မခံခဲ့ကြောင်း ဆိုသည်။

၎င်းကအခုနောက်ပိုင်းကျတော့ ဘယ်သူလုပ်တယ်ဆိုတာတော့ တာဝန်ခံတယ်။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းက Third Party ပုံစံမျိုးဖြစ်လာတာပေါ့။ Third Party တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် Third Party ပုံစံ လုပ်ထားတာမျိုးပါ။ ဒါမျိုး Third Party တခုက လုပ်ဖို့ဆိုတာက ဘယ်အရပ်သားက လုပ်ရဲမှာလဲဟု ဆိုသည်။

ဖမ်းဆီးခံထားရသူ ၂ ဦး အနက်မှ ALA တပ်ဖွဲ့ဝင် ခိုင်မောင်ခင်ဝင်း (ဓာတ်ပုံ – ALP)

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့က ထုတ်ပြန်သည့် စာအရေးအသားများသည်လည်း စနစ်တကျရေးသား ထုတ်ပြန်ထားသည်ကို တွေ့ရသဖြင့် သာမန်အရပ်သားများ စုပေါင်း ဆောင်ရွက်မှုမဖြစ်နိုင်ကြောင်း၊ လူစုလူဝေးဖြင့် စနစ်တကျလှုပ်ရှားသည့် ပုံစံမျိုး ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာ မင်းဇော်ဦးကအဲဒီလိုအဖွဲ့ကို အဲဒီနာမည်နဲ့ပေါ့နော်။ ဝက်ဘ်ဆိုက်တွေမှာ တင်ပြီး သတင်းလွှင့်နေတာတော့ လလောက်ကြာပြီပေါ့။ နောက်ပြီးတော့လည်း ဒီလိုမျိုးသူတို့သတ်မှတ်ချက်တွေနဲ့ မညီတဲ့သူတွေကို သတိပေးတာတို့ သတိပေးလို့ မရရင်ရှင်းပစ်မယ်လို့ အဲဒီလိုပြောတာတွေက အရင်ကတည်းက ရှိတယ်ပေါ့။ နောက်ပိုင်းကို အဲဒီနာမည်နဲ့ လုပ်လာတာတွေ ကျနော်တို့ တွေ့ရတယ်ပေါ့ဟု ဆိုသည်။

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့ ကို ဧပြီလ ရက်တွင်တောင်ကုတ်မြို့ကို ဗဟိုပြုကာ လူငယ်အဖွဲ့ဝင် အင်အား ၉၀ ဖြင့် ဖွဲ့စည်းထားကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း အထိ ရင်ဆိုင်လာရသော တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့တို့၏ ပဋိပက္ခအကြား လူ့အခွင့်အရေး ပျက်ကွက်မှုများ၊ တရားဥပဒေအရ အရာမရောက်မှုများ အမျိုးသားရေးဆိုင်ရာ အနိုင်ကျင့်မှုများကို ကာကွယ်ရန်နှင့် ဒေသခံပြည်သူများ၏ စိတ်ဒဏ်ရာရမှုများကို ကာကွယ်ရန် အမျိုးသားလုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့က ကြေညာထားသည်။

၎င်းတို့အဖွဲ့အစည်းသည် ပြဿနာများကြုံတွေ့ရပါက မည်သည့် အာဏာပိုင်၊ လက်နက်ကိုင်အဖွဲ့အစည်း၏ အကာအကွယ်ကိုမျှမယူဘဲ အဖွဲ့၏ ဘုံဆုံးဖြတ်ချက်အတိုင်း ကိုင်တွယ် ဖြေရှင်းသွား မည်ဟုလည်း ပြောဆိုထားသည်။

ALP သည် ရခိုင်တွင် ဖိနှိပ်မှုမှ လွတ်ကင်းရေးနှင့် တန်းတူရေးအတွက် ၁၉၆၇ ခုနှစ်ကတည်းက လက်နက်ကိုင် တိုက်ပွဲဝင် ခဲ့သော အဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည်။

You may also like these stories

ရခိုင်ပြည်သူများ၏ ဒုက္ခကိုစာနာပြီး တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ရန် ALP တောင်းဆို

အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ COVID-19 ကို ဘယ်လို ပူးပေါင်းဆောင်ရွက်နေကြလဲ

သျူစစ်ဒဒီ ထောင်ချောက်ထဲက ရခိုင်စစ်ပွဲ

The post ALP အဖွဲ့ဝင် ၃ ဦးကို AA ဖမ်းဆီး၊ တဦး အသတ်ခံရဟု သတင်းထွက် appeared first on ဧရာဝတီ.

