Quantcast
Channel: ဧရာဝတီ
Viewing all 26733 articles
Browse latest View live

၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းစာရင်းဝင် လေဆိပ်များ

$
0
0

နှစ်စဉ်ထွက်ရှိလာတဲ့ ကမ္ဘာ့အကောင်းဆုံး လေဆိပ်များစာရင်း ၂၀၁၉ မှာတော့ အာရှတိုက်မှ လေဆိပ်တွေက အများဆုံး နေရာဝင်ယူထားပြန်ပါတယ်။ SKYTRAX ကထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ထိပ်တန်းလေဆိပ် ၁၀ ခုထဲမှာ အာရှတိုက်မှ ၇ ခုထိပါဝင်ခဲ့ပြီး ဥရောပတိုက်မှ ၃ ခုရှိခဲ့ပါတယ်။

ဒါဟာ ဆုပေးခဲ့တဲ့ ၇ကြိမ်မြောက်မှာ ထုံးစံအတိုင်း အာရှလေဆိပ်တွေပဲ ထိပ်တန်းစာရင်းဝင်နေခဲ့တာပါ။ ၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့ထိပ်တန်းလေဆိပ်အဖြစ် သတ်မှတ်ခံရတဲ့ လေဆိပ်တွေက ဘယ်လေဆိပ်တွေဖြစ်မလဲ ဆိုတာကြည့်ကြည့်ရအောင်ပါ။

Singapore Changi International Airport

၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံးထိပ်တန်းလေဆိပ်စာရင်းရဲ့ ပထမနေရာကို သိမ်းပိုက်သွားတာကတော့ စင်ကာပူ နိုင်ငံရဲ့ ချန်ဂီနိုင်ငံတကာလေဆိပ်ပါ။ ဒီ့ပြင် ကမ္ဘာပေါ်မှာ ဧည့်သည်ဝင်ထွက်မှု အများဆုံး နံပါတ် ၁၉ ခု မြောက် လေဆိပ်လည်းဖြစ်ပါတယ်။ ချန်ဂီလေဆိပ်ဟာ ပုံမှန်လေဆိပ်တခုရဲ့ ပြီးပြည့်စုံမှုထက် ပိုလျှံတဲ့အစိတ်အပိုင်းတွေကြောင့် ပထမဆုကို ထိုက်ထိုက်တန်တန်ရရှိသွားတာပါ။ Spa တွေ၊ ရုပ်ရှင်ရုံတွေနဲ့ လိပ်ပြာပန်းခြံတွေ အပြင် နောက်ဆုံး ဖွင့်လှစ်မယ့် အဆောက်အဦတွင်းကမ္ဘာ့အမြင့်ဆုံးရေတံခွန်ပါ တည်ဆောက်နေလို့ အခုလို သတ်မှတ်ခံရတာပါ။

Tokyo Haneda International Airport

ကမ္ဘာပေါ်မှာဧည့်သည်ဝင်ထွက်မှု အများဆုံး နံပါတ် ၄ ခုမြောက်လေဆိပ်ဖြစ်တဲ့ တိုကျိုမြို့ရဲ့ ဟာနေဒါနိုင်ငံတကာ လေဆိပ်ကတော့ ထိပ်တန်းစာရင်းမှာ ဒုတိယချိတ်ခဲ့ပြီး မနှစ်ကထက် နောက်တဆင့်ကို တက်လာနိုင်ခဲ့ ပါတယ်။ ဟာနေဒါလေဆိပ်ရဲ့ ထူးခြားမှုတွေကတော့ ဈေးဝယ်လို့အကောင်းဆုံးဆိုင်ခန်းတွေရှိတဲ့အပြင် သန့်ရှင်း သပ်ရပ်မှုကတော့ တကယ့်ကိုထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခံထားရတာပါ။

Incheon International Airport

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာရှိတဲ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကတော့ ဆုစာရင်းမှာ တတိယ နေရာမှာရှိပါတယ်။ မနှစ်က ဒုတိယနေရာမှာရှိခဲ့ပြီး ဒီနှစ်တော့ တတိယနေရာကို ဆင်းပေးခဲ့ရပါတယ်။ ၂၀၀၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ အင်းချွန်းလေဆိပ်ရဲ့ ထူးခြားချက်ကတော့ အကောင်းဆုံး Duty Free ဆိုင်တွေ ရှိတာ ပါ။

Hamad International Airport

ထိပ်တန်း အဆင့် ၄ မှာရှိတဲ့ ဟာမဒ်နိုင်ငံတကာလေဆိပ်ကတော့ ၂၀၁၄ ခုနှစ်ကမှ ကာတာလေကြောင်းလိုင်း က ဒေါ်လာ ၁၆ ဘီလီယံ အကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်လို့ ဆုစာရင်းထဲမှာ သက်တမ်းအနုဆုံးလေဆိပ်ပါ။ ခေတ်မီလှပတဲ့ဒီဇိုင်းတွေနဲ့ ပြင်ဆင်ခဲ့လို့ အရှေ့အလယ်ပိုင်းရဲ့ အကောင်းဆုံးလေဆိပ်ဖြစ်သလို ထိပ်တန်းဆုစာ ရင်းလည်း ဝင်လာခဲ့ပါတယ်။

Hong Kong International Airport

အာရှတိုက်ရဲ့ ဧည့်သည်ဝင်ထွက်မှုအများဆုံးလေဆိပ်စာရင်းဝင် ဟောင်ကောင်နိုင်ငံတကာလေဆိပ်ဟာ လူလုပ် ကျွန်းပေါ်မှာ တည်ဆောက်ထားတာပါ။ ထိပ်တန်းအဆင့် ၅ မှာရှိတဲ့ ဟောင်ကောင်လေဆိပ်မှာ မကြာသေးခင် ကပဲ Cathay Pacific လေကြောင်းလိုင်းက ယောဂနဲ့ တရားထိုင်ဖို့ အခန်းတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။

Chubu Centrair international Airport

နောက်ထပ် ကျွန်းတုပေါ်မှာရှိတဲ့ လေဆိပ်ကတော့ ချူးဘူးနိုင်ငံတကာလေဆိပ်ပါ။ ဂျပန်နိုင်ငံ၊ နဂိုရာမြို့မှာရှိပြီး လေဆိပ်ထဲကနေ ပင်လယ်ပြင်ရှုခင်းကို မျက်စိတဆုံး ကြည့်ရှုခံစားနိုင်သလို ဂျပန်ရိုးရာရေချိုးခန်းလေးတွေပါ ထည့်သွင်းထားပါတယ်။

Munich Airport

ထိပ်တန်းအဆင့် ၇ ရှိတဲ့ ဂျာမနီနိုင်ငံ၊ မြူးနစ်လေဆိပ်ကတော့ ဂျာမနီနိုင်ငံတွင်းမှာ ဧည့်သည်ဝင်ထွက်မှု ဒုတိယ အများဆုံးလေဆိပ်လည်းဖြစ်ပါတယ်။ စွဲမက်ဖွယ်ကောင်းတဲ့ ဗိသုကာလက်ရာတွေကို မြင်တွေ့နိုင်သလို လေ ဆိပ်တခုမှာ ရှိရမယ့်ပစ္စည်းပစ္စယအစုံအလင် ရှိတာကြောင့်လည်း ဥရောပတိုက်ရဲ့ အကောင်းဆုံးလေဆိပ်အဖြစ် မဲပေးခံထားရပြန်ပါတယ်။

London Heathrow Airport

ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံးလေဆိပ်ကြီး ဟီးသရိုးလေဆိပ်ကတော့ ထိပ်တန်းအဆင့် ၈ ပါ။ ဧည့်သည်တွေကို ဧည့် ဝတ်ကျေပွန်မှု အကောင်းဆုံးနေရာအဖြစ် ချီးကျူးခံထားရပါတယ်။

Tokyo Narita International Airport

နောက်ထပ် ဂျပန်နိုင်ငံရဲ့ လေဆိပ်တခုကတော့ နာရီတာနိုင်ငံတကာလေဆိပ်ပါ။ ဝန်ထမ်းတွေရဲ့ ဖော်ရွေမှု၊ အ ဆောက်အဦ သန့်ရှင်းသပ်ရပ်မှုတွေကြောင့် ထိပ်တန်းဆုစာရင်းဝင်ဖြစ်လာခဲ့တာပါ။

Zurich Airport

ကမ္ဘာ့အကောင်းဆုံးထိပ်တန်းလေဆိပ် အဆင့် ၁၀ ကတော့ ဆွစ်ဇာလန်နိုင်ငံက ဇူးရစ်လေဆိပ်ပါ။ ဒီလေဆိပ် ကြီးထဲမှာ စက်ဘီး၊ စကိတ်တွေ ငှားစီးလို့ရသလို၊ ဆွစ်သယ်ယူပို့ဆောင်ရေးပြတိုက်ကိုပါ လေ့လာနိုင်လို့ ခရီးတထောက် နားသူတွေအတွက် အဆင်ပြေပါတယ်။

Ref: Aviation plus mag

The post ၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းစာရင်းဝင် လေဆိပ်များ appeared first on ဧရာဝတီ.


မြန်မာနှစ်သစ်ကူးသင်္ကြန်မှာ ဆုတောင်းစကားပြောကြတဲ့ အနုပညာရှင်များ

$
0
0

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကြီးမှာ ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်များ ဖြစ်ကြတဲ့ ဟိန်းဝေယံ၊ ကျော်ကျော်၊ ဆုမြတ်နိုးဦး၊ ငဲငယ်လေး၊ ဝင်ယမုံနိုင် တို့က ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာ ရှိနေမလဲဆိုတာ ပြောပြထားသလို ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်း စကားသံများကိုလည်း ယခုလိုပြောပြထားပါတယ်။

ဟိန်းဝေယံ

ရန်ကုန်သင်္ကြန်က မနှစ်ကထက် ပိုစည်မယ်လို့ ထင်တယ်။ လမ်းလျှောက်သင်္ကြန်တွေ ရှိလာတော့ ပိုပြီးကောင်းလာတယ်။ ကျနော်က အရင်နှစ်တွေက သင်္ကြန်ဆိုရင် နားတာများတယ်။ သင်္ကြန်မှာ ကိုယ့်ဟာကို အေးဆးနားရင်နား မနားရင် ဘုန်းကြီးဝတ် တရားစခန်းဝင်တာ များတယ်။ သင်္ကြန်ကို အလုပ်နဲ့ မဖြတ်သန်းဖူးဘူး။ ဒီနှစ်ကတော့ သင်္ကြန်ကို အလုပ်လုပ်ရင်းနဲ့ ဖြတ်သန်းဖြစ်မှာပါ။ ပရိသတ်တွေ အားလုံးနှစ်သစ်မှာ အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေ။ သင်္ကြန်တွင်းမှာလည်း အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ကျော်ကျော်

သင်္ကြန်မှာတော့ Channel K မဏ္ဍပ်မှာ ရှိမှာပါ။ လမ်းလျှောက်သင်္ကြန်ကတော့ မန္တလေးမှာ တော်တော်အောင်မြင်နေ တာကြာပြီပေါ့။ ဒီရန်ကုန်မှာလည်း လမ်းလျှောက်သင်္ကြန်တွေ ရှိတယ်။ အစစ်ကြီးတော့ မဟုတ်ဘူးပေါ့။ လမ်းစုလျှောက်တဲ့ သဘောပဲပေါ့။ ဒီနှစ်လမ်းလျှောက်သင်္ကြန်အစစ်တွေ ရှိလာတော့ ပျော်ဖို့လည်းကောင်းမယ်လို့။ ရိုးရာ ယဉ်ကျေးမှုကိုလည်း ပိုထင်ဟပ်စေမယ်လို့ ထင်တယ်။ သင်္ကြန်မှာ ပရိသတ်တွေ ပျော်ကြပါ။ အပျော်ကနေ အပျက် မဖြစ်ကြပါစေနဲ့လို့ ပြောချင်ပါတယ်။

ဆုမြတ်နိုးဦး

သင်္ကြန်မြတ်နိုး ဘီးလင်းမြို့မှာရှိပါမယ်။ သင်္ကြန်အမှတ်တရတွေကတော့ အများကြီးပဲပေါ့။ ငယ်တုန်းကလည်း ငယ်တဲ့ အလျောက်ကြီးတော့လည်း ကြီးတဲ့ အလျောက်ပေါ့။ ဒီနှစ်တော့ သီချင်းဆိုရမှာ။ သြင်္ကန်မှာ ပရိသတ်တွေ အားလုံး ကံကောင်းခြင်း ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေလို့ ဆိုတောင်းပေးပါတယ်။

ငဲငယ်လေး

သင်္ကြန်လေးရက်လုံးမှာ မြကျွန်းသာသင်္ကြန်မှာ ရှိမှာပါ။ လမ်းလျှောက်သင်္ကြန်မှာ ထိပ်ဆုံးက ပါဝင်ဖြစ်မယ်ထင်တယ်။ သင်္ကြန်မှာ အမှတ်တရဆိုရင် လုံးဝမေ့လို့မရတာကတော့ ၂၀၁၇ခုနှစ် မန္တလေးမှာ ICနဲ့ ဖျော်ဖြေခဲ့ရတာကတော့ အမှတ်တရပေါ့။ အဲ့ဖီလင်ကို ဘာနဲ့မှလဲလို့ မရပါဘူး။ ပရိသတ်တွေ နှစ်သစ်မှာ ချစ်သူခင်သူတွေ နဲ့ လက်တွဲသွားနိုင်ပါစေ။ မိဘ မောင်နှမတွေနဲ့လည်း မဝေးကွာဘဲနဲ့ အမြဲစည်းစည်းလုံးလုံးရှိပြီးမှ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝလေးပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဝင့်ယမုံနိုင်

သင်္ကြန်ရောက်ပြီဆို ယမုံအချစ်ဆုံးက ပိတောက်ပန်းတွေရယ် မဏ္ဍပ်အောက်မှာ ကနေတဲ့ လူအုပ်ကြီးပဲ။ သင်္ကြန်မှာ Rave ရတာကို သိပ်မကြိုက်ဘူး။ ပင်ပန်းတယ်လို့ ခံစားရတယ်။ အေးအေးဆေးဆေးနေရတာကြိုက်တယ်။ အသက်ရလာလို့ လားတော့ မသိဘူး။ အေးဆေးပဲနေချင်တယ်။ ပရိသတ်တွေ နှစ်သစ်သင်္ကြန်မှစ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်း တွေနဲ့ပြည့်စုံပါစေ။ အန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေ။

The post မြန်မာနှစ်သစ်ကူးသင်္ကြန်မှာ ဆုတောင်းစကားပြောကြတဲ့ အနုပညာရှင်များ appeared first on ဧရာဝတီ.

မကျင်းပဖြစ်တဲ့ ရခိုင် သြင်္ကန် ရေကစားပွဲ

$
0
0

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရသူတွေကို စာနာ ထောက်ထားတဲ့ အနေနဲ့ ရန်ကုန်မြို့မှာ နှစ်စဉ် ကျင်းပနေကျ ရခိုင် သြင်္ကန် ပွဲတော်ကို မကျင်းပတော့ပါဘူး။

ရန်ကုန်မြို့မှာ ရခိုင် သြင်္ကန် ကျင်းပတာ ဒီနှစ် ဆိုရင် ၁၆ နှစ်မြောက်ခဲ့ပါပြီ။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ လုံခြုံရေး အခြေအနေကြောင့် အပြင် တခြား အကြောင်း တွေကြောင့်လည်း ပါတယ်လို့ ရခိုင် စာပေနဲ့ ယဉ်ကျေးမှု အသင်းက ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ဆိုပါတယ်။

“အခုကတော့ အကြောင်းအရပ် မျိုးစုံကြောင့် မဖြစ်နိုင်တဲ့ အတွက် လက်လျှော့လိုက်တာပါ။ ပါမစ်တွေ ဘာတွေ ပေးပြီး သားပါ။ အခု လက်ရှိ လုံခြုံရေး အခြေအနေကြောင့်လည်း ပါသလို ဒီမှာ ရှိတဲ့သူတွေကလည်း ရခိုင်မှာ ကိုယ့်ရဲ့ ဆွေမျိုး သားချင်းတွေ အကုန် ရှိနေကြတာ ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် မပျော်ရွှင်နိုင်ကြဘူးပေါ့”လို့ ဒေါ်စောခင်တင့်က ပြော ပါတယ်။

ဒါ့ပြင် အဓိက အချက်တွေထဲမှာ မဏ္ဍပ် ရေလောင်းမယ့် မိန်းကလေးတွေရဲ့ အုပ်ထိန်းသူတွေက ခွင့်မပြုကြဘူး လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေကြားထဲက ဒေသခံတွေကို စာနာတဲ့ အနေနဲ့ သြင်္ကန် ပျော်ပွဲ ရွှင်ပွဲတွေ မကျင်းပဘဲ ရိုးရာ နံ့သာသွေးပွဲနဲ့ ဘုရားရေ သပ္ပာယ်ပွဲလောက်ကိုသာ ကျင်းပဖို့ အတွက် စီစဉ်ထားကြတယ်လို့ ဒေသခံ တချို့ထံက သိရပါတယ်။

ရန်ကုန်မြို့မှာ ၁၆ နှစ်မြောက် ရခိုင်သြင်္ကန် ပွဲတော် မကျင်းပ ဖြစ်တော့ဘူး ဆိုပေမယ့်လည်း ရခိုင် သြင်္ကန်ရဲ့ ကျန်ရှိတဲ့ အပိုင်း ၂ ပိုင်း ကိုတော့ ဆက်လက် ကျင်းပဖို့ ရှိနေပါတယ်။

အဲဒါကတော့ ရခိုင် ရိုးရာ နံ့သာသွေးပွဲနဲ့ ဘုရား ရေသပ္ပာယ်တဲ့ ပွဲပါ။

နံ့သာ သွေးနေသော ရခိုင် ပျိုဖြူများ(ဓာတ်ပုံ – ထက်ဝေ/ဧရာဝတီ)

ဒီနေ့ ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်ကတော့ ရခိုင် သြင်္ကန်ရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ နံ့သာသွေးပွဲကို စတင် ပြုလုပ်နေပြီပဲ ဖြစ် ပါတယ်။

အဲဒါကိုတော့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ ရှိတဲ့ ရခိုင်ပြည်နယ် ဓမ္မာရုံမှာပဲ ကျင်းပတာပါ။

ရခိုင် သြင်္ကန်မှာ အပိုင်း ၃ ပိုင်း ရှိပါတယ်။

ပထမပိုင်း အနေနဲ့ သြင်္ကန် အကြိုနေ့မှာ နံ့သာသွေးပွဲ ကျင်းပပါတယ်။ နံ့သာသွေး ပွဲကတော့ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် စတဲ့ အမွှေးနံ့သာတွေကို သွေးပြီးတော့ အိုးတလုံးထဲမှာ စုစည်းထားပါတယ်။ နောက်တရက်မှာတော့ သွေးထားတဲ့ နံ့သာရည် တွေနဲ့ ဘုရားမှာ သပ္ပာယ် ပူဇော်တာပဲ ဖြစ်ပါတယ်။

အရင်နှစ်တွေက ဆိုရင် နံ့သာသွေးပွဲကို အသင်း အဖွဲ့တွေနဲ့ ပြိုင်ပွဲတခုလို ထည့်သွင်း ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကတော့ ပြိုင်ပွဲ ပုံစံ မလုပ်ဖြစ်တော့ဘူး လို့ ရခိုင် စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က သိရပါတယ်။

“၁၂ ရက်နေ့ကို ညနေ လောက်ကနေ ညပိုင်း အထိ အသင်းအဖွဲ့တွေက ဆင်တူ ဝတ်စုံနဲ့ နံ့သာသွေးကြမှာပါ။ ခါတိုင်း ကတော့ အမျိုးသမီး အငယ်တွေနဲ့ သွေးတာပေါ့။ အခုကတော့ အမျိုးသမီး အကြီးတွေရော အမျိုးသားတွေရော ပါဝင် နိုင်အောင် ဖိတ်ပါတယ်။ ဘယ်သူမဆို ဝင်ရောက်ပြီး နံ့သာသွေး နိုင်ပါတယ်” လို့ ဒေါ်စောခင်တင့်က ဆိုပါတယ်။

ဧပြီ ၁၃ ရက် ဖြစ်တဲ့ သြင်္ကန် အကြိုနေ့မှာတော့ ၁၂ ရက်နေ့က အားလုံး စုပေါင်း သွေးထားတဲ့ နံ့သာရည်တွေကို ဘုရားမှာ သပ္ပာယ် ပူဇော်မှာ ဖြစ်ပါတယ်။

အဲဒီအခမ်းအနားကိုတော့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်များ၊ အသင်း အဖွဲ့များ၊ ဧည့်သည်တော်များကိုလည်း ဖိတ်ကြားထားပါတယ်လို့ သိရပါတယ်။ ဒါကတော့ ရခိုင် ရိုးရာ သြင်္ကန်ရဲ့ ဒုတိယ အပိုင်းပါ။

ရခိုင်ရိုးရာ ဓလေ့ အရတော့ ဘုရား ရေသပ္ပာယ်ပြီးမှပဲ ရေကစားကြပါတယ်။

အရင်နှစ်တွေက ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန်ပွဲတော် ကျင်းပရေးမှာ ပါဝင်ခဲ့သူ ဦးအေးမောင် (မြောက်ဦး)က“လုံခြုံရေး အရ ပျော်ပွဲ ရွှင်ပွဲတွေ မလုပ်ဖြစ်တော့ပေမယ့် နောက်နှစ်တွေမှာတော့ ရခိုင်ပြည်နယ်လည်း ငြိမ်းချမ်းမှု ရှိပြီး ရခိုင် သြင်္ကန် လည်း ပြန်လည် လုပ်ဆောင်ဖို့ အတွက် မျှော်လင့်နေတယ်”လို့ ပြောပါတယ်။

ရခိုင် ရိုးရာ သြင်္ကန်ရဲ့တတိယ အပိုင်း ဖြစ်တဲ့ လောင်းလှေနဲ့ ရေကစားခြင်း အစီအစဉ်ကိုတော့ ဒီနှစ်မှာ မလုပ်ဆောင်ဖြစ် တော့တာပါ။

ရခိုင် သြင်္ကန်လို့ ဆိုလိုက်ရင် လောင်းလှေနဲ့ ရေကစား တာက ထင်ရှားပြီးတော့ လူသိများကြပါတယ်။

လောင်းလှေနဲ့ ရေကစားခြင်း အလေ့အထ ကတော့ ရခိုင် တိုင်းရင်းသားတွေရဲ့ ထူးခြားတဲ့ ရိုးရာ တခုလည်း ဖြစ်သလို ဒီအလေ့အထကြောင့်လည်း ရခိုင် သြင်္ကန် က ပိုပြီး ထင်ရှားစေပါတယ်။

လှေထဲမှာ ဘာကြောင့် လောင်းကြသလဲ ဆိုရင် ရခိုင် လူမျိုးတွေက ပင်လယ် ကမ်းရိုးတန်း ဒေသ တလျှောက်မှာ နေ ထိုင် ကြသူတွေပဲ ဖြစ်ပါတယ်။ ကျွန်းတွေနဲ့ ကမ်းရိုးတန်း တလျှောက်မှာ ကြီးပြင်းလာခဲ့ကြပြီး နှစ်ပေါင်းများစွာ အစဉ်အဆက် ကတည်း က ရေလမ်းကို အားကိုးပြီး သွားလာ လှုပ်ရှားကြပါတယ်။

ရခိုင် တိုင်းရင်းသားတွေဟာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေတဲ့ လှေကို အရမ်း တန်ဖိုးထားပါတယ်။ ဒါ့ကြောင့် လှေ ကို အသုံးပြုပြီး လှေထဲ ရေထည့်ကာ ရေကစားတဲ့ အလေ့အထ ဖြစ်လာတာပါ။

ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ်က ကျင်းပသည့် ရခိုင် ရိုးရာ သြင်္ကန်ပွဲတော် (ဓာတ်ပုံ – ဧရာဝတီ)

လောင်းလှေနဲ့ ရေကစားရာမှာ လိုက်နာရမယ့် စည်းကမ်းချက်များစွာလည်း ရှိနေပါတယ်။ အဲဒါတွေကတော့ သြင်္ကန်ထဲမှာ ပါတဲ့ အမျိုးသမီးလေးတွေက မဏ္ဍပ် အတွင်းမှာပဲ ရေကစားရပါတယ်။ ရေကစားမယ့် မိန်းကလေးတွေက အပျို ဖြစ်ရပါ မယ်။ ရေလောင်း မဏ္ဍပ်မှာ ဆိုရင် မဏ္ဍပ် ရှင်မ လို့ ခေါ်တဲ့ မဏ္ဍပ် အုပ်ထိန်းသူ ရှိပါတယ်။

ရေကစားကြမယ့် အမျိုးသားတွေကတော့ အပြင် သတ်မှတ်နေရာမှာပဲ စည်းကမ်းနဲ့ အညီ ရေကစားခွင့် ရှိပြီးတော့ အဖွဲ့ လိုက်လည်း ရေကစားနိုင်သလို သီးသန့် ရေကစားလိုတဲ့ အမျိုးသမီးလေးကိုလည်း ခွင့်တောင်းပြီး ရွေးချယ်ပြီးလည်း ရေ ကစား နိုင်ပါတယ်။

“နောက်တချက်က အမျိုးသမီးလေးတွေကို အမျိုးသားတွေနဲ့ ဘယ်လောက်ပဲ ခင်ခင် ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး နာမည် ထုတ်ဖော်ခွင့် မရှိပါဘူး။ အဲဒီ အမျိုးသမီးတွေကို “မရီး” လို့ ပဲ ခေါ်ရပါတယ်” လို့ ဒေါ်စောခင်တင့်က ရိုးရာ ဓလေ့ကို ပြောပြ ပါတယ်။

ရခိုင် ဓလေ့ အရတော့ လူပျိုလေးတွေက ရေကစားဖို့ လာတယ်ဆိုရင် အဲဒီမှာ ရှိနေတဲ့ အမျိုးသမီးကို ရွေးချယ်တဲ့အခါ သူ့မှာ ပါလာတဲ့ ရေနဲ့ အရင်ဆုံး ၂ ချက် ၃ ချက် ဖြန်းလိုက်ရတယ်။ အဲဒီ မိန်းကလေးက သူ့ကို လက်ခံချင်တဲ့ သဘော ဆိုရင် လှေထဲမှာ ပါတဲ့ ရေနဲ့ သူ့ကို ဖြည့်ပေးရတယ်။ ပြီးတော့မှ အတူတူ ရေကစားရတယ်လို့ သိရပါတယ်။

ဒေါ်စောခင်တင့်က “ရေကစားပြီးပြီ ဆိုရင် အမျိုးသားက အမျိုးသမီးကို ချစ်ခွင့် ပန်ချင်ရင် ဖြစ်ဖြစ် ပြန်တော့မယ် ဆိုရင် မေတ္တာရေ လောင်းတာ ဆိုတာ ရှိသေးတယ်။ နောက်ဆုံး မေတ္တာရေ လောင်းမယ် ဆိုရင် အမျိုးသမီးလေးနားကို အမျိုး သားက ကပ်ပေးရတယ်။ နောက်ဆုံး ဒီရေလေးကို တဖြည်းဖြည်းချင်း လောင်းပေးပြီးမှ သဘောကျပါတယ်။ မိဘတွေ တောင်းဖို့ ရမ်းဖို့ ကိစ္စတွေ ပြောကြတယ်” လို့ ဆိုပါတယ်။

ရခိုင်ရိုးရာ သြင်္ကန်ဟာ အမျိုးသားတွေ အတွက် အခွင့်အရေးပဲ လို့လည်း ပြောကြပါတယ်။

အရင် ရှေးကတည်းကဆို ရခိုင် အမျိုးသမီးတွေကသိပ်ပြီး အပြင် ထွက်ကြတာ မဟုတ်ဘူး။ ဒီအမျိုးသမီးတွေကို သဘော ကျတယ် ဆိုရင် အမျိုးသားတွေက သြင်္ကန်ကျအောင် စောင့်ရတာ။ ဒီသြင်္ကန်ပွဲတော်က ဖူးစာဖက် ဆုံတွေ့တဲ့ပွဲ ဆိုရင် လည်း မမှားပါဘူး။

ဒီသြင်္ကန်ကို အကြောင်းပြုပြီးတော့ အိမ်ထောင်ပြုသွားတဲ့သူတွေ အများကြီး ရှိပါတယ်လို့ ရခိုင် သြင်္ကန် ပွဲတော် ဓလေ့ကို ဆိုကြပါတယ်။

ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ရခိုင် သြင်္ကန်ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေ လျော့လျဲလာကြောင်းနဲ့ ရိုးရာ ဓလေ့တွေ ပျောက်ကွယ်လာကြောင်းကို ရခိုင် သြင်္ကန် စီစဉ်သူ တချို့က ပြောပါတယ်။

ရခိုင် ရိုးရာ လောင်းလှေကြီးဖြင့် ရေကစားကြစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ဒေါ်စောခင်တင့်က “ကျမတို့က အရင်ကဆို သိမ်ဖြူကွင်းမှာတော့ အကုန်လုံး တာဝန်ယူပြီး ရိုးရာ ဓလေ့ ယဉ်ကျေးမှုကို ထုတ်ဖော်ဖို့ အတွက် ရေဖလားကို ဘယ်လို ကိုင်ရမလဲ ဆိုတာက အစ သင်ပြီး ရိုးရာယဉ်ကျေးမှု နဲ့ အညီ ဖြစ်အောင် လုပ်ခဲ့တယ်။ စဉ်ဆက်မပြတ် ထိန်းသိမ်းခဲ့တယ်။ နောက်ပိုင်းကျတော့ တာဝန်ယူသူတွေလည်း ကွဲသွားတယ်” လို့ ဆိုပါ တယ်။

နောက်ပြီး ဒါက တဦး တယောက်တည်း လုပ်ဆောင်လို့ မရကြောင်းနဲ့ ရခိုင် ရိုးရာ သြင်္ကန် ယဉ်ကျေးမှု အလေ့အထ မပျောက်ကွယ်စေဖို့ အားလုံး ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုတယ်လို့ လည်း တိုက်တွန်းပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ ရခိုင် ရိုးရာ သြင်္ကန်ကို ရန်ကုန် အပြင် တခြား မြို့ကြီးတွေမှာ ကြီးကျယ်ခမ်းနားစွာ မပြုကြတော့ဘဲနဲ့ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲ ကိုသာ ကျင်းပ ကြဖို့ အတွက် နှိုးဆော်ကြတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ရခိုင် ပြည်နယ် စစ်တွေမြို့မှာတောင် လုံခြုံရေး အခြေအနေကြောင့်မို့ မြို့တော်ဝန် မဏ္ဍပ် မလုပ်တော့ဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ ရခိုင် သြင်္ကန်ကတော့ ၂၀၁၃ ခုနှစ်လောက်ကမှ စတင် ကျင်းပခဲ့တာပါ။ အရင်က ဆိုရင် ရခိုင် သြင်္ကန်ကို သိမ်ဖြူကွင်းမှာ ၂၀၀၄ ခုနှစ်က စပြီး နှစ်စဉ်ကျင်းပ ခဲ့တာပဲ ဖြစ်ပါတယ်။

ရခိုင် သြင်္ကန်ရဲ့ ထူးခြားချက်များကြောင့်ပဲ ရခိုင် တိုင်းရင်းသားတွေသာ မက တိုင်းရင်းသား ပေါင်းစုံနဲ့ ကမ္ဘာလှည့် ခရီး သွားတွေ တကူးတက လည်ပတ်ကြရတဲ့ ပွဲတော် တခုလည်း ဖြစ်သလို နိုင်ငံတော် အဆင့် ပွဲတော် တရပ်လည်း ဖြစ်ခဲ့ ပါတယ်။

ရန်ကုန် သြင်္ကန်ကို ဆင်နွှဲတဲ့ အခါ “ရခိုင် သြင်္ကန်” ကို မရောက်ရင်တော့ သြင်္ကန်ပွဲ စုံအောင် လည်ဖြစ်တယ်လို့ မဆိုနိုင်ပါ ဘူး။

အခုလို ရခိုင် သြင်္ကန် မကျင်းပ ဖြစ်တဲ့အခါမှာတော့ ရန်ကုန်မြို့ သြင်္ကန်မှာ လည်ပတ်စရာ နေရာတခု လျော့သွားသလို နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ အတွက် ဆွဲဆောင်နိုင်တဲ့ ပွဲတော် တခု လည်း လျော့သွားခြင်းပဲ ဖြစ်ပါတယ်။

တိုင်းရင်းသား အစုံ ပျော်ကြတဲ့ ရခိုင် သြင်္ကန် ပွဲတော် အဓွန့်ရှည်ဖို့ အတွက် ရခိုင် ပြည်နယ် ယမ်းငွေ့တွေ ပြယ်စေဖိ့ု…ရခိုင် ပြည်နယ် အမြန်ဆုံး ငြိမ်းချမ်း အေးချမ်းနိုင်ဖို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ ။

The post မကျင်းပဖြစ်တဲ့ ရခိုင် သြင်္ကန် ရေကစားပွဲ appeared first on ဧရာဝတီ.

