Quantcast
Channel: ဧရာဝတီ
Viewing all articles
Browse latest Browse all 26733

ရသေ့တောင်၌ ကောက်ရသည့် ဗုံး ကွဲ၍ ကျောင်းသား တဦး သေဆုံး

$
0
0

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေကောင်းချောင်း ကျေးရွာမှ အသက် ၁၂ နှစ်အရွယ် ကျောင်းသား တဦး ကောက်ရ သည့် ဗုံးသီး ပေါက်ကွဲသည့် အတွက် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းက ၇ တန်းကျောင်းသား မောင်အောင်ဝင်းထွန်းသည် ကျောင်းဆင်း အပြန် ကောက်ရခဲ့ သည့် ဗုံးသီးကို အိမ်သို့ ယူဆောင်ပြီး ဆော့ကစား ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစု ဝင်များ က ပြောပြသည်။

ဖခင်ဖြစ်သူ ဦးမောင်လှဖြူက“မနေ့က၂ နာရီလောက်မှာ ဖြစ်တာပါ။ သူ့အမေလည်း မရှိဘူး။ စပါးခင်း ရောက်နေတယ်။ ကျနော်လည်း အပြင် ရောက်နေတယ်။ ထုကစား တာလား၊ ဘယ်လိုဖြစ်လဲ မသိဘူး။ ဗုံးပေါက်သံကို ရွာထဲကနေ ကြား လိုက်ရတယ်။ ခဏနေတော့ ကျနော့်သား အလတ်က လာခေါ်တယ်။ အိမ်ကို လိုက်သွားတော့ သူ့ခြေနှစ်ဖက်လုံးနဲ့ ကိုယ် မှာ သွေးတွေနဲ့ပဲ တွေ့လိုက်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဗုံးပေါက်ကွဲ၍ ပြင်းထန် ဒဏ်ရာများ ရရှိသွားသည့် အတွက် မောင်အောင်ဝင်းထွန်းကို ရသေ့တောင်မြို့ ပြည်သူ့ ဆေးရုံသို့ ခေါ်ဆောင်စဉ် ဆေးရုံသို့ ရောက်ရောက်ချင်း သေဆုံးသွားကြောင်းလည်း ဖခင်ဖြစ်သူက ဆိုသည်။

အဆိုပါ ဗုံးမှာ မည်သည့် အမျိုးအစား ဖြစ်သည်ကို မသိရသော်လည်း ကျောင်းဆင်းချိန် ရွာအပြင် လယ်ကွင်း တနေရာမှ ကောက်ရလာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရသေ့တောင် မြို့နယ် ရေကောင်းချောင်း ကျေးရွာနှင့် ခရုချောင်း ကျေးရွာကြားတွင် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့ပြီး ထိုတိုက်ပွဲ ဖြစ်စဉ် ကာလက နှစ်ဖက် တပ်ဖွဲ့ဝင် များမှ ဗုံးသီး ကျကျန်ခဲ့ရာမှနေ ကောက်ရခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း ကျေးရွာ ဒေသခံများက ခန့်မှန်း ပြောဆိုသည်။

ယခုလ ပထမ အပတ်က ရေကောင်း ချောင်းကျေးရွာနှင့် ခရုချောင်း ကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

AA နှင့် တပ်မတော်တို့သည် ယခုလ ၁၁ ရက်မှ ၁၄ ရက် အထိ ဘူးသီးတောင် မြို့နယ် စေတောင်ရွာ မြောက်ဘက် အနီးနှင့် သရက်ပြင်ရွာ အရှေ့ဘက် နေရာ၌ လည်းကောင်း၊ ကျောက်တော်မြို့နယ် ဦးစွန်း တောင် အနောက် တောင်ကြောတွင် လည်းကောင်း၊ ရသေ့တောင်မြို့နယ် ကာမေချောင်း၊ ကြိန်သာရွာ အနီး၌ လည်း ကောင်း အသီးသီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဖက် ထိခိုက်မှု ရှိကြောင်းလည်း သိရသည်။

The post ရသေ့တောင်၌ ကောက်ရသည့် ဗုံး ကွဲ၍ ကျောင်းသား တဦး သေဆုံး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 26733

Trending Articles