မြောက်ဦး လူငယ် ၄ဦး အကြမ်းဖက်ဥပဒေနှင့် စွဲချက်မတင်မီ လွတ်မြောက်

$
0
0

၂၀၁၉ ခုနှစ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံခဲ့ရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ အသက် ၁၈နှစ်အောက် လူငယ် ၄ဦးကို ယမန်နေ့က မြို့နယ် ကလေးသူငယ်တရားရုံးမှ စွဲချက်မတင်မီ လွတ်ပေးလိုက်သည်။

၎င်းတို့မှာ မြောက်ဦးမြို့နယ် လက္ကာရွာမှ မောင်စိုးမိုးကျော်၊ ကျောက်ဆည်ပြင်ရွာမှ မောင်နေမျိုးဇော်၊ မောင်ညီညီနိုင်နှင့် မောင်ညီညီသန်းတို့ ဖြစ်ပြီး၊ ၎င်းတို့ကို AA နှင့် ပတ်သက်သည်ဆိုကာ ၂၀၁၉ခုနှစ် ဧပြီလနှင့် ဇွန်လများက တပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများဘက်မှ သဇင်ဥပဒေ အထောက်အကူအဖွဲ့နှင့် မြောက်ဦးခရိုင် ဥပဒေအထောက်ကူအဖွဲ့မှ လိုက်ပါ ဆောင်ရွက်လျှက်ရှိသည်။

သဇင်ဥပဒေအထောက်အကူူအဖွဲ့မှ ရှေ့နေ ဦးအောင်စစ်မင်းက “ မနေ့က အကြမ်းဖက်မှုနဲ့ မြောက်ဦးမြို့နယ် ကလေး သူငယ် တရားရုံးမှာ တရားစွဲခံရတဲ့ လူငယ် ၄ ဦး စွဲချက်မတင်မီ တရားရုံးက လွတ် ပေးလိုက်တယ်။ တရားရုံး အမိန့် ကတော့ တရားလိုဘက်က တရားစွဲတင်နိုင်လောက်တဲ့ ခိုင်လုံတဲ့ သက်သေအထောက် အထားတွေ မတင်ပြနိုင်တဲ့အတွက် ဒီလူငယ်တွေကို လွတ် ဖို့ အမိန့်ချလိုက်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။ 

အလားတူ မြောက်ဦးခရိုင် ဥပဒေအထောက်ကူအဖွဲ့မှ ရှေ့နေ ဦးကျော်ဖေသောင်းကလည်း ယင်းကလေး ၄ယောက် လွတ်မြောက်ကြောင်းကို အတည်ပြုသည်။

၂၀၁၉ ခုနှစ် ဧပြီ ၉ ရက်နေ့ ညက မြောက်ဦးမြို့နယ်ရှိ ရဲတပ်ရင်းနှင့် လေးမြို့မြစ်ကမ်းရှိ  တပ်မတော် ယာယီစခန်း ကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး၊ ဧပြီလ ၁၀ရက်နေ့ နံနက် လက္ကာရွာအနီး ထပ်မံတိုက်ပွဲဖြစ်ရာ တပ်မတော်စစ်ကြောင်းက ရွာအတွင်းဝင်ရောက်စစ်ဆေးပြီး ရွာသား ၂၇ဦးကို AA အဖွဲ့ဝင်များဟု ဆိုကာ ဖမ်းဆီးရာ မောင်စိုးမိုးကျော်လည်း ပါဝင်ခဲ့ ခြင်းဖြစ်သည်။