ငြိမ်းချမ်းရေးကို မျှော်လင့်နေကြသည့် နှစ်သစ်ကူး ဆုတောင်းသံများ

$
0
0

မြန်မာတို့ရဲ့ အတာသြင်္ကန်ပွဲတော်ကြီးဟာ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်တော့မယ် အချိန်အခါ သမယပဲ ဖြစ်ပါတယ်။ ဒီလို နှစ်သစ်ကူးအချိန်မှာ နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍစုံက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး နိုင်ငံတော်ကြီး ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် နှစ်သစ်မှာ အတူတကွ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံတွင် ပြည်တွင်စစ်များ ဆက်လက်ဖြစ် ပွားနေသလို စစ်ဘေးရှောင် ဒုက္ခအရေအတွက်ကလည်း တနေ့ထက်တနေ့ ပိုမိုများပြားလျှက်ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို လျှောက်လှမ်းကြရတော့မယ့် အချိန်မှာ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ မျှော်လင့်ချက် ဆုတောင်းစကားများကို ဧရာဝတီက ဖော်ပြပေးလိုက်ပါတယ်။

ဦးဝင်းဖေ (ဒါရိုက်တာ)

နှစ်သစ်ကူးမှာ ရည်ရွယ်ချက်များ အောင်မြင်ပြီး ပျော်ရွင်နိုင်ပါစေ။ မြန်မာပြည်သူ ပြည်သားများအားလုံး အေးချမ်းလုံခြုံပြီး လိုရာဆန္ဒဟူ သမျှ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

နှစ်သစ်ကူးမှာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် လုံခြုံစိတ်ချရပြီး အေးချမ်းပျော်ရွင်တဲ့ နိုင်ငံဖြစ်စေချင်တယ်။ ပြည်သူအားလုံး တောင်းတနေတဲ့ နှစ်သစ်ဖြစ်စေချင်တယ်။ တယောက်နဲ့တယောက် မလိုမုန်းထားမှုတွေ၊ အင်အားပြိုင်ဆိုင်မှုတွေ မရှိစေချင်ဘူး။ တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်စေဖို့ အစိုးရမှာတာဝန်ရှိသလို ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။ ငြိမ်းချမ်းတဲ့ မြန်မာ ပြည်ကြီးဖြစ်ဖို့အတွက် ဒေါသတွေ၊ မောဟတွေ၊ အနိုင်ယူတာတွေ ပြေပျောက်ဖို့ လိုတယ်။ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးရ စေချင်တယ်။

နောက်နှစ်အတွက်ကတော့ ပြည်သူတွေအတွက် မြန်မာနိုင်ငံကြီးအတွက် တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတော်ကြီး ဖြစ်ဖို့မျှော်လင့်ပါတယ်။ ခေတ်မီတဲ့ နိုင်ငံတော်ကြီးထက် အေးချမ်းလုံခြုံတဲ့ နိုင်ငံတော်ဖြစ်ဖို့ မျှော်လင့်ပါတယ်။

ဦးသန်းဋ္ဌေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဥက္ကဋ္ဌ)

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်ဟာ များမကြာမီမှာ ကုန်ဆုံးလို့ နှစ်သစ်တစ်ခုကို ကူးပြောင်း ရောက်ရှိပါတော့မယ်။ ဖြစ်ပျက်သဘာဝနဲ့ သင်္ခါရ ဓမ္မအရ အရှိတရားတွေ စက္ကန့်မလပ် ချုပ်ငြိမ်းကုန်လွန်သွားတဲ့နေရာမှာ အသစ်အသစ်သော အချိန်နာရီတွေ၊ ရက်လနှစ်တွေ အစားထိုး ရောက်ရှိလာခြင်းသာ ဖြစ်ပါတယ်။ နှစ်သစ်ဟာလည်း ကာလလေးတစ်ခုမှာပဲ အိုဟောင်းချုပ်ငြိမ်း သွားရမှာက ဘယ်တန်ခိုးရှင် ကမှ ပြုပြင်စီမံလို့မရတဲ့ တကယ့်အမှန် ပရမတ္ထသစ္စာ တစ်ခုပါ။

ဖြစ်ပျက်ပြောင်းလဲမှုဆိုတဲ့ သင်္ခါရဓမ္မကို လူတွေပြုပြင်ဖန်တီးလို့မရပေမယ့် ရှင်သန်နေဆဲလူ့ဘဝရဲ့ မနက်ဖြန်များစွာ အတွက် ပြုပြင်ဖန်တီးနိုင်ခွင့်နဲ့ ဖန်တီးနိုင်စွမ်းဟာ လူတိုင်းမှာ ရှိနေပါတယ်။ ကိုယ်စားချင်တဲ့ အသီးရဖို့ စိုက်ရမယ့်အပင်ကို ရွေးချယ်စိုက်ပျိုး ရေလောင်းပေါင်းသင်း လုပ်တတ်ကြပါတယ်။

တကယ်တော့ ကိုယ်ပြုသည့်ကံ ကိုယ်သာစံ၊ ကိုယ်သာခံ၊ ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ အရှင်သခင်လို့ အနက်ထွက်တဲ့ “အတ္တာဟိ အတ္တနော နာထော”
အစချီတဲ့ အဆုံးအမ လမ်းညွှန် အလင်းရောင်အောက်က ကျနော်တို့ လူသားအား လုံးဟာ ကိုယ့်အနာဂတ်အတွက် ကိုယ့်သန္တာန်ရဲ့ ပြင်ပက ပြုပြင်ဖန်တီးမှုများနောက်မှာ အလိုက်အသင့်မျောပါနေမယ့်အစား မနက်ဖြန် များစွာ၊ နှစ်သစ်များစွာအတွက် ရလဒ်ကောင်းတွေထွက်ဖို့ ကိုယ်တိုင်ဖန်တီး ကြိုးပမ်းကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

လူသားများရဲ့ မွေးရာပါ အကုသိုလ်စိတ်တွေဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တမာန တွေနဲ့ ဝန်တို မစ္ဆရိယ စိတ်များကို နည်းနိုင်မျှ နည်းအောင် သတိနဲ့ ထိန်းသိမ်းနိုင်ကြပြီး ကောင်းခြင်း မင်္ဂလာများစွာနဲ့ ပြည့်စုံတဲ့ ပိုမိုတောက်ပတဲ့ အနာဂတ်ကို ချမ်းမြေ့စွာ ပိုင်ဆိုင်နိုင် ကြပါစေ။

ချစ်ဦးညို (စာရေးဆရာ)

တဦးစီအတွက်ကတော့ ကိုယ့်သဘောကိုယ်ဆောင်ကြပါလို့။ အားလုံးခြုံပြီးတော့ တိုင်းပြည်နဲ့ ပြောရရင်တော့ ငြိမ်းချမ်းရေး အမြန်ရပါစေ၊ စစ်တွေ ချုပ်ငြိမ်းပါစေ။ စစ်ပွဲတွေအကုန်ရပ် စစ်ရှောင်ဒုက္ခသည်တွေ လုံးဝပပျောက် အဲဒါပဲ လိုချင်ပါတယ်။

နေ့စဉ်နှင့်အမျှ ကြည့်လိုက်တဲ့အခါမှာ လူတွေဟာ တစ်ဦးစီအနေနဲ့လည်း သူတို့ အတွင်းသဘောတွေ မငြိမ်းချမ်းကြဘူး။ စီးပွားရေးအရ ၊ လူမှုရေးအရ မငြိမ်းချမ်းကြဘူး။ ပူလောင်နေတာတွေ့ရတယ်၊ ရောက်ယက်ခတ်နေတယ်။ လိုတာတွေ အရေးကြီးတာတွေ မလုပ်ဖြစ်ဘဲနဲ့ facebook မှာအချိန်ကုန်ပြီတော့ ပူလောင်ဆူညံနေတာတွေ တွေ့ရတယ်။

တစ်ဦးချင်းစီမှာလည်း ငြိမ်းချမ်းမှုမရှိကြဘူး။ သဘောကတော့ စိတ်၏ငြိမ်းချမ်းခြင်း စိတ်၏အေးမြခြင်း မရှိကြဘူး။အဲဒီလို မရှိတဲ့လူတွေ အများကြီးပေါင်းလိုက်တော့ တိုင်းပြည်ကလည်း ငြိမ်းချမ်းရေး မရှိတော့ဘူးပေါ့။ အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးကို ပြောနေခြင်း ဖြစ်ပါတယ်။

ဒေါက်တာအေးမင်း (ဘာသာပေါင်းစုံအဖွဲ့ – အထွေထွေအတွင်းရေးမှူး)

နှစ်သစ်ကိုကြိုဆိုလျှက်ရှိတဲ့ မြန်မာပြည်သူ/သား အားလုံးအပေါ်မှာ ငြိမ်းချမ်းသော၊ ချမ်းမြေ့သာယာသော ၊ မင်္ဂလာအပေါင်း ခညောင်းတဲ့နှစ်သစ်ဖြစ်ဖို့ ဆုတောင်းပါတယ်။ နှစ်ဟောင်းက အတွေးအခေါ်၊ အညစ်အကြေးအားလုံး ဆေးကြောပြီး သန့်ရှင်းတဲ့၊ သာယာတဲ့ နှစ်သစ်ကို ခံစားရပါစေလို့ ဘာသာပေါင်းစုံအဖွဲ့ကိုယ်စား မေတ္တာပို့ ဆုတောင်းပါတယ်။

နှစ်သစ်ကူမှာ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့ပါ။ နိုင်ငံတဝန်း ပျော်ရွှင်စွာနဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေကြတဲ့ အချိန်အခါမှာ နိုင်ငံတော်ကြီးလဲ ဘေဒုက္ခဆင်းရဲအပေါင်းက လွတ်မြောက်ပြီးမှ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးကို လူသားတိုင်းအတွက် ကောင်းသောမျှော်လင့်ချက်တွေ ရှင်သန်ဖို့ရန် မျှော်လင့်ပါတယ်။

ပဒိုစောကွယ်ထူးဝင်း (ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒု ဥက္ကဋ္ဌ)

နှစ်ဟောင်းကုန်လို့ နှစ်သက်ကူးတဲ့အချိန်မှာ ကျနော်တို့ လူသစ် စိတ်သစ်နဲ့ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး တွက်လည်း တတက်တ အား ပါဝင်ကြဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခကလည်း နှစ်ပေါင်း များစွာ ဖြစ်လာတဲ့အပေါ်မှာ ပြည်သူ လူထုတွေလည်း အတိဒုက္ခရောက်နေကြတယ်။
ဒါကြောင့်မလို့ အခု နှစ်သစ်မှာရော အမုန်းတရားတွေ ပျက်ပြယ်ပြီးတော့ ချစ်ခင် ရင်းနှီးမှု တရားတွေ ကြီးစိုးလာဖို့အတွက် ကျနော်တို့ မျှော်လင့်ပါတယ်။

အခု ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း နှစ်သစ်မှာ အင်နဲ့အားနဲ့ လူသစ် စိတ်သစ်နဲ့ အားလုံး အတူတကွ ပူးပေါင်းပါဝင်ကြဖို့ လည်း ကျနော်တို့မျှော်လင့်တယ်။ ဒါကြောင့်မလို့ နိုင်ငံသူ/သား အားလုံးအနေနဲ့ နှစ်သစ်မှာ ကျနော်တို့ နိုင်ငံရဲ့ အကျိုး ၊ ပြည်သူတရပ် လုံးရဲ့အကျိုးကို မျှော်ကိုးပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ကြပါလို့ ကျနော်တို့ တိုက်တွန်းလိုပါတယ်။

ရဲဘော်မိဆူးပွင့် ဗဟိုဦးဆောင်ကော်မတီဝင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF)

လက်ရှိ တိုင်းပြည်ထဲမှာဖြစ်နေတဲ့ အရေးပေါ်ကိစ္စတွေထဲကနေပြီးတော့ အရေးအကြီးဆုံးလို့တောင်မှ ပြောလို့ရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့။ ဒီငြိမ်းချမ်းရေးအတွက် ပြည်သူလူထုတရပ်လုံး အာရုံစူးစိုက်ပြီးတော့ ပါဝင်ကြဖို့ရယ်၊ ဒီတွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကတော့ အစပြု လာပြီ၊ ဒါပေမယ့် အရှေ့ကိုမရောက်သေးဘူး။ အရှိန်အဟုန်လည်း မကောင်းသေးဘူး။ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်တွေ ရပ်မသွားအောင် ပြည်သူလူထု တရပ်လုံး နိုင်ငံရေး အင်အားစုတွေ အားလုံးက ဝိုင်းဝန်းပါဝင်ပေးကြဖို့အတွက် နှစ်သစ်မှာ ကျမအနေနဲ့ မေတ္တာ ရပ်ခံချင် တယ်။

ဒီလိုပဲ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကလည်း တိုင်းပြည်အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတဲ့ အင်မတန် အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုကို စွဲကိုင်မိကြပြီ။ ဒါကို လက်လွတ်လိုက်လို့လည်း မရဘူး။ ရှေ့ဆက်သွားရမယ်။ အဲဒီအတွက် အကောင်း ဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ၊ လမ်းကြောင်းတွေနဲ့ လက်ရှိတိုက်ပွဲ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့နေရာမှာ ရှိနေတဲ့ လူထုတွေရဲ့ အခြေ အနေ အခက်အခဲတွေကို မျက်နှာမူပြီးတော့မှ တိုင်းပြည် တခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ်သာယာငြိမ်းချမ်းရေးကို ရည်ရွယ်ပြီးမှ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဆက်ပြီးတော့ တွန်းဖွင့်ဖို့အတွက် ကျမအနေနဲ့တော့ ဆန္ဒပြုတိုက်တွန်း ချင်ပါတယ်။

ဦးကိုကိုကြီး (ပြည်သူ့ပါတီ၊ ဥက္ကဌ)

၁၃၈၀ ပြည့်နှစ် မဟာသြင်္ကန်အခါသမယမှာ နိုင်ငံသူ ၊နိုင်ငံသားအားလုံးကို ဆုတောင်းစကားပြောချင်တာကတော့ ကျနော်တို့ နိုင်ငံတော် နဲ့ နိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ ဆင်းရဲနွမ်းပါးမှု၊ နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခ ကြားထဲမှာ ကျင်လည်ခဲ့ရတာ နာကျင် ထိခိုက် လွန်းလှပါပြီ။ ဒါကြောင့်မို့လို့ လာမယ့်နှစ်သစ်မှာ အဆုံးအဖြတ်ပေးနိုင်မယ့် ခေါင်းဆောင် အသီးသီးက ကိုယ်နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် ငြိမ်းချမ်းတဲ့ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် အတွက် အခြေခံအုတ်မြစ်ကောင်းတွေကို အနည်းဆုံးတော့ တည် ဆောက် ပေးကြပါလို့ ကျနော်ကတော့ မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်။

ဒေါ်စောမြရာဇာလင်း (ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့- ဒုဥက္ကဋ္ဌ)

နှစ်သစ်မှာ မြန်မာပြည်သူပြည်သားများ အားလုံး စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်းနဲ့ ပြည့်စုံပြီးတော့ လိုရာဆန္ဒဟူသမျှ ပြည့်ဝကြပါစေ။ ရှိရှိသမျှအားလုံး ဘေးဥပါဒ်အန္တရာယ်မှ လွတ်ကင်းကြပါစေ။ အထူးသဖြင့် ရခိုင်ပြည်က ဆိုလို့ရှိရင် စစ်မက်ဖြစ်ပွားနေတဲ့ နေရာဖြစ်တယ်။ စစ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေများစွာ ရှိပါတယ်။ ရခိုင်ပြည်အတွင်းမှာ နေထိုင်ကြတဲ့ လူသားများအားလုံး စိတ်ချမ်း သာခြင်း၊ ကိုယ်ချမ်းသာခြင်း ပြည့်ဝကြပါစေလို့ ဆန္ဒပြုပါတယ်။

တဆက်ထဲမှာပဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ လူသားများအားလုံးဟာလည်း စစ်ဘေးစစ်ဒဏ်မှ ကင်းလွတ်ပြီး တော့မှ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြပါစေ။ ဒုက္ခသည်များအာလုံး၊ နေရပ်ပြန်နိုင်ကြပါစေ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပြီးတော့မှ ဒီမို ကရေစီထွန်းကားပြီး လူသားအချင်းချင်း တရားမျှတစွာ အုပ်ချုပ်နိုင်သော တိုင်းပြည်ဖြစ်လာပါစေလို့ ကျမ ဆုတောင်းဆန္ဒပြုပါတယ်။

ကျမမျှော်လင့်ထားတာကတော့ ကျမတို့သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း ပြန်လည်ပေါ်လွင်လာဖို့အတွက် ကျမတို့ သွားရပါလိမ့် မယ်။ ရအောင်သွားဖို့အတွက်လည်း ဆန္ဒရှိပါတယ်၊ ကျမတို့တိုင်းပြည်ရဲ့အရှုတ်၊ အထွေး ဟူသမျှကို စားပွဲခုံမှာ အမြန်ဆုံးအဖြေရှာနိုင်ဖို့ အတွက် တိုက်တွန်းသွားဖို့ ဆန္ဒရှိပါတယ်။ ကြိုးလည်း ကြိုးစားနေကြပါတယ်။

ဗိုလ်မှူးချုပ် တာဘုန်းကျော် အထွေထွေအတွင်းရေးမှူး
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)

ဒီလို မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးနေ့မှာ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ အားလုံး ချုပ်ငြိမ်းပြီးတော့ နိုင်ငံသာယာ ပါစေလို့ ဆု တောင်းပါတယ်။ အထူးသဖြင့် တိုက်ပွဲတွေ ရပ်တန့်ဖို့ကိုလည်း ကျနော်တို့ မျှော်လင့်ပါတယ်။

အစိုးရရော၊ မြန်မာ့တပ်မတော်ရော၊ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရော ဒါကို (တိုက်ပွဲ ဖြစ်နေမှုကို) အဓိက ထား ပြီးတော့ ဆောင်ရွက်နိုင်ကြပါစေလို့ ကျနော်ဆုတောင်းချင်ပါတယ်။ အဓိက ဆုတောင်းရခြင်းရဲ့ အကြောင်း အရင်းကလည်း ကျနော်တို့ နှစ်ပေါင်း (၇၀)ကျော်ကြာ တိုင်းရင်းသား ပြည်သူလူထုတွေ စစ်ဘေးဒုက္ခသည်ဘဝက ပြီးဆုံးသင့်ပါပြီး။ ဒါကြောင့် ဒီနှစ်သစ်ကူးမှာ ကျ နော်တို့ တိုင်းရင်းသား ပြည်သူလူထုတွေ စစ်ဘေးဒဏ်ကနေ လွှတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

ဦးကျော်သူ (နာရေးကူညီမှုအသင်း၊ ဥက္ကဌ)

နှစ်သစ်ဆုတောင်းစကားကတော့ ဆုတောင်းတိုင်းလည်း ပြည့်တာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းပါစေ။ သူဌေးကြီးဖြစ်ပါစေ။ စာမေးပွဲအောင်ပါစေလို့ ဆုတောင်းတိုင်း ပြည့်တာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်လုပ်ကြဖို့ အရေးကြီးတယ်။ တိုင်းပြည်ငြိမ်းချမ်းချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် အရင်ဆုံးငြိမ်းချမ်းအောင် လုပ်ရမယ်။

တိုင်းပြည်တိုးတက်ချင်ရင် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အရင်ဆုံးလုပ်ရမယ်။ မိမိကိုယ်သာ အရေးကြီး ဆုံးဖြစ်တယ်။ မိမိ မိသားစုတိုးတက်မယ်။ မိမိကိုယ့်ကို ပြုပြင်မှတိုင်းပြည်တိုးတက်မယ်။ ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ အရေးကြီးပါတယ်။ ဒီနှစ်အတွက် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်နိုင်တဲ့ သူတွေ ဖြစ်ကြပါစေလို့ မေတ္တာပို့ပါတယ်။

ရှေ့နှစ်အတွက်ကတော့ ဘာမှကြိုမျှော်လင့်လို့ မရဘူး။ ပစ္စုပ္ပန်အတိုင်းသာ ကောင်းအောင်လုပ်မှ အနာဂတ်က ကောင်းမှာဖြစ်တယ်။ စိတ်ဓါတ် မကောင်းတဲ့သူတွေက ပစ္စုပ္ပန်မှာ အခုမကောင်းဖြစ်နေတာပေါ့။ အကောင်းဆုံးဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေမှ နောင်နှစ်မှာ အကောင်းဆုံးဖြစ်မှာ။ တနေ့ထက်တနေ့ အကောင်းဆုံးဖြစ်အာင် ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံအားထုတ်ဖို့ပဲ အရေးကြီးပါ တယ်။

အော်ပီကျယ် (ကာတွန်းဆရာ)

ပြည်သူတွေရဲ့ နှစ်သစ်ဆုတောင်းစကားက စစ်ဘေးဒုက္ခသည် ဓါတ်ပုံရဲ့စာသားလေးတခုကို သတိရတယ်။ တော်ကြပါတော့ဗျာတဲ့။ တော်ကြပါတော့ဗျာဆိုတာ အတ္တတွေ၊ အပြောနဲ့အလုပ် မညီတာတွေ၊ အဲဒါကို တော်ကြပါတော့လို့ အဲဒီစကားလေး ပြောချင်ပါတယ်။

အဲဒီမှာ တော်ကြပါတော့ ဆိုတာမှာ ၂ မျိုးရှိတယ်။ တော်သင့်ပြီလို့ ပြောတာက တမျိုး။ နောက်မညံ့ကြပါနဲ့လို့။ တော်တဲ့ မြန်မာလူမျိုးတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပါတယ်။

နောက်နှစ်အတွက်က လူရဲ့အဓိကအချက်ကတော့ လူနဲ့ တိရိစ္ဆာန်ကွာတာ။ လူက ပေါင်းစည်းနိုင်စွမ်းရှိတယ်။ နောက်ပြီးတော့ ပြောင်းလဲ နိုင်စွမ်းရှိတယ်။ အဲဒီနှစ်ခုအရေးကြီးတာ။ အဲတော့ တယောက်နဲ့တယောက် ပေါင်းစည်းနိုင်စွမ်းနဲ့ ပြောင်းလဲနိုင်စွမ်းရှိကြပါစေလို့ နှစ်သစ် မှာ မျှော်လင့်ပါတယ်။

လွေးပိုးငယ် (မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး)

နှစ်သစ်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တကယ်ကို အားလုံးဝိုင်းဝန်းစဉ်းစားတဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ရနိုင်ပါစေ။

နောက်နှစ်အတွက် မျှော်လင့်တာက အများကြီးမျှော်လင့်ချင်တယ်။ ဒါပေမယ့် ထူးလာဦးမှာမဟုတ်သေးဘူး။ အဓိကက တိုက်ပွဲတွေ ရပ်ဖို့ လိုတယ်။

တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတဲ့ ကိစ္စတွေ၊ အကုန်လုံးရပ်ပြီးတော့မှ တကယ် နိုင်ငံရေး အဖြေရှာတဲ့ ပွဲလေးတပွဲ တော့ ဖြစ်စေချင်တယ်။

အဲဒါဖြစ်စေဖို့ ဆုတောင်းလိုပါတယ်။ နှစ်သစ်မှာ ခေါင်းဆောင်တွေအကုန်လုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် စဉ်းစားပေးတယ်ဆိုလို့ရှိရင်တော့ စစ်ပွဲတွေအရင်ဆုံးရပ်ဖို့လိုတယ်။ စစ်ပွဲတွေရပ်ပြီးတော့မှ တကယ်ကို ငြိမ်းချမ်းရေးကို ဦးတည် တဲ့ နိုင်ငံရေးအဖြေ ဝိုင်းရှာကြရင် ပိုပြီးတော့ ကောင်းမယ်လို့ ပြောချင်ပါတယ်။ အဓိကကတော့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအားလုံး ကို အမြန်ဆုံးရပ်စေချင်တယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်နာယက (ပအိုဝ့်အမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ်-PNLO)

ဓလေ့ ထုံးစံအရ မြန်မာနှစ်သစ်ကူးမှာ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုက်ပွဲတွေ လျှော့ချသင့်တယ်၊ လျှော့ချတဲ့ နေရာမှာလည်း လိုအပ်လို့ရှိရင် ရပ်တန့်သင့်တယ်ပေါ့၊ ပြီးတဲ့အခါ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးတဲ့အခါမှာ အားလုံး ပါဝင်သင့်တယ် ပေါ့ဗျာ။ အဲဒါကို ပြည်သူလူထု၊ ဒေသခံ ရွာသူ/သားတွေကို စာနာထောက်ထားပြီးတော့ ခေါင်းဆောင်အားလုံး စဉ်းစားသင့်တယ်ပေါ့။

ခေါင်းဆောင်တွေက ကိုယ့်ရဲ့မူနဲ့ ကိုယ့်ရဲ့နိုင်ငံရေး ရည်မှန်းချက်ကို အတင်းစွတ်တင်ပြီးတော့ လက်နက်နဲ့ ဖြေရှင်းမယ် ဆိုရင်တော့ ဘယ်သူမှ မနိုင်နိုင်ပါဘူး။ ဒီပွဲက နောက်အနှစ် ဘယ်လောက်တိုက်တိုက် မနိုင်ပါဘူး။ အဲ့ဒီ မနိုင်တဲ့ပွဲကို တိုက်ပြီးတော့ လူတွေကိုချပြီး အသေ ခံနေမယ့်အစား ကျနော်တို့ နည်းနာ ပြောင်းသင့်ပြီးလို့ နှစ်သစ်ကူးမှာ အကြံပြုချင်တာပေါ့ဗျာ။

ဒေါက်တာ သာဉာဏ် (YMCA- အထွေထွေအတွင်းရေးမှူး)

မြန်မာနိုင်ငံ ငြိမ်းချမ်းစေချင်ပါတယ်၊ နှစ်ဟောင်းမှာ မှားခဲ့တဲ့အမှားတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ နှစ်သစ်မှာ အမှားတွေ ဆက်မဖြစ် အောင် အားလုံးအတွက် ဆုတောင်းပေးချင်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေအားလုံး ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီးတော့ အိပ်တဲ့အခါမှာ စားတဲ့အခါမှာ လုပ်တဲ့အခါမှာ အားလုံး တခုတည်း သော ရည်ရွယ်ချက်အဖြစ် မြန်မာနိုင်ကြီး ပြန်လည်ပေါင်းစည်းပြီးတော့ အတိတ်ကဖြစ်ခဲ့တာကို မေ့ပြီးတော့ ငြိမ်းချမ်းရေးရပါစေလို့ ဆု တောင်းချင်ပါတယ်။

နှစ်သစ်ရဲ့ မျှော်လင့်ချက်အနေနဲ့ အနောက်ဘက်ကမ်းခြေ (ရခိုင်ပြည်နယ်) မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တော်တော်လေး ဒုက္ခရောက် နေကြတဲ့ ကိစ္စတွေ ပြီးပျောက်သွားဖို့ မျှော်လင့်ပါတယ်။ ပြည်သူလူထု မနှစ်မြို့တဲ့ လုပ်ငန်းစဉ်တွေ၊ အလုပ်ကိုင်ကြီးတွေ၊ ပြည်သူတွေအ တွက် အန္တရာယ်ဖြစ်စေမယ့် သဘာဝတောတောင်ကြီးတွေ ပျက်စီးမှုဟာ မပျက်စီးတော့ဘူးလို့လဲ မျှော်လင့်ပါတယ်။

မြောက်ဘက် ကချင် ပြည်နယ်မှာလဲ ငြိမ်းချမ်းရေးရလာတော့မယ်လို့ မျှော်လင့်ပါတယ်။ လူမျိုးစုအသီးသီးကလည်း တဦးနှင့်တဦး နားလည်ပြီးတော့ သည်းခံစိတ်နဲ့ မေတ္တာထားနိုင်ကြပြီး ပြန်လည်ပေါင်းစည်းခြင်းများ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ နှစ်သစ်ထဲမှာပဲ တဆင့်ထက်တဆင့်တိုးပြီးတော့ ရာနှုန်းပြည့်ဒီမိုကရေစီ ရရှိလာမယ့်လို့ မျှော်လင့်ပါတယ်။

ဒေါ်သက်သက်ခိုင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

မြန်မာ့နှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူ ပြည်သားအပေါင်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နဲ့ ပြီးပြည့်စုံပြီး၊ ကောင်းသော လိုအင်ဆန္ဒများလည်း တလုံးတဝတည်း ပြည့်စုံကြပါစေ။ နှစ်သစ်ကစပြီး ရောင်းပန်း ဝယ်ပန်းများ ပွင့်လန်းပြီး စီးပွားဥစ္စာများ တိုးတက်ဖြစ်ထွန်းကြပါစေ။ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများအကြား ချစ်ကြည် ရင်းနှီးမှုတွေ တိုးပွားပြီး တပြည် လုံး အတိုင်းအတာ နဲ့ ငြိမ်းချမ်းရေးတွေ တိုးတက်ဖြစ်ထွန်းကြပါစေ။

ဒေါ်အေးနုစိန် (ရခိုင်အမျိုးသားပါတီ၊ ဒုတိယဥက္ကဋ္ဌ)

ပြည်သူတွေအတွက် ဘေးဘယာတွေ ဝေးကွာပြီးတော့ အေးချမ်းကြပါစေ။ ငြိမ်းချမ်းကြပါစေ။ နှစ်သစ်မှာတော့ ကျမတို့ရခိုင်လူမျိုးတွေ အပါအဝင် မြန်မာတပြည်လုံး လူသစ်၊ စိတ်သစ်နဲ့ တိုးတက်ကောင်းမွန်တဲ့ ဘဝ အခြေအနေတခုကို ရောက်ကြပါစေ။

ဦးစိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး)

၂၀၁၉ ခုနစ်၊ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်ကနေ ၁၃၈၁ ခုနှစ်ကို ကူးတဲ့နှစ်ကူးမှာ ၁၃၈၀ ခုနစ်က မြန်မာပြည်အတွက် အကျပ်အတည်း အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ စီးပွားရေးအကျပ်အတည်း၊ လူမျိုးရေးအကျပ်အတည်း၊ နိုင်ငံရေး အကျပ် အတည်း၊ နိုင်ငံတကာ အကျပ် အတည်း ပါတယ်။

၁၃၈၁ ခုနှစ် နောက်လာမယ့်နှစ်မှာတော့ ခုနက အကျပ်အတည်းတွေ၊ အခက်အခဲတွေ အားလုံးကို ကျော်လွှားနိုင်ပါ စေ။ ပြည်သူလူထုအားလုံးလည်း ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေအားလုံး ညီညီ ညွတ်ညွတ် လုပ်နိုင်ပါစေ။ တယောက်နဲ့ တယောက် အထင်မှားတာတွေ၊ ပြိုင်ဆိုင်တာတွေ ပျောက်ပါစေလို့ ဆုတောင်းချင်တယ်။

ဒေါ်ခိုင်ခိုင်နွယ် ( UMFCCI – တွဲဖက်အထွေထွေအတွင်းရေးမှူး)

ဒီနှစ်သြင်္ကန်ပေါ့ ကျမတို့ UMFCCI မှာလည်း အားလုံးပါဝင်တဲ့ သြင်္ကန်ပွဲလည်းလုပ်ဖြစ်တော့ ကျမစိတ်ထဲမှာ ဘာတွေးမိလဲဆိုတော့ အ ရင် ယဉ်ကျေးမှုပေါ့၊ သပြေခက်လေးနဲ့ ဖလားထဲမှာရေထည့်ပြီး လောင်းတာလေးတွေက စည်းစည်း လုံးလုံးနဲ့ ညင်ညင်သာသာလေးလည်း ရှိတာပေါ့၊ ပြီးတော့ ကကြဆိုကြတဲ့အခါကြတော့ စည်းလုံးမှုနဲ့ ခင်မင်ရသလို မိသားစုစိတ်ဓာတ်မျိုးတွေလည်း ရတယ်ပေါ့။ သပြေခက်နဲ့ရေ လောင်းကြတယ်ဆိုတာကလည်း အေးချမ်းစေချင်တဲ့ စိတ်ကလေးတွေက အကုန်လုံးမှာ ရှိကြတာပေါ့နော်။ ပျော်ပွဲလို့ ပြောလိုက်တာမျိုး ထက်ကို နည်းနည်းပိုပြီးလေးနက် အဓိပ္ပယ်ရှိတဲ့ ပွဲလို့ခံစားရပါတယ်။

ကျမတို့နိုင်ငံသည်လည်း ဒီသြင်္ကန်ယဉ်ကျေးမှုက သြင်္ကန်ကာလတစ်ခုထဲမှာပဲ မဟုတ်ဘဲနဲ့ နောင်လာမယ့်ရက်တွေနှစ်တွေ ဒီလို ကျမတို့ ယဉ်ကျေးမှုဓလေ့ထုံးစံအတိုင်း ဒီလိုမျိုးလေးပဲ စည်းစည်းလုံးလုံးနဲ့ အေးအေးချမ်းချမ်းလေးနဲ့ အကုန်လုံးကို ကျော်ဖြတ်စေချင်ပါတယ်။ အကုန်လုံးလဲ မိသားစုစိတ်ဓာတ်လေးနဲ့ စီးပွားရေးလုပ်ငန်းလည်း စီးပွားရေးလုပ်ငန်း အလျှောက်ပေါ့ အေးအေးချမ်းချမ်း သိုက်သိုက်ဝန်းဝန်း လေးနဲ့ပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် အေးချမ်းစေချင်တဲ့ စိတ်လေးနဲ့ သွားကြမယ်ဆိုရင် ကျမတို့ နိုင်ငံက စိတ်ချမ်းသာစွာနေထိုင်လို့ ကောင်းမယ့် နိုင်ငံတစ်ခုဖြစ်လာမှာပါ။ ကျမလည်း အဲ့ဒီဟာကို တကယ်လည်း မျှော်လင့်ပါတယ်။

စီးပွားရေးကတော့ ကျမက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တော့ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းစေချင်ပါတယ်။ အလုပ်လုပ်တဲ့ အခါမှာပဲဖြစ်ဖြစ် လူမှုရေးအရဆက်ဆံပြောဆိုကြတဲ့ အခါမှာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်နဲ့ ကိုယ့်အလုပ်လေးကို အောင်မြင်ဖို့အ တွက် စိတ်ချမ်းသာကိုယ်ချမ်းသာလုပ်ကြမယ်ဆိုရင် ကျမတို့နဲ့အလုပ်တူတူတွဲလုပ်ကြတဲ့ သူတွေကလည်း စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ အလုပ်လုပ်နိုင်ကြမှာ။ နောင်လာမယ့် အချိန်တွေမှာ လုပ်ငန်းရှင်တွေရော၊ လုပ်ငန်းရှင်တွေနဲ့တူတူအလုပ်လုပ်ကြတဲ့ သက်ဆိုင်ရာ အစိုးရ ပိုင်းရော ပါတနာတွေရော အကုန်လုံးကလည်း တစ်ယောက်နဲ့ တစ်ယောက် စည်းစည်းလုံးလုံးနဲ့ သပြေခက်လေးနဲ့ ရေလေးဖြန်းလိုက် သလို အေးအေးချမ်းချမ်းလေး ဖြစ်စေချင်တဲ့စိတ်နဲ့ ဆက်ဆံပြောဆိုလုပ်ကိုင်ကြမယ်ဆိုရင် လုပ်ငန်းများလည်း ကောင်းမွန်လာမယ်လို့ ဆု မွန်ကောင်း တောင်းပေးပါတယ်။

The post ငြိမ်းချမ်းရေးကို မျှော်လင့်နေကြသည့် နှစ်သစ်ကူး ဆုတောင်းသံများ appeared first on ဧရာဝတီ.

AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း –၂)

$
0
0

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည်မှာ ၄ လကျော် ရှိပြီဖြစ်သည်။

နှစ်ဖက်တပ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရေးအတွက် ကိုယ်စားလှယ်များ တွေ့ဆုံမှု ရှိသော်လည်း ပြေလည်ခြင်း မရှိသေးပါ။

တပ်မတော်က AA ကို အကြမ်းဖက် သောင်းကျန်းသူအဖြစ် သတ်မှတ်ထားပြီး ပိတ်ဆို့ချေမှုန်းရန် AA လှုပ်ရှားနေသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တပ်ပိုင်းဆိုင်ရာ အဆင့်မြင့် အရာရှိများ နှင့်လည်း နှစ်နိုင်ငံအစည်းအဝေးများ လုပ်ကာ ချေမှုန်းရေး ဆောင်ရွက် နေသည်။

၄ လ ကျော်ကြာလာသည့် တိုက်ပွဲကာလအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အရပ်သားသေဆုံးမှုနှင့် ထိခိုက်မှုများ မြှင့်တတ်လာပြီး အရပ်သား တသောင်းကျော် မှာလည်း စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ AA ၏နိုင်ငံရေးခံယူချက်အပေါ် ရပ်တည် ချက်များ၊ ပဋိပက္ခများအပေါ် သဘောထားများနှင့် ပတ်သတ်၍ ရက္ခိုင်စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။မြန်မာနဲ့ အိန္ဒိယ တပ်တွေကြား AA ကို ချေမှုန်းဖို့ ပိတ်ဆု့ိဖို့သဘောတူပြီးနောက်ပိုင်း ကုလားတန်စီမံကိန်းအတွက် သယ်လာတဲ့ ပစ္စည်းတွေပါတဲ့ ရေယာဉ်ကို ဖျက်ဆီး လိုက်တယ်နော်။ အဓိက ရည်ရွယ်ချက်က ဘာလဲ။

ဖြေ။ ။ တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာဆိုတော့ ကျနော်တု့ိရဲ့ အောက်ခြေကို ညွှန်ကြားရတဲ့ ညွှန်ကြားချက်တွေက ရှင်းရှင်းလင်းလင်းပဲ ပေးထားပါတယ်။ မြန်မာအစိုးရ တပ်တွေကလည်း တချိန်လုံး ဝင်လာနေတယ်။ အဲ့အချိန်မှာ ကျနော်တို့ရဲ့ လှုပ်ရှားတပ်တွေကို အစိုးရရဲ့စစ်ကူတွေ အမြှောက်ကြီးတွေ အလွယ်တကူ မရောက်လာနိုင်အောင် ကျနော်တို့မှာ ညွှန်ကြားထားတာ တွေရှိတယ်။

အဲ့သင်္ဘောကလည်း ကျနော်တို့က တံတားကိစ္စကို အတွေးထဲကို မဝင်ဘူး။ ကျနော်တို့ ညွှန်ကြား ထားတာက သင်္ဘောတွေ ဝင်လာမယ်။ အမြှောက်ကြီးတွေ တင်လာတယ်လို့ ကြားတယ်။ မြှုပ်လိုက်ပါလို့ဆိုပြီး ညွှန်ကြားထားတယ်။ အဲ့လို အရွယ်အစား ရှိတဲ့ သင်္ဘောတွေလည်း သွားလာလေ့ မရှိပါဘူး။ ပြီးရင် အခုနောက်ပိုင်းမှပဲ ရခိုင်ပြည်ကိုလည်း စစ်သင်္ဘော အကြီးကြီးတွေ အရမ်းဝင်လာတယ်လေ။

ရန်ကုန်-စစ်တွေကားလမ်း ပေါ်ကနေ စစ်သားတွေ သိပ်မပို့တော့ဘူး။ ရေလမ်းကနေ ပို့တယ်။ ကျနော်တို့ကလည်း ရေလမ်းကို သတိထားနေတဲ့ အချိန်မှာ ပိုပြီး တိုက်ဆိုင်လာတယ်။ အဲ့တာ တချက်ရှိပါတယ်။ နောက်တချက်ကတော့ ကျနော်တို့ အထူးသဖြင့် ပြောချင်တာ ရခိုင်ပြည်မှာ တချို့နိုင်ငံတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိတယ်။ အိန္ဒိယနဲ့ တရုတ်ပေါ့ ။ အထူးသဖြင့် အဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကျနော်တို့ အနေနဲ့ဆန့်ကျင်စရာ အကြောင်း မရှိဘူး။ အဲ့တာတွေကို ကျနော်တို့က ကြိုဆိုပါတယ်။

ဒါပေမယ့် ကျနော်တို့ လူထုရဲ့ အကျိုးစီးပွား တွေကို မထိခိုက်ဖို့ ပြီးရင် ရခိုင်ပြည်မှာ လုပ်မယ် ကိုင်မယ် ဆိုရင် ကျနော်တို့နဲ့ ညှိနှိုင်းပြီး လုပ်မယ် ဆိုရင် ပိုပြီး အကျိုးစီးပွား ရှိနိုင်တယ်။ ကျနော်တို့လည်း တတ်နိုင်သမျှ ကိုယ်လုပ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်လို့ ရတယ်။ အခုဖြစ်တဲ့ကိစ္စတွေ ပလက်ဝမြို့နယ်မှာ ဆုထူးစံကုမ္ပဏီမှာ ထောက်လှမ်းရေး ဟောင်းတွေ ပါလာတယ်။ သူတို့ကုမ္ပဏီက ရခိုင်မှာ အရင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း လက်ထက်ကတည်းက အကိုကြီး၊ ညီလေး ဆက်ဆံရေးတွေနဲ့ ဆောက်လုပ်ရေးတွေ ရပါတယ်။

သူတို့လည်း အရင် ငွေတွေပေါ့ဗျာ။ ဘယ်လို ရထားတဲ့ ငွေတွေဆိုတာ လူတိုင်း သိပါတယ်။ အဲ့တာတွေနဲ့ သူတို့အများကြီး ရပြီးမှ ပရောဂျက်တွေ လုပ်ပါတယ်။ လုပ်တော့ ဒီကုမ္ပဏီက ဘယ်လို ကုမ္ပဏီလဲဆိုတာ ကျနော်တို့ သိတယ်။ ကျနော်တို့ စစ်ရေးလှုပ်ရှားတဲ့ ခွင်မှာ ရှိနေတာတော့ ကျနော်တို့ သဘောမကျဘူး။

တကယ်ဆိုရင် အဲ့ဒီ့ စီမံကိန်းကို ဆန့်ကျင်ချင်လို့ မဟုတ်ဘူး။ အဲ့မှာ ဒါမျိုးအဖွဲ့အစည်းတွေ ရှိနေတာ လုံခြုံရေးအရ ကျနော်တို့အတွက် သတင်းပေါက်ကြားမှုတွေက အန္တရာယ် ရှိတယ်။ သူက စစ်ရေးအမြင် ရှိတယ်။ တကယ်လေ့ကျင့်ထားတဲ့ လူတွေဖြစ်နေတယ်။

ထောက်လှမ်းရေးအဟောင်းလို့ ဘယ်လောက်ပဲ ပြောပြော သူ့ရဲ့ mindset က ရှိတာပေါ့ဗျာ။ လူအများက ကြိုက်ချင်မှ ကြိုက်မယ်။ ကျနော်တို့ရဲ့ အမြင်အတိုင်း ပြောမယ်ဆိုရင် ထောက်လှမ်းရေး ဟောင်းတွေရော ဗမာတပ်မတော်ရဲ့ အရာရှိတွေ ဗမာလူမျိုးရေးအစွန်းရောက် စစ်ဝါဒ ရှိတဲ့ လူတွေကို ကျနော်တို့အမှန်အတိုင်း သုံးသပ်တယ်။ ဒါ့ကြောင့် ထိန်းသိမ်းထားတယ်။

AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်)

မေး။ ။ အဲ့ဒီဖမ်းဆီးထားဆဲ ဖြစ်တဲ့ ဆုထူးစံ ကုမ္ပဏီက ၈ ဦး၊ သူတို့အခြေအနေရော ဘယ်လို ရှိလဲ။

ဖြေ။ ။ မဆိုးပါဘူး။ ကျနော်တို့က မထိန်းသိမ်းထားချင်ပါဘူး တကယ်ဆို။ အလုပ်ရှုပ်တာပေါ့။ ပြန်လွှတ်ပေးချင်ပါတယ်။ ခဏလိုအပ်တဲ့ အခြေအနေကြောင့် ထိန်းသိမ်း ထားတာပါ။ ကျနော်တို့ ရက်ရက်စက်စက် သတ်ဖြတ်တာတို့ မလုပ်ပါဘူး။

မေး ။ ။ AA အနေနဲ့စစ်ဆင်ရေးတွေမှာ တချို့ရွာတွေကို ဝင်ပြီး တိုက်တာရှိတယ်လို့ မြေပြင်က ကျမတို့သတင်းထောက်တွေရထားတဲ့ အချက်အလက်တွေအရ သိရတယ်။ ရွာထဲ ဝင်တိုက်တယ် ဆိုတာ အရပ်သားတွေကို ထိခိုက်နိုင်ချေ များတယ်။ ဘာလို့ ဒီနည်းလမ်းကို သုံးတာလဲ။

ဖြေ။ ။ ရွာထဲ ဝင်တိုက်တယ်ဆိုတဲ့ စကားကို ကျနော် နားမလည်ဘူး။ မြန်မာနိုင်ငံမှာ ရခိုင်လိုမျိုး နေရာတွေက ဒါရခိုင်လူမျိုးတွေ သီးသန့်နေတဲ့ နေရာတွေ ဖြစ်တယ်။ ကျနော်တို့ တိုက်လိုက်ရင် ကျနော်တို့ လူထု နားမှာပဲ။ ဘာမှ မတိုက်ရင်တောင်မှ တိုက်ပွဲ ဖြစ်ပါတယ်ဆိုပြီး တရွာလုံးကို ဝင်ပစ်သွားတယ်။ ပြီးရင် သူတို့က စွပ်စွဲတယ်။ ကျနော်တို့ပစ်တယ်လို့ ပြောတယ်။

ပစ်တယ် ဆိုရင် ကျနော် ကျည်ဆံတတောင့် နှစ်တောင့်လောက်ပဲ သက်သေတောင်းချင်တယ်။ တရွာလုံးမှာ သူတို့ကျည်ဆံတွေရှိတယ်။ ကျနော်တု့ိဟာ ဘယ်မှာလဲ အထောက်အထား။ ပစ်တယ်ဆိုရင် အဲ့အိမ်က ဘယ်အိမ်လဲ။ အဲ့အိမ်က အိမ်ရှင်ကို အချိန်မရွေး ကြက်ကလေး ငှက်ကလေးလို ဖမ်းလို့ ရတယ်။ ဘာကြောင့် မဖမ်းနိုင်သလဲ။

ကျနော်တို့ပစ်သွားတယ်ဆို သေသွားတဲ့ သူတို့စစ်သား ဘယ်မှာလဲ။ မသေဘူး။ ဘာမှ မရှိဘူး။ အဲ့တာ တိုက်ပွဲ အတုပဲ။ ကျနော်တို့ကိုလည်း နာကျည်းစေတယ်။ ကျနော်တို့ပြည်သူတွေကိုလည်း လူမျိုးရေး ဆန်တဲ့ အမုန်းတရားပေါ့။ ဒါက သတ်ဖြတ်တာတင် မကဘူး။ တကယ့်စော်ကားတာပဲ။ သူတို့မီဒီယာတွေကို ထိန်းချုပ်ထားတဲ့ အတွက် အမှားကို အမှန်လုပ်လိုက်တယ်။ ပြီးမှပဲ ကိုယ့်ရဲ့ အပြစ်ကို သူများပေါ်မှာ တင်လိုက်တယ်။ အဲ့လုပ်ရပ်က ကျနော်တို့ကို တကယ်ရင်နာစေတယ်။ ကျနော်လုံးဝ မကျေနပ်ဘူး အဲ့ကိစ္စတွေကို။ သူတို့က ဒါမျိုးလုပ်လာရင်တော့ ကျနော်တု့ိက ရှင်းရှင်းလေးပါပဲ။ ဒါမျိုးတွေကို ကျနော်တို့ တတ်နိုင်သမျှတော့ သည်းခံမယ်။ တကယ်များလာရင်တော့ ကျနော်တို့ကို အပြစ်မဆိုတော့နဲ့လို့ ပြောချင်တယ်။

မေး။ ။ ဗိုလ်ချုပ် အရပ်သားတွေဆိုရင် ကျည်ဆံတွေက ဘယ်သူ့ကျည်လဲ မခွဲခြားနိုင်ဘူး။ နောက် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မဟာမိတ်တွေ ဆီက ဖြစ်ဖြစ် မှောင်ခိုဈေးကွက်က ဖြစ်ဖြစ် ဝယ်သုံးတဲ့ လက်နက်တွေကျည်တွေကို သတင်းထောက်တွေတောင် အကုန်ဝေခွဲရ ခက်ပါတယ်။ မသိနိုင်ပါဘူး။ ဒီတော့ ဘယ်သူ့ကျည်ဆိုတာ ဘယ်လိုခွဲမလဲ။

ဖြေ။ ။ ဒါပေမယ့် နေရာတိုင်းမှာ သူ့ရဲ့ကျည်ဆံပဲ ဖြစ်နေတယ်။ ရွာ ၅ ရွာကို ပစ်လိုက်တယ် ဆိုရင်ဗျာ။ ရွာ ၅ ရွာလုံးမှာ ကပစ ကျည်ဆံတွေပဲ ဖြစ်နေတယ်။ ကျနော်တို့ ရက္ခိုင်စစ်တပ်က တော်လှန်ရေးအဖွဲ့အစည်း ဆိုပေမယ့် ကျနော်တို့ရဲ့လက်နက်တပ်ဆင်မှုက တော်တော်လေး စနစ်တကျ ရှိပါတယ်။ ဖြစ်ကတတ်ဆန်း တပ်စိတ်တစိတ် သေနတ် ၅ မျိုး မဟုတ်ပါဘူး။

ကျနော်တို့မှာ ပင်မကျည်ဆိုတာ ရှိတယ်။ ကျနော်တို့သုံးတဲ့ ၇.၆၂ ၊ ၃၉ သူ့ရဲ့ Cartridge ဒါမျိုး ဆိုရင် ကျနော်တို့က ပင်မကျည်ဆို ပင်မကျည်၊ ကျနော်တို့ သုံးတဲ့ လက်ပစ်ဗုံးဆိုတာ ရှိတယ်။ ကျနော်တို့ သုံးတဲ့ RPG ဆိုတာ ရှိတယ်။ အများစုပေါ့နော်။ RPG 2 ကို သုံးတယ် 7 သုံးတယ် ဆိုရင်တောင် ကျနော်တို့မှာ ကပစ တွေမသုံးဘူး။

တခါတလေ သူ့ဆီက သိမ်းလို့ရတော့ ပြန်ပစ်တာ တော့ ရှိပါတယ်။ အဲ့လောက်တော့ မများပါဘူး။ ရုရှားလုပ်ရှိမယ်။ US လုပ် ရှိမယ်။ ဒါ မှောင်ခိုဈေးက ဝယ်တာပဲ။ အဲ့လောက်ထိတော့ သူ့ဟာကြီးကို ကိုင်ပြီး ကိုယ့်လူထု နာအောင်အတွက်တော့။ ကျနော်တို့လည်း ရှုံးနေတာမှ မဟုတ်တာ ဘယ်သူက နာနေတာလဲ။ ကိုယ်အသာစီးနဲ့ တိုက်ရင် ကိုယ့်လူထု နာအောင် ဘယ်သူလုပ်မလဲ။ ဒါမျိုးတွေတော့ စဉ်းစားစရာ အများကြီး ရှိတာပေါ့။

ဒါ့ကြောင့် ကျနော်တို့က မီဒီယာတွေကို တကယ်လာစေချင်ပါတယ်။ တကယ်စိတ်ရင်း စေတနာမှန် နဲ့ပြောတာ။ နားလည်မှု တစုံတရာသာ ရရင် မီဒီယာတွေလာပေါ့။ မြန်မာ တပ်မတော်လည်း ခဗျားတို့ အစိုးရပီပီတော့ လုပ်ပေါ့နော်။ ကျနော်တို့ ကြိုဆိုတဲ့ အချိန်မှာ မလာရဲအောင် လုပ်လိုက်တာ မျိုးက တော်တော်လေး ခက်တယ်လေ အဲ့လို ပညာမျိုးက။ ကျနော်တို့က ရိုးရိုးပဲ။ တော်လှန်ရေးပဲ။ ကလိမ်ကကျစ်တွေသိပ်မလုပ်ပါဘူး။ တကယ် သတ်တယ်ဆိုလည်း သတ်တယ် ပြောတာပဲ။ ကြေငြာပြီးမှကို ချနေတာပဲ။ ကလိမ်ကကျစ် မချပါဘူး။

AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်)

မေး။ ။ ဧပြီ ပထမပတ်ထဲမှာ သတင်းဌာနတွေကို AA က ဆိုပြီး ခြိမ်းခြောက်စာတွေ အကြိမ်ကြိမ် ရောက်တယ်။ ဒီအပေါ်မှာ ဘာများ မှတ်ချက်ပေးချင်လဲ။

ဖြေ။ ။ ဒီကိစ္စက တော်တော်လေးကို ကိုယ်ကျင့်သိက္ခာမဲ့တယ်။ ကျနော်တို့ မီဒီယာကို တောင်းဆို ချင်တာက ဘက်လိုက်စရာ အကြောင်းမရှိဘူး။ အရှိတရားကိုပဲ ဖော်ပြပေးပါ။ ကျနော်တို့လည်း မကောင်းတာ မှားတာ ရှိမှာပဲ။ ရှိရင် ရေးပါ။ ဒါဟာ ဘယ်သူက မှန်တယ် ဘယ်သူက မှားတယ် ဆိုတာ တကမ္ဘာလုံးက သိရမယ်။ လူထုက သိရမယ်။ အဲ့တာကြောင့် ဘက်လိုက်ပါလို့ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။

ကိုယ်ကိုယ်တိုင် မှားနေတဲ့ဟာကို အမှန်လို့ ပြောရင်လည်း ဒါကတော့ မှားရင် မှားတယ်ပေါ့။ ဒါမျိုး ကျနော်တို့က ဖိတ်ခေါ်လိုက်တာနဲ့ ချက်ချင်း အရှက်ကွဲသလို ဖြစ်သွားတဲ့ လူတစုက counter လိုက်လုပ်တယ်လို့ ထင်တာပဲ။ ဒီအပေါ်မှာတော့ ကျနော် ပြောစရာ စကားလုံးတောင် ရှာမတွေ့ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေများ လာမလား ပေါ့လေ။ အဲ့လိုမျိုး လာပြီး လုပ်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ တခါတလေ မတရားပြောခံ လိုက်ရတဲ့ အချိန်မှာ အဲ့စကားလုံးကို ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာ စဉ်းစားလို့ မရဘူး။

မေး။ ။ ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေမှာ AA က ရဲတွေကို ဘာလို့ပစ်မှတ်ထား တိုက်ခိုက် နေတာလဲ။ ရဲဆိုတာ ပြည်ထဲရေးရဲ့ လက်အောက်ခံပဲလေ ဖွဲ့စည်းပုံအရ ဆိုရင် သူတို့မှာ ငြင်းပိုင်ခွင့် မရှိတာတွေရှိနိုင်မယ်။ AA ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။ ရခိုင်ပြည်နယ်က အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ပြိုပျက်စေချင် တာလား။

ဖြေ။ ။ အဓိက ကတော့ ရဲဆိုတာ ပြည်ထဲရေးဝန်ကြီး အောက်က ဖြစ်တယ်။ ပြည်ထဲရေး ဝန်ကြီး ဆိုတာကတော့ ကာကွယ်ရေး ဦးစီးချုပ်အောက်က ဖြစ်တယ်။ ခုဏမေးခွန်းလိုမျိုး အခြေခံဥပဒေကို ကိုင်ပြီး မေးမယ်ဆိုရင်တော့ ဒါဟာ ရဲဆိုတာ နိုင်ငံတော်ရဲ့ ဒုတိယအရံ ကာကွယ်ရေး ဖြစ်တယ်။ ပြီးရင် သူ့ရဲ့ ဖွ့ဲစည်းပုံအရ ပြည်ထဲရေးဆိုတာ ဗိုလ်ချုပ်တွေပဲဖြစ်တယ်။ အင်္ကျ ီလဲထားတာ ဖြစ်တယ်။ အချိန်မရွေး အစိမ်းဖြစ်လိုက် အဝါဖြစ်လိုက်ဆိုတာ လူတိုင်း သိပါတယ်။ ဒါ အခြေခံဥပဒေက ပြောတယ်ဆိုရင်လည်း သူ့ရဲ့ Paramilitary ပေါ့။

စစ်ဘက်ဆိုင်ရာ လက်နက်ကိုင်ပေါ့။ ရဲမှာလည်း အမျိုးမျိုး ရှိပါတယ်။ ရွာထဲ မြို့ထဲမှာ နေတဲ့ Law Enforcement Officer တွေ ရှိတယ်။ သူ့ရဲ့အလုပ်က Law Enforce လုပ်ရတယ်။ နယ်ခြားစောင့်တွေကျတော့ သူ့ရဲ့ လက်နက်တပ်ဆင်ပုံလည်း မတူဘူး။ လေ့ကျင့်ပုံလည်း မတူဘူး။ စခန်း တည်ဆောက်ပုံ လည်း မတူဘူး။ သူက G 3 ၊ G4 တွေ ပြီးရင် စိန်ပြောင်းတွေ ကိုင်တယ်။ Energa ဗုံးသီး တွေလည်း ကိုင်တယ်။

ပြီးရင် ရှိပါတယ် တခြားစစ်အသုံးအဆောင်တွေနဲ့ အမိန့်ပေး စနစ်ကလည်း ဒီအတိုင်းပဲ။ ယူနီဖောင်းအရောင်လည်း မတူဘူး။ အဲ့တာ ဖွဲ့စည်းတာလည်း အရင်တုန်းက ဦးခင်ညွှန့် ခေတ်တုန်းက နစက လား။ စစ်တပ်က ထွက်လာပြီး အသွင်ပြောင်းတယ်။ ရဲက တချို့နဲ့ ရောထားတယ်။ သူက တိုက်ခိုက်အင်အား ရှိတယ်။ သူ့ရဲ့ လက်နက်ငယ်က G3 ဆိုရင် သူ့ရဲ့ General Purpose Light Machine Gun က G4 ၊ ပြီးရင် 23 တွေ သူ့မှာ စနစ်တကျနဲ့ လက်နက် တပ်ဆင်ထားတယ်။ သူများ ထင်သလိုမျိုး မီးကျိုးမောင်းပြတ် မဟုတ်ဘူး။ သူ့ရဲ့ဟာတွေ ကျနော်တို့ သိမ်းထားတာတွေဆိုရင် အကောင်းတွေပဲ။ ကျနော်တို့ သိပါတယ်။

ဒါ့ကြောင့် ရဲကို ကျနော်တို့ စစ်တပ်အင်အားပေါ့။ ကျနော်တို့ မြို့ထဲမှာ Law Enforcement လုပ်နေတဲ့ ရဲစခန်းကို ဝင်တိုက်တယ်ဆိုတာ တခါမှ မရှိဘူး။ နယ်ခြားစောင့်စခန်းကို တိုက်တာက သူက တပ်ရင်းအလိုက် ချီတက်တယ်။ မြန်မာစစ်တပ်က ကျနော်တို့စခန်းတွေရှိတဲ့ ဘက်ကို တိုက် နေတယ်ဆိုရင် သူက တရွာလုံးကို ပိတ်ဆို့ပြီး နေလှမ်းတာ အိမ်တွေကို ဖျက်ဆီးပြီး လူတွေကို နှိပ်စက်တာ သူပါတယ်။

ပြီးရင် အခုချိန်မှာ သူတို့က ၁၄၄ ထုတ်ပြန်တယ်။ ပြီးရင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်မယ်ဆို ကျနော်တို့လည်း ကြိုဆိုပါတယ်။ နောက်စကားဆက်ပြီး ပြောချင်တယ်။ ၄ ယောက်ထက် မစုရဆိုတော့ ကျနော်တို့လူထုက ညမထွက်တော့ဘူး။ သတိထားတော့မယ်။

ဒါဆို ကျနော်တို့ဘက်ကလည်း သူ့ကို ပြန်ပြီးတော့မှ တော်လှန်ရေးစည်းကမ်း ပြန်ထုတ်ပြန် ရမယ်။ ကားလမ်းပေါ်မှာ စစ်ဆင်ရေးပုံစံမျိုးနဲ့ ကားတွေနဲ့ လှည့်လည်သွားလာမယ် ဆိုရင် ကျနော်တို့လည်း ပစ်မယ်။ အဲ့လို တန်ပြန်ထုတ်ပြန်မယ်။ ဒါက စစ်ကို စစ်နဲ့ ထုတ်ပြန်တဲ့ သဘော။

အခုလည်း သူတို့ဘက်က မထုတ်ပြန်ဘူး။ ကျနော်တို့ဘက်ကလည်း မထုတ်ပြန်ဘူး။ ဒါပေမယ့် သူတို့ဘက်က စစ်ဆင်ရေးပုံစံနဲ့ သွားလာတယ်ဆိုရင် ဒါကျနော်တို့ကို ခြိမ်းခြောက်တာပဲ။ အဝေးပြေး လမ်းမပေါ်မှာ စစ်ကား ၃၊ ၄ စီးနဲ့ ရဲကားတွေနဲ့ Automatic rifle တွေ စိန်ပြောင်းတွေ တင်ပြီး သွားတယ်ဆိုရင် ကျနော်တို့ ပစ်သင့်ရင် ပစ်ရမှာပဲ။

ဧပြီ ၉ ရက် ညက အမြှောက်ကြီး စခန်း ၂ ခုကို တိုက်တယ်။ တခုက ရဲတပ်ရင်းပဲ။ သူက ပြောလာတယ်။ ထုတ်ပြန်တာ ကျနော်တွေ့တယ်။ ရဲတပ်ရင်းရဲ့ မိသားစုလိုင်းခန်းကို AA က တိုက်ပါတယ် ဆိုပြီး ထုတ်လိုက်တယ်။ ပြန်ကြားရေးကပေါ့လေ။ ဒါပေမယ့် ကျနော်တို့က သူ့ရဲ့ လူတွေကို ဖမ်းလာခဲ့တယ်။ ဖမ်းမိထားတဲ့ လူတွေရှိတယ်။ သူတို့ကို စစ်ကြည့်တယ်။ ကျနော်တို့လည်း သိပြီးသားပဲ။ ၁၂၀ မမ ဘယ်နှစ်လက်ကို ချပြီး ဘယ်အချိန်တွေ ပစ်နေသလဲ ဆိုတာ ကျနော်တို့ သက်သေတွေရှိပါတယ်။

ဒါ အကြောင်းမဲ့ လုပ်တာ မဟုတ်ပါဘူး။ ရဲနဲ့ ပတ်သတ်ပြီးမှ တဖက်ကနေ ကျနော်တို့ကို အကြမ်းဖက်သမားဆိုတာမျိုး လိုင်းတင်ချင်လို့ ထုတ်ပြောနေတာ။ ပြီးရင် ရဲစခန်းထဲကနေ လက်နက်ကြီး ပစ်တာ ဘယ်သူ့အမှားလဲဆိုတာ ပြည်သူလူထု ဆုံးဖြတ်ပေါ့ဗျာ။ ဘလိုင်းကြီး စွပ်စွဲတာ မကောင်းပါဘူး။

AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်)

နောက်တခုက အုပ်ချုပ်ရေး ယန္တရားနဲ့ပတ်သတ်ပြီး ပြောတာ ရှိတယ်။ အုပ်ချုပ်ရေးယန္တရား ကလည်း အဲ့စဉ်းစားချက်က မှန်သင့်သလောက် မှန်ပါတယ်။ ကျနော်တို့ရဲကို သတ်ဖြတ်တယ် ဆိုတာက သတ်ဖြတ်တယ်လို့တော့ မပြောသင့်ဘူးပေါ့နော်။ နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်တိုက်တာ ရှိတယ်။ ဒီဘက်ကို မလုပ်ဘူး။ ခြိမ်းခြောက်တယ် ဆိုတာလည်း သူတကယ် သတင်းပို့နေတဲ့ အချိန်မှာ ကျနော်တို့နောက်ကို လိုက်လို့မလိုက်အောင် သတိပေးတာတွေ လုပ်ပါတယ်။

အဲ့မှာ အုပ်ချုပ်ရေးဆိုတာကတော့ တော်လှန်ရေး လုပ်တဲ့ အချိန်မှာ ကျနော်တို့က ကိုယ့်ရဲ့ သြဇာအာဏာနဲ့ ထိန်းချုပ်မှုကတော့ ရအောင်တော့ ကြိုးစားရမှာပဲ။ သူ့အုပ်ချုပ်မှုကို ကိုယ့်အုပ်ချုပ်ရေးနဲ့ အစားထိုးချင်လို့ တော်လှန်ရေးလုပ်နေတာပဲ။ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ့်ကံကြမ္မာ ဖန်တီးနေတဲ့ အချိန်မှာ သူ့ရဲ့ သြဇာအာဏာကိုတော့ ကျနော်တို့ဘက်က အလိုမရှိဘူး ဆိုတာ အရှိတရားပါပဲ။ အမှန်တရားပါပဲ။ ဒါပေမယ့် သူတို့ကို တမင်တကာ အကြမ်းဖက် ဆန်ဆန် လုပ်ကြံတာတော့ မဟုတ်ပါဘူး။

မေး ။ ။ တိုက်ပွဲတွေထဲမှာ အရပ်သားတွေနဲ့ပတ်သတ်ပြီး ပစ်နေခတ်နေတုန်းဆို ထားခဲ့မလား။ ခေါ်သွားမလားဆိုတာ ဘယ်လိုဆုံးဖြတ်လဲ။ ဗဟိုက ညွှန်ကြားလား။ တပ်မှူးတွေက ဆုံးဖြတ် တာလား။ မြေပြင်က စစ်သားတွေကို ပဋိပက္ခတွင်း အရပ်သားတွေကို ဘယ်လိုဆက်ဆံရမလဲ ဆိုတာ လေ့ကျင့်ပေးထားလား။

ဖြေ။ ။ ကျနော်တို့ ရက္ခိုင်စစ်တပ် တော်လှန်ရေးတပ် ဖွဲ့စည်းကတည်းက ကျနော်တို့မှာ ကြိုတင် စဉ်းစားချက်တွေရှိတယ်။ ရခိုင်ပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့ လာတော့မယ်ဆိုရင် ကျနော်တို့မှာ မွတ်ဆလင် ပြဿနာတွေရှိတယ်။ နယ်စပ်ကနေ စပြီးဝင်တာနဲ့ သူတို့နဲ့တွေ့ရမှာပဲ။ အဲ့အချိန်မှာ အမုန်းတရားကို အခြေခံပြီးမှ မမှားသင့်တာ မမှားဖို့ကျနော်တို့ကြိုပြီးမှ စဉ်းစားထားခဲ့တယ်။

ကျနော်တို့ ၂၀၀၉ အပါတ်စဉ် ၁ သင်တန်းပေးကတည်းက လူ့အခွင့်အရေး ကြေငြာချက်ကို ကျနော် ကိုယ်တိုင် ပြခဲ့ပါတယ်။ ဘယ်လောက်ပဲ အနေအထားတခုဖြစ်ပါစေ လူကို ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံရမယ်။ အဲ့အချက်အလက်တွေ အထူးသဖြင့် ကလေးတွေ အမျိုးသမီးတွေနဲ့ ပတ်သတ်တာတွေ ဆိုရင် စစ်တပ်တခုရဲ့ ကျင့်ကြံအားထုတ်ရမယ့် ရပ်တည်ရမယ့် သဘောတရား တွေကို အပါတ်စဉ် ၄ အထိ ကျနော်ကိုယ်တိုင် ပြတယ်။ အပါတ်စဉ် ၄ နောက်ပိုင်းမှာမှ တခြား ဆရာတွေနဲ့ လွှဲပြီး ပြတယ်။ ဒီကိစ္စက ကျနော်တို့ ရခိုင်တွေမှာ အထူးသတိထားရတဲ့ ကိစ္စဖြစ်တယ်။ အဲ့တာတွေကို သတိမထားမိလို့လူတချို့ဆိုရင် အခုဆို အရမ်းဒုက္ခရောက်ပြီလေ။

မေး။ ။ ရှေ့တန်းမှာ စစ်သားတွေက အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ပတ်သတ်ပြီး လိုက်နာ ရမယ့် စည်းကမ်းတွေ ထုတ်ထားတာ ရှိပါသလား။

ဖြေ။ ။ ကျနော်တို့က စာအုပ်နဲ့ ဒါမျိုး ဖြစ်ပါမယ်လို့တော့ မထုတ်ထားဘူး။ ဒါပေမယ့် အခြေခံ သင်တန်းတိုင်းမှာ ဒီအချက်အလက်တွေကို သင်ပေးတယ်။ သူတို့အချင်းချင်းလည်း ဆွေးနွေးမှုတွေ ကို လုပ်ခိုင်းပါတယ်။ ကျနော်တို့တပ်မှာလည်း စစ်မေတွေ တော်တော်များများ တာဝန် ထမ်းဆောင်နေတယ်ဆိုတော့ ဒီကိစ္စကို တော်တော်တန်ဖိုးထားတယ်။ ပြီးရင် ရခိုင်လူမျိုးတွေရဲ့ အရင်တုန်းကရှိတဲ့ Gender Equality နဲ့ ပတ်သတ်ပြီး Concept တွေ ရှိတာပေါ့။

ကျနော်တို့က နောက်ပိုင်း အနာဂတ်မှာ ကျနော်တို့ မြင်ချင်တဲ့ ရခိုင့်လူ့အဖွဲ့အစည်းကို အမျိုးသမီး တွေနဲ့ တခြား Gender တွေက အစ ဘယ်လို သဘောထားရမယ်ဆိုတာ ကျနော်တို့သေချာ ပြောပြ ပါတယ်။ အများစုကတော့ တော်တော်လေး စည်းကမ်းလိုက်နာကြတယ်။ ဖောက်ဖျက် မှုတွေနည်းပါတယ်။ တကယ်လို့ရှိရင်လည်း ကျနော်တို့တကယ် အရေးယူပါတယ်။

မုဒိမ်းမှုဆို ပစ်သတ်လိုက်တာ ရှိပါတယ်။ ဒါကတော့ ပြတ်ပြတ်သားသားပဲ။ ကျနော်တို့မှာ ထောင်တွေ ဘာတွေမရှိဘူး။ တကယ်စစ်ဆေးတယ်။ ရွာသားတွေကို ဒီရွာမှာ တခါဖြစ်ဖူးတယ်ဆိုရင် တကယ်ရွာသားတွေကို ခေါ်တယ်။ တခါဖြစ်ဖူးပါတယ်။ အဲ့ဒီ့နောက်ပိုင်း ကျနော်တို့ရွာသား တွေနဲ့ ထိုင်ပြီး ဘယ်လိုဖြစ်ချင်လဲဆိုပြီး တောင်းပန်တယ်။ သူတို့ လူမျိုးစုရိုးရာအရဆို ကျနော်တို့ လျော်ကြေး ပေးတယ်။ ပြီးရင် ဘယ်လိုဖြစ်ချင်လဲ ကျနော်တို့ တကယ်အရေးယူတယ်။ ရွာသားလည်း ကျေနပ်တယ်။ ကျနော်တို့တပ်မှာလည်း တခါမှ မဖြစ်လာတော့ဘူး။

မေး။ ။ နောက်တခုက တိုက်ပွဲ သတင်းထုတ်ပြန်ချက်တွေမှာ ခုနောက်ပိုင်း AA ဘက်က တပ်မတော်ဘက်က စစ်သားတွေ ပိုးလို့ပက်လက်သေဆုံးနေတဲ့ ပုံတွေ နာမည်ကတ်ပြားတွေကို ထုတ်ပြန်နေတာ ဘာ့ကြောင့်လဲ။ သူတို့မိသားစုဝင်တွေနဲ့ တပ်အသိုင်းအဝိုင်းက ဒီအပေါ် ပြစ်တင် ပြောဆိုတာတွေ ရှိနေတယ်။ သေဆုံးသူရဲ့ ပုံတွေကို တင်တာ လူ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးလို့ယူဆ ကြတယ်လေ။

ဖြေ။ ။ တဖက်က ကြည့်ရင်တော့ တချို့အဲ့လို ထင်တာပေါ့။ ခံစားလို့တော့ မကောင်းဘူးပေါ့။ ကျနော်တို့က မီဒီယာမှာ uphill ပေါ့ ။ သူတို့ကတော့ တော်တော်များများ ထိန်းချုပ် ထားတယ်။ သူတို့ရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ မီဒီယာတွေကလည်း ဘာမှ မဟုတ်တာကိုတောင် ဟုတ်ပါတယ် ပြောတာကို ဟုတ်တာကို ဟုတ်တယ်လို့ပြောတာကိုတော့ တရားမလွန်ဘူးလို့ ကျနော်တို့ ထင်တယ်။ ပြီးရင် သူ့ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာတော့ မဟုတ်ဘူး။

ကျနော်တို့ကို သူတို့က ပြောထားတာရှိတယ်။ အားကစားဝတ်စုံ ဝတ်တယ်ပေါ့လေ။ သူတို့လည်း အဲ့ဒီ့ အားကစား အသင်းကပါပဲ။ အာကာထွန်း အဖွဲ့ပါပဲ။ သူတို့လည်း အပေါ်က ယူနီဖောင်း၊ အောက်က အာကာထွန်း၊ အများကြီးပဲရှိတယ်။ ကျနော်တို့ မျက်နှာတော့ ဖုံးထားပါတယ်။ အချင်းချင်းပါပဲ။ အဲ့လောက်ထိ တင်စီးပြီးတော့ မီဒီယာနဲ့ ဖိနှိပ်တယ်ဆိုတော့ ကျနော်တို့က အထောက်အထားကို တင်ပြတာပါ။

ဆုံးရှုံးသွားတဲ့ ကျဆုံးသွားတဲ့ တဖက်စစ်သည်တွေကို စော်ကားတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ပြီးရင် တိုက်ပွဲ ပုံသဏ္ဍာန်၊ တိုက်ပွဲ ဖြစ်နေတဲ့ အချိန် လောလော လောလောနဲ့ ရိုက်နေရတဲ့ ပုံတွေကျတော့ ပါလာတဲ့ အတိုင်းပဲ ဖြစ်တယ်။ သူ့ကို ကျနော်တို့က ဖိုတိုရှော့တွေနဲ့ ပြောင်းလိုက်ရင်လည်း ဒါက သူ့ရဲ့စစ်မှန်မှု လျော့သွားမယ်။ ဒီ့ထက် ဆိုးတဲ့ ပုံတွေ လည်း ရှိတယ်။ ကျနော်တို့ မတင်ပါဘူး။ တင်နိုင်တဲ့ ပုံကိုပဲတင်တာပါ။ ဒီလိုပုံ မတင်သင့်ဘူးဆိုတဲ့ စည်းကမ်းတော့ ကျနော်တို့မတွေ့သေးဘူး။ ရှိရင်လည်း ပြောပါ ဖတ်ကြည့်ပါမယ်။

AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်)

မေး ။ ။ ဗိုလ်ချုပ်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်က ကွန်ဖက်ဒရေးရှင်းပုံမျိုးလို့ ပြောထားတယ်နော်။ ဗိုလ်ချုပ်ရဲ့တပ်ထဲက စစ်မေတွေ ရဲဘော်တွေနဲ့ စကားပြောကြည့်တော့ သူတို့က နိုင်ငံတခု လိုတောင် မျှော်လင့်တယ်လို့ ပြောနေကြတယ်။ အစိုးရနဲ့ တချိန်ချိန်မှာ အပစ်အခတ်ရပ်စဲရေး လုပ်ပြီး နိုင်ငံရေးစကားဝိုင်းတွေသွားရင် ရခိုင်ပြည်နယ်အနေနဲ့ ဆွေးနွေးမလား။ ဘယ်လိုလဲပေါ့ ။ အပြင်မှာလည်း ကောလဟာလလို ထွက်နေတာတွေ ရှိတယ်။ ရခိုင်နိုင်ငံဆိုတာမျိုးပေါ့။ ဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြပေးပါဦး။

ဖြေ။ ။ နိုင်ငံဆိုတာ ကောလဟာလ မဟုတ်ပါဘူး။ ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ ရိုးသားတဲ့ အသံပဲ ဖြစ်တယ်။ ဒါဟာ ကောလဟာလ မဟုတ်ပါဘူး။ လူထုက ဘာဖြစ်ချင်တယ်ဆိုတာ ရိုးရိုး သားသားပြောနေတဲ့ ကိစ္စပဲ။ ဒါပေမယ့် ကျနော်တို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင်တပ်တော်ရဲ့ မူဝါဒက ကျနော်တို့ ခွဲထွက်မယ်လို့ ဘယ်တော့မှ မပြောသေးဘူး။

ကျနော်တို့ရဲ့ ပကတိ အနေအထားနဲ့ ကျနော်တို့လိုလားတဲ့ နိုင်ငံရေးဆန္ဒကိုပဲ ကျနော်တို့ပြောတာ ဖြစ်တယ်။ တကယ် ရခိုင်ပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရမှာက ရခိုင်လူထုပဲဖြစ်တယ်။ လူထုရဲ့ အတွေးအခေါ်ယူဆချက် တွေဆိုတာ အဲ့လူထုကို ဦးဆောင်တဲ့ နိုင်ငံရေးသမားတွေပေါ်မှာ မူတည်တာလည်း ဟုတ်တယ်။ ဒါဟာ နှစ်ဖက်ကြားမှာ ဖြစ်သင့်တာ တခုတော့ ဖော်ဆောင်ရမှာပဲ။ အကောင်းဆုံးကတော့ တအိမ်တည်းမှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ရင် အကောင်းဆုံးပဲ။

ဒါပေမယ့် ကျနော်တို့ကို လုံးဝ နေထိုင်လို့မရအောင်ထိ နှိပ်စက်ရင်တော့ အိမ်နီးချင်းကောင်းဖြစ်အောင် ကြိုးစားရလိမ့်မယ်။ ဒါကတော့ ကျနော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ သူတို့အပေါ်မှာလည်း မူတည်တယ်။ ကျနော်တု့ိက ဘယ်လောက်ပဲ အတူနေချင်သည် ဖြစ်စေ သူတို့က ကျနော်တု့ိကို နေထိုင်လို့ ဘယ်လိုမှ မဖြစ်နိုင်အောင် လုပ်ခဲ့ရင် ဒါက Option တခုအနေနဲ့ ရှိကို ရှိရမယ်။ အဲ့တာတွေအတွက်လည်း ကျနော်တို့က အားနာနေလို့မဖြစ်ဘူး။ သူတို့ကတောင် ကိုယ့်ကို သေအောင် သတ်တော့မယ်။ ကိုယ်က အားနာနေရင် ကျနော်တို့က လူမဖြစ်သင့်တော့ဘူး။ အဲ့လိုမျိုးပဲယူဆပါတယ်။

မေး။ ။AA ရဲ့စစ်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ မဟာမိတ်တွေဖြစ်တဲ့ KIA ၊ UWSA တို့က ဘယ်လောက်ထိ အရေးပါလဲ။ ဘာတွေကူညီပေးနေလဲ။ သူတို့နဲ့ မဟာမိတ် စာချုပ်တွေချုပ်ဆိုထားတာ ရှိပါသလား။

ဖြေ ။ ။ မဟာမိတ်တွေ အများကြီး လိုပါတယ်။ ကျနော်တို့မိတ်ဆွေတွေ တော့ အများကြီး တည်ဆောက်ရမှာပေါ့။ ကချင်လူမျိုးဆို ကိုးကွယ်ရာ ဘာသာ မတူဘူး။ ဒါပေမယ့် ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပုံစံတူတယ်။ UWSA ဆိုရင်လည်း လူမျိုးလည်း မတူဘူး။ ဒါပေမယ့် ဘုံရန်သူနဲ့ ခြိမ်းခြောက်မှုက တူတူပဲ။ တခြားမဟာမိတ်တွေလည်း ဒီတိုင်းပါပဲ။ တခြားလက်မှတ်ထိုးသွားတဲ့ အဖွဲ့တွေလည်း မလွဲသာတဲ့ အခြေအနေ တခုမှာ ထိုးလိုက်ရတာ ပါမယ်။ ကျနော်တို့က သူတို့အကျပ်အတည်းကို နားလည်တယ်။ အဖိနှိပ်ခံ ဘဝတူတိုင်းရင်းသားတွေကြားမှာတော့ ဒါဟာ ဘာစာချုပ်မှ မရှိရင်လည်း အပြန်အလှန်နားလည်ထားကြတဲ့ သဘောတရားတခုပါပဲ။