အလားတူ ထိုနှစ် ဇွန်လ ၁၃ရက်နေ့တွင် ကျောက်ဆည်ပြင်ရွာသို့ တပ်မတော်စစ်ကြောင်းက ဝင်ရောက်ရှာဖွေရာ မောင်ညီညီနိုင်၊ မောင်ညီညီသန်း၊ မောင်နေမျိုးဇော် အပါအဝင် ရွာသား ၂၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် အသက်မပြည့်သူ ကလေး ၃ ဦးကို မြောက်ဦးမြို့နယ် ကလေးသူငယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ကျန် ၂၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ( က ) ၊ ၅၀ ( ည ) ၊ ၅၂ ( က ) တို့ စစ်တွေခရိုင်တရားရုံးတွင် တရားစွဲခဲ့ခြင်း ဖြစ်သည်။

ယင်း ကျောက်ဆည်ပြင် ရွာသား ၂၂ ဦးထဲတွင် ပြီးခဲ့သော မေလအတွင်းက ရွာသား ၁၇ ဦးမှာ စွဲချက် မတင်မီ လွတ်မြောက်သွားခဲ့ပြီး ကျန်ရှိသူ ရွာသား ၅ ဦးမှာ  အမှုရင်ဆိုင် နေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။ 

အလားတူ လက္ကာကျေးရွာမှ မောင်စိုးမိုးကျော်မှာလည်း ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ရွာသား ၂၇ ဦးနှင့်အတူ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရ ခြင်း ဖြစ်သည်။ 

ထိုဖမ်းဆီးခံ ရွာသား ၂၇ ဦးတွင် တပ်မတော် စစ်ကြောရေး၌ ကိုဇော်မျိုးထွန်း၊ ဦးသိန်းထွန်းစိန်၊ ဦးမောင်သန်းနုတို့ သေဆုံးခဲ့သည်၊ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က ထုတ်ပြန်ရာ ဆေးပြတ်၍ သေဆုံးသူ တဦး ၊ ဆွဲကြိုးချ သေဆုံးသူ တဦးနှင့် နှလုံး ဖောက် ၍ သေဆုံး တဦး စသည့် ဖြစ်စဉ်များကြောင့် သေဆုံး ကြောင်း ထုတ် ပြန်ခဲ့သည်။

လက်ရှိ လက္ကာကျေးရွာသားများ စစ်ဘေးရှောင်စခန်းများတွင် ခိုလူံနေရပြီး ကျေးရွာမှာလည်း  ယခုနှစ် မေလ ၁၆ ရက်နေ့က မီးရှို့ခံ လိုက်ရကာ ဖမ်းဆီးခံ လက္ကာကျေးရွာသား ၂၃ ဦးမှာလည်း အကြမ်းဖက်မှု တိုက် ဖျက် ရေး ဥပဒေဖြင့် တရားရင်ဆိုင်နေရသည်မှာ တနှစ်ကျော်အထိ ရှိလာပြီ ဖြစ် သည်။ 

ဆက်စပ်ဖတ်ရှုရန် –

မြောက်ဦး လက္ကာရွာ မီးရှို့ခံရ၊ နေအိမ် ၂၀၀ နီးပါး ပြာကျ

လက္ကာရွာသားများအမှု တရားလိုပြသက်သေ အရာရှိ ၂ ဦးကို စစ်ဆေး

လက္ကာရွာသားများအမှုမှ တရားလိုနှင့် သက်သေများကို စတင်စစ်ဆေး

The post မြောက်ဦး လူငယ် ၄ဦး အကြမ်းဖက်ဥပဒေနှင့် စွဲချက်မတင်မီ လွတ်မြောက် appeared first on ဧရာဝတီ.

ဝေဖန်ခံနေရသော ဆိုလာပါဝါစီမံကိန်း တင်ဒါ အချိန်ထပ်တိုးပေး

$
0
0

တင်ဒါ ခေါ်ယူသည့် အချိန်ကို ၁ လသာ သတ်မှတ်ထားခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုသူများ၏ ဝေဖန်မှုခံနေရသော ဆိုလာ ပါဝါ စီမံကိန်းများအတွက် လျှောက်ထားချိန် တလထပ်တိုး ပေးလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက သိရ သည်။

မြေပြင်အခြေစိုက် ဆိုလာပါဝါ စက်ရုံပေါင်း ၃၀ တည်ဆောက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မေလ ၁၈ ရက်က တင်ဒါ စတင်ခေါ်ယူခဲ့ပြီး နောက်ဆုံး လျှောက်ထားရမည့် အချိန်ကို ဇွန်လ ၁၈ ရက် အထိအချိန် ၁ လသာ သတ်မှတ်ပေး ထားရာမှ ဇူလိုင်လ ၁၇ ရက်အထိ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် ကမ္ဘာ့ကပ်ရောဂါ COVID 19 ဖြစ်ပွားနေခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တခုခုသို့ ခရီးသွား လာခွင့် အကန့်အသတ် ရှိနေပြီး လိုအပ်သော မြေပြင်ကွင်းဆင်း လေ့လာမှုများအတွက် ပြည်တွင်းက ရင်းနှီးမြှုပ်နှံလိုသူ များပင် အခက်အခဲ ရှိနေကြောင်း၊ မြန်မာနိုင်ငံသို့ နိုင်ငံတကာ လေကြောင်းများ ပုံမှန်ပြေးဆွဲခြင်း မရှိသေးခြင်းကြောင့် လည်း ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ရန်လည်း အခက်အခဲ များစွာရှိနေ၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလို သူများက တင်ဒါ သက်တမ်းတိုးပေးရန် ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ဝင်းက “လိုအပ်တဲ့ ပစ္စည်းတို့ လုပ်ရကိုင်ရအပိုင်းမှာ ရင်း နှီးမြှုပ်နှံသူတွေက အခက်အခဲ သိပ်မရှိပေမယ့် ဒီ ဆိုလာ စီမံကိန်းဆိုတာ မြေဧကက ၁၅၀၊ ၂၀၀ လောက်ဆိုတော့ သူတို့ မြေရွေးဖို့က အခက်အခဲ ရှိနေတာပေါ့။ အခုလို ထပ်တိုးလိုက်တာကိုတော့ ကြိုဆိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ အချိန်တွင် ကိုဗစ်ကာလဖြစ်ခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ၏ ဆိုလာပါဝါ စီမံကိန်း များကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လျက် ရှိသော်လည်း တင်ဒါခေါ်ယူသည့် အချိန်ကာလ တိုတောင်းသည့် အတွက် အခက်အခဲ ဖြစ်ပေါ်နေမှုအတွက် အဆင်ပြေသွားနိုင်ပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးခင်မောင်ဝင်းက ဆက်လက်၍ “သူတို့ကလည်း ဒီလာမကြည့်ရဘဲ Risk များများနဲ့ လုပ်ရမယ်ဆိုရင် နိုင်ငံတော်ကို ပြန် ရောင်းမယ့် ဈေးနှုန်းက များသွားမှာလည်း စိုးရိမ်ကြတာပေါ့။ ဒီလို လုပ်ပေးလိုက်တော့ သူတို့လည်း လာကြည့်ပြီး Risk မယူရရင် သူတို့လည်း ဈေးသိပ်တင်စရာ မလိုတော့ဘူးပေါ့ ” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံရှိ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဥရောပကုန်သည်ကြီးများ အစရှိသည့် နိုင်ငံခြား ကုန်သည်ကြီးအသင်းများ ကလည်း ထို ဆိုလာပါဝါ စီမံကိန်းများအတွက် တင်ဒါခေါ်ယူသည့် အချိန်ကို ထပ်တိုးပေးရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနကို ပြီးခဲ့သည့် မေလကုန်ပိုင်းက တောင်းဆိုခဲ့ကြသေးသည်။