မဟာမိတ်ကတော့ ကချင်နဲ့ ရခိုင် ကြားမှာဆို ဘာစာချုပ်မှ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ အချင်းချင်းကြားမှာ ဒီစာချုပ်တွေထက် ခိုင်မာတဲ့ နားလည်မှုတွေ ရှိကြတယ်။ ညီအကို အရင်းဖြစ်ပြီဆို စာချုပ် ချုပ်စရာ မလိုပါဘူး။ သူလိုအပ်ရင် ကိုယ်ရပ်တည်ရမှာပဲ။ ဒီလို အခြေအနေပါ။ ကျနော်တို့ တခြားမဟာမိတ်တွေကိုလည်း တိုးချဲ့ဖို့ဆက်ကြိုးစား ပါဦးမယ်။ ဘာဖြစ်လို့ဆိုတော့ ရခိုင်ပြည်မှာ အခုတိုက်ပွဲကာလတွေမှာ ကျနော်တို့ ရခိုင်လူထုတွေ အများကြီး ဒဏ်ရာ ရတယ်။ လက်နက်ကြီး ပစ်ခံရတာတို့ရှိတယ်။ ဥပဒေမဲ့ ဖမ်းဆီးတာတွေလည်း ရှိတယ်။

AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်)

ကျနော်တို့ပြောတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘာမှ အရေးမယူဘူး။ ဟိုမှာ မွတ်ဆလင် ရွာတွေ တခုခုဖြစ်ပြီဆိုရင် အမေရိကန်သံရုံးက ညနေခင်းဆို ကြေငြာချက် ထွက်လာပြီ။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ဗုံးတလုံး ကျတယ်ဆိုတာနဲ့ ချက်ချင်း ရပ်တန့်ပါ ဆိုတဲ့ စိုးရိမ်ကြောင်းတွေပေါ်လာတယ်။ ကျနော်တု့ိ ပြန်စဉ်းစားတယ်။ ကျနော်တို့ ပိုပြီး မိတ်ဆွေတွေ တည်ဆောက်ဖို့ လိုတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေဆိုတာလည်းပဲ သူ့ရဲ့ အလှူရှင် နိုင်ငံတွေရဲ့ အာဂျန်ဒါတွေကို ဦးစားပေးနေတာ တွေ့ရတာပေါ့။ သူတို့မှာ တကယ်လို့ လူသားတိုင်းကို တန်းတူညီခဲ့တယ်ဆိုရင် မွတ်ဆလင်တွေဖြစ်မှ သည်းသည်းလှုပ် ဖြစ်နေတာတွေက ဘာတွေလဲပေါ့။ ဒါ့ကြောင့် ကျနော်တို့ကတော့ KIO ၊ UWSA မက လို့အများကြီး တော့ ထိုးဖောက်ရဦးမယ်။ စစ်ရေးနဲ့ ပတ်သတ်ရင် ဖြစ်ဖြစ် နိုင်ငံရေးနဲ့ပတ်သတ်ရင် ဖြစ်ဖြစ်ပေါ့။ အားနည်းချက်တွေကတော့ အများကြီး ရှိတာပေါ့။ ကြိုးစား ရဦးမယ်။

ကျနော်တို့က ဒီမှာ (လိုင်ဇာ) စတင်ဖွဲ့စည်းခဲ့တာပဲလေ။ ဒါမျိုး မစတင်ခဲ့ရင် ဒီခရီး မရောက်လာဘူး။ သူ့အချိုးအကွေ့တိုင်းမှာ လိုအပ်တဲ့ အရာတွေ ကျနော်တို့စတင်ဖို့ ဒီနေရာဟာ မရှိမဖြစ် ဖြစ်တယ်။ ကျနော်တို့ ဆက်ပြီး ခရီးဆက်ဖို့အတွက် တခြားမဟာမိတ်တွေနဲ့လည်း အများကြီး ပေါင်းသင်း ရတာ ရှိပါတယ်။ ကြိုးစားနေတဲ့ လူတယောက်အတွက် သူ့ရဲ့ အချိုးအကွေ့တိုင်းမှာ သဘာဝတရားကို လုပ်တတ်ကိုင်တတ်ရင် ခွန်အားဖြစ်အောင် ကြိုးစား တည်ဆောက်လို့ ရပါတယ်။ ကျနော်တို့ ညီနောင် ၃ ဖွဲ့ ပလောင်ဖြစ်ဖြစ် ကိုးကန့်ဖြစ်ဖြစ် တကယ် စိတ်ဓါတ်ခိုင်မာပြီး တယောက်ကို တယောက် ဖေးမကူညီနေတာ ရှိပါတယ်။ ဒါ့ကြောင့် KIO၊ UWSA ဆိုတဲ့ ၂ခုကိုပဲ ပုံသေ လက်ညိုးထိုးပြီး ပြောလို့တော့ မရပါဘူး။ တကယ်က အကုန်လုံးနဲ့လက်တွဲ ထားတာပါ။

မေး ။ ။ စစ်အင်အားအတွက် လက်နက်တွေကရော သူတို့တွေပဲ ကူညီပေးတာလား။

ဖြေ။ ။ ကျနော်တို့ရဲ့ လက်နက်ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် KIO ဖွဲ့စည်းပုံနဲ့လည်း မတူပါဘူး။ UWSA ဖွဲ့စည်းပုံနဲ့လည်း မတူပါဘူး။ ဒါပေမယ့် အခြေခံ AK အခြေခံကတော့ သူ့မှာ တူညီမှု တော့ရှိမယ်။ ဒါပေမယ့် ကျနော်တို့မှာလည်း ကျနော်တို့ရဲ့လျှို့ဝှက်ချက်ပေါ့ဗျာ။ အဲ့တာတော့ ရှိပါတယ်။ ဒါကတော့ ရက္ခိုင့်တော်လှန်ရေးကို ဦးဆောင်လုပ်ကိုင်နေတဲ့ စစ်ရေးအတွေး အခေါ်ပေါ့နော်။ ကျနော်တို့ဖော်ဆောင်ချင်တဲ့ သေနင်္ဂဗျူဟာပေါ့။ အဲ့အပေါ်တွေ မူတည်ပြီး ကျနော်တို့တပ်ဆင် ဖွဲ့စည်းပုံတွေရှိပါတယ်။ တိုက်ပွဲဝင်တဲ့ ပုံစံလည်း မတူပါဘူူး။

တကယ်ပြောမယ်ဆိုရင် မြန်မာစစ်တပ်တွေ ကချင်တွေ ရှမ်းတွေနဲ့ တိုက်ဖူးတာပါတယ်။ သူတို့ တိုင်းရင်းသားအဖွဲ့ အစည်းတွေဘယ်လို တိုက်ပွဲဝင်တယ်ဆိုတဲ့ နည်းဗျူဟာကို ကောင်းကောင်း ကျွမ်းကျင်ပါတယ်။ ကျနော်တို့က ကျနော်တို့အတွက် ကိုယ်ပိုင်နည်းနာတွေကို တီထွင်ပါတယ်။ ဒါက ကိုယ့်ရဲ့ သေနင်္ဂဗျူဟာအမြင်ပေါ်မှာပဲ မူတည်ပါတယ်။ တချို့ကိစ္စကတော့ ဟုတ်ပါတယ်။ မှန်ပါတယ်။ ဆက်စပ်ပါတယ်။ သို့သော်လည်း အဲ့လောက် ထင်သလောက်တော့ မဟုတ်သေးဘူးပေါ့။

မေး။ ။ AA အနေနဲ့အခြား တော်လှန်ရေးတပ်ဖွဲ့တွေလို ကိုယ်ပိုင်ဘတ်ဂျက်တွေနဲ့ ရပ်တည်နိုင်ဖို့ စဉ်းစားနေလား။ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အခုလည်း ဒီလိုမျိုးပါပဲ။ တခြား တော်လှန်ရေး အဖွ့ဲအစည်းတွေမှာလည်း သူ့အခက်အခဲနဲ့ သူ ရှိကြပါတယ်။ ကျနော်တို့က ကိုယ့်လူမျိုးကို အမှီအခိုကင်းမဲ့အောင် ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ အဖွ့ဲအစည်း ဖြစ်တယ်။ ဒါ့ကြောင့် မိမိကိုယ်တိုင်လည်း အမှီအခိုကင်းကင်းနဲ့ ခွန်အား ရှိရှိ ရပ်တည်နိုင်အောင် ကြိုးစားနေတယ်။ အခုချိန်မှာ ဒီမှာ အခြေပြုထားတယ်ဆိုတာ ယာယီ အခြေပြုပေါ့။ ဒီခေတ်မှာက ကိုယ်ဘယ်နေရာမှာ နေနေတယ်ဆိုတာထက် ကိုယ်ဘယ်လောက် လက်တံဖြန့်နိုင်လဲဆိုတာပေါ်မှာပဲ တိုင်းတာ ရမယ် ထင်တယ်။ သူများ တွေးသလို ရခိုင်မှာ ဌာနချုပ် ရှိပြီလားဆိုတာထက် ဘယ်တပ်စခန်းမဆို ဌာနချုပ်ကိုက ပုံသေထားလို့မဖြစ်ဘူးလေ။ တော်လှန်ရေး အဖွဲ့အစည်းက။ ကိုယ့်ရဲ့ အမိန့်ပေးစနစ်ကို ကောင်းကောင်း တည်ဆောက် ထားရင် သူ့စနစ်နဲ့ သူ အုပ်ချုပ်တာပါ။ ဌာနချုပ် တည်နေရာက အခရာ မကျပါဘူး။ သူတိုက်ပွဲဝင်တဲ့ နေရာနဲ့ စနစ်နဲ့ပါ။

မေး ။ ။ အခြားတော်လှန်ရေး အဖွ့ဲအစည်းတွေက သူတို့နိုင်ငံရေးရည်မှန်းချက်တွေက ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု၊ ဗိုလ်ချုပ်တို့က အဲ့ထက် မြင့်တဲ့ ကွန်ဖက်ဒရေးရှင်းလို ပြောနေတော့ ဒါက ကွဲလွဲနေသလား။

ဖြေ။ ။ ဒါကတော့ သူ့သမိုင်းနဲ့သူပေါ့။ သူ့လူထုရဲ့ လိုလားချက်နဲ့သူပါ။ တခါတလေ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားမှာ နိုင်ငံရေး အတွေးအခေါ် ကွာဟချက်တွေတော့ ရှိတာပေါ့။ ကျနော်တို့ရဲ့ အတွေးအခေါ်ကတော့ နိုင်ငံတနိုင်ငံမှာ စနစ်တခုတည်းနဲ့ မူတခုတည်းနဲ့ ရှိသမျှ ပြဿနာ အကုန်လုံးကို တခုတည်းမှာပဲကွက်တိ ဖြစ်ရမယ်ဆိုတဲ့ Concept ကို ကျနော်တို့က လက်မခံဘူး။

တရုတ်နိုင်ငံလိုမျိုး တပါတီစနစ်နဲ့ အုပ်ချုပ်တယ်။ ကွန်မြူနစ်ကြီးစိုးတဲ့ နိုင်ငံမှာတောင် သူ့နိုင်ငံရဲ့ ဖြစ်တည်မှု သမိုင်း၊ အရှိတရားနဲ့ ပတ်သတ်တဲ့ မူဝါဒကို ချတယ်။ ဟောင်ကောင်ကို သူတို့ ဘယ်လို အုပ်ချုပ်လဲ။ မကာအိုကို သူတို့ဘယ်လို အုပ်ချုပ်လဲ။ ကမ်းခြေက အရေးကြီးတဲ့ မဟာဗျူဟာမြောက် စီးပွားရေး ဒေသတွေဆိုရင် သူ့ရဲ့ ဗဟိုကော်မတီက တိုက်ရိုက် ကိုင်တယ်။ ယူနန်ဒေသလိုဆို ယူနန်ဖွဲ့စည်းပုံရှိတယ်။ တိဗက်တို့ ရှင်းကျန့်တို့ဆိုလည်း သူ့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေပေါ့။

အခြေအနေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် တည်ဆောက် ထားတဲ့ မူဝါဒ ဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံက ပြဿနာတော့ ရှိကောင်း ရှိမယ်။ ဒါပေမယ့် တိုးတတ်အောင် ရှေ့ကို သွားနိုင်တယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား များစွာရှိတယ်။ နောက်ခံတွေမတူကြဘူး။ သူ့သမိုင်းနဲ့ သူ ၊ သူ့လူမျိုးနဲ့သူ အဲ့မှာ ဒီမိုကရေစီဖက်ဒရယ်စနစ်တခု တည်းနဲ့ အကုန်လုံး ဖြစ်ရမယ်ဆိုတာ တရားသေ ဆန်လွန်းတယ်။

ဒါကတော့ ကျနော်တို့ ရခိုင်လူမျိုးရဲ့ အတွေးအခေါ်နဲ့ နည်းနည်း မကိုက်ဘူး။ ကျနော်တို့လည်း နားလည်ပါတယ်။ စည်းစည်းလုံးလုံးနဲ့လုပ်တာ အကောင်းဆုံးပေါ့။ အတူတူနေတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ အတူတူ နေတိုင်း ကောင်းတယ်ဆို ဒီနေ့ EU မှာ ဘာဖြစ်လဲ။ Brexit တွေရှိတယ်။ ဘာ့ကြောင့် ရှိလာသလဲ။ ကိုယ့်နယ်နမိတ် ကိုယ်လိုချင်လို့ရှိလာတာ။ စပိန်နိုင်ငံမှာ ဘာစီလိုနာက ဘာ့ကြောင့် ကိုယ့်ဘာသာ ရပ်တည်ချင်လဲ။ သူ့လူမျိုးရဲ့ သူ့နောက်ခံသမိုင်းရှိတဲ့ သူ့လူမျိုး တန်ဖိုးထားတဲ့ Value တွေရှိတယ်။

AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်)

အဲ့တာတွေကြောင့် ကျနော်တို့က အတူတူနေနိုင်ဖို့ ကျနော်တို့အကောင်းဆုံးလို့ ထင်တာ တွေကို ကျနော်တို့ဖော်ပြတာ။ မြန်မာနိုင်ငံအနေနဲ့ ဒါ အသစ်အဆန်းလည်း မဟုတ်ဘူး။
ဝ လူမျိုးတွေကျတော့ နေနိုင်တာပဲ။ ကျနော်တို့ ရခိုင်ကိုကျတော့ ဘာလို့ မနေနိုင်ရမှာလဲ။ ဒါကတော့ သူ့တန်ဖိုးကို ဘာနဲ့ ချိန်ဆပြီး ဒီလူက ဖြစ်နိုင်တယ်။ ဒီလူက မဖြစ်နိုင်ဘူးဆိုတာ ဘယ်လို တိုင်းတာသလဲ။ ကျနော်တို့ ဖြေရမှာထက် ကျနော်တို့ကပဲပြန်မေးသင့်ပါတယ်။

မေး ။ ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးလေးကို လက်ခံဖို့တောင် နှစ်ပေါင်းက ဆယ်စုနှစ် များစွာ ကြာခဲ့တာဆိုတော့ ဗိုလ်ချုပ်တို့ ခရီးက ပိုဝေးနိုင်မလား။

ဖြေ ။ ။ မဝေးပါဘူး။ ဒါက တကယ်မကြိုးစားလို့ပါ။ ကျနော်တော့ သိပ်မဝေးဘူးလို့ ထင်တယ်။ တခါတလေ တော်လှန်ရေး အဖွဲ့အစည်းတွေက အားသာချက် ကိုယ်စီရှိကြတယ်။ ကျနော်တို့ ရခိုင်တော်လှန်ရေးဆို တချိန်မှကိုယ့်ဒေသကိုယ် အခြေပြုပြီး ခေါင်းမော့ခွင့် ကလေးတောင် မရခဲ့ပါဘူး။ သူ့ရဲ့ အားသာချက်က ဘာလဲ။ အားနည်းချက်က ဘာလဲ။ စစ်ညောင်းတာရှည်ဖြစ်နေ တဲ့ မြန်မာပြည်ရဲ့ ဆူးညှောင့်ခလုတ်တွေက ဘာလဲကြည့်တယ်။

ကြည့်တော့ အရင်တုန်းက ဆိုရင် တော်လှန်ရေး အဖွဲ့အစည်းတွေက ဖက်ဒရယ်လို့ မပြောခင် အကုန်လုံး လွတ်လပ်ရေးလို့ပြောကြ တာပဲ။ တိုက်လို့မနိုင်ဘူး အဲ့အချိန်မှ ဖက်ဒရယ်လို့ပြန်ပြောင်း သွားတယ်။ ဒါဟာ ရယ်စရာ ကောင်းတယ်။ မနိုင်ရင် နိုင်အောင် ချမယ်လို့ ရည်ရွယ်ချက် ရှိရမယ်။ ပြတ်ပြတ်သားသား ရှိရမယ်။

ဒါမျိုး မဟုတ်ပဲ မနိုင်တဲ့အခါ တမျိုးပြောပြီး နောက်တမျိုးပြောတာ လူထုက ဝေဝါး သွားပြီ။ အဲ့လိုဆို ဦးဆောင်သူနဲ့ ပြည်သူကြားမှာ သဘောတရားတွေထပ်တူ မရှိတော့ဘူး။ ဒီ့ထက် ပြောလိုက်ရင်တော့ တချို့ မူဝါဒ လုပ်နေသူတွေကို တိုက်ခိုက်သလို ဖြစ်သွားမယ်။ အဲ့လို အားနညာ်းချက်တွေတော့ နည်းနည်းတော့ တွေ့တာပေါ့။ ကျနော်တို့ကတော့ ပြတ်ပြတ်သားသား ဖြစ်အောင်တော့ ကြိုးစား သွားပါမယ်။

မေး။ ။ ရခိုင်အရေး၊ ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး ဧရာဝတီက တဆင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ပြဿနာများရဲ့ Part Of The Solution လို့ အမြင်ရှိတယ်။ အခု အရှိတရားမှာတော့ Part Of The Problem လို့ပြန်မြင်တယ်။ အခုချိန်မှာ သူ့ရဲ့နေရာက သူ့အမိန့်ကို မနာခံတဲ့ စစ်မြင်းရထားပေါ် တတ်စီးမိပြီ။ စစ်တိုက်တဲ့ မြင်းရထားပေါ် သူတတ်စီး မိလိုက်ပြီ။ အဲ့တော့ အဲ့အပေါ်ကပဲ ပြုတ်မကျအောင် ကြိုးစားပါလို့ ။ အဲ့လောက်ပဲပြောချင်တယ်။

ပြီးရင် မြန်မာပြည်သူ လူထုတွေအတွက် ကျနော်တို့ကြည့်ပါတယ်။ ၂၀၂၀ မှာ ရွေးကောက်ပွဲ လုပ်တော့မယ်ဆိုရင် NLD ပါတီရဲ့ အနေအထားလည်း ကျနော်တို့ကြည့်ပါတယ်။ သူ့ရဲ့မူဝါဒ အရရော သူ့ရဲ့ လူ့စွမ်းအားအရင်းအမြစ် ပိုင်းတွေရော ကျနော်တို့ ကြည့်တယ်။ အရှိတရားကို မြင်နေရပါတယ်။ ဒီဘက်က အတိုက်အခံအင်အားစုရဲ့ အနေအထားကိုလည်း ကျနော်တို့သုံးသပ် ပါတယ်။ ဘယ်သူဟာ ဒီနိုင်ငံကို တာဝန်ခံပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့စွမ်းရည်တွေရှိမလဲ ဆိုတာ ကျနော်တို့ သုံးသပ်ကြည့်တော့ အခြေအနေတော့ သိပ်မကောင်းပါဘူး။

ပြည်သူလူထုရဲ့ တနေ့တခြားအခြေအနေ၊ ဆင်းရဲလာတဲ့ လူထု၊ ဒုက္ခရောက်လာတဲ့ လူတွေ အတွက် တာဝန်ယူ ပြီး စဉ်းစားမယ့် မူဝါဒနဲ့ အဖွဲ့အစည်းတွေကျနော်တို့ မတွေ့ဘူး။ ကိုယ့်အုပ်စု သူ့အုပ်စုနဲ့ ကိုယ့်အယူအဆ သူ့အယူအဆ ဆိုတဲ့ အင်အားစုတွေပဲတွေ့တယ်။

အခြေခံလူထုကတော့ စစ်တပ်ပေါ် မကျေနပ်တဲ့ လူကတော့ ရှိတဲ့ဟာကို ရွေးမှာပဲ။ ရွေးလိုက်တဲ့ဟာကလည်း ပြဿနာ အတွက် အဖြေတွေ မက်မောလောက်စရာတွေ မတွေ့ဘူး။ ဒါ့ကြောင့် ကျနော်တို့ အမှာစကားတော့ မပါးတော့ ပါဘူး။ ကိုယ့်ကံတရားကိုပဲ ကိုယ် အကောင်းဆုံး ဖြစ်အောင် တည်ဆောက်သွားတော့မယ်။

ဆက်စပ်ဖတ်ရှုရန်AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း – ၁)

The post AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း – ၂) appeared first on ဧရာဝတီ.

အများနဲ့ မတူ တမူထူးခြားတဲ့ မန္တလေး သြင်္ကန် နဲ့ မြို့မ

$
0
0

ဟုတ်ကဲ့ ကျောင်းအမကြီးပါ။ ကျောင်းသာမက မြန်မာပြည် တနံတလျားမှာ ရှိတဲ့ ကျောင်းကန် ဘုရားတွေမှာ သူ့ ကုသိုလ် သူ့ကောင်းမှုတွေ တွေ့ရလို့ချည်း နေပါတယ်။

အဲဒီ ကျောင်းအမ ဘုရားအမကြီး တယောက် အသက် ၇၀ အရွယ် အထိ သြင်္ကန် မဏ္ဍပ် ပေါ်မှာ သြင်္ကန်မယ်တွေနဲ့ သြင်္ကန် ၄ ရက်၊ ၅ ရက် နေ့တိုင်း မိုးအလင်း ထိုင်ပြီး သြင်္ကန်ပွဲ ကို ဆင်နွှဲနေတဲ့ မြင်ကွင်းမျိုး မန္တလေးမှာက လွဲရင် တခြား ဘယ်မြို့မှာမှ တွေ့ဖူးမယ် မထင်ပါဘူး။

အသက် ၇၀- ၇၀ ကျော်အထိ ကိုယ်တိုင် ဝင်မကတာက လွဲရင် သြင်္ကန်ပွဲ ဆင်နွှဲနေတယ် ဆိုတဲ့ ကျောင်းအမကြီး ဆိုတာ က ဘယ်သူလဲလို့ မေးရင် ကျမ အစ်မ နဂါး ဒေါ်ဦးပါ လို့ပဲ ဖြေပါမယ်။

သြော် … နဂါး ဆေးလိပ် ဒေါ်ဦးလား ? ။ သူက ဒီလို သြင်္ကန်ပွဲ ဆင်နွှဲတယ် ဆိုရင် သူ့ဆေးလိပ် ကြော်ငြာချင်လို့ ဖြစ်မှာ ပေါ့ ဟုတ်ဘူးလား။ သြင်္ကန်ပွဲကို ကုန်ပစ္စည်း ကြော်ငြာဖို့ အသုံးချနေကြတာ ကြာပါပကောလို့ အကြောင်း မသိသူများ က ပြောကောင်းပြော ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒီလို ပြောလာရင် သြင်္ကန်ပွဲကို ကြော်ငြာပွဲ ဖြစ်အောင် လုပ်လာ တာ နှစ်ပေါင်း သိပ်မကြာသေးပါဘူး။ ဒေါ်ဦးက ဒီလို နှစ်ပေါင်း ၄-၅၀ နှစ်တိုင်း နှစ်တိုင်း ငွေကုန်ကြေးကျခံပြီး သြင်္ကန်ပွဲ လုပ်ခဲ့တာ သူ့ ဆေးလိပ် ကြော်ငြာတဲ့ အကျိုးတော့ ရသင့်သလောက် ရမှာပါပဲ။ ဒါပေမယ့် သူက ဒါနဲ့ ကြော်ငြာတဲ့ ပုံစံ လုံးလုံး မလုပ်ခဲ့ပါဘူး။

သူ့သြင်္ကန် မဏ္ဍပ်ကြီးက ဘယ်နှခန်းထိ ကြီးအောင် ကျယ်အောင် ဆောက်ဆောက် သူ့အဖွဲ့ရဲ့ နာမည်ထဲ ဆေးလိပ် ဆိုတဲ့ စကား နဂါး ဆိုတဲ့ ဆိုင်းဘုတ် ယောင်လို့မှ ချိတ်မထားပါဘူး။

“ရေနန်းသူဇာ ရေသဘင် အဖွဲ့” ဆိုတာ သူ့ရေပက် အသင်းရဲ့ နှစ်တိုင်း နာမည်ပါ။ ဇာတ်ခုံကြီးရဲ့ နောက်ခံကားက စည်းပုံ ဆောင်း လူယောင်ဆောင် နဂါးမလေးတွေက ရေကန်ကြီး တကန်မှာ ရေချိုး ရေကစားနေကြတဲ့ ပုံပါ။

ရေနန်းသူဇာ ခေါ် နဂါးမယ် ရေသဘင် အဖွဲ့

ဒေါ်ဦးက သူကိုယ်တိုင်က အဆို အက ဝါသနာပါပါတယ်။ ကျမတို့ ညီအစ်မ လေးယောက်ထဲမှာ သူက အကကို မသင် ရ ဘဲ နဲ့ ငယ်ငယ်လေးကတည်းက က တတ်ပါတယ်။ သူငယ်ငယ်က ရုပ်ရှင်ကြော်ငြာ လှည့်တဲ့ကား အတီးနဲ့ လာရင် သူက အဲဒီ အတီးနဲ့ အိမ်ထဲကနေပြီး လိုက်ကနေတာပါ။ သူ့ အက ကလည်း ခေါင်းရော ခါးရော ပါတဲ့အကပါ။ သူ့ ပါရမီပဲ။ ကျမတို့ လေးယောက်ထဲမှာ ဒုတိယ က တတ်သူက ကျမ ညီမ ဒေါ်တင်တင်ပါ။ ကျန် နှစ်ယောက် လုံးဝ မကတတ် ကြဘူး။

အဲဒီလို က တတ်တဲ့ ဒေါ်ဦးက သြင်္ကန်နား နီးပြီ ဆိုရင် သူ့ ဆေးလိပ်ခုံက မိန်းကလေးတွေ ထဲက အက သင်ရင် တတ် လောက်တဲ့ မိန်းကလေး၊ အရွယ်လေးရော၊ ရုပ်ကလေးရော သင့်တဲ့ မိန်းကလေးတွေကို သူက ကိုယ်တိုင် ရွေးပါတယ်။ ၁၀၀- ၁၅၀။ ပြီးတော့ အကဆရာမ (ပန်တျာကလို ဟာမျိုး) ကို ခေါ်ပြီး တလ ကိုးသီတင်း သင်ပေးပါတယ်။ တော်တော် ဟန်တော့ စိန်တင်ဟန် တို့လို ဆိုင်းဝိုင်းကြီး တဝိုင်းကို ခေါ်ပြီး တနှစ်တခါ အရေးခိုင်းထားတဲ့ သူ့သြင်္ကန် သီချင်းနဲ့ အက ကို ဆိုင်းနဲ့ တိုက်ပြီး ကစေတာပါ။

သူ့ တိုက်ကြီးပေါ်မှာ ညနေ ကနေ ည မိုးချုပ် အထိ တိုက်နေတာ အကြာကြီး၊ ရက်နီးတော့ တနေ့လုံး ယိမ်း တိုက်နေ တော့ တာပါ။ ဒီလို တိုက်နေရင်း ဟန်ကျအောင် မကတဲ့ မိန်းကလေးကို တွေ့ရင် မမဦးက သူကိုယ်တိုင် ဒီမိန်းကလေး ကို အပြင် ဆွဲခေါ်ပြီး လက် ဒီလိုထား၊ ခေါင်းနဲ့ ခါးက ဘယ်လိုနေ ဆိုပြီး လုပ်ပြတယ်။ အလုပ်ခိုင်းတယ်။ ရှေ့က သူက လုပ်ပြပြီး သင် ပေးတာပါ။

သူ့ယိမ်းက စပ်ထားတဲ့ သီချင်းထဲမှာ ဆေးလိပ် အကြောင်း ယောင်လို့မှ တလုံး တပါဒမှ မပါဘူး။ တကယ်တမ်း ပြောရ ရင် နှစ်တိုင်း နှစ်တိုင်း ဒီကောင်မလေးတွေကို နေ့တွက်ပေး၊ ထမင်းကျွေး၊ ဆိုင်းနဲ့ အက သင် ဆရာမကိုလည်း ထိုက်ထိုက် တန်တန် ပေးပြီး သင်ပြ အက ခိုင်းနေတာဟာ သူ့ ဆေးလိပ် ကြော်ငြာချင်လို့ မဟုတ်ပါဘူး။ သူကိုယ်တိုင် က ဝါသနာ ပါလို့ပါ။ သူ့မွေးစား သမီးဆိုရင် နှစ်တိုင်း ယိမ်းထဲ ရှေ့တန်းက ပါရတာပဲ။ ကျမ ထင်ပါတယ်။ သူကိုယ်တိုင် လူက ဝင်မက ပေမယ့် စိတ်ကတော့ ဝင်ကနေမှာပါ။

နေ့တခြိမ်းခြိမ်း ယိမ်းတိုက်၊ ည ညဉ့်နက် သန်းခေါင် ဒီတိုက်ပေါ်မှာပဲ ယိမ်းတိုက်၊ က ရာမှာဝတ်ဖို့ ဆင်တူ အဝတ်တွေ ဝယ် ပေးပြီး သြင်္ကန်ရက်မှာ တရက်မှ ဇာတ်ခုံပေါ်က မဆင်းဘဲ မိုးအလင်း ထိုင်နေတယ် ဆိုတာ တော်ရုံ ဝါသနာ ပါရုံနဲ့ တောင် တတ်နိုင်တယ် မထင်ပါဘူး။ ကျမ အနေနဲ့ ပြောရရင် သူမို့သာ ခံနိုင်တာပါ။ သူ့အိမ်နဲ့ ကျမအိမ် မျက်စောင်းထိုး မျက်နှာချင်း ဆိုင်ပဲဟာ၊ အားလုံး မြင်တွေ့ ကြားသိနေရတာပါပဲ။

မန္တလေးမြို့ရဲ့ ဟိုတုန်းက သြင်္ကန်ကလည်း သူများမြို့တွေက သြင်္ကန်နဲ့ မတူပါဘူး။ လူကို မီးသတ်ပိုက်နဲ့ပက်ပြီး ရေလုံး နဲ့ နှိပ်စက်ချင်တဲ့ သြင်္ကန်မျိုး မဟုတ်ပါဘူး။ ကုန်ပစ္စည်း ရောင်းချင်တဲ့ လူတွေ ကြိုက်သလောက် ကြော်ငြာနိုင် တဲ့ သြင်္ကန်မျိုး ဟိုတုန်းက မဟုတ်ခဲ့ဘူး။ အချင်းချင်း ပျော်ပျော်ပါးပါး ချစ်ချစ်ကြည်ကြည် ကကြ ဆိုကြ တီးကြ မှုတ်ကြမယ်၊ ရေပက်ကြမယ်၊ အလှပြကြမယ် ဆိုတဲ့ သြင်္ကန်လေ။

ကိုယ့်မြန်မာ အချင်းချင်းသာ မကဘူး။ မကြုံဘူးတဲ့ လူမျိုးခြား ဘာသာခြားတွေလာရင်လည်း လာခဲ့၊ ရေပက်မယ်၊ က ပြ မယ်၊ ဆိုပြမယ်။ ဒါ မြန်မာ ပျော်ပွဲ ရွှင်ပွဲ၊ လာပြီး ဝင်ပါလှည့်ကြ ပျော်လှည့်ကြ၊ ကတတ်ရင်လည်း ဝင်က၊ အတူတူ ပေါ့ ဆိုတဲ့ ပွဲမျိုးပါ။

ဟိုတုန်းက မန္တလေးမှာ နဂါး ဒေါ်ဦး သာလား ဆိုတော့ ဘယ်ဟုတ်ပါ့ မလဲ၊ ဈေးချိုတော်မှာ အလယ်ပေါက်ကြီးကနေပြီး အနောက်ဘက်ကို လှည့်ကြည့်လိုက်ရင် “အမေကြမ်း ပွဲရုံ” ဆိုတဲ့ ဆိုင်းဘုတ်ကြီး ဧရာမ စာလုံးကြီးတွေ ပွဲရုံ ခေါင်မိုး ကြီး မှာ ရေးထားတဲ့ ပွဲကတော်ကြီး ဒေါ်ကြမ်းရဲ့ သမီး ဒေါ်ထားရီရဲ့ သြင်္ကန် မဏ္ဍပ် ဆိုရင် မန္တလေး သြင်္ကန်ပွဲ လာနွှဲလို့ ကတော့ သူ့ မဏ္ဍပ် မရောက်ခဲ့ရ၊ မမြင်ခဲ့ရရင် မန္တလေး သြင်္ကန်ကို နှံ့အောင် စုံအောင် မလည်ခဲ့ရဘူးလို့ ပြောနိုင်တယ်။

နဂါး ဒေါ်ဦး / မနောဖြူလေး ဘလော့ဂ်

ဒေါ်ထားရီက မမဦးထက်တော့ အသက်နည်းနည်း ငယ်တယ်။ ဒါပေမယ့် သူလည်း အလုပ်ကြီး အကိုင်ကြီး အရောင်း ကြီး အဝယ်ကြီး သမား။ ဈေးချိုတော် ပန်းဆိုးတန်းမှာ သိန်းသန်းချီပြီး ရင်းနှီး လုပ်ကိုင်တယ်။ အလှူအတန်း ရက်ရက် ရောရော လှူဒါန်း ပေးကမ်းတယ်။ ဒါကြောင့် ကျောင်းအမ ဘုရားအမပါပဲ။ ပြီးတော့ သြင်္ကန်မှာတော့ သူ့မဏ္ဍပ်က စင်မြင့်ပေါ်မှာ ဒေါ်ဦးလို ထိုင်ရုံ မကပါဘူး။ သူကလည်း သူ့အလုပ်ထဲက၊ သူ့အရပ်ထဲက ဝါသနာတူ ကလေးမလေး တွေနဲ့ အတူ ဝင်က ပါတယ်။ သီချင်းလည်း ဆိုပါတယ်။

တနှစ်ဟာများ မန္တလေး သြင်္ကန်ကို လာရောက် ဆင်နွှဲနေကျ ရုပ်ရှင်မင်းသား ဝင်းဦးနဲ့၊ သူက စင်ပေါ်က ဝင်းဦးက အလှပြ ကားပေါ်က နေကြပြီး ပိတောက်ပန်း လက်ဆောင်ပေးရင်း အလဲအလှယ် ဆိုကြ ကကြ ပါသေးတယ်။

ဒီမြင်ကွင်းမျိုး မော်ရွှေမြိုင်မှာလည်း ရှိမယ် မထင်ပါဘူး။ မြို့ရွှေဂုံမှာလည်း ရှိမယ် မထင်ပါဘူး။ ဒေါ်ထားရီ မဏ္ဍပ်လို့ နာမည် ကြီးတဲ့ အိမ်တော်ရာ ဆင်တံတားက လှသူဇာ ဆိုရင် အဲဒီ မဏ္ဍပ်က အမျိုးသမီးတွေ အက ကောင်းလှတယ်လို့ နာမည် ကျော်ပါတယ်။ နာမည်ကျော်ပေမယ့် အားလုံး အရပ်သူတွေ ချည်းပါ။

မန္တလေး သြင်္ကန် မဏ္ဍပ်တွေမှာ နေ့မှာ ရေပက်တယ်၊ ညမှာ ကိုယ့်အတီး အဖွဲ့နဲ့ ကိုယ့်အကနဲ့ အလှကားတွေကို ဧည့်ခံ တယ်။ အဲဒီတော့ အက, ကောင်းတယ်လို့ နာမည်ကြီးတဲ့ မိန်းမလျာကြီးတွေ ဦးစီးတဲ့ ရေပက် မဏ္ဍပ်တွေလည်း ရှိပါ တယ်။

မန္တလေးက ရေစက်ဗိုလ် (မီးသတ်ဗိုလ်) ဦးမောင်မောင်ရဲ့သား ဗိုလ်ဗိုလ် ဦးဆောင်တဲ့ ရေပက်အဖွဲ့၊ ဒီဘိုးလမ်းက မာမီ အောင် ဦးဆောင်တဲ့ ယမင်းသူဇာ အဖွဲ့ဆိုတာတွေက အကမှာ နာမည်ကြီး ကြပါတယ်။

ပုလဲ ငွေရောင်က မေစံပယ် အဖွဲ့၊ ၁၄ လမ်း ကျုံးအနောက်က မေနုယဉ် အဖွဲ့၊ မြောက်ပြင် ထားဝယ်ရပ်က မေထားဝယ် အဖွဲ့၊ မြဝတ်ရည်တို့၊ ရှုတိုင်းယဉ် တို့ ဆိုတာတွေလည်း ရှိပါသေးတယ်။

မန္တလေး သြင်္ကန်က အဲဒီလို အက တွေနဲ့ ဧည့်ခံတယ်ဆိုတော့ အက ဝါသနာ ပါလို့ ကချင်တဲ့လူများ လာလည်ကြ ဝင်ကကြတာတွေလည်း ရှိတာပဲ။

မန္တလေး သြင်္ကန်ဟာ အဲဒီလို အက၊ အဆို၊ အတီးတွေနဲ့ ဆင်နွှဲတာ တခြား ဒေသတွေနဲ့ မတူ တမူထူးခြားနေတာက သက်တမ်း ၇၅ နှစ် ပြည့်တော့မှာမို့ စိန်ရတု သဘင် ဆင်နွှဲတော့မယ် ဆိုတဲ့ မြို့မ တီးဝိုင်း အဖွဲ့နဲ့ အညမည ဖြစ်တယ် ထင်ပါတယ်။

ကျမတို့ မှတ်မိသလောက် ဆိုရင် တနှစ် သြင်္ကန်မှာ “ဖူးမြော်ဖို့ ကျွန်ုပ်လာ ဦးတော်လုံ ဥက္ကဋ္ဌပါ” ဆိုတဲ့ သီချင်းကို သီဆို တီးမှုတ်လာတဲ့ ငန်းရုပ်ကြီး ကားထိပ်က တင်လာတဲ့ မြို့မ တူရိယာ အဖွဲ့ မဟာမုနိ ဘုရားကြီးကို သွားတော့ နောက်နှစ် နောက်နှစ်တွေမှာ အလှပြယာဉ်ဆိုတာတွေ တိုးတိုးများများ လာတယ်။ ဒီယာဉ်တွေက မြို့လှည့်ပြီး ရေခံလည်ကြတော့ လည်း ရေပက်ရတဲ့ မိန်းကလေးတွေက ရေပက် အပြီး သူတို့ ယာဉ်ကို လှည့်ပတ် က ရတာ သိပ်မလိုက်ဖက်လို့ ရေပက် မဏ္ဍပ်ကို မြင့်ရာတင်လာ ရတယ်။

ရေပက်တာလည်း စင်ပေါ်က လှမ်းပက်ရအောင် ရေအိုးတွေ စည်ပိုင်းတွေပါ စင်ပေါ်တင်လာကြတယ်။ ရေပက်လည် တဲ့ ကားရယ်လို့ မရှိ သလောက် ဖြစ်ပြီး ရေခံလည်တဲ့ ကား ရေပက်တဲ့ အဖွဲ့ ဒီအဖွဲ့က အကနဲ့ ဧည့်ခံတယ် ဆိုတာမျိုး ဖြစ်လာတယ်။

မြို့မ အသင်းဟာ ရေပက်ခံလည်ရာမှာ စည်းကမ်း အရှိဆုံး အယဉ်ကျေးဆုံး သီချင်း အကောင်းဆုံး ဆိုတာမျိုးတွေနဲ့ နာမည် ရလာပြီး မြို့ချစ်တဲ့ အဖွဲ့အဖြစ် တနေ့တခြား ဖြစ်လာတယ် ထင်ပါတယ်။

မြို့မဟာ မြို့ချစ်တဲ့ ခေတ်ပေါ်တူရိယာ အဖွဲ့ရယ်လို့ ခိုင်ခိုင်မြဲမြဲ ဖြစ်လာတာမှာ အဖွဲ့သားတွေရဲ့ ဝါသနာ၊ စေတနာ၊ ကြိုးစားမှုတွေ ပါလာနဲ့အတူ ပညာဘက်က မြို့မငြိမ်းတို့၊ ဓားတန်း ဦးသန့်တို့ ထိန်းသိမ်း ဖေးမမှုလည်း ပါပါလိမ့်မယ်။ မြို့မငြိမ်းဟာ ၁၉၅၅ ခုနှစ်ကမှ ကွယ်လွန် အနိစ္စရောက်တာပါ။ သူ မရှိတဲ့နောက် ဓားတန်း ဦးသန့် တို့က မြို့မကို ဆက်ပြီး ဖက်ထားကြတာပါ။ ဦးသန့်က ၁၉၈၈ ခုနှစ်ကမှ အနိစ္စ ရောက်တာပါ။

မြို့မဟာ ထီးချက်စောင့် နတ်သမီးတွေလို ပုဂ္ဂိုလ်တွေ မရှိတော့ပေမယ့် မန္တလေးရဲ့ အလှကို ဂီတနဲ့ တဖက်တလမ်းက လုံးပန်းနေတဲ့ မြို့မ ကတော့ ရှေးမူမပျက် စေတနာ မပျက် ဆက်လက်လို့ မန္တလေးကတော့ ရှန်သန်စေချင်တာ အမှန်ပဲ ဖြစ် လိမ့်မယ်။

မြို့မ ရေသဘင် အဖွဲ့ / ဝီကီပီးဒီးယား

မြို့မဟာ အပျော်တမ်း အဖွဲ့၊ အပျော်တမ်း အဖွဲ့ ဆိုတာ စေတနာ၊ မေတ္တာ၊ ယုံကြည်ချက်နဲ့ ရပ်တည်မှ ရတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့ ဒီနိုင်ငံဟာ စစ်တလင်း နှစ်ကြိမ် ဖြစ်ရတယ်။ ဒါကြောင့် မန္တလေး မြို့ကြီးဟာ ပြာပုံ ဘဝ ရောက် ရ တယ်။ မြို့သူ မြို့သားတွေက စစ်ဘေးလွတ်ရာ တောလက် ကျေးရွာတွေကို ထွက်ပြေးခဲ့ကြရတယ်။

စစ်ကြီးပြီးတော့ ရွှေမြို့တော် မန္တလေး ပြာပုံက ပြန်ထကြမယ် ဆိုပြီး မြို့ကို ပြန်ဝင်ကြတဲ့ အခါ မြို့မ အဖွဲ့က “မြို့မနဲ့ တူတကွ လိုက်ပါနိုင်စေ၊ အောင်စည်ရွမ်းသံ ကြားပြီထင် ပြည်တော်ဝင်မယ်လေ” ဆိုပြီး ပြာပုံ မန္တလေးကို ပြန်လည် ထူထောင်ဖို့ ပြန်ဝင်ခဲ့ကြ သလို ဘယ်အဖြစ်က မဆို မြို့မဟာ ကုန်းရုန်းထနိုင်ပါစေ။ မြို့သက်နဲ့ အတူ ရှည်လျားပါစေ လို့ ဆန္ဒ ပြုရတယ်။ ။

ဤဆောင်းပါးကို လူထု စာအုပ်တိုက်က ထုတ်ဝေသော စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားသည့် “မန္တလေး မတိုင်ခင်က…မန္တလေး၊ ကျွန်မတို့ ငယ်ငယ်တုန်းက မန္တလေး၊ ကျွန်မတို့ မန္တလေး” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလက ထုတ်ဝေသော မြို့မ စိန်ရတု မဂ္ဂဇင်းအား ကိုးကား ဖော်ပြထားသည်ကိုလည်း စာအုပ်တွင် တွေ့ရှိ ရပါသည်။

The post အများနဲ့ မတူ တမူထူးခြားတဲ့ မန္တလေး သြင်္ကန် နဲ့ မြို့မ appeared first on ဧရာဝတီ.