ယခုလို တင်ဒါအချိန် ထပ်တိုးပေးခဲ့ရခြင်းနှင့် ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရှိ ပြောရေးဆိုခွင့် ရှိသူများ အပြင် တင်ဒါခေါ်ယူရေး အဖွဲထံသို့ပါ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတိုင်းသာ ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ဆိုလာပါဝါ စက်ရုံတခုသည် အနည်းဆုံး လျှပ်စစ် မဂ္ဂါဝပ် ၃၀ မှ ၅၀ အထိ ထုတ်လုပ်မည် ဖြစ်ပြီး ဧရာဝတီတိုင်း တွင် ၄ခု ၊ ပဲခူးတိုင်းတွင် ၇ ခု၊ မကွေးတိုင်းတွင် ၆ ခု၊ မန္တလေးတွင် ၅ ခု၊ စစ်ကိုင်းတိုင်းတွင် ၄ ခု ၊ နေပြည်တော်တွင် ၃ ခုနှင့် ရန် ကုန်တိုင်းတွင် ၁ ခု တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါ ဆိုလာပါဝါ စီမံကိန်း တင်ဒါများအတွက် အိန္ဒိယနိုင်ငံ အခြေစိုက် ထိပ်တန်း ဆိုလာပါဝါ ထုတ်လုပ်ရေး ကုမ္ပဏီ Sterling & Wilson အပါအဝင် တရုတ်နှင့် အနောက်နိုင်ငံ ကုမ္ပဏီ အများအပြားက စိတ်ဝင်စားလျက် ရှိနေကြကြောင်း သိရသည်။

ယခု သတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။

ဆက်စပ်ဖတ်ရှုရန်

ဆိုလာပါဝါစီမံကိန်း တင်ဒါသတ်မှတ်ချိန် နည်း၍ ရင်းနှီးမြှုပ်နှံလိုသူများ အခက်တွေ့

ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ မင်းဘူးတွင် ဖွင့်လှစ်

The post ဝေဖန်ခံနေရသော ဆိုလာပါဝါစီမံကိန်း တင်ဒါ အချိန်ထပ်တိုးပေး appeared first on ဧရာဝတီ.

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပထမဆုံး ကိုဗစ်-၁၉ ကြောင့် သေဆုံး

$
0
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားရှိဆေးရုံတခုတွင် တနင်္ဂနွေနေ့က သေဆုံးသော အသက်အရွယ်ကြီးရင့်သူ တဦး၏ ဓါတ်ခွဲခန်းနမူနာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဒေသခံအရာရှိများ၏ အဆိုအရ တနင်္လာနေ့က သိရသည်။ လူဦးရေးထူထပ်သည့် ဒုက္ခသည်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန် အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟုလည်း ထိုအရာရှိများပြောသည်။

ကွယ်လွန်သူမှာ ကုတုပလောင်စခန်းမှ အသက် ၇၁ နှစ်အရွယ် အဘူလ်ခိုင်ယာ ဆိုသူဖြစ်ကြောင်း ထိုစခန်းတွင် နေထိုင်သူများပြောသည်။ သူ့ကို ယူခီယာ ခရိုင်ခွဲမှ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (Médecins Sans Frontières )က ဖွင့်လှစ်ထားသည့် ဆေးရုံတွင် တင်ထားစဉ်သေဆုံးခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များနှင့် ဒေသခံအသိုင်းအဝန်းအတွက် ဆေးဖက်ဆိုင်ရာအဆောက်အအုံများနှင့်လူ ၁၉၀၀ ထားနိုင်သည့် သီးခြားခွဲထားရေးဌာနတခု ဖွင့်လှစ်ရန်ပြင်ဆင်နေကြောင်း ဒေသခံအရာရှိများက အင်္ဂါနေ့တွင်ပြောသည်။ ကုတုပလောင်စခန်းမှ လူအများစုပါဝင်သော လူ ၁၅၀၀၀ ခန့်၏ သွားလာနေထိုင်မှုများကိုလည် ကန့်သတ်ထားကြောင်း သိရသည်။

“ဒါဟာ ကိုဗစ်-၁၉ ကြောင့် ရိုဟင်ဂျာတွေထဲမှာ ပထမဆုံးသေဆုံးမှုပဲ” ဟု ကော့ဗဇားခရိုင်မှ အဆင့်မြင့် ကျန်းမာရေးအရာရှိ မာဘူဘာရာမန်က အင်္ဂါနေ့တွင် အတည်ပြုပြောကြားသည်။