သြင်္ကန် ရိုးရာ သံချပ် အဖွဲ့များ ဘာကြောင့် လျော့နည်း လာရသလဲ

$
0
0

မြန်မာ့ရိုးရာ သြင်္ကန်နှင့်အတူ ယှဉ်တွဲပါလာသည့် သံချပ်များကို ဒီမိုကရေစီ အစိုးရ လက်ထက်အထိ စည်းကမ်း တင်းကျပ် မှုများနှင့် ငွေကြေး အခက်အခဲများ ရှိနေ၍ သြင်္ကန်သံချပ်များ တဖြည်းဖြည်း ပျောက်ကွယ် သွားမည်ကို စိုးရိမ်ကြောင်း သံချပ် အသင်းများက ပြောဆိုကြသည်။

အထူးသဖြင့် သံချပ်ဆိုသည်က တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့် ကဏ္ဍ အသီးသီးတွင် လိုအပ်ချက်များ ကို ထောက်ပြဝေဖန်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များအနေဖြင့် သိမြင်နိုင်စေရန်အတွက် မီးမောင်းထိုးပြသည့် ရိုးရာအစဉ်အလာဖြစ်ကြောင်း စွယ်စုံရ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေက ပြောသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်က သံချပ်များကို ဆက်တိုက် ဖိနှိပ်ခဲ့သောကြောင့် သြင်္ကန်ကာလ တွင် သံချပ်ထိုးကြသည့် အလေ့အထ မှေးမှိန်သွားခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် တက်လာသည့် ဦးသိန်းစိန် အစိုးရ လက်ထက်မှသာ ပြန်လည် ခွင့်ပြုခဲ့သည်။

သို့သော် သံချပ်ထိုးသည့် အသင်းများသည် စာသားများ၊ တင်ဆက်မှုများကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရများထံ ဆင်ဆာတင်ပြီး စိစစ်ခံကြရသည်။

“၈၈ အရေးအခင်း မတိုင်ခင်က သြင်္ကန်မှာ သံချပ်လုပ်ရတာ ပျော်စရာကောင်းတယ်။ မဏ္ဍပ်တွေကလည်း အများကြီး။ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ရှိတယ်။ စစ်အစိုးရလက်ထက်မှာ ပျောက်သွားတာ။ ဦးသိန်းစိန်လက်ထက်မှာ တချို့က လည်း မလုပ်ကြတော့ဘူး။ ပြီးတော့ သံချပ်ကို ဟိုနေရာတင်၊ ဟိုစစ်၊ ဒီစစ်လုပ်နေတော့ ဘယ်သူမှ မလုပ်ချင်ကြတော့ဘူး” ဟု ယခုနှစ်သြင်္ကန်တွင် သံချပ်ထိုးခွင့်ရထားသည့် ကာတွန်း အောက်တိုဘာ အောင်ကြီးက ဆိုသည်။

ယခုနှစ် သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ သံချပ်စိစစ်ရေးကော်မတီထံသို့ သံချပ်အဖွဲ့ ၁၉ ဖွဲ့ လာရောက် ဆင်ဆာတင်ခဲ့ပြီး စာသားတချို့ကိုသာ အပြောင်းအလဲအနည်းငယ်လုပ်ကာ ၁၉ ဖွဲ့လုံးကို ခွင့်ပြုချက်ပေးခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

နိုင်ငံတော်၏ မူဝါဒကို ထိခိုက်စေသော စာသားအနည်းငယ်ကိုသာ သံချပ်အသင်းများနှင့် ပြန်လည်ညှိနှိုင်းကာ ပြောင်းလဲ ခဲ့ပြီး လာတင်သည့် အသင်းများကို ပိတ်ပင်တာမျိုး မလုပ်ကြောင်း သူက ဆက်ပြောသည်။

သို့ရာတွင် ယခုနှစ် သံချပ်အသင်း ၇ သင်းက တိုင်းအစိုးရထံသို့ တင်ပြခြင်းမပြုဘဲ သြင်္ကန်ကာလတွင် သံချပ်များကို လှည့် လည် ဖျော်ဖြေမည်ဟု အဆိုပါ သံချပ်အသင်းများထံမှ သိရသည်။

ထို့ပြင် ဆင်ဆာ၊ ခွင့်ပြုချက် မတင်ထားသည့် သံချပ်အသင်းများကို ဆုပေးမဏ္ဍပ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ ဖျော်ဖြေ ခြင်းများ ခွင့်မပြုရန် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ကာ တားမြစ်ထားသည်ဟုလည်း သိရသည်။

၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ်ဆင်ဆာမတင်ပဲ မဏ္ဍပ်ကြီးများတွင် ဖျော်ဖြေမှုပေါင်းများစွာ ပြုလုပ်ကာ ပြည်သူများ၏ အားပေးထောက်ခံမှု အခိုင်အမာရထားသော ဒေါင်းတို့မျိုးဆက် သံချပ်အသင်းသည် ယခုနှစ်တွင်လည်း ဆင်ဆာမတင်သည့်အတွက် တချို့မဏ္ဍပ်များနှင့် လှည့်လည် ဖျော်ဖြေမှုများတွင် ပိတ်ပင်တားဆီးခြင်းများ ကြုံတွေ့ရနိုင် သည် ဟု ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုပိုင်ရဲသူက ပြောသည်။

“သံချပ်ဆိုတာ အစိုးရရဲ့ အမြီးအမောက်မတည့်တဲ့ဟာတွေ၊ နိုင်ငံ့အလွဲတွေ အကုန်လုံးကို သံချပ်နဲ့ ပြည်သူတွေသိအောင် ပြောတာ။ ပြီးရင် ပြည်သူတွေ ခံစားနေရတဲ့အခြေအနေတွေ အကုန်လုံးကို အစိုးရမင်းများသိအောင် အနုပညာနဲ့ တင်ဆက် တာ ဖြစ်တယ်။ ဒါက အစိုးရနဲ့ ပြည်သူတွေကို ပေါင်းကူးပေးတဲ့ ပေါင်းကူးတံတားတခုသာဖြစ်တယ်”ဟု သူက ဆိုသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံသို့ ဆင်ဆာတင်ပြသည့် သံချပ်အသင်းများသည် ၂၀၁၅ ခုနှစ်တွင် ၁၈ သင်း၊ ၂၀၁၆ ခုနှစ်တွင် အသင်း ၂၀ ကျော်၊ ၂၀၁၇ ခုနှစ်တွင် ၂၈ သင်း၊ ၂၀၁၈ ခုနှစ်တွင် အသင်း ၂၀ ကျော်ရှိခဲ့ရာကနေ ယခုနှစ်တွင် ၁၉ သင်းသာ ရှိတော့သည်။

သြင်္ကန်ကာလတွင် သံချပ်နှင့် ပက်သက်၍ ရန်ကုန်မြို့သည် ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ရှိပြီး မန္တလေး ထက်ပင် အထွန်းကားဆုံး ဖြစ်သော်လည်း ယခုနှစ်တွင်တော့ သံချပ်ထိုး ဖျော်ဖြေမည့် အသင်းများ လျော့နည်းသွားပြီ ဖြစ်သည်

မန္တလေးမြို့တွင်မှု ထူးထူးခြားခြား အသက် ၁၀ နှစ်မှ ၁၃ နှစ်ကြား ကလေး ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည့် သံချပ်အဖွဲ့က ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တနှစ်ထက်တနှစ် သံချပ်အသင်းများ လျော့ကျလာရခြင်း၏ တခြားအကြောင်းရင်းတရပ်မှာ ငွေကြေးပံ့ပိုး ကူညီ ပေးမှု လျော့ပါးလာခြင်းကလည်း အဓိကအကြောင်းရင်း ဖြစ်သည်ဟု ကာတွန်း အောက်တိုဘာ အောင်ကြီးက ပြောသည်။

မိမိတို့အသင်းဆိုလျှင် သန်လျင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်မဏ္ဍပ်တွင် ဖျော်ဖြေမှုအတွက် ကျပ်ငွေ ၇ သိန်း ထောက်ပံ့ပေးသည့် အတွက် ယခုလို သံချပ်အသင်းကို ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း၊ တခြားသော အစဉ်အလာရှိခဲ့ကြသည့် သံချပ် အသင်းများသည် ငွေကြေးထောက်ပံ့ပေးမည်သူ မရှိသည့်အတွက် ယခုနှစ်တွင် သံချပ်ထိုး ဖျော်ဖြေမှုများ မပြုလုပ် ကြတော့ကြောင်းလည်း သူက ပြောဆိုသည်။

“သံလျင်မြို့နယ် အုပ်ချုပ်ရေးက သံချပ်တသင်းကို ၇ သိန်း၊ ယိမ်းအဖွဲ့တဖွဲ့ကို ၃ သိန်းထောက်ပံ့တယ်။ ဒါတောင် ကျနော် တို့အသင်းဆို ၂ ရက်ပဲ သံချပ်ထွက်ဖို့စီစဉ်နိုင်တယ်။ တရက်ကို ကားငှားခတင် တသိန်းခွဲကျပ်၊ ဆိုင်းအဖွဲ့ငှားတာက တသိန်း ခွဲကျပ်။ အဲ့ဒီတင် ၃ သိန်းကုန်နေပြီ။ သံချပ်အသင်းသားတွေကို ကျွေးတာမွေးတာက ရှိသေးတယ်။ ဒါတောင် ကားကို အလှဆင်တာ၊ အဝတ်စားစရိတ်တွေ မပါသေးဘူး။ အဲ့ဒီတော့ ဒီလောက်ကုန်ကျစရိတ်ကို ဝါသနာပါတာတောင်မှ ငွေမရှိရင် ဘယ်လိုလုပ်နိုင်မှာလဲ။ နိုင်ငံတော်ကလည်း ဘာမှ မပံ့ပိုးပေးနိုင်ဘူးလေ”ဟု သူက ပြောဆိုလိုက်ပါသည်။

ထက်ခေါင်လင်း ပူးပေါင်းရေးသားသည်။

The post သြင်္ကန် ရိုးရာ သံချပ် အဖွဲ့များ ဘာကြောင့် လျော့နည်း လာရသလဲ appeared first on ဧရာဝတီ.

ဒီနှစ် သင်္ကြန်အစီအစဉ်တွေ ပြောပြတဲ့ သရုပ်ဆောင် မေမြင့်မိုရ်

$
0
0

MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ နှစ်သက်အားပေးကြတဲ့ သရုပ်ဆောင် မေမြင့်မိုရ်ကတော့ ဒီနှစ်သြင်္ကန် အစီအစဉ်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“ဒီနှစ် သြင်္ကန်မှာ ရှေ့ ၃ ရက်ကတော့ ဘယ်မှာရှိမလဲ အစီအစဉ်တွေ မရှိသေးပါဘူး။ သြင်္ကန်အတက်နေ့မှာတော့ ကျိုက္ကစံကွင်းနဲ့ အရှေ့မြင်းပြိုင်ကွင်းမှာလုပ်မယ့် Enervon – C Forever သြင်္ကန်မှာ ရှိမယ်။ အဲဒီမှာ Enervon-C ရဲ့ Booth မှာ ပရိသတ်တွေနဲ့ ဂိမ်းကစားမယ့် အစီအစဉ်တွေ၊ ဓာတ်ပုံ အတူရိုက်မယ့် အစီအစဉ်တွေနဲ့ ဖြတ်သန်းမှာပါ”လို့ မေမြင့်မိုရ်က ပြောပါတယ်။

“ငယ်ငယ်တုန်းကတော့ မိသားစုနဲ့ လည်ဖြစ်တယ်။ အခုနောက်ပိုင်း အလုပ်နဲ့ပဲ ဖြတ်သန်းဖြစ်တယ်။ သီချင်းဆိုဖြစ်တယ်။ မနှစ်ကတော့ တောင်ကြီးမှာ သွားနေဖြစ်တယ်”လို့ မေမြင့်မိုရ်က ဆိုပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ဟာ ဒီနှစ် Star Awards ဆုပေးပွဲမှာ “မိုးပန်းပွင့်ရဲ့ သင်္ကေတ”ရုပ်ရှင်နဲ့ Rising Star Award (Female) ဆု ရရှိခဲ့ပါတယ်။ မေမြင့်မိုရ်က ရုပ်သံဇာတ်လမ်းတွဲနဲ့ ဆုရမယ်လို့ ပရိသတ်များက ခန့်မှန်းပေးထားကြပေမယ့် အခုလို ရုပ်ရှင်ဇာတ်ကားနဲ့ရတော့လည်း အရမ်းဝမ်းသာရပါတယ်လို့ ဆိုပါတယ်။

“Star Awards မှာ Rising Star Award (Female) ဆုရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်တယ်။ ‘မိုးပန်းပွင့်ရဲ့ သင်္ကေတ’ ဇာတ်ကားနဲ့ ရတာဖြစ်တဲ့အတွက် ကိုယ့်ကို ရုပ်ရှင်ဘက်မှာ အားလုံးက အသိအမှတ်ပြုပေးကြတဲ့ အတွက်လည်း ပိုပြီးပျော်ပါတယ်”လို့ မေမြင့်မိုရ်က ဆိုပါတယ်။

ဆက်လက်ပြီး မေမြင့်မိုရ်က “Star Award အတွက် ရုပ်သံဇာတ်လမ်းတွဲမှာလည်း ညီမ ဇာတ်ကားတွေ ပါတော့ ပရိသတ်တွေကတော့ ဇာတ်လမ်းတွဲတွေနဲ့ ပိုပြီးခန့်မှန်းပေးခဲ့ကြတယ်။ ကိုယ်တိုင်ဆိုရင်လည်း ဇာတ်လမ်းတွဲတွေက ရိုက်ထားတာမကြာသေးသလို လနဲ့ချီပြီး အချိန်အကြာကြီးကို ဒီဇာတ်ကောင်တခုတည်းအပေါ်မှာ စိတ်နှစ်ပြီး လုပ်ခဲ့ရတာလေ”

“ရုပ်ရှင်ဘက်မှာ ကတော့ ကားကောင်းတွေ အရမ်းများသလို အရမ်းတော်ကြတဲ့ ကိုယ့်ရဲ့ စီနီယာတွေရဲ့ ဇာတ်ကားတွေ ဆိုတော့ ကိုယ်တိုင်လည်း ရုပ်ရှင်ဘက်မှာတော့ မမျှော်လင့်ခဲ့ဘူး။ အခုလိုရတော့ အတိုင်းမသိ ဝမ်းသာပါတယ်။ နောက်ပိုင်း ရုပ်ရှင်ဘက်မှာရော ဇာတ်လမ်းတွဲဘက်မှာ ပိုကြိုးစားသွားမယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ပြောပါတယ်။

“အခုက ‘ပျောက်ဆုံးနေသော အမှန်တရား’ ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ဦးလူမင်းတို့နဲ့အတူ ရိုက်ကူးနေပါတယ်။ အဲဒီဇာတ်လမ်းတွဲက မိသားစု ဒရာမာ ဇာတ်လမ်းဖြစ်ပေမယ့် Horror ပုံစံလေးတွေလည်း ပါတယ်။ ညီမကတော့ အဲဒီဇာတ်လမ်းထဲမှာ ချမ်းသာတဲ့ သူဌေးသမီးဖြစ်ပြီး ထက်မြတ်တဲ့ ကောင်မလေးအဖြစ် ပါဝင်ထားပါတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ကတော့ MRTV-4 ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်များ သတိပြုထားမိခဲ့ကြတဲ့ သရုပ်ဆောင် တယောက် ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျက် ရှိပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ဇာတ်ကားကြီးနဲ့ အနုပညာကြိုးစားမှုတွေကို မှတ်ကျောက်တင်နိုင်ခဲ့တဲ့ မေမြင့်မိုရ်ဟာ Star Awards 2018 ဆုပေးပွဲမှာလည်း Rising Star Award (Female) ဆုကို ရရှိခဲ့ပါတယ်။

The post ဒီနှစ် သင်္ကြန်အစီအစဉ်တွေ ပြောပြတဲ့ သရုပ်ဆောင် မေမြင့်မိုရ် appeared first on ဧရာဝတီ.


ယူကရိန်းနယ်စပ်အနီး ရုရှားက စစ်ရေးလေ့ကျင့်မှုများ အကြီးအကျယ်ပြုလုပ်နေ

$
0
0

ယူကရိန်းနိုင်ငံ နယ်စပ်အနီး တောင်ပိုင်း၌ ရုရှားက စစ်ရေးလေ့ကျင့်မှုများ အင်အားအလုံးအရင်းဖြင့် ပြုလုပ်နေကြောင်း စစ်ရေးနှင့် ကာကွယ်ရေး သတင်းများကို ဖော်ပြနေသည့် Defence blog က ဆိုသည်။

မကြာသေးမီ ရက်သတ္တပတ်များ အတွင်း မီဒီယာ သတင်းများအရ ရုရှား ကာကွယ်ရေး တပ်ဖွဲ့များ သည် ဗီရိုနာ့ဇ်၊ ဘရိုင်ယန်ဆော့နှင့် ရော့စ်တော့ဒေသများနှင့် ခရိုင်းမီးယားဒေသများအတွင်း စစ်နည်း ဗျူဟာလေ့ကျင့်ခန်းများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံကြား အခြေအနေ တင်းမာနေစဉ် တောင်ပိုင်း စစ်ဒေသ၏ တပ်မဟာသည် ကူဇမင်းစကီ လေ့ကျင့်ရေးကွင်း၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ယင်း လေ့ကျင့်ရေးကွင်းသည် ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၆၀ အကွာတွင် တည်ရှိပြီး အလား အလာရှိသော ရန်သူ ကာကွယ်ရေး အတွက် အကြီးစား တိုက်ခိုက်မှု လေ့ကျင့်ခြင်း အပါအဝင် အကွာ အဝေး အလိုက် ပစ်ခတ်နိုင်သည့် စစ်ရေး သင်ခန်းစာများ လေ့ကျင့်ခဲ့သည်။

အဆိုပါ တပ်မဟာ လေ့ကျင့်ခန်းသို့ သံချပ်ကာ တင့်ကားများ ထပ်မံဖြည့်စွက်ပြီး စစ်မြေပြင် ထိုးစစ်နှင့် နယ်မြေ ကင်း ထောက် ပစ်ခတ်ခြင်းတို့ လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ကို မိုင်းထောင်စေပြီး ဒရုန်းများဖြင့် ရန်သူ့ အခြေ အနေတွေ့ရှိချက်နှင့် ပစ်မှတ်အတွက် အမိန့်ပေးနေရာကို လွှဲပြောင်း ပေါင်းစပ်ပေးခြင်းတို့ လေ့ကျင့် ခဲ့သည်။

အလားတူလေ့ကျင့်ရေးကို Iskander-M ပဲ့ဒုံးကျည်စနစ်ဖြင့် တန်ပြန် ကွန်မင်ဒိုတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆင်ရေး အတွက် ခရန်စနိုဒါ ဒေသရှိ မောကီန ို စမ်းသပ်စခန်းတွင်လည်း စတင်ခဲ့သည်။

တိုက်ခိုက်ရေး တပ်စခန်းတွင် ရန်သူ မြင်ကွင်း ရှုပ်ထွေးစေရန်နှင့် မိမိ စစ်ယာဉ်တန်း ခြေရာဖျောက် နိုင်ရန် အတွက် မီးခိုးမျက်နှာပြင် ဖန်တီးခြင်း သင်ခန်းစာလည်း ပါဝင်လေ့ကျင့်စေပြီး ရန်သူက မိမိတို့ကို ရှာမတွေ့စေရန် တပ်ဖျောက် နည်းဗျူဟာများကို လက်တွေ့ကွင်းဆင်းပို့ချပေးခဲ့သည်။

အဆိုပါ သင်ခန်းစာများ အတွက် Su-24MR ကင်းထောက် လေယာဉ်၊ Su-24M နည်းဗျူဟာ ဗုံကြဲလေယာဉ်များ၊ Su-30SM အဆင့်မြင့်တိုက်လေယာဉ်များ၊ An-26 လေယာဉ်၊ Be-12 ရေငုပ်သင်္ဘောဖျက်လေယာဉ်၊ Mi-8 နှင့် Ka-27 ရဟတ်ယာဉ် များမှ အမှုထမ်းများအပါအဝင် ပင်လယ်နက် တပ်တော်စုလေကြောင်းမှ အစိတ်အပိုင်းစုစုပေါင်း ၃၀ ကျော်ကို ထည့်သွင်းခဲ့ သည်။

လေကြောင်း သရုပ်ပြခြင်း အတွက် တာဝေးနှင့် တာတို လေ့ကျင့်ခန်းများတွင် လေယာဉ်မှူးများ ပူးပေါင်းပါဝင်ပြီး ပုံဖျက် ပျံသန်းခြင်းနှင့်နည်းဗျူဟာဝတ္တရားများ အပြည့်အစုံလေ့ကျင့်ခဲ့သည်။

ခရိုင်းမီးယားရှိ S-400 Triumph လေကြောင်း ကာကွယ်ရေး စနစ်ကို အီလက်ထရောနစ် ဒုံးကျည် ပစ်လွှတ်နည်းဖြင့် လေကြောင်း ပစ်မှတ်များ အတွက် လက်တွေ့လေ့ကျင့်ခဲ့ကြောင်း တောင်ပိုင်း စစ်ရေးခရိုင် သတင်းထုတ်ပြန်ရေးက ဗုဒ္ဓဟူး နေ့တွင် ပြောကြားသည်။

“ဒီဗုံးကြဲ တိုက်လေယာဉ်တွေဟာ သူတို့ တာဝန်ကို ရင်ဆိုင ်မဖြေရှင်းမီမှာ S-400 ဒုံးကျည်တွေနဲ့ တင်ကြိုမှန်းဆ ချေမှုန်း ပေးနိုင်ပါတယ်” ဟု သတင်းထုတ်ပြန်ရေးက ဆိုသည်။

ရန်သူ လေကြောင်း ပစ်မှတ်များကို ဆူခွိုင်းအမျိုးအစား SU-34 အမျိုးအစားဘက်စုံသုံး ဗုံးကြဲ လေယာဉ်ဖြင့် ရှာဖွေ ပုံဖော် နိုင်ပြီး ယင်းလေယာဉ် များသည် ရော့စတော့ဒေသ၊ မြေပြင် အခြေစိုက် စခန်းမှ ခရိုင်းမီးယားဒေသရှိ သီးခြားသတ်မှတ် မြေပြင်ပေါ်သို့ ပျံသန်းကာ လေယာဉ်မှူးများက လက်တွေ့ဗုံးကြဲပြခဲ့သည်။

ထို့ပြင် ရုရှားဖက်ဒရေးရှင်း ကောင်စီက ဗုဒ္ဓဟူးနေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်ကာ ကာ့ဒ် ရေလက်ကြားသို့ ယူကရိန်း သင်္ဘောများ စည်းမျဉ်း ချိုးဖောက် ဝင်ရောက်လာမှုကို ပြောကြားထားပြီး ရုရှားနှင့် စစ်ရေးပဋိပက္ခဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။ ယင်းပဋိပက္ခဖြစ်ပွားပါက နေတိုးပါဝင် ပတ်သက်လာဖွယ်ရှိသည်ဟု ကြေညာချက်က ဆိုသည်။

The post ယူကရိန်းနယ်စပ်အနီး ရုရှားက စစ်ရေးလေ့ကျင့်မှုများ အကြီးအကျယ်ပြုလုပ်နေ appeared first on ဧရာဝတီ.

ဘုန်းမိုး သွန်းလောင်း မှသည် ရွှေမန်း တောင်ရိပ်ခို တူးပို့ သံများ

$
0
0

သြင်္ကန် ခေါ်တော်မူသည့် နေ့မှာ၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်တို့ ဗောင်းနားဍောင်း ဝတ်လုံစလွယ် ဆင်ယင် ပြီးလျှင်၊ အရှေ့ သြင်္ကန် အနောက် သြင်္ကန် ခွဲဝေ၍၊ ကတော် မယားတို့မှာ မြိတ်ရစ်မြိတ်ခံ ပွဲတက် အဆင်တန်ဆာ ဆင်ယင်စေလျက်၊ အနောက် သြင်္ကန် တန်ဆောင်းတော်သို့ ဝင်ထွက် ခစားကြရသည်။

သြင်္ကန်တော် အခါနီးသည့် ကာလ။ ကုန်းတပ် ရေတပ် ခင်းကျင်းစေပြီးလျှင် ဆဒ္ဒန် ဆင်မင်းသခင် ဘဝ ရှင်မင်း တရား ကြီး ဘုရား၊ အသျှင် နန်းမတော် မိဖုရား ခေါင်ကြီး ဘုရား၊ အနောက် စမုတ်ဆောင်တော်ရှေ့ မင်္ဂလာမြောင်းတော်က၊ သမ္ဗာန်တော်နှင့် ရေကြောင်း ထွက်တော်မူ၍ သြင်္ကန် တန်ဆောင်း သို့ ရောက်တော်မူသည့် ကာလ ဘုရား ခုနှစ်ဆူ အလှူတော်များကို လှူဒါန်းတော်မူပြီးလျှင် ပရိတ်တော် တရားတော်များကို နာတော်မူပြီးမှ သြင်္ကန် ခေါ်တော်မူသည်။

ပြီးလျှင် ရွှေနန်းတော်သို့ တက်တော်မူသည်။ ပွဲသဘင်များမှာ အနောက်အတွင်းတော်တွင် အနောက် အငြိမ့်။ မှန်နန်း တော် ရှေ့ဝဲယာတွင် အရှေ့အငြိမ့်၊ အတွင်းဆိုင်း။ ဇေတဝန်ဆောင်တော်တွင် အတွင်း ဆိုင်း။ မွန်ဆိုင်း။ မြေနန်း တော်တွင် ယိုးဒယား ဇာတ်ကြီး အတီးအကများကို အခါ သုံးရက် အတွင်း နေ့ညဉ့် မပြတ် တီးမှုတ် ကခုန်ကြရသည်။

ရွှေနန်းတော် ပေါ်တွင်လည်း မြို့စား ရွာစား၊ အပျိုတော်တို့နဲ့ လက်သုံးတော် လက်ဖက်ရည်တော်တို့ အမိန့်တော် မြတ်နဲ့ တဦးကို တဦး ပျော်ရွှင်စွာ ရေသွန်းလောင်း ကစားကြရလေသည်။

(ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး)
ဘုန်းမိုးသွန်းလောင်း .. ရွာစေလေ ဖန်ဝေလေ
ပုဂံခေတ်ကတည်းက အထင်အရှား ရှိခဲ့တယ် ဆိုတဲ့ မြန်မာ့ရိုးရာ အတာသြင်္ကန်ဟာ မန္တလေး ရတနာပုံ ခေတ်အထိ “ပဒေသရာဇ် သြင်္ကန်” အဖြစ်ပဲ မှတ်တမ်းမှတ်ရာ ရှိခဲ့တယ်။

“သြင်္ကန်” ဆိုတာ “ကူးပြောင်းခြင်း”ဆိုတဲ့ အနက် အဓိပ္ပာယ်နဲ့ ပုဏ္ဏားဖြူ ပုဏ္ဏားညို သမားဟူးရား တို့ရဲ့ “စိတ်တော်သိ ဗောင်းတော်ညိတ်” ဗေဒင် ကိန်းခန်း ယတြာများနဲ့ အတူ ဘုရင် ဧကရာဇ် အသိုင်း အဝိုင်းရဲ့ ရွှေဘုံနိဒါန်းလာ အခင်း အကျင်းများနဲ့ပဲ နှစ်စဉ်မပျက် ဆောင်ရွက် စီမံရတဲ့ ပြုဖွယ် ကိစ္စများပဲ ဖြစ်ပါတယ်။

အများ ပြည်သူ လူထုအနေနဲ့ ကတော့ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာ ပါမလာအောင်နဲ့၊ နှစ်သစ်မှာ ရေလိုအေးပြီး ပန်းလိုလန်းကြစေကြောင်း ဇမ္ဗူဒီပါ သြဘာနိမိတ် ထွန်းတဲ့ တောင်ကျွန်းသား အစဉ်အလာတွေ အတိုင်း အောင်သပြေခက်နဲ့ ရေပက် ကစားကြတာပါပဲ။ ဘယ်မင်းဧကရာဇ် ပြောင်းပြောင်း ပြည်သူလူထုရဲ့ အစဉ်အလာက တော့ ဒီအတိုင်းပါပဲ။

မန္တလေး ရတနာပုံခေတ် သြင်္ကန် အခါတော်တွေမှာ ကျမ်းကိုး ကျမ်းကားတွေ အတိုင်း ရွှေနန်းတော်ထဲမှာ အတွင်း ဆိုင်း၊ အပြင် ဆိုင်း၊ မွန်ဆိုင်း၊ အရှေ့ အငြိမ့်၊ အနောက် အငြိမ့်၊ ယိုးဒယား ရာမ ဇာတ်တော်ကြီးတွေရဲ့ ဆိုသံ၊ ကသံ၊ တီးသံ၊ မှုတ်သံ၊ တူရိယာသံတွေနဲ့ မင်္ဂလာရှိ၊ ကျက်သရေရှိ ခန့်ညား ထည်ဝါနေမှာပေါ့။ ရွှေမြို့တော် လေးပြင် လေးရပ်၊ ဝင်းတွေ၊ ပြလမ်းတွေ မှာတော့ လူထု ဂီတဖြစ်တဲ့ အိုးစည် ဒိုးပတ်တွေကို အယိုင် တီးပြီး …

“ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
အမောပြေအောင် တိုက်ပါ့ မမ။
ဘုန်းတော်ကြီးလို့ သက်တော်ရှည်
တို့တတွေ ရေချမ်းအိုးကြီး။
အိုးစည်၊ အိုးစည်၊ အိုးစည်သားဗျ၊
လူရည်၊ လူရည်၊ လူရည်ခြားဗျ။
တဝမ်းပူ နှစ်ချောင်းငင်
တူမယ် ထင်ယင် ယှဉ်စမ်းတော့လား”စတဲ့ သံချပ်တွေ ထိုးကြမှာပေါ့။
ဒီအချိန်မှာပဲ ဇေတဝန်ဆောင်တော် အတွင်းဆိုင်း ကတော့ ကြေးစုံ ပတ်စုံနဲ့ ..
“စံရာတောင် ကျွန်းလုံးသူ့ ဥသျှောင် ကျင်ငယ်လေ၊
မင်းများထိပ်ခေါင်တင်၊ သောင်းမြေပြင်လေ
ထီးဆူဆူကိုလေ … စိုးလို့ မိုးတော်မူ” စတဲ့ ဘုန်းတော်ဘွဲ့နဲ့ “ဘုန်းမိုးသွန်းလောင်း .. ရွာစေလေ ဖန်ဝေလေ၊ ချမ်းမြ ထွေထွေ” အစချီတဲ့ ဘုန်းတော်ဘွဲ့ သီချင်းကြီးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်လို့ နေပါတော့တယ်။ ကောဇာသက္ကရာဇ် … ၁၂၄၁ခုနှစ်။

အေးစေတော့ဆို .. လောင်းတဲ့ စိတ်ရင်းပင်

မန္တလေးကို ဗြိတိသျှ အစိုးရ သိမ်းပိုက်ပြီး နောက်ပိုင်း မန္တလေးရဲ့ လူမှုရေး၊ စီးပွားရေးတွေ ပုံစံ ပြောင်းသွားတယ်။ မိရိုး ဖလာ လက်လုပ် လက်စားတွေ၊ လက်မှု အနုပညာရှင်တွေ၊ ကုန်ရောင်း ကုန်ဝယ်တွေ၊ ကုန်သည် ပွဲစားတွေ ဆိုတဲ့ အလုပ်တွေ အပြင် တရုတ်၊ အိန္ဒိယ၊ အင်္ဂလိပ် စတဲ့ အရင်းရှင်ကြီးများရဲ့ ကုန်တိုက်ကြီးတွေလည်း ဖွင့်လှစ် လာကြ တယ်။

အုပ်ချုပ်မှု ယန္တရားရဲ့ အဓိက နေရာဖြစ်တဲ့ ဘုရင်ခံ အိမ်တော် တည်ရှိရာ မန္တလေး နန်းတွင်းနဲ့ အုပ်ချုပ်သူ အမှုထမ်း များ နေထိုင်ရာ သံဝင်းရပ် (ယခု – အောင်မြေသာစံ မြို့နယ်၊ သီရိမာလာ အရှေ့ရပ်)တို့ ဆက်သွယ်တဲ့ အာဠဝီ (စီ လမ်း) လမ်းမကြီးဟာ မန္တလေးရဲ့ ကုန်သွယ်မှု ဗဟို လမ်းမကြီး ဖြစ်လာတယ်။ မူလ စီးပွားရေး ရပ်ကွက်ဖြစ်တဲ့ ဈေးချို တော်ကို ပင်မ ပြုပြီးလည်း ဘီလမ်းလို၊ ရုံတော်ကြီးလို၊ ဘာဘူတန်းလို နေရာတွေမှာလည်း ကုန်တိုက်ကြီးတွေ၊ ကုမ္ပဏီ တွေ ဖွင့်လှစ်လာကြတယ်။