“သူနဲ့ပတ်သက်တဲ့ အစီရင်ခံစာ အပြည့်အစုံတော့မရသေးဘူး” ဟုလည်း သူပြောသည်။

သေဆုံးသူနှင့်အဆက်အသွယ်ရှိသူများကို ခြေရာခံရှာဖွေနေကြောင်း လူ တဒါဇင်ခန့်ကို သီးခြားခွဲထားပြီး ဖြစ်ကြောင်း ကော့ဗဇားမှ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင် (RRRC) မှ အရာရှိများပြောသည်။

ကိုဗစ်-၁၉ ရောဂါလက္ခဏာများတွေ့ရသောကြောင့် ထိုသူကို ဆေးရုံတင်ထားခြင်းဖြစ်ကြောင် ဒုက္ခသည်ကယ်ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင်နာ မိုဟာမက် ရှမ်ဆူ ဒိုဇာပြောသည်။ သူ့ထံမှ ဓါတ်ခွဲခန်းနမူနာကို သူမသေဆုံးမီ နာရီပိုင်းကရယူခဲ့ပြီး နောက်တနေ့တွင် ရောဂါပိုးကူးစက်ကြောင်း တွေ့ရခြင်းဖြစ်သည်။

မေလ ၃၀ ရက်နေ့အထိ ဒုက္ခသည် ၃၃၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရပြီး ဆေးစစ်ချက်ရယူခဲ့ရသည်ဟု အရာရှိများပြောသည်။ ဒိုဇာ၏ အဆိုအရ ထိုလူနာများအနက် ၂၉ ဦး (သေဆုံးသူမပါ)တွင် ရောဂါပိုးကူးစက်ကြောင်းတွေ့ရပြီး ကုသရေးစခန်းများတွင် သီးခြားခွဲထားကြောင်း သိရသည်။ ကူးစက်ခံရသူများတွင် ကလေးများမှ သက်ကြီးရွယ်အိုများအထိ ပါကြောင်းလည်း သူပြောသည်။

ဒုက္ခသည် စခန်းများမှလူ ၁၅၀၀၀ ကျော်ကို သွားလာနေထိုင်မှု ကန့်သတ်ထားကြောင်း နှင့် ၎င်းတို့အတွက် နေ့စဉ်အစားအသောက်နှင့် လိုအပ်သူများအတွက် အထူးအစီအစဉ်များ ချမှတ်လုပ်ဆောင်နေကြောင်းထို ဘင်္ဂလားဒေ့ရှ်အရာရှိက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ “ကူးစက်ခံရတဲ့သူ အများစုက ကုတုပလောင် စခန်းကလူတွေပဲ” ဟုလည်း သူပြောသည်။

RRRC သည် ဧပြီလ ၈ ရက်နေ့မှစတင်ပြီး ဒုက္ခသည်စခန်းများတွင် အရေးပေါ်အဆင့် သတ်မှတ်ထားသည့် နေရာများတွင် လူသားချင်းစာနာမှု လုပ်ငန်းများကို ကန့်သတ်ထားသည်။

မေလ ၁၄ ရက်နေ့က ဒုက္ခသည်များအကြား ပထမဆုံး ကိုဗစ်-၁၉ ကူးစက်မှုကို တွေ့ရပြီး နောက် လေးရက်အကြာ မေလ ၁၈ ရက်နေ့တွင် ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ သီးခြားခွဲထားကုသရေးဌာန(SARI ITCs) နှစ်ခုကို ကော့ဗဇားတွင် ထူထောင်ထားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ လက်ထောက်ဆက်သွယ်ရေးအရာရှိ မော့စတာဖာ မိုဟာမက် ဆက်ဇက် ဟိုစိန်က ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။

“လပ်တလော ကုတုပလောင်တွင် ကုတင် ၅၀ ဆန့် ကုသရေးစခန်းတခုနှင့် ယူခီယာတွင် ၁၄၅ ကုတင်ဆန့် ကုသရေး စခန်းတခုဖွင့်ထားပြီးဖြစ်သည်။ ကော့ဗဇာခရိုင်တခုလုံးတွင် ဒုက္ခသည်များသာမက ဒေသခံများအတွက်ပါ ကုတင်ပေါင်း ၁၉၀၀ ဆန့်သည့် SARI ITCs ဌာန ၁၂ ခုအထိ ဖွင့်ရန် ရည်မှန်းထားသည်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