၁၉၂၇ ခုနှစ် ရောက်တဲ့အခါ မော်တော်ယာဉ် တစင်းကို ပိတ်ရောင်စုံများဖြင့် ရေခံထည်ဆင်ပြီး နဖူးစီးတွင် ‘ပျိုတို့မောင် သြင်္ကန် အဖွဲ့’ လို့ ရေးသားထားတဲ့ အလှပြ ရေပက်ယာဉ် တစင်း စတင် ပေါ်လာသော အခါ ဓာတ်ရှင် ကြော်ငြာ လှည့် ကား မှတ်လို့ ကလေးများ ထွက်ကြည့်ပြီး ကြော်ငြာ တောင်းကြသတဲ့။

ဒီရေပက်ခံ အလှပြယာဉ်ပေါ်က အသင်းသားများရဲ့ ခေါင်းမှာ PDM လို့ ရေးထားတဲ့ ခေါင်းစည်း ပဝါတွေ ဆင်တူ စည်းထားကြတယ်။ ဒီအဖွဲ့က အကွက် ၆၁၇၊ ၂၇ လမ်းနှင့် ၇၆ လမ်းထောင့်ရှိ ဟေမာဇလ အရှေ့ပိုင်း စာကြည့် အသင်းအဖွဲ့သားများ ဖြစ်ကြတယ်။ မန္တလေး ရုပ်ရှင် မီးဘက် ပညာရှင် ဦးရှင်၊ ဦးအေး၊ ဦးလူကလေး၊ ဦးဘကြည်တို့ ခေါင်းဆောင်ကြတယ်။

သင်္ဂဟ ရေသဘင် အဖွဲ့

ပထမဆုံး စထွက်သော ‘ပျိုတို့မောင် အလှပြယာဉ်’ က ‘ပြည်ရွှေမန်းမြို့ နာဂရာ တခွင်၊ ပထမထွင်တဲ့ ရေပက်အသင်း၊ တူညီဝတ်လို့ ပျော်ရွှင်ရွှင်၊ မောင်တို့ ဖက်ရှင် မြင်ကြရဲ့လား၊ ပျိုတို့မောင်များ တောင်းဆုဆင်၊ မြန်ပြည် တခွင်၊ အေးမြ စေသား ….’ဆိုတဲ့ ကိုယ်ပိုင် သံချပ်ကို စည်တို ဗုံတောင် ခေါက်ပြီး သီဆိုခဲ့ကြတယ်။

၁၉၃၀ ဝန်းကျင် ရောက်တော့ သမာရိုးကျ ရေပက် ကစားသြင်္ကန်ဟာ ကုန်တိုက်ကြီးတွေက အသုံးပြုတဲ့ ကုန်တင်ကား တွေနဲ့ လှည့်လည် ရေပက် ကစားတာ၊ ကားပေါ် တူရိယာ ပစ္စည်းတင်တာ၊ ကားကို ပန်းချီ ရေခံထည် အလှဆင်တာ၊ ဘက်ထရီမီး တွေနဲ့ ထွန်းညှိ လှပစေတာတွေ အထိ တိုးတက်လာတယ်။ ဒီလို အလှပြယာဉ်ကြီးတွေနဲ့ ဧည့်ခံ မဏ္ဍပ်နဲ့ အပြန်အလှန် သီချင်း ဆိုကြတာ၊ ဖျော်ဖြေ သီဆို တီးမှုတ်ကြတာတွေ ရှိလာတယ်။

သြင်္ကန်သံချပ် ဆိုတာတွေကလည်း အရင်လို “ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင်တိုက်ပါ့ မမ” ဆိုတာ မျိုးတွေ မဟုတ်တော့ဘူး၊ “လူချော လူလှ လက်ရွေးစင်၊ ရှက်သွေး ခင်ရင်၊ မှိတ်လို့သာပက်၊ လောင်းလိုက် ပက်လိုက် နွဲ့ရှာသူ၊ အသည်းမှာ ပူတာ၊ အေးပေါ့ အေးပေါ့”စတဲ့ သံချပ် တွေ ဖြစ်ကုန်ပါပြီ။

နောက်နှစ်တွေမှ မြို့မ၊ မာဃ၊ မင်္ဂလာ အေဝမ်း၊ ရှုတိုင်းယဉ်၊ ဖူးစာရှင်၊ လင်းရောင်ခြည်၊ နေပြည်တော် အလှပြ အသင်း များ ထွက်လာကြတယ်။ ဒီအသင်းတွေထဲက မင်္ဂလာ အေဝမ်းက ၆ ဝပ် ဘက်ထ္ထရီ မီးလုံးတွေ ထွန်းပြီး ကားကို အလှ ဆင်တယ်။

ဒါ့အပြင် မြို့မက ငွေငန်း၊ ရှုတိုင်းယဉ်က ပဉ္စရူပ၊ ပျိုတို့မောင်က ကြက်ရုပ်များ ချိုးပြီး ကားကို အလှဆင်တယ်။ တူရိယာ များ အနေနှင့် ခေတ်မီ ထရန်းပက်၊ ကောနက် စသည့် ပစ္စည်းများကို သုံးလာကြတယ်။

အမျိုးသမီး အသင်းများ အနေနှင့်လည်း ရှမ်းပွဲရပ်မှာ ဟော်နန်း သူဇာ၊ ကြည်တင်၊ တရုတ်တန်း၌ ရွှေဝါဖူး၊ လှပျိုဖြူတို့ ရှိတယ်။ နောက်ပိုင်းမှာတော့ အမျိုးသမီး ရေသဘင် မဏ္ဍပ်တွေ မန္တလေးမြို့ အနှံ့ တပြတသင်းနှုန်း ရှိလာတယ်။ သြင်္ကန်မတိုင်မီကပင် တီးလုံးတိုက်သံတွေ ဆူညံနေတော့တယ်။ အလားတူ တီးကြမှုတ်ကြတဲ့ သီချင်းတွေမှာလည်း သြင်္ကန်နဲ့ ပစ္စက္ခ မြင်ကွင်း အခြေအနေကို သရုပ်ဖော်တဲ့ ရသ အဖွဲ့အနွဲ့တွေ ဖြစ်ကုန်ပါပြီ။

“မန်းသူ နွဲ့မူ .. နုယဉ်ယဉ်တွေ လန်းပါစေ၊
ခါရေလောင်း ညှာကြွေ ပြောင်းပေါ့ ခင်ရယ်၊
အေးစေတော့ဆို .. လောင်းတဲ့ စိတ်ရင်းပင်
အဟုတ်ပ နှမလေး အသွင်” ဆိုတဲ့ သီချင်းသံတွေနဲ့ ရင်ခုန်ဖွယ် သြင်္ကန်တွေပါပဲ။
ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ်..

ကမ္ဘာကြီးရဲ့ နိုင်ငံရေး ချိန်ခွင်လျှာတွေ ပြောင်းလဲမှုနဲ့ အတူ ဒုတိယ ကမ္ဘာစစ်ကြီးထဲမှာ သြင်္ကန်လည်း စုန်းစုန်းမြှုပ် လုမတတ် ဖြစ်ရတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့ မန္တလေး သြင်္ကန် အရှိန်တန့် သွားတယ်။

၁၉၄၅ ခုနှစ် မတ်လမှာ စစ်ကြီးပြီး ငြိမ်းခြင်းနဲ့ အတူ မတ်လ(၂၃)ရက် စစ်ပြေးသူတွေ မန္တလေးမြို့ ပြန်အဝင် “ခါတော် ရောက်ချိန် နီးလို့ လာပြီလေ၊ ဒေါ်ဒေါ် မမ နှမတို့ရေ…”လို့ ခွန်းဆက်သံနဲ့ အတူ “မန္တလေးဆို ရွှေမြို့တို့ ရတနာပုံ နေ ပြည်၊ တင့်တယ်သာယာ စည်ကား ဟိုတုန်း အခါကလေ၊ အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြစို့လေ…”လို့ ပြာပုံထဲက ပြန်လည် ရှင်သန် နိုးထမယ့် မန္တလေးကို သြင်္ကန်ကြိုတေးနဲ့ လှုံ့ဆော်ခဲ့တာ ကလည်း ခေတ်ကို မျက်ခြေ မပြတ်ခဲ့ဘူး ဆိုတဲ့ သာဓကပါ။

စစ်ကြီး အပြီး ၁၉၄၇ ခုနှစ်မှာ မန္တလေး သြင်္ကန်ကို မြို့လုံးကျွတ ်အားကြိုးမာန်တက် ပြန်လည် ဆင်နွှဲကြတယ်။ အလှပြ ယာဉ်တွေ ရာချီ ရှိတယ်။ အမျိုးသမီး ရေသဘင် အဖွဲ့တွေလည်း ရာချီ ရှိတယ်။ အုတ်အော်သောင်းတင်း ဆင်နွှဲကြဖို့ အတွက် သြင်္ကန်မတိုင်ခင် ရက်ပိုင်းမှာ မန္တလေးမြို့ထုတ် လူထု သတင်းစာက မျက်နှာဖုံးကနေ သြင်္ကန် သတင်းတွေကို တခမ်းတနား ရေးသား ဖော်ပြတယ်။

၁၉၄၇ ဧပြီ ၁၀ ရက်နေ့ထုတ် လူထု သတင်းစာ မျက်နှာဖုံးမှာ မြို့မ ငွေငန်း အလှပြယာဉ်ရဲ့ ဒီဇိုင်း အသစ်နဲ့ အတူ သြင်္ကန် သီချင်း အသစ် စာသားတွေ အပြည့်အစုံ ပါတယ်။ အဲဒီ သီချင်းသစ်တွေထဲမှာ “ချိုပြုံးရွှင်သော နှမပျိုရယ်” အစချီတဲ့ ရွှေမန်းတောင်ရိပ်ခို သီချင်းစာသား အစအဆုံး ပါတယ်။

စစ်ကြီးအပြီး ပြန်လည် စည်ကားလာတဲ့ ကောဇာ သက္ကရာဇ် ၁၃၀၈ခုနှစ် (ခရစ်နှစ် ၁၉၄၇ခုနှစ်)သြင်္ကန်မှာတော့ ဒီနေ့တိုင် နာမည်ကျော်ဆဲ၊ မြန်မာ့ သြင်္ကန် အမှတ်လက္ခဏာ အဖြစ်မှ မှတ်ကျောက်တင်ခဲ့တဲ့ ဆရာမြို့မငြိမ်းရဲ့ “ရွှေမန်းတောင် ရိပ်ခို” သီချင်း၊ “အေးအေး ချမ်းချမ်း” သီချင်းတွေလည်း အမွေအနှစ် အဖြစ် ကျန်ရစ်ခဲ့တယ်။

“အေးအေးချမ်းချမ်း” သီချင်းက မဟာ ဂီတလာ “ဘုန်းမိုးသွန်းလောင်း” ကြိုးသီချင်း အသွားမှာ ခံ့ညားတဲ့ သြင်္ကန် စာသားနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းပါ။ ၁၉၄၇ခုနှစ် သြင်္ကန်မှာ မြို့မငြိမ်းရဲ့ ရွှေမန်းတောင်ရိပ်ခိုသီချင်းအပြင် မြို့မငြိမ်း ရေးသားခဲ့သော “အေးအေးချမ်းချမ်း” သီချင်း၊ “ရေလောင်း ရေပက်” သီချင်းတို့နှင့်အတူ ဦးဘသိန်း (မန္တလေး) ရဲ့ “ပျော်ပါစေမယ် လာကွယ် အလှရယ်” အစချီ သီချင်းတို့ လည်း တနှစ်ထဲ ရေးသား သီဆိုခဲ့ကြောင်း ၁၉၄၇ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ထုတ် လူထု သတင်းစာပါ သတင်းဆောင်းပါး အရလည်း ထပ်မံ သိရှိရတယ်။

ရုပ်ရှင် မင်းသားကြီး ဝင်းဦး နှင့် မြို့မ အဖွဲ့

အဲဒီ မန္တလေးဟာ စစ်ကြီးထဲက ပြန်လည် အောင်ပွဲခံခဲ့ကြတာနဲ့ အတူ လွတ်လပ်ရေး တိုက်ပွဲဆီ အမျိုးသား အားမာန်နဲ့ ရည်မျှော်တဲ့ ပုံရိပ် လက္ခဏာတွေနဲ့ ထင်ဟပ်ခဲ့တယ်။ ရာချီရှိတဲ့ အလှပြယာဉ်တွေက အမျိုးသား အားမာန် ပြဋ္ဌာန်းခွင့် ဆန္ဒ၊ ခေတ်မီ မျိုးချစ် လွတ်လပ်ရေး တိုက်ပွဲဝင် တပ်မတော် စတဲ့ သရုပ်ဖော်မှုတွေနဲ့ တက်ကြွခဲ့ကြလေရဲ့။ သံချပ်တွေ ကလည်း လွတ်လပ်ရေး တိုက်ပွဲခေါ်သံတွေ …။

ငြိမ်းချမ်းရေး ရွက်သစ်နုနု ခါတော်ရေစင် ဖျန်းလို့

၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့ လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံ ထူထောင်မှုနှင့် အတူ ဖွားဖက်တော် ဖြစ်တဲ့ အမျိုးသားချင်း သဘောထား ကွဲလွဲမှု ပြယုဂ် ပြည်တွင်းစစ်ကြီးလည်း စိတ်မချမ်းသာစွာ ခံစားခဲ့ကြရတယ်။ တမျိုးသားလုံးရဲ့ဆန္ဒက နှစ်ဦးနှစ်ဖက် အာဃာတတွေ စွန့်လွှတ်ပြီး ငြိမ်းချမ်းစေလိုတယ်။ အားလုံးရဲ့ ဘုံဆန္ဒက “ငြိမ်းချမ်းရေး”ပါပဲ။

ဒါကြောင့် တမျိုးသားလုံးနဲ့ ဆိုင်တဲ့ သြင်္ကန်ကလည်း မမေ့မလျော့နဲ့ “ငြိမ်းချမ်းရေး”ဆီ ဦးတည်ခဲ့ကြတယ်။ ၁၉၅ဝ ခု (ကောဇာ သက္ကရာဇ် ၁၃၁၁ ခုမှ ၁၃၁၂ ခုနှစ် အကူး) သြင်္ကန်ကို မန္တလေးမှာ ‘ငြိမ်းချမ်းရေး’ သြင်္ကန်ဟု ကမ္ဗည်း တင်တယ်။ ထိုစဉ်က နိုင်ငံတော် သမ္မတကြီး စဝ်ရွှေသိုက် ကိုယ်တိုင် ပါဝင် ဆင်နွှဲပါတယ်။ ဒါပေမယ့် အဲဒီနှစ်က မန္တလေးမြို့မ အသင်းသား တွေက ရန်ကုန်သြင်္ကန်မှာ ဆင်နွှဲကြ သတဲ့။

ရန်ကုန်ရောက် ‘မန္တလေးမြန်မာ ကုန်သည်များ အသင်း’ရဲ့အစီအစဉ်နဲ့ ‘ရွှေမန်း ရေယာဉ်’ လို့ အမည်ပေးကာ ငွေငန်း ရုပ် အလှဆင် ရေသဘင်ကားကြီး ဆင်တယ်။ ဒီ့နောက် ရုပ်ရှင် နောက်ခံဂီတ အသံသွင်းရန် ကိစ္စ အတွက် ရန်ကုန် ရောက်နေတဲ့ ဆရာမြို့မငြိမ်း ကိုယ်တိုင် ‘ရွှေမန်း ရေယာဉ်’ နဲ့လိုက်ပါပြီး သြင်္ကန်ပွဲ ဆင်နွှဲ တယ်။

မြို့မ ရေသဘင် အဖွဲ့

မန္တလေးမှာ ရှိစဉ် ကာလ တလျှောက်လုံး မြို့မ ငွေငန်းယာဉ်ပေါ်မှာ လိုက်ပါလေ့ မရှိတဲ့ ဆရာမြို့မငြိမ်းက ရန်ကုန် သြင်္ကန်မှာ ကိုယ်တိုင်ပါဝင် ဆင်နွှဲလို့ ထူးခြားနေပါတယ်။ ‘ရွှေမန်းရေယာဉ်’မှာ ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့တဲ့ ‘ရွှေမန်း တောင် ရိပ်ခို’ သီချင်းကို ၁၉၅ဝ ခုနှစ် ရန်ကုန် သြင်္ကန်မှာ ရွှေမန်းရေယာဉ်က ပြန်လည် သစ်ဆန်းခဲ့သော အခါ အထူး နှစ်သက်ခဲ့ကြသတဲ့။

နာမည်ကျော် ဘီတီ ဘရားသား အုပ်စုကလည်း ဒီသီချင်းကို တက်ယူပြီး သူတို့ ကော်ဖီ ကြော်ငြာ ရုပ်ရှင် ကားပိုင်းတို က သြင်္ကန် အစီအစဉ် နောက်ခံ သီချင်း အဖြစ် ကိုအံ့ကြီးက သီဆို အသံသွင်းခဲ့တယ်။ ဘီတီ ဘရားသား တီးဝိုင်းက ဧည့်ခံပွဲတိုင်း ဒီသီချင်းက ခေတ်စားခဲ့တယ်။

‘ရွှေမန်းတော် ရိပ်ခို’ အပြင် သီချင်းသစ် အဖြစ် ဆရာမြို့မငြိမ်းက ‘ငြိမ်းချမ်းရေး ရေသဘင်’ သီချင်းကိုလည်း ရေးစပ် ခဲ့တယ်။ သမိုင်းနောက်ခံဖြင့် ထင်ရှားစေခဲ့သော သီချင်းဟု ဆိုသော် လွန်အံ့မထင် ….၊ နားဆင် ကြည့်ကြပါဦး။

”သဘာဝရွှင်မြူး၊ နှစ်ကူးဗမာ့(မြန်မာ့) ရေသဘင်
ခါရေစင်လန်းကြည်ရွှင် အေးစေချင် ချမ်းတယ်ခင်
စိမ့်စိမ့်ချမ်းချမ်း … အေးအေးလောင်းပေ
လောင်းလေအေးလေ၊ အေးလေလောင်းလေတွေမို့
ချစ်မိတ်ဆွေ ဖြစ်ကြောင်း အခွင့်ကောင်း ကြုံလို့ပင်)၂
(ရွှေဂုန်သူမို့ ဖျတ်လတ်ဖြူစင် ရှင်းကြော့ယဉ်ယဉ်
မာပါစေ ဆုထူးဆင်)၂
ပိတောက်တွေ ဝေဝေလွင်လွင် ရွှေရည်လူး၊ ဖူးပွင့်တဲ့ ဒီအချိန်တွင် ….
ဗမာ (မြန်မာ) ပြည်၊ ငြိမ်းချမ်းရေး ရွက်သစ်နုနု
ခါတော်ရေစင်ဖြန်းလို့ ဝေစီလွင် …။
ငွေငန်းဆုတောင်း … အောင်ကြောင်းကိုပင် ခါတော်ရေသဘင်။
ကောဇာ သက္ကရာဇ် ၁၃၁၁ ခုနှစ် (၁၉၅၀) သြင်္ကန် (ဝါ) ငြိမ်းချမ်းရေး သြင်္ကန်
ရွှေသဇင်တွေ .. ဟိုမှာ နှင်းဆီ တို့တတွေ လှဦးတော့ သရဖီလေးနှင့် စံပယ်လည်းပါပေ။

မြန်မာပြည်ဟာ တိုင်းရင်းသား အားလုံး ညီအစ်ကိုမောင်နှမ စိတ်ဓာတ်နဲ့ အတူ လက်တွဲကာ အေးအတူ ပူအမျှ ခံစား နေထိုင် ကြတဲ့ ပြည်ထောင်စု နိုင်ငံတော် ဖြစ်တယ်။ ဒါပေမယ့် ပြည်တွင်းစစ်မီးနဲ့ အတူ အုပ်ချုပ်သူ အစိုးရတွေရဲ့ မမှန် ကန်တဲ့ သဘောထား အချို့ကြောင့် ပြည်ထောင်စုကြီး ပြိုကွဲဖို့ အခြေအနေတွေ ဖြစ်ခဲ့တယ်။ “ပြည်ထောင်စု” ဆိုတဲ့ အစည်းမပြေရေး ဟာလည်း တမျိုးသားလုံး ဆိုင်ရာ ကိစ္စ ဖြစ်တယ်။ ဒါကြောင့် “ငြိမ်းချမ်းရေး” နှင့်အတူ “ပြည်ထောင်စု ရေး” ကလည်း ခေါင်းနဲ့ ပန်းလို ခွဲလို့ မရပေဘူး။

ဒါကြောင့် တမျိုးသားလုံး ဆိုင်ရာ သြင်္ကန်ပွဲတော်ဟာ “ပြည်ထောင်စု” ကိစ္စကိုလည်း လျစ်လျူရှုကာ အပျော် မဖက်ခဲ့ ဘူး။ ငြိမ်းချမ်းရေး သြင်္ကန်လိုပဲ နောက်တနှစ်မှာ အသင်းပေါင်း ရာချီပြီး သြင်္ကန်ပွဲတော် ဆင်နွှဲကြရာမှာ “ပြည်ထောင်စု ရေး”ကို မမှိတ်မသုန် ဦးတည်ကာ သီချင်းတွေ သံချပ်တွေနဲ့ သြင်္ကန်ပွဲတော်ကြီး တခုကို မန္တလေးသူ မန္တလေးသားတွေ ဝှဲချီး ကျင်းပခဲ့ကြတာလည်း မမေ့ပျောက် နိုင်စရာပါပဲ။

ထိုနှစ်က ပိုမိုထူးခြားမှု တခုမှာ ၂၅ နှစ်မျှ မြို့မနှင့် မခွဲမခွာ ဦးဆောင်ခဲ့တဲ့ ဆရာမြို့မငြိမ်းဟာ ပြည်ထောင်စု သြင်္ကန်နှစ် မှာ အမရပူရ-မန္တလေး AMBA မော်တော်ယာဉ် အသင်းရဲ့ စောင်းကောက် အလှပြယာဉ်ကို ဦးဆောင်ကာ ထူးခြားတဲ့ ဂီတ အစီအစဉ် တခု ဖွဲ့စည်းခဲ့ခြင်း ဖြစ်တယ်။

ဂီတ ဆိုလို့ နကန်းတလုံးမျှပင် မသိတဲ့ ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေက မြန်မာဖြစ် ဝါးပုလွေတွေ၊ မန်ကျည်း စေ့ ထည့်လှုပ်ရတဲ့ ဘူးသီးခြောက်တွေ၊ ရာဘာပြားကျက် ရေစည်ပိုင်းတွေနဲ့ တူရိယာ အသင်း ပုံစံ တီထွင်ခြင်း ဖြစ် တယ်။ သံစဉ်များ အလိုက် အုပ်စုဖွဲ့ လေ့ကျင့် တီးခတ်ပြီး ထူးခြားတဲ့ ဂီတဖွဲ့စည်းမှုကို ဖြစ်စေခဲ့တယ်။ သီဆိုတီးမှုတ်တဲ့ သီချင်းများကလည်း ဥရောပ စည်းဝါး အသွားတွေပါ။ ဒီလို…

”ခါတော်မီ သိင်္ဂီရွှေပန်း ပိတောက်တို့သာ။
မှည့်ဝင်းကာ နေလိမ့်မယ်၊ ထင်မိတာတွေ။
ဝန်ခံပါပြီ၊ ခုတော့ဖြင့် တခြားစီနေ….။
မာလာစုံ အမည် မှည့်နိုင်ပေ ….
ပြာသိုမှာ ခွာညိုဟာ ပွင့်ခဲ့ပေါ့လေ …
ခုတန်ခူးလည်း သူလည်း ပါစွာ လိုက်ပုံတွေ
အို … အလိုဗျာ၊ သြင်္ကန်မယ်တွေ၊ ပန်းမှတ်ထင်နေ
လူလည်ဆို အဦးကွဲ့လေ …
ရွှေသဇင်တွေ ..၊ ဟိုမှာ နှင်းဆီတို့ တတွေ
လှဦးတော့ သရဖီလေးနှင့် စံပယ်လည်းပါပေ
AMBA ငေးမိပေါ့ ကျက်သရေ
အို … အစုလိုက် ယဉ်မျာ့ ခေါင်တွေ”

မြို့လယ်ခေါင်မှာ ရှိတဲ့ နာမည်ကျော် ‘ဝင်းလိုက်မယ်’ အမျိုးသမီး ရေသဘင် အဖွဲ့မှာလည်း ဥရောပ ဆန်ဆန်ချောသည့် သြင်္ကန်မယ် တဦးက အလွန် နာမည်ကြီး သတဲ့။ သြင်္ကန်ပျိုဖြူ ‘ရတနာ နတ်မယ်’ ရဲ့ ဥရောပ ဆန်သော အလှ၊ ဥရော ပ ဆန်သော အကတွေနဲ့ ဆရာ မြို့မငြိမ်းရဲ့ AMBA စောင်းကောက် အလှပြယာဉ်က ထူးခြားသော ဥရောပဟန် တေး သွားများသည် အလွန် လိုက်ဖက်လှ သတဲ့။

ရုပ်ရှင် မင်းသားကြီး ဝင်းဦး နှင့် မြို့မ အဖွဲ့

ဝင်းလိုက်မယ်နဲ့ စောင်းကောက် အဖွဲ့ တွေ့ဆုံမှုတိုင်းဟာ ပရိသတ် ကြိတ် ကြိတ် တိုးမျှ သြဘာ သံမစဲ အုတ်အော် သောင်းနင်း အားပေးခံရတဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်ခဲ့တာကို သိ မှီ သူတိုင်း ယခု အထိ တသသ ပါပဲ။

၁၉၆၀ မှ ၁၉၈၀ ဝန်းကျင် ယဉ်ကျေးမှု သြင်္ကန်ကာလများ

မြန်မာ့ရိုးရာ အတာ သြင်္ကန် ဆိုတာ မြန်မာတို့ရဲ့ စိတ်ရင်း နူးညံ့ သိမ်မွေ့မှုနှင့် ခိုင်ခံ့ ယဉ်ကျေးသော အနုပညာကို အယုတ်၊ အလတ်၊ အမြတ်မရွေး ရင်ထဲ ရှိသလောက် ဖော်ထုတ် ခံစားနိုင်တဲ့ အမျိုးသား ပွဲတော် ဖြစ်လေတော့ မြန်မာ အများစုရှိတဲ့ မန္တလေး သြင်္ကန်ကလည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာ သြင်္ကန် သရုပ်ကို အပီပြင်ဆုံး ဖေါ်ထုတ်နိုင် ခဲ့ပါတယ်။

၁၉၅၀ ကျော် ကာလ၊ ၁၉၆၀ ကျော် ကာလ၊ ၁၉၇၀ ကျော် ကာလ၊ ၁၉၈၀ ကျော် ကာလ မန္တလေး သြင်္ကန်တွေဟာ အမျိုးသား အလှပြ အသင်းကလည်း အရေအတွက် ရာချီရှိတယ်။ အမျိုးသမီး ဧည့်ခံ ရေသဘင် အဖွဲ့တွေကလည်း အသင်းပေါင်း ရာချီ ရှိကြတယ်။ မန္တလေးမှာက လူတိုင်း လိုလို အနုပညာနဲ့ မဝေးကြ။

တီးတတ်၊ မှုတ်တတ်၊ ဆိုတတ်၊ ကတတ်ကြရုံမက သီချင်း ဂီတကိုလည်း ရေးတတ် ချွတ်တတ်၊ သံစဉ် တေးသွားများ လည်း စပ်တတ် ဟပ်တတ်ကြတယ်။ ဒါ့အပြင် ပန်းချီ၊ ပန်းပု၊ ရုပ်လုံးရုပ်ကြွ စပ်ပန်းချီ အတတ်တွေလည်း မျက်စိရေဝ ကာ ယဉ်ပါးနေကြလို့ ကိုယ့်ဆိုင်ရာ ဆိုင်ရာ အလှပြယာဉ်တွေ၊ မဏ္ဍပ်တွေကို လက်စွမ်းပြကြတယ်။

စိတ်ကြိုက်ခံစား ဖန်တီးနိုင်တဲ့ ပတ်ဝန်းကျင်

မန္တလေးမှာ တခေတ်တခါက အရပ်သားများထဲမှ အနုပညာသမားတွေ ခပ်များများ ထွက်ပေါ်ခဲ့တာ ‘သြင်္ကန်’ ကြောင့် ဖြစ်ပါတယ်။ သြင်္ကန်ဟာ မိမိတို့ ရင်တွင်း ရှိနေတဲ့ အနုပညာ ဗီဇကို နိုးထစေသလို … ပျိုးထောင် အညွန့်အညှောက် ထွက် ရှင်သန် ကြီးထွားရာ မြေသြဇာ အပြည့်ရှိတဲ့ ပျိုးခင်းကြီးနဲ့တူတယ်။ လွတ်လွတ်လပ်လပ် အယုတ်အလတ် အမြတ်မရွေး ခံစားရေးဖွဲ့ ကွန့်မြူးနိုင်တယ်။

ရှေ့က နောင်တော်၊ အစ်မတော်များ စပ်ဟပ် သီကုံး တီးမှုတ် ကခုန် ရေးဖွဲ့ကြတာ ကြည့်ရင်း အားကျမခံ စိတ်ဖြင့် ညီငယ်၊ နှမငယ်များကလည်း အနုပညာ မျိုးဆက် အမွေကို လက်ဆင့်ကမ်း ခံယူခဲ့ကြခြင်းလည်း ဖြစ်သလို အလွှာ ပေါင်းစုံ လူတိုင်းစေ့က စိတ်ကြိုက်ခံစား ဖန်တီးနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်လည်းခဲ့တယ်။

ဒါကြောင့် ယနေ့ အထိ တင်ကျန်ရစ်တဲ့ သြင်္ကန် သီချင်းတွေ၊ တီးလုံးတီးကွက်တွေကို ဖန်ဆင်းခဲ့ကြသူများက မျက် မှန်ကြီး တဝင်းဝင်း၊ ပေကြိုး ပခုံးတင်ကာ အထည်တွေ ညှပ်ကိုက်ချုပ်တဲ့ စက်ချုပ်ဆရာလည်း ဖြစ်တယ်။ အားချိန် မယ်ဒလင် တလက်နဲ့ ဂီတနဲ့ အတူနေတဲ့ ဆံသ ဆရာလည်း ဖြစ်တယ်။

မြို့မ အဖွဲ့၏ သြင်္ကန် တေးသီချင်း တိတ်ခွေ ကာဗာ

ခြေနင်းဖားဖိုလေးနဲ့ လက်ဝတ် ရတနာ ပစ္စည်းတွေ ပြုလုပ်နေတဲ့ ပန်းထိမ်ဆရာလည်း ဖြစ်တယ်။ ထို့အတူ ကျောင်း ဆရာ၊ ဝန်ထမ်း၊ ဝပ်ရှော့ သမား၊ ကျောင်းသား၊ ဆရာဝန်၊ ဈေးသည်၊ ပွဲစား၊ ကျူရှင် ဆရာ၊ ဖိနပ်ထောင်၊ လျှပ်စစ် လိုင်း မင်း၊ စာတိုက်ဗိုလ်၊ အပျော်တမ်း မီးသတ်သမား၊ လက်ဖက်ရည် ဆိုင်ပိုင်ရှင် စတဲ့ အရပ်သားတွေဆီက အဖိုးတန် အနုပညာ ပစ္စည်းတွေ တွင်တွင် ကျယ်ကျယ်ကြီး ထွက်ပေါ်ခဲ့တယ်။

အမျိုးသား အမွေအနှစ် အနုပညာ ပစ္စည်းတွေ

အမျိုးသား အသင်း ဖြစ်စေ၊ အမျိုးသမီး အသင်း ဖြစ်စေ၊ အသင်း တသင်းဆီမှာ ဒီလို အနုပညာ ဝါသနာခံရှိသူ ဦးရေ ၅ဝ ဝန်းကျင် ရှိသည်ထား၊ အသင်း အဖွဲ့ပေါင်း ၂ဝဝ မှာ လူတသောင်း ရှိတယ်။ အမျိုးသား အသင်း ဖြစ်စေ၊ အမျိုးသမီး အသင်း ဖြစ်စေ၊ အသင်းတသင်းဆီမှာ အနုပညာနဲ့ ပတ်သက်လို့ ကျွမ်းကျင် လိမ္မာသူ ၅ ဦး ရှိတယ်ထား၊ အသင်း ၂ဝဝ မှာ လူ ၁ဝဝဝ ရှိတယ်။

အမျိုးသား အသင်း ဖြစ်စေ၊ အမျိုးသမီး အသင်း ဖြစ်စေ အသင်းတသင်းဆီမှာ တနှစ်လျှင် သီချင်းပုဒ်ရေ ၅ ပုဒ်ပဲ ပျမ်းမျှ ရှိတယ်ထား၊ အသင်း ၂ဝဝ မှာ တနှစ် သီချင်းပုဒ်ရေ ၁ဝဝဝ ရှိတယ်။ ကိုင်း … သြင်္ကန် တနှစ်မှာပဲ ရလာလိုက်တဲ့ အမျိုးသား အမွေအနှစ် အနုပညာ ပစ္စည်းတွေက နည်းနည်းနောနော မဟုတ် …။

မင်းသားကြီး ဝင်းဦး ၏ သြင်္ကန် သီချင်း တိတ်ခွေ ကာဗာ

၁၉၃ဝ ဝန်းကျင်မှသည် ၁၉၈ဝ ဝန်းကျင် နှစ် ၅ဝ အတွင်း မန္တလေးတမြို့တည်းမှာပင် သြင်္ကန်ကြောင့် ရလာတဲ့ သီချင်းတွေ၊ ဂီတတွေ၊ သံချပ်တွေ၊ ပန်းချီတွေ စသော အနုပညာ ပစ္စည်းတွေကို မှန်းဆသာ ကြည့်ပါ လေရော …။

တခြား မကြည့်ပါနဲ့ နာမည်ကျော် မြို့မ အသင်း တသင်းကိုပဲ ကြည့်ပါဘိ။ တနှစ်မှာ သီချင်းအသစ် ၅ ပုဒ်ပဲ အနည်းဆုံး ထား (တကယ်တော့ ၅ ပုဒ်နဲ့ ၁ဝ ပုဒ်ကြား ရှိပါတယ်) နှစ် ၅ဝ အတွင်း သြင်္ကန် သီချင်းပေါင်း ပုဒ်ရေ ၂၅ဝ ရှိနေပြီလေ။

ဘုန်းမိုးသွန်းလောင်းမှသည် သြင်္ကန်မိုးသို့

ကနဦးအစ သြင်္ကန် သီချင်းတွေက မဟာဂီတလာ ‘ဘုန်းမိုးသွန်းလောင်း’ သီချင်းကြီး၏ နရီစည်းချက် အတိုင်း

‘အေးအေး ချမ်းချမ်း လောင်းစမ်း သြင်္ကန်ရေ၊
မာပါစေ တောင်းဆုကိုခြွေ၊
ဖြန်းပက်သူတို့ ယဉ်စစ ချောနွဲ့နွဲ့လုံမေ၊
တထောင့် သုံးရာရှစ် ခုနှစ် သြင်္ကန်ရေ..’ ဟူသော သြင်္ကန်သီချင်းမှ စည်းသွက် ဖြစ်သော လေးချက် စည်းအတိုင်း
‘ သြင်္ကန် နှစ်ဦး တူးပို့တူးပို့
တူးသံ မြူးသာယာ၊
သြင်္ကန်မယ်များ တူးပို့တူးပို့
တူးမာရဲ့နော်ဗျာ၊
ငွေငန်းသံစုံ တူးပို့တူးပို့၊
အာရုံဖျော်ဖြေကာ..’ ဆိုတဲ့

ယနေ့တိုင် မရိုးနိုင်တဲ့ ဆရာမြို့မငြိမ်း ရဲ့ ‘ တူးပို့တူးပို့’ သီချင်းလို သြင်္ကန် ဒိုးချက် အသွား မြူးမြူး ကြွကြွ သီချင်းတွေကို နောက်မျိုးဆက်တွေက ဆက်တိုက် ဆိုသလို ရေးစပ်ခဲ့ခြင်းဟာ တကယ့် ခုန်ပျံ တိုးတက် မှုကြီး ဖြစ်ပါတယ်။ တပြိုင်နက်တည်း ဆိုသလိုပင်.. ဆရာ မြို့မငြိမ်းက

‘ပျော်ခင်းလေးသာ ပါဘိတယ်
အတိတ် ကောင်းယူမယ်၊
နှစ်ဦး သြင်္ကန် တော်ဝယ်….’ တဲ့။

ဒီ စာသား၊ ဒီအသံ၊ ဒီအသွား၊ ဒီစည်းချက်ကလည်း ၁၉၄၇ ခုနှစ်ကတည်းက တကယ့် ‘ပါရာဒိုင်း’ ကြီး ဖြစ်ခဲ့တယ်။ အခု ထိ အဟုန်ပြင်းဆဲ…။ ဒီ့နောက် မြို့မ အသင်းသားကြီး တဦးဖြစ်သော ဦးဘသိန်းကလည်း ‘ သြင်္ကန်မယ်တွေ မာပါစေ ရွှေမန်းမြို့မှာ အသရေ လျှမ်းဖို့ရာ သြော်.. ငွေငန်း မြို့မ လာပြီလေ..’ တဲ့။ ဖောက်ထွက် လာပြန်တယ်။

နောက် ကိုဘိုခင်၊ ကိုပေါ၊ ကိုရွှန်းမြိုင်..။ အခြား အသင်းတွေမှာလည်း ကိုသန်းကြွယ်၊ ကိုခင်မောင်သန်း၊ စိန်တင်ဟန်၊ ကိုရဲထွေး၊ ကျော်မြင့်သူ၊ စန္ဒရား ငြိမ်းထက်၊ ကိုချမ်းငြိမ်း… စသဖြင့် ၁၉၈ဝ ကျော် ဝန်းကျင် အထိ ခေတ်နဲ့ အမီ သြင်္ကန် တေးရေး ဆရာတွေ ပေါ်ထွက်ခဲ့တာ အများအပြားပါပဲ။

ဟော.. ၁၉၈၅ရောက်တော့

‘ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ….
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေထဲ….
ရာသီချိန်မီ လန်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင် ပါရင်၊ လှသထက် တင့်မှာမို့….’ ဆိုတဲ့ ကိုမောင်မောင်(မဇ္ဈိမလှိုင်း)ရဲ့ သီချင်း အထိ ဒီ ‘ပါရာဒိုင်း’ ရဲ့ အရှိန် အဟုန်ကို ထပ်ဆင့် မြှင့်တင်ခဲ့ကြတာပဲ မဟုတ်ပါလား။

သြင်္ကန်မိုး ရုပ်ရှင် သီချင်း တိတ်ခွေ ကာဗာ

သေချာတာ ကတော့ သြင်္ကန် ဆိုတာ လူတန်းစား အလွှာ ပေါင်းစုံ ပါဝင် ဆင်နွှဲနိုင်ပြီး လူတိုင်း ကိုယ်စီရဲ့ နှလုံးသားထဲ က အပျော်ဓာတ်တွေက တဆင့် ကွန့်မြူးလာမယ့် အနုပညာတွေကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ဖို့ပါပဲ။ လူထု သြင်္ကန် တွေက အမျိုးသား အမွေအနှစ်တွေ ကျန်ရစ်စေခဲ့တာ သာဓက တွေပဲလေ။ ။

မန္တလေး သြင်္ကန်များမှ ထင်ရှား ကျန်ရစ်ခဲ့သည့် သီချင်း အချို့

၁၃၀၀ ပြည့် သြင်္ကန် မြို့မငြိမ်း (၁၉၃၈) ၁၃၀၀ ပြည့်နှစ် အတွက် စပ်ဆိုသည်

သြင်္ကန် လုလင် မြို့မငြိမ်း ၁၉၄၀ ဝန်းကျင်
တူးပို့တူးပို့ မြို့မငြိမ်း ၁၉၄၀ ဝန်းကျင်
ရွှေမန်း မာလာ မြို့မငြိမ်း ၁၉၄၀ ဝန်းကျင်
ပြည်တော်ဝင် ဆရာညှာ ၁၉၄၅ ဝန်းကျင်
ရွှေမန်းတောင် ရိပ်ခို မြို့မငြိမ်း ၁၉၄၇ ခု(၁၃၀၉ ခု သြင်္ကန် အတွက် စပ်ဆိုသည်)
အေးအေး ချမ်းချမ်း မြို့မငြိမ်း ၁၉၄၇ ခု
မူယာကြော့ ဦးဘသိန်း ၁၉၅၀ ဝန်းကျင်
အေးတဲ့ရေ
(မြူမှောင်ဝေကင်း) ဦးရင်လေး ၁၉၅၈ ခု
သော့(ကျေးဇူးတင်) ဦးရင်လေး ၁၉၅၈ ခု
ညှင်းသွဲ့သွဲ့ လေပြည် ဦးဘိုခင် ၁၉၅၈ ခု
မန်းသူနှင့် ငန်းဖြူ ဦးပေါ ၁၉၆၀ ဝန်းကျင်
မြတ်ဆုမွန် ဦးရွှန်းမြိုင် ၁၉၆၈ ခု
အိပ်မက် စေတမန် ဦးသန်းကြွယ် ၁၉၇၀ ဝန်းကျင်
ရွှင်လန်း ချမ်းမြေ့ပါစေ ဦးခင်မောင်သန်း ၁၉၇၀ ဝန်းကျင်
ချစ်စွာသော သြင်္ကန် ကိုလှထွန်း ၁၉၇၀ ဝန်းကျင်
ရှာပုံတော် မင်းသားကြီး ကျော်မြင့်သူ ၁၉၇၀ ဝန်းကျင်
နဂါးမယ် သီချင်းများ စိန်တင်ဟန် ၁၉၈၀ ဝန်းကျင်
သြင်္ကန်မိုး သီချင်းများ မြို့မ ကိုပေါ / ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ၁၉၈၄

The post ဘုန်းမိုး သွန်းလောင်း မှသည် ရွှေမန်း တောင်ရိပ်ခို တူးပို့ သံများ appeared first on ဧရာဝတီ.