သတင်းအချက်အလက်များသည် ကိုဗစ်-၁၉ ကို ကာကွယ်ရာတွင် အထိရောက်ဆုံးဖြစ်ကြောင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသူများက ရေဒီယ်ို၊ ဗီဒီယို၊ ပိုစတာနှင့် သတင်းစကားများကို နယ်မြေခံ ဘာသာစကား၊ မြန်မာဘာသာစကားနှင့် ဘင်္ဂလီ ဘာသာစကားများဖြင့် ဆက်သွယ်လုပ်ဆောင်နေကြောင်း Inter Sector Coordination Group (ISCG) က မေလတွင် ထုတ်ပြန်ကြေညာထားသည်။

သို့သော် စခန်းများတွင်နေထိုင်သူများသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး အင်တာနက်အသုံးပြုခွင့်မရသောကြောင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မရသလောက်ပင်ဖြစ်နေကြောင်း ရိုဟင်ဂျာ ကျောင်းသားကွန်ရက်မှ အမှုဆောင်ဒါရိုက်တာ ဆွေယက်ဒိုလာက ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။

အင်တာနက်ကန့်သတ်ချက်များရုတ်သိမ်းခြင်းသည် လူကုန်ကူးမှု တားဆီးရေးနှင့် ကမ္ဘာတဝှမ်းကူးစက်ရောဂါကာကွယ်ရေးအတွက် အလွန်အရေးကြီးကြောင်း သူပြောသည်။

“ကိုဗစ်-၁၉ နှင့်ပတ်သက်သော သတင်းအချက်အလက်လုံလုံလောက်လောက်ရလျှင် မိမိတို့ပြည်သူများသည် ထိုကူးစက်ရောဂါကို ၎င်းတို့ဖာသာကာကွယ်နိုင်မည်ဖြစ်သည်” ဟု လည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

“ဒုက္ခသည်စခန်းများတွင် လူကျပ်နေသောကြောင့် လူမှုခွဲခြားနေထိုင်ခြင်းသည် မဖြစ်နိုင်သဘောက်ဖြစ်နေသည်။ လက်များကိုဆေးကြောရန် သန့်ရှင်းရေးပစ္စည်း လုံလောက်စွာမရှိပေ။ အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ရရှိသည့် နှာခေါင်းစည်းများသည်လည်း လုံလောက်စွာကောင်းမွန်ခြင်း မရှိပေ” ဟုလည်း ထိုကြေညာချက်ကဆိုသည်။

ကူးစက်ရောဂါနှင့် ရောဂါထိန်းချုပ်ရေးနှင့်သုတေသနဌာန၏အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တနင်္လာနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုပေါင်း ၄၉၅၃၄ ခုရှိပြီး ထိုရောဂါကြောင့် သေဆုံးသူ ၆၇၂ ဦးရှိကာ သေဆုံးမှုနှုန်း ၁.၃၆ ရာခိုင်နှုန်းရှိနေသည်။

(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ First Rohingya Death From COVID-19 Reported in Bangladesh Refugee Camp  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဘာသာရေး အခမ်းအနား၌ ပါဝင်သည့် မြန်မာ တဗလိဂ် ၂၂ ဦးကို အိန္ဒိယအစိုးရ အမှုဖွင့်ထား

ဝူဟန်မှာ ကိုဗစ် စစ်ဆေးဖို့ ယွမ် သန်း ၉၀၀ ကျော် အသုံးပြုခဲ့

ဂျပန်မှာ COVID-19 ဒုတိယလှိုင်း ကြုံတွေ့နေ

ကျောင်းတွေကို ဘေးကင်းလုံခြုံစွာ ပြန်ဖွင့်နိုင်ပြီလား

The post ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပထမဆုံး ကိုဗစ်-၁၉ ကြောင့် သေဆုံး appeared first on ဧရာဝတီ.