မီးဘေးသင့် ပြည်သူတွေအတွက် ငွေကြေးထောက်ပံ့ လှူဒါန်းခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်များ

$
0
0

တောင်ကိုရီးယားနိုင်ငံ၊ ဂန်းဝန် စီရင်စုမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ကိုရီးယား ပြည်သူတွေအတွက် အနုပညာရှင်တွေက ငွေကြေးထောက်ပံ့ လှူဒါန်းခဲ့ကြပါတယ်။ ဧပြီလ ၄ ရက်က စတင် လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ ဆော့ချိုမြို့လယ်ခေါင်ထိ ပျံ့နှံ့သွားပြီး ထိခိုက်ဒဏ်ရာ ရခဲ့ကြသလို ဆုံးရှုံးမှုတွေလည်း များခဲ့ပါတယ်။

ဂိုဆွန်းစီရင်စု၊ အင်ဂျီစီရင်စု၊ ဆော့ချိုမြို့၊ ဂန်ဝန် စီရင်စုတွင်းမှာရှိတဲ့ Gangneung နဲ့ Donghae ဒေသတွေထိ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ အဆိုပါ ဒေသတွင်းက ထောင်ချီတဲ့ ဒေသခံတွေဟာ နေစရာအိမ် ဆုံးရှုံးပြီး လျှပ်စစ်မီး ပြတ်တောက်ခဲ့တာကြောင့် ယာယီ ရွက်ဖျင်တဲတွေမှာ နေထိုင်နေရပါတယ်။

သေဆုံးသူတဦး ရှိခဲ့သလို ထိခိုက်ဒဏ်ရာရခဲ့သူတွေ ၁၁ ဦး ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဆုံးရှုံးသွားတဲ့ ပြည်သူတွေအတွက် ကိုရီးယား အနုပညာရှင်တွေဘက်ကလည်း ငွေကြေးထောက်ပံ့ လှူဒါန်းမှုတွေ အများအပြားရှိခဲ့သလို ယခုအချိန်ထိလည်း လှူဒါန်းနေကြဆဲပါ။

ဧပြီလ ၆ ရက်မှာတော့ PSY ၊ မင်းသား လီဗြောင်ဟွန်းနဲ့ဇနီး တို့က အမေရိကန်ဒေါ်လာ ၈ သောင်း ၇ ထောင်ကျော်စီ လှူဒါန်းခဲ့ကြသလို၊ မင်းသမီး ကင်ဆိုဟွန်း၊ ဆိုယူဂျင်း၊ မင်းသား ဂျိုဂျွန်ဆော့နဲ့ Gummy တို့စုံတွဲ၊ မင်းသား ဂျွန်ဟာအင်းနဲ့ ဟာသ သရုပ်ဆောင် ယူဗြောင်ဂျယ်တို့ကလည်း မီးဘေးသင့်ပြည်သူတွေကို လှူဒါန်းခဲ့ကြပါတယ်။

ဒါ့အပြင် Koyote အဖွဲ့၊ ASTRO အဖွဲ့၊ Winner နဲ့ iKon အဖွဲ့ဝင်တွေကလည်း တတ်အားသရွေ့ ပါဝင်လှူဒါန်းပေးခဲ့ကြသလို စစ်မှုထမ်းဆောင်နေတဲ့ အနုပညာရှင်တွေကလည်း သူတို့ကိုယ်စား မိသားစုဝင်တွေနဲ့ အေဂျင်စီတွေကနေတဆင့် လှူဒါန်းခဲ့ကြပါတယ်။

ဧပြီလ ၈ ရက်နေ့မှာတော့ မင်းသား ချာအင်းဖြိုး နဲ့ မင်းသမီး ရှင်အဲရာတို့နှစ်ဦးက ကိုရီးယား သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး အဖွဲ့အစည်းကို အမေရိကန် ဒေါ်လာ ၈၇၃၀၀ လှူဒါန်းခဲ့သလို 2 PM အဖွဲ့ဝင် ချန်းဆွန်း၊ မင်းသား ဒယ်နီရယ်ဟတ်နီး အပါအဝင် Echo Global Group မှ သရုပ်ဆောင် ၁၃ ယောက်ကလည်း Community Chest of Korea အဖွဲ့အစည်းထံသို့ လှူဒါန်းခဲ့ပါတယ်။

အဆိုတော် ဆူဇီ၊ ယူဂျယ်ဆော့၊ မင်းသမီး ပတ်ရှင်ဟေး၊ ဟန်ဟေးဂျင်းတို့အပြင် မင်းသား ကင်ဝူဘင်၊ ဂျပန် မော်ဒယ် ယာနိုရှီဟိုကလည်း လှူဒါန်းခဲ့သလို မင်းသား ပတ်ဆောဂျွန်းကတော့ အမေရိကန်ဒေါ်လာ ၈၇၀၀၀ ကျော်ကို အမည်မဖော်ပြခဲ့ဘဲ လှူဒါန်းခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

BlackPink အဖွဲ့ဝင် ၄ ဦးကလည်း အမေရိကန်ဒေါ်လာ ၃၄၀၀၀ ကျော် လှူဒါန်းခဲ့သလို “The Fiery Priest” ရုပ်သံဇာတ်လမ်းတွဲမှ အဓိကဇာတ်ဆောင် ၄ ဦးကလည်း မီးဘေးသင့်ပြည်သူတွေအတွက် စုပေါင်းလှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင် သရုပ်ဆောင် အန်ဆိုဟီး၊ Highlight အဖွဲ့မှ လီဂီဂွမ်တို့အပြင် စစ်မှုထမ်းဆောင်နေတဲ့ CNBLUE အဖွဲ့ဝင် လီဂျွန်ရှင်းကလည်း သူ့ကိုယ်စားမိဘတွေက လှူဒါန်းခဲ့ပုံတွေကို သူ့ရဲ့ Instagram အကောင့်မှာ မျှဝေထားပါတယ်။

Ref: Soompi

The post မီးဘေးသင့် ပြည်သူတွေအတွက် ငွေကြေးထောက်ပံ့ လှူဒါန်းခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်များ appeared first on ဧရာဝတီ.

သြင်္ကန်ပိတ်ရက်မှာ ထိုင်းစတိုင် ရောင်စုံမုန့်လုံး အုန်းနို့အချိုပွဲ လုပ်စားရအောင်

$
0
0

ဒီတပတ်တော့ နှစ်သစ်ကူး သြင်္ကန်အချိန်ခါမို့ မိသားစု ဆွေမျိုးသားချင်းတွေနဲ့ မုန့်အတူ လုပ်စားရအောင် ဝေမျှပေးချင်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံချင်းမို့ မြန်မာနဲ့ ထိုင်းအစားအစာတွေဟာ အများအားဖြင့် တူညီကြပါတယ်။ အခုလည်း ထိုင်းရိုးရာ အချိုစာတမျိုးဖြစ်တဲ့ “Bua Loy” ဟာ မြန်မာပြည်မှာဆိုရင်တော့ မုန့်ကြာစေ့နဲ့ ဆင်ပါတယ်။ မုန့်လုံးတွေကို လှအောင် အရောင်ဆိုးထားပြီး အုန်းနို့ရည်နဲ့ တွဲစားကြတဲ့ ဒီအချိုပွဲကို ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ —

ကောက်ညှင်းဆန်မှုန့်
အုန်းနို့
ကြံသကာ
ဆား
ဆွမ်းမွှေးရွက် တို့ လိုအပ်ပါတယ်။

အရင်ဆုံး ကောက်ညှင်းဆန်မှုန့်တွေကို အရောင်ဆိုးဖို့ ထောင်းထားတဲ့ ပိန်းဥအမြစ် အရည်၊ သကြားမုန်လာ အရည်၊ ဆွမ်းမွှေးရွက် အရည်တွေနဲ့ရောပြီး တမျိုးချင်း သပ်သပ်စီ နယ်ပါ။ နယ်ထားတဲ့ မုန့်နှစ်အသားတွေကို ၁ စင်တီမီတာအရွယ် အနေတော်အတုံးတွေ လှီးပြီး လက်နဲ့ လုံးထားပါ။

ပြီးရင် အိုးတလုံးထဲ ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဆူလာရင် အရောင်စုံမုန့်လုံးတွေကို ရေဆူတဲ့ထဲ ထည့်ပြုတ်ပါ။ ရေပေါ်ပေါ်လာတာနဲ့ ဆယ်ထားပြီး ရေအေးထဲစိမ်လိုက်ပါ။ ပြီးရင်တော့ အုန်းနို့ကျိုပါမယ်။ ရေပွက်ပွက်ဆူတဲ့ထဲကို အုန်းနို့၊ ဆွမ်းမွှေးရွက်၊ ကြံသကာနဲ့ ဆားအနည်းငယ် ထည့်ပြီး မီးအေးအေးနဲ့ ကျိုပါ။ သကြားတွေ ပျော်ဝင်သွားပြီဆိုရင် မီးပိတ်ပြီး ဆွမ်းမွှေးရွက်ကို ဖယ်လိုက်ပါ။

စားတော့မယ်ဆိုရင် ရောင်စုံမုန့်လုံးတွေကို အုန်းနို့အရသာ စိမ့်ဝင်သွားအောင် ကျိုထားတဲ့ အုန်းနို့ရည်ထဲ ထည့်ပြီး နည်းနည်း အပူပြန်ပေးလိုက်ပါ။ တမျိုး တဘာသာ ဆန်းပြီး အရသာချိုဆိမ့်လေးနဲ့ အမြင်လှတဲ့ ရောင်စုံမုန့်လုံးအုန်း နို့အချိုပွဲလေး အဆင်သင့်ဖြစ်ပါပြီ။

တကယ်လို့ ကောက်ညှင်းဆန်မှုန့်တွေ ပိုနေတယ်ဆိုရင် ကျန်တာကို ပလပ်စတစ်နဲ့ပတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် တရက် ခံပါတယ်။

Ref: Hot Thai Kitchen

The post သြင်္ကန်ပိတ်ရက်မှာ ထိုင်းစတိုင် ရောင်စုံမုန့်လုံး အုန်းနို့အချိုပွဲ လုပ်စားရအောင် appeared first on ဧရာဝတီ.

ထူးခြားမှုများ နှင့် ရှမ်းသင်္ကြန်

$
0
0

မကြာမီ နှစ်သစ်ကူး သြင်္ကန်ကာလသို့ ရောက်တော့မည့် ဖြစ်သည်၊ ပူလောင်သည့် နွေ၌ သြင်္ကန်ကာလ လေးတခုက အိုအေစစ်လေး သဖွယ် ဖြစ်သကဲ့သို့ လူတိုင်း(အထူးသဖြင့် ငယ်ရွယ်သူတိုင်း) အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပင်။

သြင်္ကန်သည် မြန်မာလူမျိုးတို့ အတွက်သာမက တိုင်းရင်းသားတချို့တွင်လည်း မတူညီသည့် ရိုးရာပုံစံများဖြင့် ရှိသည် ကိုတွေ့ရသည်။

ရှမ်းတိုင်းရင်းသားတို့၏ သြင်္ကန်၊ ရခိုင်တိုင်းရင်းသားတို့၏ သြင်္ကန်၊ မွန်တိုင်းရင်းသားတို့ သြင်္ကန်ဟူ၍ ရှိကြသည်။

သြင်္ကန်ဟူသော ဝေါဟာရသည် ကူးပြောင်းခြင်းဟု အနက် အဓိပ္ပါယ်ရှိ၏၊ နေမင်းသည် ၁၂ရာသီ စက်ဝန်းကို လှည့်လည်ခဲ့ ရာ၌ ၁၂ရာသီစေ့မြောက်၍ နောက်ဆုံးဖြစ်သော မိန်ရာသီမှ အစ ဖြစ်သော မိဿရာသီသို့ ကူးပြောင်းသည့် အချိန် နာရီ စက္ကန့် တွင် သြင်္ကန်ကျပြီဟု ဆိုစမှတ်ရှိကြောင်း အာဇာနည် ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဆရာကြီး ဒီးဒုတ်ဦးဘချိုက ဖွင့်ဆို သည်။

ထို့ကြောင့် သြင်္ကန်ပွဲတော်ကို မြန်မာနှစ်သစ်ကူူးပွဲဟူ၍ ခေါ်ဆိုကြသည်။ ရှမ်းတိုင်းရင်းသားများ ကတော့ သြင်္ကန်ကို ဆန်းကျဲန်ဟုခေါ်ဆိုပြီး ရေကစားပွဲတော် (သို့) ရေလောင်းပွဲတော် ဟု မှတ်ယူ ကြသည်။

သြင်္ကန်ပွဲတော်ကို တရုတ်(ဆစ်ဆောင်ပနား)၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို နိုင်ငံများတွင် နေထိုင်သည့် ရှမ်းမျိုးနွယ်စုများ ကြားမှာလည်း ကျင်းပသည်။

၂၀၁၈ခုနှစ် သြင်္ကန်မင်း ရုပ်တုနှင့် အတူ လှည့်လည်၍ ရေပက်ကစားနေသည့် ကျိုင်းတုံဒေသခံများ / Keng Tung Water Festival-Facebook မှ ကူးယူဖော်ပြသည်။

မြန်မာနိုင်ငံတွင် ကျင်းပသည့် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာ သြင်္ကန်ပွဲတော်သည် မြန်မာ့တို့၏ ဓလေ့ထုံးတမ်းများဖြင့် အနည်းအငယ် ကွဲလွဲမှုများ ရှိသည့်အတွက် စိတ်ဝင်စားစရာကောင်း လှပါသည်။

မြန်မာတို့က သြင်္ကန်ကာလမှာ ပိတောက်ပန်းကို အမြတ်တနိုးထားကြသလို ရှမ်းတိုင်းရင်းသားများက မောက်ကိုဆွဲ့ပန်း(ဝါ) ဂေါ်ပန်းကို အမြတ်တနိုးထားကြပြီး၊ အကြိုနေ့ မနက်တွင် မြန်မာတို့ ဝါဆိုပန်း ခူး ထွက်သကဲ့သို့ ရှမ်းလုလင်၊ လုံမပျိုတို့က သြင်္ကန်အကြိုပန်းထွက်ခူးကြသည်။

ထိုပန်းဖြင့် ဘုရားကန်တော့ခြင်း၊ အလှဆင်ခြင်းတို့ ပြုလုပ်ကြသလို သြင်္ကန်ကို ကြိုဆိုသည့် အခါမှာလည်း အသုံးပြုကြ သည်။

သြင်္ကန်အကြိုနေ့တွင် မောက်ကိုဆွဲ့ပန်းလေးများဖြင့် ဘုရားညောင်ရေအိုးထိုးကာ ဖယောင်း တိုင်မီး ထွန်းညှိပြီး အိမ်ရှေ့တွင် ထားကာ ရှမ်းတိုင်းရင်းသားတို့ သြင်္ကန်ကို ကြိုဆို၏။

“တန်ခူးလမှာ ပွင့်တဲ့ ပန်းပေါ့၊ ဂုံးသီးဗျ၊ အခွံမာ အသီးတမျိုးပဲ အဲဒီအသီးက အပွင့်နဲ့ ပန်းပေါ့၊ ရှမ်းလို မောက်ကိုဆွဲ့ ခေါ်တာ မိန့်ဂေါ်ပေါ့။ ဂေါ်ပန်း ခေါ်တာပေါ့၊ အဲဒီပန်းကို ယူလာပြီး ဘုရားရေ သပ္ပာယ် မယ့် အဝန်းအဝိုင်းပေါ့၊ ရေဇလားရှိမယ်၊ နောက် ရေပန်း ရှိမယ်။ အဲဒီမှာ ဘုရားဆင်တုတော် ကို သြင်္ကန် အကြိုနေ့ကတည်းက ပင့်ပြီးတော့ နေ့တိုင်း ရေ သပ္ပာယ် တာပေါ့”ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို)မှ ဥက္ကဌ ဦးစိုင်းမောင်တင်က ပြောသည်။

ရေသပ္ပာယ်ရာမှာတော့ ရှမ်းတိုင်းရင်းသားများသည် နဂါးရုပ်၊ မြွေရုပ် စသဖြင့် ဒေသ တခုချင်းစီ အလိုက် မတူညီသော အရုပ်များနှင့်အတူ လောင်းလှေ ပုံစံ တည်ဆောက်ကာ သတ်မှတ်ထားသော နေရာရှိ သက်ကယ်မိုး ထားသော တဲ အောက်မှာ ရေလောင်းဇလားနှင့် ရေပန်းများလုပ်ကာ နေ့စဉ် ရေသပ္ပာယ်ကျသည်။

သို့သော် သြင်္ကန်ကာလ ရေကစားခြင်းတွင်မူ ဗမာတို့က အကြိုနေ့တွင် စတင် ရေကစားသော်လည်း ရှမ်းတိုင်းရင်းသား များကမူ အကျနေ့ရောက်မှသာ ရေကစားခြင်းကို စတင်ပြီး နှစ်ဆန်းတရက်နေ့ အထိ တချို့လည်း ရေကစားကြသည်။

နှစ်ဆန်းတရက်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဘုရားဆင်းတုတော်များကို ပင့်ဖိတ်ပြီး ရေသပ္ပာယ် ကျသလို ဘုန်းကြီးကျောင်းကန်များကိုလည်း သန့်ရှင်းရေးလုပ်ကာ ကုသိုလ်ယူကြသည်။

သြင်္ကန်ကြိုဆိုသော မင်္ဂလာစည်တော်နှင့် သြင်္ကန်ရေပက်ကစားသူများ / Keng Tung Water Festival-Facebook

ထို့နောက် မုန့်ဖက်ထုပ်၊ မုန့်လုံးရေပေါ် မုန့်များလုပ်ကာ ဘုန်းကြီးကျောင်းသို့ လှူဒါန်းကြ သကဲ့သို့ အိမ်နီးနားချင်း ဆွေမျိုး မိတ်သင်္ဂဟများ၏ အိမ်များသို့ ဝေငှကျွေးမွေးကြသလို သက်ကြီး ရွယ်အိုများ အား ကန်တော့ခြင်း၊ ခြေသည်း လက်သည်းများ ညှပ် ပေးခြင်း၊ ခေါင်းလျော်ပေးခြင်း တို့ဖြင့်လည်း ကုသိုလ် ယူကြပြီး၊ မြို့ပေါ်သို့မဟုတ် ရွာများတွင် သဲပုံစေတီများကို တည်ကာ ဘုန်းတော်ကြီးများ ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်နာကြ၏။

ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို)မှ ဥက္ကဌ ဦးစိုင်းမောင်တင်က ““သဲပုံစေတီလေး လုပ်တယ်၊ ရွာအလယ်မှာ တဆူ၊ ရွာထိပ်မှာ တဆူ၊ ရွာနောက်မှာ တဆူ သုံးဆူလုပ်တယ်၊ အဲဒီမှာ ပရိတ်ရွတ်တယ်၊ အန္တရာယ်ကင်းဖို့ပေါ့။ ဘုန်းကြီး ပင့်ဖိတ်ပြီးတော့ လုပ်တယ်”ဟု ပြောသည်။

ထူးခြားမှု တခုမှာ မြန်မာတို့သည် သြင်္ကန်ကာလ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မကြေလည် သည် များကို သံချပ်ဖြင့် ပုံဖော်၍ ရင်ဖွင့်ကာ တင်ဆက်ကြသည်မှာ စစ်ကြို ခေတ်မှသည် ယနေ့တိုင် သံချပ်ထိုးခြင်း ဓလေ့ စွဲမြဲခဲ့သည်။

စစ်ကြိုခေတ် သံချပ်များသည် ထိုခေတ် သတင်းစာများထက်ပင် ပိုမိုပွင့်လင်းကြပြီး ပြည်သူ့လှုပ်ရှားမှု များ ပါဝင်ခဲ့ကာ သေခါနီးမှ ရိက္ခာယူ အဘိဇ္ဈာထူတာ ငပု- ငပု၊ ညွှန်ပေါင်း လက်သစ် ရာထူးယူ- တိုင်းပြည်ဆူရင် သူတို့ကြောင်ပဲ။ မြန်မာ ပြည်ကြီး နစ်ဖို့ဖန်- ကလိန်ဉာဏ်နဲ့ ငစော ငစော စသည်ဖြင့် သံချပ်ထိုးကြသည်၊ ယနေ့ခေတ် အကဲဆတ်သည့် အစိုးရများ အနေဖြင့်မူ ထိုသို့ ပွင့်လင်းသည့် သံချပ်များကို လက်ခံနိုင်မည်မဟုတ်ပေ။

ရှမ်းတိုင်းရင်းသားများမှာမူ သြင်္ကန်နှင့် သက်ဆိုင် သော ရှမ်းသီချင်းများ ကိုသာ ဖွင့်လှစ်နားထောင်၍ ရိုးရာ အမျိုးသား ဝတ်စုံများကို ဝတ်ဆင်ကာ ပျော်ပါးကြကြောင်း သိရသည်။
ထိုနည်းတူစွာ ရှမ်းတိုင်းရင်းသားများထဲမှာမှ ကျိုင်းတုံဒေသရှိ ဂုံရှမ်းတို့၏ သြင်္ကန်ပွဲတော် ကျင်းပပုံကလည်း အလွန် ဆန်းပြား နေပြန်သည်။

မင်္ဂလာစည် ပို့ဆောင်ရာတွင် ဂုံရှမ်းမျိုးနွယ်စုဝင် တဦးက မြင်းစီးပြီး ဦးဆောင်၍ အလံနီ-အလံဖြူကိုင်သူများ စီးတန်းလှည့်လည်ခြင်းနှင့် ရေပက်သူများ

ကျိုင်းတုံသြင်္ကန်ကို တချို့က မိုးခေါ်သြင်္ကန်ဟုလည်း ညွန်းဆိုလေ့ရှိကြောင်း ဒေသခံများ၏ အဆိုရ သိရသည်။

သမိုင်းအရ ခေမရဋ် တုံဂပူရိ ဟု ခေါ်သည့် ကျိုင်းတုံနယ်ကို စော်ဘွား ဖရာ့ ကျောက်မထုက အုပ်ချုပ် စဉ် သက္ကရာဇ် ၇၇၂ နှစ်က တနယ်လုံး မိုးခေါင်ရေရှား ဖြစ်၍ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရာ ဥတ္တမ အမည်ရှိ ပုဏ္ဏားက ကျိုင်းတုံမြို့၏ နေ့နံသည် တနင်္လာနံ ဖြစ်ရာ ဂုံလူမျိုး၏ ပါးစပ်မှာ တနင်္လာနံ လခြမ်းကို ငုံစေလျက် သဲပုံစေတီနှင့်တကွ ဖားရုပ်ကို ပုံဖော်၍ ပူဇော်ပသခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် လယ်ယာ များ ထွက်ရက်စိုက်ပျိုးမှု အထွက်တိုးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သြင်္ကန် ကာလ ရောက်တိုင်း မင်္ဂလာစည်တော်ကြီးအား ထုတ်၍ တီးကာ သြင်္ကန်ကို ယနေ့တိုင် ကြိုဆိုလေ့ ရှိကြပြီး သြင်္ကန်ပွဲ ကိုလည်း ပျော်ပျော်ပါးပါး ဆင်နွဲကြသည်။

မင်္ဂလာစည်တော်တီးကာ သြင်္ကန်ကို ကြိုဆိုပြီးနောက် သြင်္ကန်မင်း ရုပ်တုနှင့်အတူ အလံဖြူ၊ အလံနီများ ကိုင်ဆောင်သည့် အဖွဲ့ကို ဂုံရှမ်းမျိုးနွယ်ဝင် တဦးက မြင်စီးကာ ဦးဆောင် မြေသားဖြင့် ပြုလုပ်ထးသည် ဖားရုပ်ရှိရာသို့ စီတန်းလှည့်လည် သွားကြသည်။

စီတန်းလှည့်လည်ရာ လမ်းတလျောက် ရေပက်ကစားသူများဖြင့် စည်ကားလှပြီး ဧည်ပရိသတ်က မိုးခေါ်သည့် မြေသား ပုံဖော်ထားသည့် ဖားရုပ်အား ဝိုင်းလုကြသည်။

မိုးခေါ်မင်းဟု ယုံကြည်ထားသော ဖားရုပ်ကို သြင်္ကန်တွင်းကာလမှာ ကျိုင်းတုံဒေသခံများ ပူဇော်ပသနေခြင်း

ထို မြေကြီးဖြင့် ပြုလုပ်ထားသည့် ဖားရုပ်ကို ဝိုင်း၍ လုရခြင်းမှာ ၎င်းမြေသားကို ရရှိပါက မိမိတို့၏ လယ်ယာ၊ခြံမြေ၊ အိုးအိမ်တို့တွင် ပက်ကြဲပါက ဆန်ရေစပါး၊ သစ်သီးဝလံများ အထွက်တိုးကာ စီးပွားလာဘ်လာဘ တိုးတက် ရွင်လန်း သည်ဟု ယုံကြည်ခြင်း ကြောင့်ဖြစ်ကြောင်း ကျိုင်းတုံဒေသခံ စိုင်းကျော်အောင်က ပြောသည်။

ထို့ကြောင့် ကျိုင်းတုံသြင်္ကန်ကို မိုးခေါ်သြင်္ကန်ဟုလည်း ဆိုကြသည်၊ ဤသည်ကား ရှမ်းတိုင်းရင်းသား များ၏ ရိုးရာ သြင်္ကန်ပွဲ ကျင်းပပုံထဲမှ ထူးခြားဆန်းပြားသည့် ဓလေ့တခုဖြစ်သည်။

ယခုနှစ် သြင်္ကန်ပွဲတော်ကို ကျိုင်းတုံမြို့မ ဘောလုံးကွင်းတွင် ဧပြီလ ၁၃ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုင်းခင်၊ တိုင်းလိ၊ တိုင်းနေနှင့် တိုင်းလုံဟုခေါ်သည့် ရှမ်းတိုင်းရင်းသား ၄ဖွဲ့တို့မှ စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များဖြင့် ဖွဲ့စည်းထားသော ကော်မတီက ဦးစီးကျင်းပမည် ဖြစ်ကြောင်း Tai Khun Literature And Culture Association- Keng Tung မှ ရေးသား ဖော်ပြထားသည်။ ။

The post ထူးခြားမှုများ နှင့် ရှမ်းသင်္ကြန် appeared first on ဧရာဝတီ.

သြင်္ကန်မှာ အန္တရာယ်ကင်းကင်း လျှောက်လည်ကြဖို့ ပျော်ကြဖို့ အနုပညာရှင်များ တိုက်တွန်း

$
0
0

မြန်မာ့ရိုးရာ အတာသြင်္ကန် ပွဲတော်ကြီးမှာ ပရိသတ်တွေ ချစ်တဲ့ အနုပညာရှင်များ ဖြစ်ကြတဲ့ သရုပ်ဆောင်ချစ်စနိုးဦး၊ ဆုပန်ထွာ၊ မေသဉ္ဇာဦး၊ မေတိုးခိုင်တို့က ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာ ရှိနေမလဲဆိုတာ ပြောပြထားသလို ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်း စကားသံများနဲ့ ကျန်းမာရေးဂရုစိုက်ဖို့ကိုလည်း ယခုလိုပြောပြထားပါတယ်။

ချစ်စနိုးဦး

သြင်္ကန်ကတော့ အိမ်မှာ ပဲရှိမှာပါ။ Channel K ဖွင့်ပွဲတော့ သွားမယ်။ ချစ်သူအိမ်မှာတော့ စတုဒီသာလေးကျွေးမှာကို ဝိုင်းကူပေးဖြစ်မယ်။ လမ်းလျှောက် သြင်္ကန်လေးတွေ ရှိတာအရမ်း ကောင်းတယ်။ သြင်္ကန်နဲ့ ပတ်သက်ရင် အမှတ်တရက အမြဲ အလုပ်လုပ်ဖြစ်တာလည်း များတယ်။ အလုပ် မရှိတုန်းကလည်း အလုပ် မရှိသလို ပျော်တယ်။ အလုပ်နဲ့ ကျတော့လည်း အလုပ်နဲ့ ပျော်ရတာပေါ့။

ကိုယ့်သီချင်းလေးက ပေါက်ထားတာလည်းကြာပြီ။ ဒါပေမဲ့လည်း ကိုယ့်သီချင်းလေးကို အခုထက်ထိ ပရိသတ်တွေကြိုက်ပြီး အားပေးကြတာ အရမ်းဝမ်းသာပါတယ်။ သြင်္ကန်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေ။ သြင်္ကန်ဆို အကုန်လုံးကတော့ ပျော်ချင်ကြတာပဲပေါ့။ အပျော်ကနေ အပျက် မဖြစ်ဖို့ အရေးကြီးတယ်။ ရာသီဥတုကလည်းပူတော့ ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ ပျော်ကြမယ်ဆိုရင်တော့ အရမ်းပျော်စရာ ကောင်းတဲ့ နှစ်သစ် တနှစ်ဖြစ်မှာပါလို့။

 

ဆုပန်ထွာ

အစ်မ သာယာဝတီမှာ အမိုက်စား ဖျော်ဖြေနေမှုတွေနဲ့ တင်ဆက်မှာပါ။ သြင်္ကန်အတွက် ဘာလုပ်ရမှန်းမသိတာနဲ့ သြင်္ကန်မှာ ကျစ်ဆံမြှီးဆံပင်လေး ကျစ်ချင်တာနဲ့ ကျစ်လိုက်တာပါ။ ရန်ကုန်နဲ့လည်း နီးတော့ နေ့ချင်းပြန်သွားလို့ရတော့ သားသားကိုလည်း ခေါ်သွားမယ်။ သြင်္ကန်ကို ထီးလေးတွေနဲ့ လမ်းလျှောက်သြင်္ကန် လုပ်ထားတာ အရမ်းကောင်းတယ်။ အရမ်းပူလာတော့ ကျန်းမာရေးတော့ ဂရုစိုက်ကြရမယ်။ အဲ့ကျမှ ပျော်ချင်တာတွေ ပျော်ရမယ်။ သောက်ချင်တာတွေ သောက်ရမယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Limit လေးနဲ့ ကျန်းမာရေးကို မထိခိုက်အောင် နေပါ ပျော်ပါလို့။

မေသဉ္ဖာဦး

သြင်္ကန်ဆိုရင် ငယ်ငယ်တုန်းကတော့ ပျော်တာပေါ့။ အခု အသက်ကြီးလာတော့ ကြည့်တာနဲ့တင် အရသာရှိပါတယ်။ လမ်းလျှောက်သြင်္ကန်ရှိတာ ကောင်းတယ်။ စည်းကမ်းရှိရှိလေးတွေနဲ့ သွားရင်တော့ ချစ်စရာကောင်းမှာပေါ့။ အရင်တုန်း သြင်္ကန်ကြောက်စရာတွေ ဘာတွေ ကောင်းသွားသေးတာ။ အဲ့လိုမျိုး မဖြစ်ချင်ဘူး။

တယောက်နဲ့ တယောက် စကြ ညီအစ်ကို မောင်နှမတွေလို ချစ်စရာလေးတွေ ဖြစ်ချင်တယ်။ ကိုယ်တွေလည်းကြုံခဲ့ဖူးတယ်။ ကိုယ်တွေ မောင်နှမတွေသွားတာကို မကြားဝံ့ မနာသာတွေ ပြောကြတာ။ သြင်္ကန်ကတော့ စိုင်းစိုင်းနဲ့ အကြိုနေ့က ကားရိုက်ပြီး နောက်ရက်တွေ Channel K မှာ ရှိပါမယ်။ သြင်္ကန်ဆိုတာနဲ့ ဘာမှကို လူတွေက မဖြစ်ကြဘူး။ မဖြစ်ဘူးဆိုပေမယ့် ကျန်းမာရေးတော့ ဂရုစိုက်ပါလို့။ အန္တရာယ်ကင်းကင်းနဲ့ပျော်ကြပါလို့။

မေတိုးခိုင်

သြင်္ကန်ဆိုရင် ပျော်တယ်။ ရေလည်း ပက်ရတယ်။ ရေလည်းကြိုက်တဲ့သူဆိုတော့ သြင်္ကန်ရောက်ရင်ကိုပျော်နေတာ။ အိမ်မှာပဲရေပက်ဖြစ်ဖို့ များပါတယ်။ အိမ်မှာကတော့ သြင်္ကန်ဆို မိသားစုဆုံတဲ့ အချိန်ပေါ့။ အဲ့တော့ မုန့်တွေလုပ်စား၊ တီဗီကြည့် ကိုယ့်လူနဲ့ကိုယ် ရေတွေ ပက်ပေါ့။ ကျောင်းသြင်္ကန်တို့ ဘာတို့တော့ သွားတယ်။ သြင်္ကန်ထွက်လည်ရတာကို မကြိုက်ဘူး။

အခုခေတ်တော့ အရင်တုန်းကလို သြင်္ကန်အငွေ့အသက်တွေ သိပ်မရတော့ဘူးလို့ ခံစားရတယ်။ အခုခြောက်ကပ်ပြီး EDM ပွဲတွေ ပိုများလာတယ်။ ရိုးရာ သြင်္ကန်တွေ သိပ်မရှိတော့ဘူး။ အဲ့ဒါတော့ ဝမ်းနည်းဖို့ ကောင်းတယ်။ ရေများများသောက်ပြီး နေပူဒဏ်ခံနိုင်ဖို့ ဦးထုပ်လေးတွေ ဆောင်းကြပါလို့။ သြင်္ကန်မှာ အန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ပါးပါး ကဲကြပါလို့။

The post သြင်္ကန်မှာ အန္တရာယ်ကင်းကင်း လျှောက်လည်ကြဖို့ ပျော်ကြဖို့ အနုပညာရှင်များ တိုက်တွန်း appeared first on ဧရာဝတီ.

သြင်္ကန်မှာ ကျန်းမာရေး ဂရုစိုက်ကြဖို့ အနုပညာရှင်များ ပြော

$
0
0

မြန်မာ့ရိုးရာ အတာသြင်္ကန် ပွဲတော်ကြီးမှာ ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်များ ဖြစ်ကြတဲ့ အဆိုတော် နီနီခင်ဇော်၊ သရုပ်ဆောင် ခရစ္စတီးနား၊ နန်းဆုဦး၊ စိုးပြည့်သဇင်တို့က ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာ ရှိနေမလဲဆိုတာ ပြောပြထားသလို ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်း စကားသံများနဲ့ ကျန်းမာရေး ဂရုစိုက်ဖို့ကိုလည်း အခုလို ပြောပြထားပါတယ်။

နီနီခင်ဇော်

မြကျွန်းသာသြင်္ကန်မှာ အမိုက်စား ဖျော်ဖြေမှုတွေနဲ့ အတူ ရှိပါမယ်။ ဒီမှာ လမ်းလျှောက်သြင်္ကန်တွေရော၊ စတိတ်ရှိုးတွေရော မိသားစုတွေ ပျော်ကြမယ်လို့ နီနီ ထင်တယ်။ သြင်္ကန်မှာ ရေဆော့မယ့်သူတွေ အတွက်ပြောချင်တာက မနှစ်ကထက်တောင် ပိုပူပါတယ်။

အရမ်းပူနေတော့ ပရိသတ်တွေကိုလည်း စိတ်ပူတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပူတယ်။ ရေများများ သောက်ပြီး ဓာတ်ဆား များများသောက်ဖို့ ပြောချင်တယ်။ နီနီလည်း အဲ့လိုပဲ သောက်ပါတယ်။ အတက်နေ့ လမ်းလျှောက်သြင်္ကန်မှာ နီနီ ရေပက်ပါမယ်။

ခရစ္စတီးနား

ရန်ကုန်သြင်္ကန်ကို စည်ကားတာ မြင်ရတော့ အရမ်းဝမ်းသာပါတယ်။ အရင်နှစ်တွေကဆို သြင်္ကန်က ခြောက်သလို ဖြစ်သွားတယ်။ အခု လမ်းလျှောက်တွေ လုပ်လာတော့ အရမ်းကောင်းတယ်။ နှစ်တိုင်း ကိုယ်က ရန်ကုန်မှာ မရှိဘဲ နယ်မှာပဲ ရှိတယ်။ ဒီနှစ်လည်း တောင်ငူက CB Bank မဏ္ဍပ်မှာပဲ ရှိမှာပါ။ သြင်္ကန်ဆိုရင် အိမ်က ပေးမထွက်ဘူး။ အဲ့ဒါကို တရက် ခိုးထွက်ပြီး လည်တာ ပြန်တော့ အရိုက်ခံရတာက အမှတ်တရပဲ။

နောက်ပိုင်း အနုပညာလုပ်တော့ ပရိသတ်တွေနဲ့ပဲ ဖြတ်သန်း ဖြစ်ပါတယ်။ ယဉ်ကျေးလုံခြုံစွာနဲ့ ပျော်ရွှင်ကြပါ။ ယောကျာ်းလေး ပရိသတ်တွေလည်း ပျော်တာက ပျော်ပါ။ လျှော့ သောက်ပေးကြပါလို့။ ကျန်းမာရေးအတွက်ရော ရာသီဥတုက အရမ်းပူတဲ့ အတွက်ရော ပြောချင်ပါတယ်။

နန်းဆုဦး

သြင်္ကန် ၄ ရက် မြကျွန်းသာ လမ်းလျှောက်သြင်္ကန်မှာ ရှိပါမယ်။ ဖက်ရှင်တွေကတော့ ရာသီဥတုက အရမ်းပူတော့ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေ ပဲ ဝတ်ပါမယ်။ မဏ္ဍပ်တွေ နည်းသွားတယ်လို့ မြင်တယ်။ လမ်းလျှောက်သြင်္ကန်တွေ ရှိလာတော့ ပျော်ဖို့တော့ ကောင်းပါတယ်။

သြင်္ကန်ဆိုတာနဲ့ကို ပျော်နေပြီ။ အလုပ်ပဲ လုပ်နေလုပ်နေ၊ အိမ်မှာပဲနေနေ သြင်္ကန်ဆိုတာနဲ့ ပျော်နေပြီ။ ပရိသတ်တွေလည်း ရာသီဥတုက အရမ်းပူတဲ့အတွက် ရေများများသောက်ပြီး ကျန်းမာရေး ဂရုစိုက်ကြပါ။ ပေါ့ပေါ့ပါးပါး အဝတ်အစားလေးတွေနဲ့ လည်ကြပါ။ သိပ်မသောက်ပါနဲ့လို့ ပြောချင်ပါတယ်။

စိုးပြည့်သဇင်

လမ်းလျှောက်သြင်္ကန်ကို စိုးပြည့် အရမ်းကြိုက်တယ်။ ကားတွေနဲ့သွား၊ ပိုက်တွေနဲ့ ထိုးတာထက်စာရင် လမ်းလျှောက်ကြတာ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာလည်း ခံစားရတယ်လို့ ထင်တယ်။ စိုးပြည့် EDM တော့ သိပ်မကြိုက်ဘူး။ မသွားဖူးဘူး။ စိုးပြည့် သီချင်း ဆိုတာတွေကလည်း Band နဲ့ ဆိုတာ များတယ်။

ညီအစ်မ ၄ ယောက်ကတော့ သြင်္ကန်မှာ တူတူဆုံဖို့ မလွယ်ဘူး။ ရာသီဥတု အရမ်းပူတဲ့အတွက် ဂရုစိုက်စေချင်ပါတယ်။ သြင်္ကန်မှာဆို ပျော်ကြတယ်။ ပျော်တဲ့အခါ အရမ်းပျော်ပြီး မကဲကြဖို့ ကိုယ့်အသက်ကအရေးကြီးတယ်ဆိုတာလေး ဂရုစိုက်စေချင်ပါတယ်။

The post သြင်္ကန်မှာ ကျန်းမာရေး ဂရုစိုက်ကြဖို့ အနုပညာရှင်များ ပြော appeared first on ဧရာဝတီ.


မွန် ရိုးရာ သင်္ကြန်

$
0
0

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီ ပွဲတော်များတွင် တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲကြသည့် နှစ်သစ်ကူး အတာသြင်္ကန် ပွဲတော်ကြီး မကြာခင် ရောက်ရှိလာတော့မည် ဖြစ်ပေသည်။

အလှူအတန်း စတုဒိသာများ နှင့် သြင်္ကန်ပွဲတော် အခါသမယတွင် ပါဝင်ဆင်နွှဲကြသည့် တိုင်းရင်းသား အသီးသီး၏ ရိုးရာ ဓလေ့များကိုလည်း တွေ့မြင်လေ့လာနိုင်ပြီး ပါဝင်ဆင်နွှဲနိုင်သည့် အချိန်အခါကောင်းလည်း ဖြစ်သည်။

တိုင်းရင်းသားလူမျိုး အသီးသီးအနေဖြင့် အတာသြင်္ကန်ပွဲတော် အတွင်း မိမိတို့၏ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့် မတူကွဲပြားစွာ ကျင်းပလေ့ ရှိကြရာ မွန်တိုင်းရင်းသား တို့သည်လည်း ယဉ်ကျေးမှု ဓလေ့တခုကို လက်ဆင့် ကမ်းလျက် ရှိကြသည်။

မွန် တိုင်းရင်းသားတို့၏ မည်သူနှင့်မျှ မတူသော ဓလေ့တခုသည် “သြင်္ကန်ထမင်း” ပင်ဖြစ်ပေသည်။

ထမင်းကို ရေနှင့် တွဲဖက်စားရသည့် “သြင်္ကန်ထမင်း”သည် မွန်တို့၏ ရိုးရာဓလေ့ဖြစ်သလို ကိုယ်ပိုင် အမှတ်အသား တခုအဖြစ်လည်း နာမည်ကြီးလှသည်။

သြင်္ကန်ထမင်းသည် အဓိကအားဖြင့် အနေတော်ပြုတ်ကာ ရေဆေးပြီး စစ်ထားသည့် ထမင်းဖြူသန့်သန့်၊ ငါးခြောက် ထောင်း၊ သရက် သီးသုပ်၊ ငရုတ်သီးတောင့်ကြော်၊ရေသန့်အေးအေးလေး တို့ဖြင့် တွဲဖက်စားရသည့် အစားအစာဖြစ် သည်။

စားကောင်းသည့် ထမင်းကိုရရှိစေရန် အတွက် ဆန်မွှေးအား ပြုတ်ရာတွင် စပယ်ဖူးလေးကဲ့သို့ အနေအထားရောက် သည် အထိ တင်စားကာ မွန်တို့က ချိန်ဆပြုလုပ်လေ့ ရှိသည်။

သြင်္ကန်ထမင်းတွင် ထူးခြားမှုတခုအနေဖြင့် ဆမ်းစားမည့် ရေထဲတွင် ဖယောင်းနံ့လေး သင်းနေအောင် ပြုလုပ်ထားခြင်း ပင် ဖြစ်သည်။ ဖယောင်းနံ့ မနှစ်သက်သူများက ရိုးရိုးရေဖြင့်သာ စားလေ့ရှိကြသည်။

ရေထဲတွင် ဖယောင်းနံ့ သင်းနေစေရန်အတွက် သန့်စင်သည့် မြေအိုးတလုံးအား ဖယောင်းထည့်ထားသည့် မီးဖိုပေါ် တွင် အုပ်ချကာ မှိုင်းခံသည့် သဘောဖြင့် ထားရလေသည်။

ယင်းနောက်တွင် ဖယောင်းခိုးများပြည့်နေသည့် မြေအိုးအတွင်းသို့ ရေထည့်ပြီး လုံခြုံစွာ ပိတ်ထားခြင်းဖြင့် ဖယောင်းနံ့ သင်းနေသည့် ရေကို ရရှိစေခြင်းဖြစ်သည်။

အချဉ်၊ အစပ်နှင့် အရသာရှိပြီး မြိန်စေရန် အတွက်လည်း သရက်သီးသုပ်၊ ငရုတ်သီးတောင့်ကြော် တို့ဖြင့် တွဲဖက် စားကြပြီး အဓိကဖြစ်သည့် ငါးခြောက်ထောင်းကြော်ကိုမူ အသားများများ ပါသည့် ငါးများဖြင့် ပြုလုပ်လေ့ ရှိကြသည်။

သြင်္ကန်ထမင်း၏ ဇစ်မြစ်သည် ရှေးအခါက လွန်စွာချမ်းသာကြွယ်ဝသည့် သူကြွယ်ကြီး တဦးသည် သြင်္ကန် အချိန်အခါ တွင် လူအများခြံရံလျက် မြစ်ကမ်းတနေရာရှိ ပညောင်ပင်အောက်တွင် ဆန်အားပြုတ်ပြီးနောက် ၇ ကြိမ်အထိ ရေဖွဖွ ဆေးထားသည့် ထမင်းကို အမွှေးနံ့သာများ ရောစပ်ထားသည့် စားသောက်ဖွယ်ရာများဖြင့် ညောင်ပင်စောင့်နတ်ထံ တွင် သားဆုပန်ရာ ပြည့်ဝခဲ့သည်ဟု မွန်တို့သမိုင်းတွင် မှတ်တမ်းပြုထားသည်ကို တွေ့ရကြောင်း မွန်တိုင်းရင်းသူ စာရေးဆရာမ မိုးပန်းမွန်(ရာမည)က ဆိုထားသည်။

ထိုမှတ်တမ်းကို အစွဲပြုပြီး မွန်လူမျိုးတို့ အနေဖြင့်လည်း အတာသြင်္ကန် အချိန်အခါတွင် စည်းစိမ်ချမ်းသာများ တိုးတက် ပွားများစေရန် ရည်စူးလျက် သြင်္ကန်ထမင်း ချက်ပြုတ်ကာ လှူဒါန်းကျွေးမွေးမှုများ ပြုလုပ်လေ့ ရှိကြခြင်းဖြစ်ကြောင်း သိရသည်။

“သြင်္ကန်းထမင်း ကျွေးခြင်းဖြင့် မွန်တွေမှာ စီးပွားလာဘ်လာဘ တိုးတက်တယ်၊ အန္တရာယ်ကင်းတယ်၊ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုကို ရစေတယ်၊ ကိုယ်စိတ် ချမ်းသာစေတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွေးမွေးကြတာပေါ့”ဟု စာရေးဆရာမ မိုးပန်းမွန်(ရာမည)က ပြောသည်။

နှစ်သစ်ကူး ကာလ နှစ်ဆန်းတရက် နေ့တွင် ကျင်းပသည့် မုဒုံမြို့နယ် ရိုးဂိုး ဘုရားပွဲသည်လည်း မွန်လူမျိုးတို့၏ ထင်ရှား သည့် ဓလေ့တခုဖြစ်ပြီး ရေကစားသူများ၊ ဘုရားသန့်ရှင်းရေး လုပ်သူများဖြင့် လွန်စွာစည်ကားသည်။

အထူးသဖြင့် မွန်လူငယ်များသည် နှစ်ဆန်းတရက်နေ့ကို ယခင်ရက်များထက် ပိုမိုရေကစားလေ့ရှိကြပြီး အခြားသော မြို့များမှလည်း မွန်ပြည်နယ်သို့ လာရောက် လည်ပတ်ကြလေ့ ရှိကြသည်။

ဗုဒ္ဓသာဘာဝင်များ ဖြစ်ကြသည့် မွန်လူမျိုးတို့သည် အတာသြင်္ကန် ကာလအတွင်း ရဟန်းခံ ရှင်ပြုခြင်းများ၊ သက်ကြီး ပူဇော်ပွဲများ၊ စတုဒိသာ ကျွေးမွေးခြင်းများကိုလည်း အားတက်သရော ပြုလုပ်လေ့ရှိကြသည်။

အတာသြင်္ကန်ကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားတို့၏ အိမ်တိုင်းနီးပါးတွင် သြင်္ကန်ထမင်းကို ပြင်ဆင် ထားလေ့ရှိပြီး ရိုးရာယဉ်ကျေးမှု ဓလေ့ကို ဖော်ကျူးထားသလို သဒ္ဒါတရား ထက်သန်သည်ကိုလည်း တွေ့မြင် ကြရ ပါသည်။ ။

The post မွန် ရိုးရာ သင်္ကြန် appeared first on ဧရာဝတီ.

သြင်္ကန်မိုး မင်းသမီး မေသန်းနု ပြောပြတဲ့ သြင်္ကန်အမှတ်တရများ

$
0
0

သြင်္ကန်မင်းသမီးလို့ ပရိသတ် အသိအမှတ်ပြုခြင်းခံရတဲ့ မေသန်းနုက သြင်္ကန်နဲ့စပြီး အနုပညာလောကထဲကို ဝင်ရောက်လာတဲ့အတွက် သြင်္ကန် အမှတ်တရတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

“သြင်္ကန်နဲ့စပြီး အနုပညာလောကထဲကို ဝင်ရောက်လာတဲ့အတွက် သြင်္ကန်တော့ အမှတ်တရတွေ အများကြီးပေါ့။ သြင်္ကန်မင်းသမီးအနေနဲ့လည်း တော်တော်များများက သတ်မှတ်ကြတယ်။ သြင်္ကန်မိုးနဲ့ ပရိသတ်တွေ အသိအမှတ်ပြုလာကြတယ်။ မဆင့် ဘဝကတော့ သြင်္ကန်နဲ့ မဆင့်က ထပ်တူကြတယ်”

“သြင်္ကန်မိုးကားလေး ယနေ့ထက်ထိအောင်မြင်တာကို မဆင့်ကတော့ ဂုဏ်ယူတာပေါ့။ အနုပညာရသ အကုန်ပြည့်စုံတဲ့ ကားတကားပေါ့။ အဲ့ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်တေးတွေကလည်း ယနေ့ထက်ထိအောင်မြင်တယ်။ ဒီကားလေးက သက်တမ်းရှည်တယ်ပြောရမယ်။ မန္တလေးကတော့ အမှတ်တရတွေ အများကြီးပေါ့။ မန္တလေးမှာ သြင်္ကန်မိုး ရိုက်ခဲ့တယ်”လို့ မေသန်းနုက ပြောပါတယ်။

“သြင်္ကန်မိုးပြီးတော့လည်း ၁၂နှစ်လောက် မန္တလေးမှာပဲ သြင်္ကန်ကျတယ်။ မန္တလေးသြင်္ကန်ကတော့ လမ်းတွေက ကျယ်တယ်။ အခုတော့ မဏ္ဍပ်တွေ သိပ်မရှိတေ့ာဘူး။ ရန်ကုန်မှာလည်း မဏ္ဍပ်တွေ ကျဲတယ်။ တနေရာနဲ့ တနေရာ ဝေးတော့ သိပ်ပျော်စရာ မကောင်းဘူးပေါ့။ ရာသီဥတုတွေကလည်း အရမ်းပူတယ်။ အပူအအေး မမျှတာကြောင့် ကျန်းမာရေးလည်း အထူးဂရုစိုက်ကြပါလို့။ ပရိသတ်တွေ အားလုံးသြက်န်ရေနဲ့အတူ ချမ်းမြေ့ကြပါစေ”လို့ မေသန်းနုက ဆိုပါတယ်။

မေသန်းနုကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ကို အောင်မြင်တဲ့ ဒါရိုက်တာအဖြစ် ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး သားရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အားရတယ်လို့ ဆိုပါတယ်။

“သားသားက ချင်းတောင်က ပြန်လာပြီး မဆင့်နဲ့ ၃၊ ၄ ရက်တော့ ရှိမယ်။ ပြီးရင် သူတို့ ကိုရီးယားသွားမှာ။ သားသားက သိပ်မပျော်တတ်ဘူး။ အရမ်းအေးတယ်။ အမေ ဖျော်ဖြေရေးသွားရင် သူလိုက်ထိုင်နေတာပဲ။ သြက်န်ပြီးရင်တော့ ငွေဆောင်မှာ ကိုကျေ်ာသူ ရိုက်မယ့် ကားရှိတယ်။ နောက်သားသားတို့ လုပ်နေတဲ့ ကိုရီးယား – မြန်မာ ဖက်စပ်ကား အဲ့ဒါလေး ရှိတယ်။ သားသားက ငယ်လည်း ငယ်သေးတယ်”

“အဖေ၊ အမေရဲ့ အနုပညာမျိုးဆက်ကို သူ့အဖေက ပေးချင်တယ်။ သူ့ကို အောင်မြင်တဲ့ ဒါရိုက်တာ တယောက် ဖြစ်အောင် မိဘတွေက ပံ့ပိုးပေးမှာပါ။ သူကလည်း ကြိုးစားတယ်။ သူရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မဆင့်တို့က အားရတယ်”လို့ မေသန်းနုကပြောပါတယ်။

သရုပ်ဆောင် မေသန်းနုက “မူပိုင်ချစ်သူ” ၊ “ပုဂံမှာသာတဲ့လ”၊ “အလင်းဖျော့ကောင်းကင်” ၊ “ချစ်ခြင်း၏အခြားမဲ့၌”၊ “ငါ သူတစ်ပါး ယောကျာ်း မိန်းမ” စတဲ့ ဇာတ်ကားများနဲ့ အကယ်ဒမီဆုများ ရရှိထားသူ ဖြစ်ပါတယ်။

The post သြင်္ကန်မိုး မင်းသမီး မေသန်းနု ပြောပြတဲ့ သြင်္ကန်အမှတ်တရများ appeared first on ဧရာဝတီ.

သြင်္ကန် အမှတ်တရတွေ ပြောပြတဲ့ သရုပ်ဆောင် အောင်ခိုင်နဲ့ ဝါဝါအောင်

$
0
0

ပရိသတ်တွေ ချစ်တဲ့ အနုပညာရှင် စုံတွဲ အောင်ခိုင်နဲ့ ဝါဝါအောင်က သြင်္ကန်မှာ ဘာတွေ လုပ်မလဲ သြင်္ကန်နဲ့ ပတ်သက်ပြီး သြင်္ကန်ရောက်တိုင်း ခွဲနေရတာလည်း အမှတ်တရလို့ အောင်ခိုင်က ဆိုပါတယ်။

“အန်တီဝါနဲ့ သြင်္ကန် အမှတ်တရကတော့ ဘာမှထွေထွေထူးထူး မရှိပါဘူး။ သြင်္ကန်ရောက်ရင် ကျနော်ကတော့ ရန်ကုန်မှာ အထိုင်ချတယ်။ အန်တီဝါကတော့ မမများ အဖွဲ့နဲ့ သွားတယ်။ သြင်္ကန်ရောက်ရင်တော့ ခဏတော့ ခွဲနေကြရတာပေါ့။ တနှစ်ကတော့ ကျနော်ရော အန်တီဝါတို့အဖွဲ့ရော နေပြည်တော်မှာ အတူတူ ဆုံရတယ်။ အဲ့ဒါတာ့ အမှတ်တရပေါ့။ သြင်္ကန်ရောက်တိုင်း ခွဲနေရတာလည်း အမှတ်တရပေါ့”

“သြင်္ကန်မှာ ပျော်ကြမယ့်သူတွေအတွက် ရေစိုလိုက် ပူလိုက်ဆိုတော့ ကျန်းမာရေးလေး ဂရုစိုက်ကြပါလို့ ပြောချင်တယ်။ ကျနော် သြင်္ကန်ဆိုရင် မက်မက်မောမော ကဲတာ တခါမှ မရှိဘူး။ သြင်္ကန်ကို သူများပက်ရင် ပက်လိုက်တယ်။ ဒီလောက်ပါပဲ”လို့ အောင်ခိုင်က ပြောပါတယ်။

မမများ အဖွဲ့ကို ချစ်ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်သလို အဖွဲ့ကရတဲ့ ဆုကြေးတွေနဲ့လည်း ၃ ပုံ တပုံ လှူဖို့အတွက် ထားတယ်လို့ ဆိုပါတယ်။

“သြင်္ကန်မှာတော့ မများအဖွဲ့နဲ့ ကပြဖျော်ဖြေပေးမှာပါ။ ကျမတို့က နယ်ဘက်ရော ရန်ကုန်ရော ကပြဖျော်ဖြေတာ ကွာခြားချက်ကတော့ ရန်ကုန်မှာတော့ မဏ္ဍပ်တွေနဲ့ အနုပညာရှင်တွေ များများနဲ့ သြင်္ကန်ပွဲ ကျင်းပကြတာပေါ့။ နယ်နဲ့လည်း သိပ်မကွာခြားလှပါဘူး။ အန်တီဝါတို့အဖွဲ့က ဆုကြေးတွေရရင် ၃ ပုံ ၁ ပုံ လှူဖို့အတွက် ထားတယ်။ လှည်းကူးက မဟာရေယမင်း ကျောင်းတိုက်မှာ မမလေးသိမ်ကိုလည်း မမများအဖွဲ့က လှူဒါန်းနေပါတယ်”

“ဒီနှစ်တော့ ရေစက်ချ အလှူလုပ်ဖို့ပဲ ကျန်ပါတော့တယ်။ မမများအဖွဲ့ကို ချစ်ပေးကြတာကိုလည်း အရမ်းကို ကျေးဇူးတင်ပြီး ဝမ်းသာရပါတယ်။ ပရိသတ်ချစ်အောင်လည်း သီချင်းတွေရော အကအလှတွေရော ကြိုးစားထားပါတယ်။ နှစ်သစ်မှာ ပရိသတ်တွေ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေ”လို့ ဝါဝါအောင်က ပြောပါတယ်။

သရုပ်ဆောင် အောင်ခိုင်ဟာ လက်ရှိမှာ ဇာတ်ကားများကို လက်ခံရိုက်ကူးနေပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာလည်း အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးမှုကြောင့် အကယ်ဒမီ အောင်ခိုင် ဆိုတဲ့ နာမည်တလုံး ရရှိခဲ့သလို “ကိုလူချော” အဖွဲ့နဲ့လည်း ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သရုပ်ဆောင် ဝါဝါအောင်ကလည်း လက်ရှိမှာ ဇာတ်ကားများကို လက်ခံရိုက်ကူးနေပြီး “မမများ” အဖွဲ့ဝင် တယောက် ဖြစ်ပါတယ်။

The post သြင်္ကန် အမှတ်တရတွေ ပြောပြတဲ့ သရုပ်ဆောင် အောင်ခိုင်နဲ့ ဝါဝါအောင် appeared first on ဧရာဝတီ.

UWSA ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံနှင့် တပ်ချုပ် မတက်ဖြစ်

$
0
0

ဧပြီ ၁၇ ရက်တွင် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့၌ ကျင်းပမည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့် အခမ်း အနားသို့ နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တတ်ရောက်မည်မဟုတ်ဟု သတင်း ရရှိသည်။

အဆိုပါ သတင်းအချက်အလက်ကို UWSA ၏ ဗဟိုရုံးအုပ်နှင့် ပြင်ပဆက်ဆံရေးတာဝန်ခံတို့က ယနေ့ အတည်ပြု ပြောဆို ခြင်း ဖြစ်သည်။

UWSA ၊ ပန်ဆန်းမြို့၏ ဗဟိုရုံးအုပ်၊ ဦးအောင်မြင့်က ” ဦးသိန်းဇော်တို့ကလည်း ပြောပါတယ်။ အဓိက ကတော့ နှစ်သစ်ကူးလည်း ရောက်နေပြီ။ သြင်္ကန်နေ့လည်း ဖြစ်နေတယ်ဆိုတော့ နိုင်ငံတော်သမ္မတတို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ တပ်မတော်ဦးစီးချုပ်တို့က TV မှာ ပြည်သူတွေနဲ့ စကားပြောဖို့က ထုံးစံပဲ နှစ်စဉ်ရှိတယ်။ ဒါ့ကြောင့် မလာနိုင်တာ ဖြစ်တယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က UWSA ဘက်မှ ဖိတ်ကြားမှုအပေါ် မလာနိုင်ကြောင်းကို ငြိမ်းချမ်းရေးကော်မရှင် (PC) ၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့က တဆင့် အမှာစကားပါးပြီး “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဥက္ကဌ ဦးပေါက်ယူချန်းကို စာတစောင် ပေးပို့ထားသည် ဟုလည်း သိရသည်။

အစိုးရဘက်မှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်ပြီး ငြိမ်းချမ်းရေးကော်မရှင် (PC) ဒုဥက္ကဌ ဦးသိန်းဇော်၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ အပါအဝင် ၈ ဦး တတ်ရောက်သည်ဟု သိရသည်။

အစိုးရကိုယ်စားလှယ်များသည် ယနေ့ မနက်ပိုင်းက ကျိုင်းတုံမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပန်ဆန်းမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

တပ်မတော်ဘက်မှ ရှမ်းပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ ဗိုလ်မှူးကြီး လှဦး တတ်ရောက်သည်ဟု သိရသည်။

ဦးအောင်မြင့်က “သူတို့ ပြန်သွားပြီးတဲ့နောက် ဒီဘက်က ပြောတာတွေ သူတို့လည်း တင်ပြပါလိမ့်မယ်။ ကျနော် တို့ ဒေသကို လာနိုင်အောင် သူတို့လည်း သွားပြီး ပြောပါမယ်လို့ ပြောပါတယ်။ ဒီနေ့မနက် သူတို့ လာတော့ ဥက္ကဌဆီ စာတစောင်ပေးလိုက်ပါတယ်။ ဒေါ်စုကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာ ဆိုပြီးတော့ပါ။ ကျနော်တော့ မတွေ့ရသေးပါဘူး”ဟု ပြောသည်။

UWSA သည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကို ကျင်းပရန် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်း ကတည်းက ပြင်ဆင်ခြင်းနှင့် စစ်ရေးပြ လေ့ကျင့်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်က နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး ကျင်းပစဉ်ကလည်း UWSA ထိပ်ပိုင်းခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို နှစ် ၃၀ ပြည့် အခမ်းအနားတတ်ရန် ဖိတ်ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးမှသာ UWSA ၏ နှစ် ၃၀ ပြည့် အခမ်းအနားကို တတ်ရောက်မည်ဖြစ်ကြောင်း စကားပြန်ခဲ့သည်။

တိုင်းရင်းသားအရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက UWSA နှစ် ၃၀ ပြည့်အခမ်းအနားသို့ အစိုးရအကြီးအကဲများ မတတ်ရောက်ခြင်းမှာ UWSA ဘက်မှ ဖိတ်ကြားစာတွင် “ဝ”ပြည်နယ်၊ ပြည်သူ့အစိုးရ ဟူသည့် စာသားကို မနှစ်သက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြောသည်။

ဦးမောင်မောင်စိုးက “လာရင် တရားဝင် အသိအမှတ်ပြုရမယ်ဆိုတဲ့ အနေအထားမျိုးကို စဉ်းစားလို့ ဖိတ်တာ လားတော့ မသိဘူး။ စဉ်းစားလို့ မလာတာလားတော့ မသိဘူး။ “ဝ”ခေါင်းဆောင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အတော်မျှော်လင့်ကြတယ်။ မျှော်လင့်ကြတယ်ဆိုတာ သူတို့မှာ တကယ်ရှိနေတဲ့ အခြေအနေကို မြင်စေချင်တယ်” ဟု ပြောသည်။

နိုင်ငံအကြီးအကဲခေါင်းဆောင်များ “ဝ”ဒေသသို့ ရောက်လာပါက နှစ် ၃၀ အတွင်း ဆောင်ရွက်ထားသည့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် အခြေခံအဆောက်အအုံများမှာ တိုးတတ်ပြောင်းလဲ နေပြီဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင်လည်း ရာဘာ၊ လက်ဖက်၊ ကော်ဖီ၊ သတ္တုတွင်းကဏ္ဍတွင်လည်း မဂ္ဂနီဆီယမ်အောက်ဆိုဒ်၊ ရွှေတို့ ထွက်သဖြင့် ပြသလိုခြင်း နှစ် ၃၀ အတွင်း UWSA က ၎င်းတို့ လုပ်ကိုင်နိုင်စွမ်းကို ပြသလိုခြင်း ဖြစ်သည်ဟုလည်း ဦးမောင်မောင်စိုးက ဆိုသည်။

“တထီးတနန်းထောင်တယ်လို့ ယူဆလို့ မတတ်တာလားတော့ စဉ်းစားစရာ ရှိတယ်။ ကျနော့်အမြင်ကတော့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို အသိအမှတ်ပြုပြီး ဆွေးနွေးဖြေရှင်းတာက ကျနော်တို့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” ဟုလည်း ဦးမောင်မောင်စိုးက ပြောသည်။

UWSA သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ၊ ပုဒ်မ ၅၆ (စ) အရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင် ၂ခုခွဲ၍ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အုပ်ချုပ်ခွင့် ရရှိထားသည်။

UWSA က တိုင်းအဆင့်မှ တဆင့်မြှင့်ပြီး ပြည်နယ်အဆင့် ရလိုကြောင်း အစိုးရထံ တောင်းဆိုပြီး ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသော်လည်း အစိုးရဘက်မှ တရားဝင်ညှိနှိုင်းမှုများ ပြုလုပ်ခြင်း မတွေ့ရသေးပါ။

သို့သော် UWSA သည် ၎င်းတို့ ဒေသတွင်း အသုံးပြုသည့် ဆိုင်းဘုတ်များတွင် “ဝ”ပြည်နယ် ဟုသာ ရေးသားသုံးနှုန်းပြီး UWSA ၏ အုပ်ချုပ်ရေးဌာနအဆင့်ဆင့်ကိုလည်း “ဝ”ပြည်သူ့ အစိုးရဟု ဒေသတွင်း တရားဝင် သုံးစွဲသည်။

UWSP ၏ ဗဟိုရုံးအုပ် ဦးအောင်မြင့်က ၎င်းတို့ UWSA သည် ပြည်နယ်အဆင့် ရသင့်သည်ဟု ပြောသည်။

ဦးအောင်မြင့်က “ကျနော်တို့ ဝက ပြည်နယ်ကို တောင်းနေတာပဲလေ။ အခုမှ မဟုတ်ပါဘူး။ ဆက်ပြီးတော့ ညှိနှိုင်းနေပါတယ်။ ပြည်နယ်ဆိုတာလည်း မမှားပါဘူး။ အဓိက ကတော့ ငြိမ်းချမ်းရေးမှာ ပါဝင်ဆွေးနွေးဖို့ပါ”ဟုလည်း ပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုှုင်းရေးအတွက်လည်း ညှိနှိုင်းနေပြီး လာမည့် မေတွင် တွေ့ရန်လည်း လျာထားသည်ဟု သိရသည်။

UWSA သည် မြန်မာနိုင်ငံတွင်းရှိ တော်လှန်ရေးလုပ်ဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ အနက် အင်အားအကြီးဆုံး ဖြစ်ပြီး တပ်တွင်းစစ်သားအင်အား ၃သောင်းခွဲခန့်ရှိသည်။

UWSA သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗဟိုအစိုးရလက်အောက်တွင် ရှိရမည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တခုဖြစ်သာ ဖော်ပြထားသော်လည်း လက်ရှိတွင် ၎င်း၏ ဒေသများကို ဗဟိုအစိုးရ၏ စွက်ဖက်မှု မရှိဘဲ အပြည့်အဝ စီမံခန့်ခွဲလျှက် ရှိသည်။

တပ်ပိုင်းဆိုင်ရာကဏ္ဍများ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဒေသလုံခြုံရေး၊ လူမှုရေးဆိုင်ရာ စသည့် ကဏ္ဍအသီးသီးကို ဗဟိုအစိုးရ၏ စွက်ဖက်မှု မပါရှိပဲ UWSP/UWSA က အပြည့်အဝအုပ်ချုပ်သည်။

UWSA ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ်၃၀ပြည့် အခမ်းအနားသို့ တတ်ရောက်ရန် UWSA ၏ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များ၊ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များလည်း ရောက်ရှိနေပြီ ဖြစ်သည်။

UWSA ၏ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားကို ဧပြီ ၁၇ ရက်၊ မနက် ၄နာရီခွဲခန့်တွင် စတင်ကျင်းပမည်ဖြစ်ပြီး “ဝ”စစ်သား ၇၆၀၀ က လက်နက်အင်အားများဖြင့် စစ်ရေးပြမည် ဖြစ်သည်။

အခမ်းအနားတွင် ယူနီဖောင်းဝတ် စစ်သားများအပြင် အရပ်သား “ဝ”လူမျိုး ဒေသခံ ၈၇၀၀ ကျော်ကလည်း ရိုးရာဝတ်စုံများ၊ တူညီဝတ်စုံများဖြင့် တတ်ရောက်မည်ဖြစ်သည်။ “ဝ”ဒေသမှ မဟုတ်ပဲ ပြင်ပမှ လာရောက်သည့် ဧည့်သည် ၃၇၀၀ ခန့်လည်း ပန်ဆန်းမြို့သို့ ရောက်ရှိနေသည်။

The post UWSA ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံနှင့် တပ်ချုပ် မတက်ဖြစ် appeared first on ဧရာဝတီ.

မြန်မာ့ပထမဆုံးအမျိုးသမီးသံအမတ်ကြီးဒေါ်ခင်ကြည်၏မွေးနေ့

$
0
0

ယနေ့သည် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီးဒေါ်ခင်ကြည်၏ ၁၁၇ နှစ်မြောက်မွေးနေ့ဖြစ်သည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင်မွေးဖွားခဲ့သော ဒေါ်ခင်ကြည်သည် စေတနာ့ဝန်ထမ်းကျောင်းဆရာမ၊ ဂျပန်ခေတ် ဘီဒီအေ ဆေးရုံကြီးတွင် သူနာပြုဆရာမအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ၎င်းထက် ၃ နှစ်ငယ်သော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် အကြောင်းပါခဲ့သည်။

ဂျပန်ခေတ်နှင့် ဒုတိယကမ္ဘာစစ်ကြီးပြီးစ ဗိုလ်ချုပ်အောင်ဆန်း၏ ကြမ်းတမ်းသောနိုင်ငံရေးခရီးတွင် အဖော်မွန် အဖြစ် ပါရမီ ဖြည့်ပေးခဲ့ပြီး အိမ်ထောင်သက် ၅ နှစ်မပြည့်ခင်မှာပင် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခြင်းခံခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေးနယ်ပယ်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့သော ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းခွဲချိန်တွင် ဒေါ်ခင်ကြည်သည် ဝန်ကြီး ချုပ် ဦးနု၏ သန့်ရှင်း ဖဆပလကို ထောက်ခံပြီး ၁၉၆၀ ခုနှစ် မေလတွင် မြန်မာအမျိုးသမီးလောက၏ပထမဆုံးသော အမျိုး သမီးသံအမတ်ကြီးအဖြစ် အိန္ဒိယနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် သံအမတ်ကြီး ရာထူးမှ အငြိမ်းစားယူပြီးနောက် နိုင်ငံတော်၏ အခြေအနေမှာ ကြပ်တည်းသည်ဟုဆိုကာ သံအမတ်ကြီးပင်စင်လစာကို မယူခဲ့ပေ။ မဟာသီရိသုဓမ္မဘွဲ့လည်း ချီးမြှင့်ခံခဲ့ရသည်။

ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ဂူဗိမာန်ကို ရွှေတိဂုံဘုရားလမ်းရှိ နယ်ချဲ့ဆန့်ကျင် ရေး၊ ငြိမ်းချမ်းရေးဖခင်ကြီးသခင်ကိုယ်တော်မှိုင်း၊ မြန်မာပြည်၏ နောက်ဆုံးဘုရင် သီပေါမင်း၏မိဖုရားခေါင်ကြီး စုဖုရား လတ်၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်တို့၏ ဂူဗိမာန်များနှင့်အတူထားရှိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ကျရောက်သော ဒေါ်ခင်ကြည်၏နှစ် ၁၀၀ ပြည့်မွေးနေ့တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် ကူညီထောက်ပံ့ မှုများပြုလုပ်ခဲ့သည်။

The post မြန်မာ့ပထမဆုံးအမျိုးသမီးသံအမတ်ကြီးဒေါ်ခင်ကြည်၏မွေးနေ့ appeared first on ဧရာဝတီ.

Viewing all 26733 articles
Browse latest View live