ဒေသန္တရအမိန့် ချိုးဖောက်ခဲ့သည့် ထိုင်းနိုင်ငံသား ၃ ဦးကို ပြည်နှင်ဒဏ်ပေး

$
0
0

COVID-19 ကာလအတွင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့် ချိုးဖောက်ကာ လူစုလူဝေးဖြင့် ရေကစား ကခုန်ရာတွင် ပါဝင်ခဲ့ကြသည့် ထိုင်းနိုင်ငံသား ၃ ဦးကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် တာချီလိတ်တရားရုံးက ပြည်နှင်ဒဏ် ပေးခဲ့သည်ဟု သတင်းရရှိသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ် မြို့နယ်ဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ်ပ်က “မနေ့(ဇွန် ၁ ရက်)က အမိန့်ချတာပေါ့။ သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ သူတို့ကို အရင်က bar အတွက် ကူးစက်မှု ဥပဒေနဲ့ ပြစ်ဒဏ်နဲ့ လဝကပြစ်ဒဏ်နဲ့က တမျိုးပေါ့။ လဝကအနေနဲ့က သူတို့ကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ထပ်အရေးယူတာ။ သူတို့ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်က တာဝန်ရှိသူတွေကို လွှဲပြောင်းပေးလိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Mr. Crush Barတွင် လူစုလူဝေးဖြင့် သင်္ကြန်ရေကစား ကခုန်ခဲ့ကြသူ ထိုင်းနိုင်ငံသားအပါအဝင် ၁၂ ဦးကို အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခဲ့သော်လည်း ပြည်နယ်သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ် ၅၀၀၀ သာ ဒဏ်ရိုက်နိုင်သည့် ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေဖြင့် ပြောင်းလဲ အရေးယူခဲ့သည်။

ဒေသန္တရအမိန့်ချိုးဖောက်မှုဖြင့် အရေးယူခံခဲ့ရသူ ၁၂ ဦးတွင် Mr. Crush Bar ပိုင်ရှင်နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ရဲတပ်သား ၁ ဦးလည်း ပါဝင်သည်။ ၎င်းရဲတပ်သားကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ဖောက်ဖျက်မှုဖြင့် ဖမ်းဆီး အရေးယူ ခဲ့သည်ဟု သိရသည်။

တာချီလိတ်၊ အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က “အခုက ပြစ်ဒဏ်ပြည့်လို့ ပြန် လွှတ်လိုက်တာ။ ထိရောက်တဲ့ ပြစ်ဒဏ်မျိုးမဟုတ်ဘဲနဲ့ မုန့်ဖိုးသာရှိတဲ့ ပြစ်ဒဏ်မျိုး စီရင်လိုက်တာ တွေ့ရတယ်။ ပြည်သူလူထုက အဲဒီပြစ်ဒဏ်အပေါ်မှာ ယုံကြည်မှု လျော့ကြစေတာပေါ့” ဟု ပြောသည်။

ကူးစက်မြန်သည့် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာနေသူများသည် လေထုမှ တဆင့် ကူးစက်နိုင် သဖြင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် တာချီလိတ်မြို့၌ လူစုလူဝေး ပြုလုပ်ခြင်းအပြင် KTV၊ Bar၊ Club များပိတ်ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးက မတ်လ ၁၃ ရက်က ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။

ဆက်စပ်လင့်

ဥပဒေချိုးဖောက်၍ ရေကစားခဲ့သူများကို ဒဏ်ငွေ ၅၀၀၀ ကျပ် ချမှတ်မှု ဝေဖန်နေကြ

ဥပဒေ ချိုးဖောက်ကာ ရေကစားခဲ့သူများကို ဖမ်းဆီးအရေးယူ

ဒေသန္တရအမိန့် ဖောက်ဖျက်ခဲ့သည့် ရဲတပ်သားအား ပုဒ်မ ၂ ခုဖြင့် အရေးယူ

The post ဒေသန္တရအမိန့် ချိုးဖောက်ခဲ့သည့် ထိုင်းနိုင်ငံသား ၃ ဦးကို ပြည်နှင်ဒဏ်ပေး appeared first on ဧရာဝတီ.

Viewing all 26733 articles
Browse latest View live